Saturday, May 25, 2013

10. THE BELIEVER AND CRITICISM ယုံကြည်သူနဲ့ ဝေဖန်ရေး (BREAD FOR BELIEVERS by Dr. Curtis Hutson)

Dr. Curtis Hutson
---------------------------------------------------------------------------------------------------
အခန်း ၁၀
--------------------------------------------------------------------------------
  ယုံကြည်သူနဲ့ ဝေဖန်ရေး

သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွှတ်ရမည့်အကြောင်း သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏။ ထိုတရား အတိုင်း စီရင်ခြင်းကိုခံရကြမည်။ အကြင်ချိန် ၊ တင်းပမာဏနှင့် သူတပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌ တံကျင်ရှိလျှက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။ လျှို့ဝှက်သောသူ ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာ မြင်လိမ့်မည်။ ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျှက် ကိုက်ဖြတ်ကြလိမ့်မည်။” မဿဲ ရ: ၁-၆

ဒီကျမ်းပိုဒ်မှာ ဝေဖန်ရေး (၃) မျိုးအကြောင်း တွေ့ရတယ်။

အငယ် (၁) မှာ “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွှတ်ရမည့်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။” “ဖျက်လိုဖျက်ဆီးဝေဖန်ရေး” လို့ ဆိုချင်တယ်။ အပြစ်ရှာတဲ့ ဝေဖန်ရေးပါ။ သူတပါး အမှားကိုပဲ ရှာတယ်။ ရည်ရွယ်ချက်က ဖျက်ဆီးဖို့ပါ။

အငယ် (၄) က “မှားယွင်းသော ဝေဖန်ရေး” လို့ ဆိုချင်တယ်။ ကိုယ့်မျက်လုံးမှာ “တံကျင်” ရှိနေပါလျှက်နဲ့  ညီအစ်ကိုရဲ့ မျက်လုံးက “ငြောင့်” ငယ်ကို ထုတ်ဖို့ ကြိုးစားတယ်။ သခင်ယေရှု ပြောစကားအရ ဆိုရင် အဲဒီလူဟာ အမြင်အားနည်းတဲ့အတွက် ညီအစ်ကိုရဲ့ ငြောင့်ငယ်ကို ထုတ်ယူဖို့ မြင်နိုင်စွမ်းမရှိဘူး။ ကိုယ့်ညီအစ်ကိုကို ကူညီချင်တာ ကောင်းပါတယ်။ ဒါပေမယ့် သူ့ မျက်လုံးက အမှိုက်ကို ထုတ်ဖို့ကြိုးစားရင်း ကိုယ့်မျက်လုံးထဲက  x၂ (လေး-နှစ်) သစ်သားချောင်း တစ်ချောင်း ထွက်ကျလာပြီး သူများခေါင်းကို ရိုက်မိတာ မျိုးတော့ မဖြစ်သင့်ဘူး။

အငယ် (၆) ကို “ပိုင်းခြားနားလည်သော ဝေဖန်ရေး” လို့ ဆိုချင်တယ်။ “ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကို လှည့်လျှက် ကိုက်ဖြတ်ကြလိမ့်မည်။

ဒီနေ့ခေတ်မှာ အကြောင်းအရာတစ်ခုအတွက် လူတစ်ယောက်ကို ဆန့်ကျင်ပြောဆိုရတဲ့အခါ လူတစ်ချို့က “စစ်ကြောစီရင်ခြင်းမခံရဖို့၊ မစီရင်နဲ့ မဝေဖန်နဲ့” လို့ ပြောလာမှာ သေချာတယ်။ ဒီကျမ်းပိုဒ်ကို လူတွေက ခေတ်သစ်ဘုရားမဲ့အယူနဲ့  သောကော၊ ရောကောအယူတွေကို ဆန့်ကျင်တာ မလုပ်ဖို့တောင် သုံးစွဲတတ်တယ်။

ဒီကျမ်းချက်က ဘာကိုမှ မဝေဖန်နဲ့လို့ ပြောတာ မဟုတ်ဘူး။ အငယ် (၆) အရ အနည်းဆုံး ၄ မျိုးလောက်တော့ ခွဲရမယ်။ “ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။”လို့ ဆိုရင် ဖြူစင်တဲ့အရာဆိုတာ ဘာလဲ? ခွေးဆိုတာဘာလဲ? ဝေဖန်ပိုင်းခြားဖို့ လိုတယ်။ “ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။” လို့ ဆိုရင် ပုလဲဆိုတာဘာလဲ? ဝက်ဆိုတာ ဘယ်သူလဲ? ဆိုတာ ဝေဖန်ဖို့ လိုလာပါပြီ။ ဒါကြောင့် (၄) မျိုးလောက်တော့ ဝေဖန်ဖို့ လိုနေပြီ။ ဒါကို ပိုင်းခြားနားလည်တဲ့ ဝေဖန်ရေးလို့ ဆိုချင်တယ်။
 (၁) မှန်ကန်သော ဝေဖန်ရေး   THE  RIGHT  KIND  OF  CRITICISM

၂ကော ၆:  ၁၄ မှာ မယုံကြည်သောသူတို့နှင့် တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။” ၁ယော ၄:  ၁ မှာ “ချစ်သူတို့၊ ခပ်သိမ်းသော စိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။

မယုံကြည်သူတစ်ယောက်နဲ့ တွဲဘက်ထမ်းဘိုး မထမ်းရဘူးလို့ ကျမ်းစာက အမိန့်ပေးတယ်။ ဒါကြောင့် လက်မတွဲရုံမျှမက လူတစ်ယောက်ကို ယုံကြည်ခြင်းရဲ့ အဓိကတရားတွေနဲ့ ပတ်သက်ပြီး ဝေဖန်ဖို့ တာဝန်ရှိလာတယ်။

ကျွန်တော်ဟာ ကျမ်းစာကိုဦးထိပ်ထားတဲ့ ဖန်တယ်မန်တယ်လစ်စ် Fundamentalist ပါ။ အဲဒီအတွက် မရှက်ပါဘူး။ ဟိုတုန်းကတော့ ခေတ်သစ်ဘုရားမဲ့အယူ မောဒယ်လစ်ဇင်း modernism ဆိုတာ ဘာမှန်းမသိခဲ့ဘူး။ THE  SWORD  OF  THE  LORD စာစောင်ကို စဖတ်ရတုန်းက ခေါင်းစီးစာသား  “ခေတ်သစ် အယူ ၊ လောကီဆန်ခြင်းနဲ့ Formalism ဝိနည်း ထုံးဖွဲ့အစွဲတွေကို ဆန့်ကျင်တယ်လို့ တွေ့ရတယ်။ ကျွန်တော့် စိတ်ထဲမှာ “ဒီဆရာ ငါ့လိုပဲ ခံယူတယ် ငါလည်း ခေတ်သစ်အယူကို ဆန့်ကျင်တယ်။” လို့တွေးမိတယ်။ အမှန် ကျွန်တော်ထင်တဲ့ ခေတ်သစ်အယူဆိုတာက ဘုရားကျောင်းထဲမှာ နှစ်ခြင်းပေးမယ့် ရေကန်ထားတာ၊ တရားဟောဆရာကို လစာပေးတာ၊ တရားဟောနည်းသိဖို့ ကျမ်းစာကျောင်းတက်တာ၊ အလှဆင်တဲ့ခုံတွေ၊ လျှောက်လမ်းကို ကောဇောခင်းတာတွေ၊ သီချင်းအများကြီး ဆိုတာတွေလို့ ထင်ခဲ့တယ်။ ခေတ်သစ်အယူဆိုတာ ယုံကြည်မှုတစ်မျိုးလို့ မသိခဲ့ဘူး။

ကျမ်းစာကို ဦးထိပ်ထားတဲ့သူ အဓိကတရားတွေ စွဲလမ်းသူ ဖန်တယ်မန်တယ်လစ် Fundamentalist လို့ ကြားရခါစက အကျယ်ကြီး အော်တဲ့သူကို ပြောတာလို့ ထင်တယ်။ တချို့သူတွေ အကြီးအကျယ် အော်ကြတာမှန်ပေမယ့် တောရိုင်း တိရိစ္ဆာန် အတော်များများလဲ အော်ပါတယ်။ ကျွန်တော် သားသမီး လေးယောက်ဆိုရင် Fundamentalist အဓိကတရားကို စွဲလမ်းသူဆိုတာ ဘာမှန်းမသိခင်ကတည်းက အတော အော်ငိုတတ်တယ်။ အော်, ပြီး တရားဟောလို့သာ Fundamentalist  ဖြစ်တယ်ဆိုရင် အတော် များများ Fundamentalist ဖြစ်နေမယ်။ ဒါပေမယ့် Fundamentalism ဆိုတာ ယုံကြည်မှုတမျိုးပါ။ အပြုအမူနဲ့ မဆိုင်ဘူး။

တစ်ခါက Fundamentalism အကြောင်းကို တရားဟောဆရာတစ်ယောက်နဲ့ ဆွေးနွေးတယ်။ လူတစ်ယောက် အကြောင်း ပြောမိတော့ သူက “အဲဒီလူဟာ Fundamentalist  တစ်ယောက်ပါ” လို့ ဆိုတယ်။
 အဲဒီလူ Fundamentalist မှန်း ဘယ်လိုလုပ်သိလဲ?” လို့ မေးတော့ ဆံပင်တိုတိုညှပ်ထားလို့ပါ” လို့ ဖြေတယ်။
 ဆံပင်တိုတိုထားတာနဲ့ Fundamentalist ဖြစ်မသွားဘူး။ တစ်ချို့ထိပ်ပြောင် modernist တွေလဲ ရှိတာပဲ။ ခေါင်းပေါ်မှာ ရှိတာကြောင့် Fundamentalist ဖြစ်မသွားဘူး။ ခေါင်းထဲမှာ ရှိတာကြောင့် သာဖြစ်ရတာပါ။

အမျိုးသားတွေ ဆံပင်တိုတိုထားတာ ကျွန်တော် သဘောကျတယ်။ ယောက်ျားဟာ ယောက်ျားနဲ့ တူသင့်သလို၊ မိန်းမဟာ မိန်းမနဲ့ တူရမှာပေါ့။ ဒါပေမယ့် Fundamentalism ဆိုတာ  ယုံကြည်မှုအယူဝါဒ တစ်မျိုးပါ။ ယုံကြည်ခြင်းရဲ့ အဓိက တရားတွေကို စွဲလန်းသူကို Fundamentalist လို့ ခေါ်တယ်။ အဓိကတရားဆိုတာ တရားကိုယ် ဩဝါဒ၊ မရှိမဖြစ် သမ္မာတရား တမျိုးပါ။ ဒီတရားတွေကို ငြင်းရင် ခရစ်ယာန် လို့ ပြောလို့ မရတဲ့ တရားမျိုးဖြစ်တယ်။

ရှင်းပြပါမယ်။ ကျွန်တော်မှာ ၁၉၇၆  ထုတ်ကား တစ်စီးရှိတယ်။ ကားတစ်စီးထဲမှာ ရှိသမျှ အရာအားလုံးဟာ ကားသွားလာဖို့အ တွက် မရှိမဖြစ်အရာတွေ မဟုတ်ဘူး။ ဥပမာ အပိုဘီးဟာ မရှိမဖြစ် မဟုတ်ဘူး။ Fundamental မဟုတ်ဘူး။ အပိုဘီးမပါရင်လည်း မောင်းလို့ရတယ်။ စတီရီယိုရေဒီယိုလည်း အဓိက မကျဘူး။ ရှိရင်တော့ကောင်းတာပေါ့။ ဒါပေမယ့် အဲဒီရေဒီယိုမပါလည်း မောင်းလို့ရတယ်။ လေအေးစက်လည်း မရှိမဖြစ် မဟုတ်ဘူး။ အဓိကမကျဘူး။ Fundamental မဟုတ်ဘူး။ အဲဒါ မပါလည်းဘဲ ကားမောင်းလို့ ရတယ်။

ဒါပေမယ့် စက်ဟာ Fundamental ပါ။ အဓိကကျတယ်။ စက်ကိုထုတ်ထားရင် ကလေး ကစားတဲ့ကား (သို့) သုံးဘီး (သို့) စကိတ်ပြား ဖြစ်သွားမယ်။ စက်ကိုထုတ်လိုက်ရင် ကားသွားစေမယ့် အရာကို ထုတ်လိုက်တာပါပဲ။ စက်က လုံးဝမရှိမဖြစ်ပါ။ စက်ထုတ်ထားရင် အလုပ်မဖြစ်ဘူး။ လောင်ဆာဆီဟာ Fundamental ပါ။ အဓိကကျတယ်။ လောင်ဆာဆီမပါဘဲ ကားမောင်းလို့မရဘူး။ ကားမပြေးနိုင်ဘူး။ ဘက်ထရီဟာ Fundamental ပါ။ အဓိကကျတယ်။ ဘက်ထရီထုတ်ထားရင် စက်သေသွားမယ်။

ဒီလိုပါပဲ၊ ခရစ်ယာန်တရားမှာလဲ Fundamental အဓိက မရှိမဖြစ် တရားတွေရှိတယ်။ ဒီတရားတွေကို ငြင်းပယ်ရင် ခရစ်ယာန်တစ်ယောက်၊ ခရစ်ယာန်ဘာသာ မဟုတ်တော့ဘူး။
A.
    အပျိုကညာမှ  ဖွားမြင်ခြင်းဟာ အဓိကတရားတစ်ခုပါ။  The Virgin Birth is a Fundamental.

ယေရှုခရစ်တော်ဟာ အပျိုကညာကမွေးတဲ့ ဘုရားသားတော်မဟုတ်ရင် ကယ်တင်ရှင်ဆိုတာ မရှိနိုင်ဘူး။ သာမန်လူလို မွေးဖွားလာရင်၊ သာမန်လူလို အမွေခံ အပြစ်ပါလာမယ်။ ရောမ ၅:  ၁၂ မှာ “ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူ အားဖြင့် ဤလောကသို့ဝင်၍”၊ ရောမ ၅:  ၁၉ မှာ “အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ် ရောက်သည်နည်းတူ”၊ သခင်ယေရှုခရစ်ဟာ ဘုရားကမဖြစ်ဘဲ လူကဖြစ်တာ ဆိုရင် ကျွန်တော်တို့လိုပဲ မွေးလာတာနဲ့တပြိုင်နဲ့ အမွေခံ အပြစ်က ပါနေပြီ။ အပြစ်ကြွေးတွေ ရှိနေပြီဆိုရင် အပြစ်သားတွေကိုယ်စား အသေခံပေမယ့် အပြစ်ကင်းသူတယာက် မရှိတော့ဘူးပေါ့။

ဒီစကားကို အလေးအနက်ပြောတာပါ။ သခင်ယေရှုခရစ်သာ အပျိုကညာက မမွေးဘူး။ ဘုရားသား မဟုတ်ရင် အားလုံးဟာ သခင်ယေရှုနဲ့အတူ ငရဲသွားရဖို့ပါ။- ခရစ်တော် အပျိုကညာက ဖွားမြင်တယ်ဆိုတာ ယုံကြည်ခြင်းရဲ့ အဓိက တရားတစ်ခုပါ။ မရှိမဖြစ် လိုအပ်တယ်။

ယောဟန် ၈:  ၂၁၊ ၂၄  တစ်ပိုဒ်မှာ သခင်ယေရှုက “တဖန်ယေရှုက၊ ငါသည်သွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု မိန့်တော်မူ၏။- ထို့ကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။

B.
    သခင်ယေရှု သေခြင်းမှ ကိုယ်ခန္ဓာနှင့်တကွ ရှင်ပြန်ထမြောက်ခြင်းဟာ အဓိကတရားတစ်ခုပါ။

The Physical  Resurrection  of  Jesus  From  the  Dead  Is  a Fundamental.

သခင်ခရစ်တော် ရှင်ပြန်ထမြောက်တာကို ငြင်းတဲ့သူဟာ ကယ်တင်ခြင်း မရဘူး။ ရောမ ၁၀:  ၉ မှာ “သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ယေရှုခရစ် အသက်ရှင်ပြန် ထမြောက်တာ ဟာ ယုံကြည်ခြင်းရဲ့ အဓိကအကြောင်းအရာ တစ်ခုပါ။ ခရစ်ယာန်ဘာသာကို တခြားဘာသာတရားတွေနဲ့ ကွာခြားစေတာက ထမြောက်ခြင်းပါပဲ။ ဘာသာတရားတိုင်းမှာ တည်ထောင်သူ တစ်ယောက်ရှိတယ်။ အသက်ရှင်ပြီးတော့ သေတယ်။ ဒါပေမယ့် ခရစ်ယာန်မှာတော့ တည်ထောင်သူဟာ အသက်ရှင်ပြီး သေပေမယ့် သုံးနေ့နဲ့ သုံးညအကြာမှာ သေရာက ထမြောက်ပါတယ်။

မိန်းမငယ်တစ်ယောက်က ခရစ်တော်အကြောင်း ပြောပြတယ်။ ဘုရားမဲ့က “မိန်းကလေး၊ ခရစ်တော်အကြောင်းပဲ ပြောနေတာပဲ။ ခရစ်တော်တွေက အများကြီးကွ။ မင်းက ဘယ်ခရစ်တော်ကို ပြောတာလဲ” လို့ မေးတယ်။

သေရာက ထမြောက်ရှင်ပြန်တဲ့ ခရစ်တော်ပေါ့” လို့ မိန်းကလေးက ပြန်ဖြေတယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းဟာ အဆောက်အဦးရဲ့ အဓိက ထောင့်ကျောက်လိုပါပဲ။ ထမြောက်ခြင်းကို ဖျက်ဆီးရင် အဆောက်အဦးတစ်ခုလုံး ပျက်စီးပါလိမ့်မယ်။

C.
    သခင်ယေရှုကိုယ်စား အသေခံပေးတာဟာ အဓိကတရားတခုပါ။
The
  Substitutionary  Death  of  Jesus Is a Fundamental.

အပြစ်သားတွေရဲ့ အပြစ်ကြွေးကို ဆပ်ပေးဖို့ ယေရှုခရစ်သာ ကားတိုင်မှာ ကိုယ်စား အသေခံမပေးရင်  ကယ်တင်ခြင်းဆိုတာ မရှိဘူး။ ယေရှုခရစ်ခံစားခဲ့တဲ့ ဝေဒနာတွေကို ငြင်းပယ်ရင် ယုံကြည်ခြင်းရဲ့ အဓိကတရားကို ငြင်းပယ်တာပါ။ ဟေရှာယ ၅၃း ၆ မှာ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” ၂ကော ၅း ၂၁-မှာ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။

ကယ်တင်ခြင်းတရားက ရှင်းရှင်းကလေးပါ။ ကျွန်တော်တို့ဟာ အပြစ်သားပါ။ အပြစ်ကြွေး တင်နေတယ်။ ယေရှုခရစ်က အပြစ်သားမဟုတ်ဘူး။ အပြစ်ကြွေးတွေ ငရဲမှာခံရမယ့်အစား ကားတိုင်မှာ ဝေဒနာခံပြီး အသက်ပေးသွားတယ်။ သူ့ကို ကယ်တင်ရှင်အဖြစ် အားကိုးလိုက်ရင် အကယ်ခံရတယ်။ ငရဲရဲ့ ဒီဘက်ကမ်းမှာ အဆိုးယုတ်ဆုံး သူခိုးတွေကတော့ ယေရှုခရစ်ရဲ့ ကိုယ်စားအသေခံပေးတဲ့ နည်းအစား တခြားလမ်း ကိုရွေးပြီး ကောင်းကင်ကို ခိုးတက်ဖို့ ကြိုးစားချင်တဲ့ ဘာသာရေး သူခိုးတွေပါပဲ။ လောကမှာ မအောင်မြင်ဆုံး ကိစ္စကတော့ ကားတိုင်ကိုကျော်ပြီး ကယ်တင်ခြင်း ရချင်တဲ့ နည်းတွေပါဘဲ။
D.
    ခရစ်တော် ဒုတိယအကြိမ် ကြွလာမယ့်အကြောင်းဟာ အဓိကတရားတခုပါ။
The
  Second  Coming  of Christ  Is  a Fundamental.

ခရစ်တော်ရဲ့ ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းဟာ ပထမကြွလာခြင်းထက် အကြိမ်ပေါင်း အဆနှစ်ဆယ်လောက် ဓမ္မဟောင်းမှာ ပိုတွေ့ရတယ်။ ရှင်ပေါလုရဲ့ ဩဝါဒစာတွေထဲမှာ ရေနှစ်ခြင်းအကြောင်း ၁၃ ကြိမ် တွေ့ရချိန်မှာ ဒုတိယကြွလာခြင်းက အကြိမ် ၅၀ တွေ့ရတယ်။

ယေရှုခရစ်သာ နောက်တစ်ကြိမ် ပြန်ကြွမလာရင်၊ ကျမ်းချက် အတော်များများဟာ အမှားတွေ ဖြစ်သွားမယ်။ ယော ၁၄း၃ မှာ “ငါသည်သွား၍- တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ဖိလိပ္ပိ၃း ၂၀- မှာ “ ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက် ရှိ၏။- ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။” သခင်ယေရှု ပြန်လာဦးမှာပါ။

ရှေးမူမပျက် တရားဟောဆရာကြီးတယောက် ဒုတိယကြွလာခြင်းအကြောင်း တရားတပုဒ်ကို ဟောတယ်။ စည်းဝေးအဆုံးမှာ ခပ်ညံ့ညံ့၊ ခပ်ချာချာ ခေတ်သစ်အယူယူတဲ့ လူငယ် တရားဟောဆရာလေး တယောက်က ဘာမှ အစွမ်းအစ မပြနိုင်ဘဲနဲ့ “ဒီအကြောင်းကို ဓမ္မသစ်ကျမ်းစာထဲက ဆွဲထုတ်မပြနိုင်ဘူးလို့ ဆရာ့ကို ကျွန်တော်ပြောချင်တယ်” လို့ ဆိုလာတယ်။

ရှေးမူမပျက် တရားဟောဆရာကြီးက ပြုံးပြလိုက်ပြီး “ဘယ်ဆွဲထုတ် နိုင်မလဲကွာ။ အထဲမှာ အမြဲရှိနေတာပဲ” လို့ ပြန်ပြောတယ်။ ဒုတိယအကြိမ် ကြွလာခြင်းအကြောင်းဟာ အဓိကတရားတခုပါ။

E.
    ကျမ်းစာတလုံးစီတိုင်းကို မှုတ်သွင်းထားခြင်းဟာ အဓိကတရားတခုပါ။
The
  Verbal  Inspiration  of the  Bible  Is a Fundamental.

သမ္မာကျမ်းစာဟာ ဘုရားစကားမဟုတ်ဘူး လို့ဆိုရင် အခြေခံအမြစ်ကို အဖျက်ခံရတာပါ။ ယေရှုခရစ်ဟာ အပျိုကညာမှ ဖွားမြင်တယ်ဆိုတာ ကျမ်းစာပြောပြလို့ပါ။ အပြစ်သားတွေအတွက် ကားတိုင်မှာ ယေရှုခရစ် အသေခံပေးတယ်ဆိုတာ ကျမ်းစာပြောပြလို့ပါ။ ယေရှုခရစ် ကိုယ်ခန္ဓာနဲ့တကွ သေရာက ရှင်ပြန်လာတယ် ဆိုတာ ကျမ်းစာပြောပြလို့ပါ။ ယေရှုခရစ် ဒုတိယအကြိမ် ပြန်လာဦးမယ်ဆိုတာလည်း ကျမ်းစာ ပြောပြလို့ သိရတာပါ။

ကျမ်းစာကိုဖျက်ရင် ခံယူချက်တွေကိုပါ ဖျက်ပစ်တာပဲ။ ကျမ်းစာဟာ ဘုရားစကားပါ။ ဒီအချက်ဟာ အဓိကကျတယ်။ ၂တိ ၃း ၁၆ မှာ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” မဿဲ ၄း ၄ “ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရား မိန့်တော်မူသမျှအားဖြင့်၊ အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။

ခေတ်သစ်ဘုရားမဲ့သမားတွေက ကျမ်းစာထဲမှာ ဘုရားစကား “ပါတယ်” လို့ ဆိုကြတယ်။ ဒါပေမယ့် ကျမ်းစာဦးထိပ်ထားတဲ့ အဓိကမူလ တရားစွဲလန်းသူတွေက “သမ္မာကျမ်းစာဟာ ဘုရားစကားတော် ဖြစ်တယ်”လို့ ပြောကြတယ်။ တခါတုန်းက၊ ကျမ်းစာဟာ ဘုရားစကားဖြစ်တယ်လို့ ဆိုတဲ့ တရားတစ်ပုဒ် ဟောအပြီးမှာ တစ်ယောက်က လာမေးတယ်။ “ကျမ်းစာတစ်အုပ်လုံးတော့ ဘုရားစကား မဟုတ်ဘူး”လို့ ဆိုတယ်။

ဘုရားစကားမဟုတ်တာ ဘယ်အပိုင်းလဲ?” လို့ ကျွန်တော် မေးတယ်။ သူက ကမ္ဘာဦးကျမ်းကို ဖွင့်ဖတ်ပြပြီး၊ မြွေက ဧဝကိုပြောတဲ့စကား “သင်သည် အမှန် သေရလိမ့်မည်မဟုတ်။” အရ “ဒီစကားဟာ ဘုရားစကား မဟုတ်ဘူး။ မာရ်နတ်စကား” လို့ ပြောတယ်။

ကျွန်တော်က “အဲဒါ ဘုရားစကားပါ။  မာရ်နတ်က ဧဝကို “သင်သည် အမှန်သေရလိမ့်မည် မဟုတ်” လို့ ပြောတဲ့အကြောင်း ဘုရားသခင် ပြောတာပါ။ မာရ်နတ်အကြောင်းကို ဘုရားသခင် ပြောနေတာပါ။ ဒီစကားကို မာရ်နတ်ပြောတယ်လို့ ဘုရားသခင်သာ ပြန်မပြောပြရင် သိရမှာ မဟုတ်ဘူး။ ကျမ်းစာဟာ ကမ္ဘာဦးကနေ ဗျာဒိတ်အထိ ဘုရားပြောတဲ့ စကားပါ။” တစ်လုံးမကျန် ကျွန်တော်ယုံကြည်တယ်” လို့ ပြန်ဖြေပါတယ်။

သမ္မာကျမ်းစာဟာ ဘုရားရေးတာပဲ ဖြစ်ရမယ်၊ လူရေးတာ မဖြစ်နိုင်ဘူး။

Ø  လူကောင်းတွေဟာ ဟန်ဆောင် ကျမ်းစာ ရေးမှာ မဟုတ်ဘူး။  

Ø  လူဆိုးတွေလဲ ဒီလောက်ကောင်းအောင် မရေးနိုင် မရေးချင်ကြဘူး။

Ø  အံ့ဩဖွယ် စနစ်တကျဖြစ်အောင် ခပ်ကြောင်ကြောင် လူတွေလည်း မရေးနိုင်ဘူး။
- ဆိုတော့၊ ဒီသုံးမျိုးမှာ
ဘယ်လူမျိုးက ရေးသလဲ
ပရောဖက်တွေရဲ့ စိတ်ဝိညာဉ်ကို ထက်မြက်ဖို့ရာ
ဘုရားမှုတ်သွင်းတဲ့ စကားပဲ ဖြစ်ရမှာပါ။

သခင်ယေရှု အပျိုကညာမှ ဖွားမြင်ခြင်း၊ ဝေဒနာခံခြင်း၊ အောင်မြင်စွာ ရှင်ပြန်ခြင်း၊ ဒုတိယ အကြိမ် ကြွလာခြင်း၊ ကျမ်းစကားလုံးတိုင်းကို မှုတ်သွင်းခြင်းတွေဟာ ယုံကြည်ခြင်းရဲ့ အဓိက တရားများ ဖြစ်တယ်။

ကျွန်တော်အသက်ပေးရဲတဲ့အရာ တချို့ရှိတယ်။ တချို့ကိစ္စတွေအတွက် အသက်မပေးရဲပေမယ့် တိုက်ခိုက်ရဲတယ်။ မတိုက်ခိုက်ရဲပေမယ့် ဒေါသထွက်ပြရဲတဲ့ အရာတချို့ ရှိတယ်။ ဒါပေမယ့် ဝိညာဉ်ရေးရာမှာ ယုံကြည်ခြင်းရဲ့ အဓိကတရားတွေအတွက် အသက်ပေးရဲပါတယ်။

၂ ကော ၆း၁၄ မှာ “မယုံကြည်သောသူတို့နှင့် တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။” ချစ်ခြင်းမေတ္တာ ရှိမရှိကို ခေတ်သစ်အယူ ယူသူတွေ၊ သောကောရောကောတွေနဲ့ လက်တွဲချင်စိတ် အပေါ် တိုင်းလို့ မရဘူး။ ကျမ်းစာရဲ့အမိန့်တွေကို နာခံမှု ရှိမရှိနဲ့ တိုင်းတာရတယ်။ သခင်ယေရှုက ယော ၁၄း၂၃ မှ “ငါကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။” မယုံကြည်သူ တစ်ယောက်နဲ့ လက်မတွဲသင့်ဘူး။ မညီတဲ့ထမ်းဘိုး မထမ်းသင့်ဘူး။ မယုံကြည်သူ၊ ခေတ်သစ်အယူယူသူ၊ သောကောရောကော ဘုရားမဲ့နဲ့ အယူလွဲသူ ဆိုတာတွေဟာ အတူတူတွေပါပဲ။ သောကောရောကောနဲ့ ခေတ်သစ် အယူယူသူတွေဟာ ဘုရားဖွင့်ပြတဲ့ သမ္မာတရားကို အတည်ပေါက် ငြင်းသူတွေပါ။ သခင်ယေရှု အပျိုကညာမှ မွေးတယ်လို့ ကျမ်းစာပြောတာကို သိရဲ့နဲ့ ငြင်းသူပါ။ မသိလို့ မှားတာနဲ့ သမ္မာတရားကို အတည်ပေါက် ငြင်းပယ်တာဟာ မတူဘူး။ မသိလို့ မှားနိုင်ပေမယ့် မသိရုံနဲ့ သောကောရောကော Liberal တော့ မဖြစ်နိုင်ဘူး။ မယုံကြည်သူနဲ့ ဆန့်ကျင်ဘက် ထမ်းဘိုးကို တွဲထမ်းဖို့ ဆင်ခြေပေးနိုင်တဲ့ တရားဟောဆရာလည်း မရှိနိုင်ဘူး။ မှန်ကန်တဲ့ ဝေဖန်ရေးဆိုတာ ရှိတယ်။ မှန်ကန်တဲ့အမြင်၊ သဘောထားဆိုတာ ရှိတယ်။ အသိုင်းအဝိုင်းထဲက Liberal တွေ ၊ ခေတ် သစ် Modernist တွေ မဖယ်ထုတ်နိုင်ရင် ကိုယ်တိုင်ပဲ ထွက်လိုက်ပါ။

အဓိကတရားတွေကို ခံယူနေသမျှတော့ မိဿဟာယ ဖွဲ့သင့်တယ်။ အဓိကတရားတချက်ကို ငြင်းပယ်လာရင် ကျမ်းစာအမိန့်အတိုင်း ရိုးသားစွာ သူနဲ့ သီးခြားနေဖို့ လိုတယ်။ ခွာနေဖို့လိုတယ်။ တစ်ယောက်က “အဓိကအရာတွေမှာ ညီညွတ်ခြင်း၊ အသေးအမွှားအရာတွေမှာ လွှတ်ခြင်း၊ အရာအားလုံး မှာတော့ ချစ်ခြင်း”  လို့ ဆိုတယ်။

ရိုးရိုးသားသား ပြောကြစတမ်းဆိုရင် ကမ္ဘာအရပ်ရပ်က သိသမျှလူတွေနဲ့ အရာရာတော့ သဘော တူမှာ မဟုတ်ဘူး။ ကျွှန်တော် ပြောဖူးတဲ့ အရာတချို့တောင် အခု ကျွန်တော် လက်မခံနိုင်တော့ဘူး။ အခု ပြန်မဟောချင်တဲ့ တရားမျိုးတွေလည်း ဟောဖူးတယ်။ လူဟာ ဖတ်မှတ်၊ လေ့လာနေမယ်ဆိုရင် သူဟာ ဆက်လက် သင်ယူနေတယ်။ ဆက်လက်သင်ယူနေရင် တချို့ အကြောင်းအရာတွေမှာ သူ့သဘောထား ပြောင်းလဲလာလိမ့်မယ်။

ကျွန်တော့ သင်းအုပ်ဆရာကြီးက ကိုယ်ခန္ဓာနဲ့တကွ ထမြောက်ခြင်းကို မယုံဘူးဆိုတော့ ကျွန်တော်လည်း မယုံခဲ့ဘူး။ ထမြောက်ခြင်း မရှိဘူးလို့ ထင်ခဲ့တယ်။ ကျမ်းစာဖတ်ပြီး ယောဟန် ၅း၂၈ ၊ ၂၉  ကို ဖတ်မှ သိရတယ်။ “ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏ စကားသံကို ကြား၍ ထွက်ရမည့် အချိန်ကာလရောက်လတံ့။” ဆရာတစ်ယောက်က မကြာသေးခင်က ကျွန်တော်ကို ပြောတယ်၊ “အေး- ဘုရား ကျေးဇူးတော်ပဲ၊ လွန်ခဲ့တဲ့ ၃၇ -နှစ် လောက်တုန်းက  ငါလဲ အဲဒီလိုပဲ” တဲ့။ ဟုတ်ပါတယ်။ ၃၇- နှစ်တွင်း ပြောင်းလဲမှု မရှိတဲ့သူဆိုတာ စုံလင်သူ ဒါမှမဟုတ် ခေါင်းမာသူပဲ ဖြစ်ရမယ်။ စုံလင်တဲ့သူ ရှိတယ်လို့တော့ မကြားဖူးဘူး။

ကျွန်တော် ပြောင်းလဲခဲ့တယ်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းအကြောင်းကို ကျွန်တော် နှစ်နဲ့ချီပြီး မယုံခဲ့မိဘူး။ ဒုတိယကြွ လာခြင်းအကြောင်း တရားတစ်ပုဒ်မှလဲ မကြားဖူးဘူး။ “premillennial”- “အနှစ်တစ်ထောင် မတိုင်ခင်” ဆိုတဲ့စကားကို ပထမဦးဆုံးအကြိမ် ကြားရတုန်းက မနက်စာ အစားအသောက် တစ်မျိုးလိုပဲ ထင်မိတယ်။

တနင်္ဂနွေည တစ်ညမှာ ဘုရားကျောင်းကို လူတစ်ယောက် လာတက်တယ်။ သူလာတော့ သူ့လက်ထဲမှာ ကျမ်းစာအုပ်တစ်အုပ် ပါတာ သတိထားမိတယ်။ ဘုရားကျောင်းကို ကျမ်းစာအုပ် ပါလာတာဆိုလို့ သူတစ်ယောက်ပဲ ရှိဖူးတယ်။ သူ့ကို ကျွန်တော် လန့်တယ်။ စုံစမ်းဖို့လာတဲ့ သူလျှိုတစ်ယောက် လို့ ထင်သွားတယ်။ အဲဒီညက အချက် ခုနှစ်ချက်ပါတဲ့ တရားတစ်ပုဒ် ကျွန်တော် ပထမဦးဆုံးအကြိမ် ဟောလိုက်တော့တယ်။ အရင်က ဒီလို အချက်တွေနဲ့ မဟောဖူးဘူး။ ဗျာဒိတ် အခန်းကြီး ၂ နဲ့ ၃ကိုဖတ်ပြီး “အောင်မြင်သောသူသည်” ဆိုတဲ့စကားကို ခဏခဏ တွေ့မိတာနဲ့ ဟောလိုက်တာပါ။ “ဒီညဟောမယ့် တရားက အောင်မြင်သူတွေ အတွက် ဘုရားဂတိတော်များ ဖြစ်တယ်” လို့ ကြေငြာလိုက်တယ်။

အောင်မြင်သူကို ကျောက်ဖြူ တစ်တုံး ပေးမယ်။ အဲဒီကျောက်ပေါ်မှာ နာမည်သစ်ကို ရေးပေးမယ်။ ကျောက်ဖြူရတဲ့သူမှ တပါး ဘယ်သူမှ မသိဘူး” လို့ ဟောတယ်။ စကားတွေ ချဲ့ပြောလိုက်တယ်။ ကျောက်ဖြူတစ်တုံး လို့ ပြောပေမယ့် ဘာဆိုလိုမှန်းတော့ မသိဘူး။ “ဟာလေလုယ၊ ကျောက်ဖြူတစ်တုံး၊ အဲဒီကျောက်ပေါ်မှာ ကျွန်တော့နာမည် ရေးထားမယ်။ ဘယ်သူမှ ခိုးမသွားနိုင်ဘူး။ ဘုရားသခင် ဘုန်းကြီးပါစေ။” လို့ ဟောတယ်။ ကျောက်ဖြူတုံးနဲ့ ပတ်သက်သမျှ မကုန်မချင်း ဟောလိုက်တာပါပဲ။

နောက်- “ဒုတိယအချက် အောင်မြင်သူကို ဝှက်ထားတဲ့ မန္နကျွေးမယ်။ ဘုရားသခင်ကို ကောင်းကြီးပေးကြပါ။ မန္နမုန့်ဆိုတာ ဘာလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကောင်းကင်ရောက်သည် အထိ ရှိနေဦးမယ်ဆိုတော့၊ အဲဒီမုန့်ဟာ ကောင်းလို့ပဲပေါ့။ ကောင်းကင်ရောက်သည်အထိ မှိုမတက်ဘူး။ ပုတ်သိုး မသွားဘူးပေါ့။ ဝှက်ထားတယ်ဆိုတော့ စာတန်လဲ ရှာမတွေ့ နိုင်ဘူးပေါ့။ ဘုရားသခင် ဘုန်းကြီးပါစေ။” လူတိုင်း မန္နမုန့် စားချင်လာလောက်အောင်ကို ဟောပစ်လိုက်တယ်။

အချက်အလက် အကုန်လုံးဟောပစ်လိုက်တယ်။ နောက်ဆုံးအချက်ရောက်တော့ ဗျာဒိတ် ၃း၂၁ မှာ ဘာပြောရမှန်းမသိဖြစ်သွားတယ်။ “နောက်ဆုံးအနေနဲ့ အောင်မြင်သူကို ငါ့ပလ္လင်ပေါ်မှာ ငါနဲ့အတူ ထိုင်ခွင့်ပေးမယ်။ ငါ့ခမည်းတော်ရဲ့ ပလ္လင်ဘေးမှာ ထိုင်ခွင့်ရမယ်။” အဲဒါ ဘာပြောချင်မှန်း မသိဘူး။ “ဟ၊ ဒီကျမ်းချက်ကို ဘယ်လိုပြောရမလဲ? သူပြောတဲ့အတိုင်းပဲ ပြောချလိုက်တာပေါ့။” လို့ ကိုယ့်ကိုကိုယ် ပြောမိတယ်။

ပရိသတ်ကို ကြည့်လိုက်တယ်။ “ဒီကျမ်းချက်အရ အခုသခင်ယေရှုဟာ ပလ္လင်ပေါ်မှာ မထိုင်သေးဘူး။ ဒါပေမယ့် တစ်နေ့ထိုင်လိမ့်မယ်။ ကျွန်တော်တို့လည်းအတူ ထိုင်ရမယ်။ ခမည်းတော်နဲ့အတူ နေရာပေး ခံရပါလိမ့်မယ်။” လို့ ဟောတော့ ကျမ်းစာအုပ်ပါလာတဲ့လူက “အာမင်း” လို့ ထအော်တယ်။

နည်းနည်းလေးသိရုံနဲ့ ဟောတာကောင်းတယ်လို့ ပြောနေပါလား။ ဆက်ဟောရင် ထိထိမိမိ ရှိလောက်တယ်။” လို့ တွေးမိသွားတယ်။ ဒါနဲ့အသံကျယ်ကျယ် ခပ်မြန်မြန်ကလေးနဲ့ “ဘုရားရှင်ကို ကောင်းကြီး ပေးကြ။ ဒီကျမ်းချက်အရ သခင်ယေရှုပလ္လင်ပေါ်မှာ အခုမရှိသေးဘူး။ ဒါပေမယ့် ဟာလေလုယ၊ တစ်နေ့ ပလ္လင်ပေါ်မှာ ထိုင်လိမ့်မယ်။ ငါတို့လည်းအတူ စိုးစံရမယ်။” လို့ ဟောတော့ အဲဒီလူက “အာမင်း”လို့ ထအော် ပြန်တယ်။

တွေ့တာလေးဟောရုံနဲ့ ဒီကျမ်းချက်က ကောင်းသားဟ၊ အဲဒီလူလည်း သိသွားပြီ” လို့ တွေးမိတယ်။ ဒါနဲ့ အဲဒီအကြောင်းပဲ ထပ်ထပ် ဟောလိုက်တာ အဲဒီလူ “အာမင်း” ပြောဖို့ ရှက်သွားတဲ့ အထိပဲ။ အဲဒီနောက် တရားဟောချက်ကို အဆုံးသတ်လိုက်တယ်။ ဝတ်ပြု စည်းဝေးအပြီး “ဘုရားရှင် ကောင်းကြီး ပေးပါစေ။ ဆရာ့ကို premillennial တရားဟောဆရာ တစ်ယောက်မှန်း မသိခဲ့ဘူး” လို့ လာပြောတယ်။

ဘုရားကျောင်းလာတာ ဝမ်းသာပါတယ်။ ထပ်လာဖို့မြော်လင့်ပါတယ်။” လို့ ပြောလိုက်တယ်။
သူက “ဆရာသာ premillennial မှန်းသိရင် အသင်းတော်မှာ ပါဝင်ကူညီမှာပေါ့။” လို့ ပြောတယ်။

နောက်လည်း လာအုံးနော်” လို့ ပြောတော့ သူထွက်မသွားသေးဘဲ၊  

ဆရာက premillennial နော်၊ ဟုတ်တယ်မဟုတ်လား?”

ကျွန်တော် ခေါင်းညိတ်ပြီးတော့ “ရှက်လိုက်တာခင်ဗျာ။ ဒီစကား တစ်ခါမှ မကြားဘူးသေးဘူး။ ဘာကိုပြော တာလဲ?” လို့ မေးလိုက်တယ်။ 

ဆရာက “postmillennial (အနှစ်တစ်ထောင်ပြီးမှ) မဟုတ်ဘူး- မဟုတ်လား?”

ဒီစကားလဲ မကြားဘူး ပြန်ဘူးဗျာ

ဟုတ်ပြီ amillennial (အနှစ်တစ်ထောင် မရှိတော့) မဟုတ်ဘူး- မဟုတ်လား?”

အဲဒီ millennial ဆိုတဲ့စကား ကြားကို မကြားဘူးတာပါဗျာ

ဒီည ဟောတဲ့အတိုင်းတော့ ယုံကြည်ထားတယ် မဟုတ်လားဆရာ?”

ယုံပါတယ်။

ဒါဆို ဆရာက premillennial (အနှစ်တစ်ထောင်မတိုင်ခင်) ပေါ့၊ မသိလို့ပဲ” လို့ ပြောတယ်။ ဒီစကား ကောင်းသလား ဆိုးသလားဆိုတာ ကျွန်တော်မသိဘူး။ အရမ်းကို ရှက်သွားတယ်။ ကျွန်တော့ကို လက်တင် မင်္ဂလာပေးတုန်းက amillennial အုပ်စုတစ်စုက Scofield ကျမ်းစာအုပ်တစ်အုပ် ပေးတယ်။ ဒါနဲ့ အဲဒီ ကျမ်းစာအုပ်ကို အဲဒီညက ယူပြီး ပြန်မယ်လုပ်တော့ အဲဒီလူကမြင်သွားတယ်။ ဆရာ့ကျမ်းစာအုပ်ကို ကြည့်ပါရစေ” တဲ့။ သိပ်တော့မကြည့်စေချင်ဘူး။ ဒါပေမယ့် သူကလည်း ဆက်တောင်းနေတယ်။ ကြည့်ပြီးတော့ဒီကျမ်းစာကိုင်တာ ဘယ်လောက်ကြာပြီလဲ?” လို့ မေးတယ်။

 ၅ နှစ်၊ ၆ နှစ်တော့ ရှိပါပြီ။ လက်တင်ပေးတုန်းက တရားဟောဆရာတချို့ ပေးသွားတာပါ။

 ၆ နှစ်လုံးလုံး ၊ ဒီကျမ်းစာထဲကပဲ ဟောတာပေါ့နော်?

ဟုတ်ပါတယ်

ဒါနဲ့များ၊ premillennialist ဆိုတာ မသိဘူးလို့ လာပြောနေတယ်ဗျာ

Scofield ကျမ်းစာရဲ့ အကြောင်းအရာ အညွှန်းကို တခါမှကျွန်တော် မဖတ်ဖူးဘူး။ ကျမ်းညွှန်း Concordance ကို ဘယ်လိုသုံးရမယ် ဆိုတာတောင် မသိဘူး။ ဒါပေမယ့် နောက်လတွေမှာ Scofield ကျမ်းစာက “premillennial” တရားဟောဆရာ ဆိုတာ ဘာကို ပြောသလဲလို့ ကြိုးစားရှာရတော့တယ်။ ကျွန်တော် အတော်ညံ့တာပဲ။ အဓိကတရား fundamentals တွေဆိုတာ ဘာတွေလဲ ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော် ကျင်လည်ဖူးတဲ့ အသိုင်းအဝိုင်းက မိတ်သဟာယဖွဲ့ဖို့ စစ်ဆေးရင် “မင်း အဓိကတရားတွေ ယုံသလား?” လို့ မမေးဘူး။ “မင်းခြေဆေးသလား?” ပဲ မေးကြတယ်။

မသိလို့ မှားတာကတမျိုး။ သိသိကြီးနဲ့ သမ္မာတရားကို ငြင်းပယ်တာက တမျိုးပါ။ တရားမဟောခင် စိတ်ကြိုက် သီချင်း ဘယ်လောက် ဆိုကြမယ်ဆိုတာ သဘာထားကွဲလွဲနိုင်တယ်။ ဘယ်အချိန် အလှူငွေ ကောက်မလဲ- သဘောထားကွဲနိုင်တယ်။ ဘတ်စ်ကား ထားမလား၊ မထားဘူးလား ကွဲလွဲနိုင်တယ်။ ဒါပေမယ့် အရေးမကြီးတာတွေမှာ ကွဲလွဲခွင့် ရှိပေမယ့် တယောက်နဲ့တယောက်တော့ ဆက်ချစ်နေသင့်တယ်။ ဘုရားရဲ့ စစ်သူရဲတွေပါ။ အရေးမကြီးတဲ့ အကြောင်းအရာတွေမှာ တယောက်နဲ့တယောက် မတိုက်ခိုက်ကြ၊ မသတ်ဖြတ်ကြရင်၊ ခရစ်တော်အတွက် ကမ္ဘာကို လှုပ်ခါ ပစ်နိုင်တယ်။ လူတိုင်းမှာ စိတ်ကြိုက် ဟောစရာ တွေတော့ ရှိမှာပေါ့။ အဓိကတရားတွေကို ယုံကြည်တဲ့သူတွေ Fundamentalists တွေအတွက် ကျွန်တော် ရပ်တည်နေတာပါ။ အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ ကျွန်တော်အသင့် ရှိပါတယ်။

မကြာသေးခင်က Dr. Roger Voegtlin နဲ့အတူ Fair Haven နှစ်ခြင်းအသင်းတော်မှာ ပါဝင်တယ်။ လူ ၅,၂၅၃ .ယောက် လာတက်တယ်။ မနက်စည်းဝေးမှာ လူ ၅၀၀ ကျော် ပြောင်းလဲတယ်။ သူတို့ ကြိုးစားပေးသလောက် ကျွန်တော်လည်း အရယူလိုက်တာပဲ။ ဒီလိုမလုပ်ချင်တဲ့သူ ဖြစ်ပေမယ့် အဓိက တရားတွေကို ယုံကြည်သူဖြစ်ရင်၊ ကျွန်တော် မိတ်ဆွေဖွဲ့ချင်တယ်။ တချို့ အကြောင်းအရာတွေမှာ ဉာဏ်မျက်စိ ပွင့်လင်းလာဖို့ ဆုတောင်းပေးမယ်။ ဒါပေမယ့် မိတ်ဆွေတော့ ဖွဲ့ရမယ်။ အပျိုကညာမှ ဖွားမြင်တာ၊ သခင်ယေရှု ဝေဒနာခံပေးတာ၊ ထမြောက်ရှင်ပြန်တာ၊ ဒုတိယအကြိမ်ကြွလာမှာ၊ ကျမ်းစကား တစ်လုံးစီကို မှုတ်သွင်းတာ .. စတာတွေကို ယုံရင်- လက်ဆွဲ နှုတ်ဆက်ချင်တယ်။ သတိမထားရင်တော့ သခင်ယေရှုခရစ်ကို သစ္စာရှိတာထက် မိသဟာယတွေ၊ အသင်းတော်တွေ၊ ကျောင်းတွေ၊ လှုပ်ရှားမှုတွေအပေါ်မှာ သစ္စာရှိနေတာမျိုး ဖြစ်တတ်တယ်။ အဓိက,က သခင်ယေရှုခရစ် အပေါ်မှာ သစ္စာ အရင်ရှိဖို့ လိုတယ်။

ကျွန်တော် နှစ်ခြင်းပါ။ ဒါပေမယ့် fundamentalists အားလုံးကို ချစ်တယ်။ John Wesley ကောင်းကင်မှာလို့ ကျွန်တော် ယုံတယ်။ သူကောင်းကင်မှာ ဝတ်ရုံဝတ်ထားရင်၊ သူ့ဝတ်ရုံရဲ့ အောက်ပိုင်း ပန်းပွါးလေးတွေ ကျစ်ပေးရင်းနဲ့ အသက်ရေစီးရာမြစ်မှာ သူ့ကို နှစ်ခြင်းပေးချင်တယ်။

အန်ကယ် Buddy Robinson လည်း ကောင်းကင်မှာလို့ ကျွန်တော် ခံယူတယ်။ အန်ကယ် Buddy ဟာ စကားနည်းတဲ့ နာဇရိလူပါ။ မက်သဒစ် တရားဟောဆရာရဲ့ ဟောပြောမှုကြောင့် ကယ်တင်ခြင်း ရခဲ့တယ်။ စင်ကြယ်မှု ဦးစားပေးတဲ့ “ဒုတိယကောင်းကြီးမင်္ဂလာ” ကို ပရက်စ် ဘစ်တီးရီးယန်း တရားဟောဆရာ ထံကနေ သဘောတရား ရခဲ့တယ်။ ဟိုတုန်းက သူ ဟောတဲ့ တရားတပုဒ် ပြန်နားထောင် ကြည့်ခွင့် ရလိုက်တယ်။ အန်ကယ် Buddy ပြောတဲ့ “ဒုတိယကောင်းကြီးမင်္ဂလာ” ဆိုတာ  ကျွန်တော် မယုံဘူး။ ဒါပေမယ့် လက်ခံသွားမတတ် ဟောနိုင်တဲ့သူပါ။

အန်ကယ် Bud က “မျက်စိမမြင်တဲ့လူကို သခင်ယေရှုတို့ ထိတော့ “မင်းဘာမြင်လဲ?” တဲ့။
အဲဒီလူက “လူတွေဟာ သစ်ပင်တွေလိုဖြစ်ပြီး လမ်းလျှောက်နေတယ်လို့ မြင်ရတယ်” လို့ ဖြေတယ်။ အန်ကယ် Buddy က “အဲဒီလူဟာ “ဒုတိယကောင်းကြီး” ကို လိုနေတယ်” တဲ့။ ဒါနဲ့ သခင်ဘုရားက ဒုတိယအကြိမ် တို့ထိလိုက်တော့ ဒုတိယကောင်းကြီး ပေးလိုက်တော့၊ “မင်း- အခု ဘာမြင်သလဲ?” တဲ့။ အန်ကယ် Buddy က “အဲဒီလူက ရှင်းရှင်း မြင်ရပြီ” လို့ ဖြေတယ်လို့ ဆိုတယ်။

ဒါကို ရှင်းပြပုံက “ပထမကောင်းကြီး ရချိန်မှာ၊ ဂိုဏ်းဂဏခေါင်းဆောင်တွေကိုပဲ သစ်ပင်အိုကြီး တွေလို မြင်တယ်။ ဒါပေမယ့် ဒုတိယ ကောင်းကြီးရတော့မှ လူတွေကို ရှင်းရှင်းလင်းလင်း မြင်ရတော့တယ်” တဲ့။

အန်ကယ် Bud ဟာ ဒုတိယကောင်းကြီးအကြောင်း ဟောလွန်းလို့ ၊ လူတယောက်က “Bud - ရေ၊ ဆရာက ဒုတိယကောင်းကြီးပဲ ဟောနေရသလားကွာ။ ကျုပ်တော့ ကောင်းကြီးပေါင်းတထောင် ရနေပြီ” လို့ ပြောရတဲ့အထိပါပဲ။

အန်ကယ် ဘတ်ဒီ က “မင်းမှာ အဲဒီလောက်များနေရင်၊ ငါ့လို အဘိုးအိုကြီးမှာ ၂ ခုပဲရှိတာကို မဝေမျှဘူးလား?” လို့ ပြန်ပြောတယ်။

တနေ့ အန်ကယ်ဘတ်ဟာ ဆရာဝန်ထံ သွားပါတယ်။ “ဒေါက်တာ၊ ဒီနားတစ်ဖက်က မကြားရဘူး”လို့ ပြောတော့၊ ဆရာဝန်က နည်းနည်းစမ်းသပ်ကြည့်ပြီး၊ “အန်ကယ် ဘတ်၊ ဘာမှမဟုတ်ဘူး၊ အသက်ကြီးလို့ပါ” လို့ ပြောတယ်။

ဘတ်ဒီ- က “ငါ ပြောပါဦးမယ်ကွာ။ ငါဖြင့် နားကိုမလည်တော့ဘူး။ ဒီဘက်နားက တလုံးမှ မကြားရဘူး။ ဟိုတဘက်ကတော့ ရှင်းရှင်းကြီး ကြားရတယ်။ အသက်ကြီးလို့ လို့ပြောရင်၊ နားနှစ်ဖက်လုံး တပြိုင်နက်တည်း မွေးလာကြတာပဲကွာ။” လို့ ပြောပါတော့တယ်။ အန်ကယ် ဘတ်ဒီ ဟာ ကောင်းကင်မှာ နေရာကောင်းရမှာပါ။ တွေ့ချင်မြင်ချင်ပါတယ်။

အရာရာတိုင်းတော့ သဘော မတူညီနိုင်ဘူး။ ယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို ယုံကြည် ရင်တော့ သဘောထား မတူတာတွေလည်း ရှိမှာပေါ့။ အသေးအမွှားတွေကြောင့် မကွဲပြားကြစို့နဲ့။ ကျွန်တော်တော့ မိတ်ဆွေဖွဲ့ချင်တယ်။ တယောက်နဲ့တ ယောက် မတူပေမယ့်၊ သဘောကျတယ်။ ဆုတောင်း ပေးနေမယ်။ မှန်ကန်တဲ့ ဝေဖန်ရေးဆိုတာဟာ ခေတ်သစ်အယူယူသူတွေ ၊ မယုံကြည်သူတွေကို ဝေဖန်တာပါ။ သူတို့ထံကနေ သီးခြား ခွဲနေတာပါ။
တခြားအချက်တချက် သတိပြုစရာ ရှိပါသေးတယ်။

၂။
     မှားယွင်းတဲ့ ဝေဖန်ရေး   THE  WRONG  KIND  OF  CRITICISM

အငယ် ၄ - မှာ “ကိုယ်မျက်စိ၌ တံကျင်ရှိလျှက်ပင် ညီအကိုအား၊ သင်၏မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ ဆိုသနည်း။

ညီအကို နှစ်ယောက်ရှိတယ်။ တယောက်ကို ဘုရားသခင်က “လျှို့ဝှက်သောသူ” လို့ ခေါ်ထားတယ်။ သူဟာ ခေါင်းပတ်လည်မှာ ၄/၂ သစ်သားချောင်း တစ်ချောင်း တွဲလောင်းဆွဲထားလျက်နဲ့ သူ့ညီကို “မင်းမျက်စိထဲက အမှိုက်ကလေး ထုတ်ပေးပါရစေ” လို့ ပြောတဲ့သူပါ။

သူက သူ့ညီရဲ့ မျက်စိထဲက အမှိုက်ကို ဘယ်လိုလုပ်မြင်သလဲ? ကျွန်တော်ဖြင့် ဒီနေရာမှာ တမနက်လုံးရှိနေတာ။ ဘယ်သူ့မျက်စိမှာမှ အမှိုက်ဝင်တာ ဖုန်ဝင်တာ မတွေ့မိဘူး။ သူများမျက်လုံးမှာ ဖုန်မှုန့်ဝင်တာ မြင်တဲ့သူရှိရင်တော့ အဲဒါ - လိုက်ရှာနေလို့ပဲ ဖြစ်မယ်။ ပြိုးပြိုးပျက်ပျက် အရာလည်းမဟုတ်။ လူကို ဆွဲဆောင်တာလည်း မဟုတ်။ အဲဒီအမှိုက်ကို သူဘယ်လိုလုပ်မြင်သလဲ? သူက ရှာနေတာကိုး။ အပြစ်ရှာရင်၊ အပြစ် တွေ့မှာပေါ့။ ဘယ်သူမှ စုံလင်ကြတာမှ မဟုတ်ဘဲ။

ကျွန်တော် သင်းအုပ်လုပ်တုန်းက၊ လတိုင်း လူရာနဲ့ချီပြီး ကယ်တင်ခြင်းရကြ၊ နှစ်ခြင်းခံကြတာ တွေ့ရတယ်။ တခါတလေ တချို့သူတွေက ဝတ်ပြုစည်းဝေးမှာ အပြစ်ပြောစရာ တွေ့ကြတယ်။ ဧည့်ကြိုတဲ့ သူတွေက ရောက်သင့်တဲ့နေရာထိ ထွက်မလာတာမျိုး၊ တယောက်ယောက်ကို စကားမပြောမိတာမျိုး ရှိတတ်တယ်။ အဲဒီအခါမှာ အဲဒီလူဟာ ပြောင်းလဲသူတွေ၊ သံစုံသီချင်း ကောင်းတာတွေ၊ နှစ်ခြင်းခံတာတွေ၊ အားလုံးကို မမြင်တော့ဘူး။ ဘာထပ်တွေ့တွေ့၊ မြင်ရမြင်ရ၊ မထူးခြားတော့ဘူး။ အဲဒီလိုလူတွေဟာ အပြစ် ရှာနေသူတွေပါ။
ကိုယ်ရှာတာပဲ ကိုယ်တွေ့ကြမှာပါ။ ရှေးကဗျာလေးရှိတယ်လေ။

ပူစီလေး ၊ ပူစီလေးရေ

ဘယ်ကို ရောက်ခဲ့သလဲ ပြောပါဟေ?

ငါကလေ လန်ဒန်မြို့

ဘုရင်မကို သွားတွေ့ဖို့။

 ပူစီလေး ၊ ပူစီလေးရေ

ဘာတွေ လုပ်ခဲ့လဲဟေ?

ငါတွေ့တာ  ပလ္လင်အောက်က

ကြွက်ပေါက်စ ပေါ့ကွယ်။

 

နာရီစင်က အသံမြည်မယ်။ Westminster  သခ်ျိုင်းမှာ သန့်ရှင်းသူတွေရဲ့ အုတ်ဂူရှိမယ်။ လန်ဒန် မျှော်စင်နဲ့ Big Ben နာရီစင်၊ နန်းတော်နဲ့ ဘုရင်မရှိမယ်။ ဒါပေမယ့် ကြောင်လေးရောက်သွားတော့ သူ ဘာမြင်သလဲ? ကြွက်လေးတဲ့။ ဘာပြုလို့လဲ? သူက ကြွက်ရှာနေတာကိုး။

ကိုယ်ရှာတာပဲ ကိုယ်တွေ့တယ်။ ရှုခင်းတွေအကြောင်း သိချင်ရင် လင်းတ တကောင်ကို မလွှတ်ပါနဲ့။ ပျံဝဲသွားပေမယ့် အလှအပတွေ၊ သာယာတဲ့ ရေကန်တွေ၊ ပန်းတွေဝေနေတဲ့ သစ်ပင်တွေ၊ စိမ်းလန်း ဝေဆာနေတာတွေ၊ မြက်ခင်းပြင်တွေ၊ အဆုပ်- အဆုပ် စုဝေးနေတဲ့ အဖြူရောင် တိမ်တိုက်တွေနဲ့ တခြား အလှအပ ရှုမြော်ခင်းတွေကို သူမမြင်ဘူး။ ပြန်ရောက်တဲ့အခါ “ဘာမြင်ခဲ့ရသလဲ?”လို့ မေးကြည့်။ လင်းတက “လောက်တွယ်နေတဲ့ နွားသေတစ်ကောင် တွေ့ခဲ့တယ်” လို့ ဖြေလိမ့်မယ်။ သူ့စကားက သူ့သဘာဝကို ပြနေတယ်။ သူက လင်းတပါ။

ဒီလိုလူတွေ တွေဖူးတယ်။ ကျွန်တော့ အသင်းသားတွေထဲမှာလည်း အများကြီး ရှိတယ်။ အကောင်း မမြင်တတ်ဘူး။ အပြစ်ပဲ ရှာတတ်တယ်။

အမှိုက် ဘာလို့တွေ့လဲ? အမှိုက်ရှာလို့ပေါ့။ ဘာလို့ အမှိုက်ရှာသလဲ? တခါတလေမှာ မနာလို လို့  ဖြစ်တတ်တယ်။ ကိုယ့်ထက်သာတဲ့ သူမှာ အပြစ်ရှာတွေ့တတ်တယ်။ မနာလိုတော့ မစားရတဲ့ အမဲ သဲနဲ့ ပက်ကြတယ်။ ၀ိညာဉ်ကယ်တင်ခြင်း မလုပ်တဲ့သူက လုပ်တဲ့ဆရာကို ဝေဖန်မယ်။ တခြားသူကို တစစီ ဖြစ်အောင် ဆွဲချလိုက်ရင်၊ ကိုယ့်အလုပ် အောင်မြင်မယ်လို့ ထင်တတ်လို့လည်း တခါတရံ အပြစ်ရှာ တတ်တယ်။ ဒါပေမယ့် သူတပါးအိမ်ကို ဖျက်ရုံနဲ့ ကိုယ့်အိမ်ဆောက်ရတာ မဟုတ်ဘူး။ တရားဟောဆရာ တစ်ယောက်က ကိုယ့်အခြေအနေ မြင့်ဖို့အတွက် တခြားတရားဟောဆရာကို ဖျက်ဆီးဖို့ ကြိုးစားတာဟာ ဝမ်းနည်းစရာပါ။ ကိုယ်စိတ်ကြေနပ်ဖို့ ညီအကိုရဲ့ မျက်စိမှာ အမှိုက်ရှာတာမျိုး ရှိတတ်တယ်။ ကိုယ့်အပြစ်တော့ ကိုယ်သိနေတော့ သူတပါး အပြစ်ရှာတွေ့မှ နေကောင်းတတ်တာလည်း ရှိတယ်။

ဥပမာ - ကျွန်တော် ကင်ဆာရောဂါနဲ့ သေမယ်ဆိုရင်- ဒီရောဂါနဲ့ပဲ သေမယ့် တခြား လူတသောင်းကို ရှာလည်း ဘာထူးမှာလဲ?

ညီအကိုမျက်စိမှာ အမှိုက်ရှာရင်၊ ကိုယ်အဖြစ်မှန် ကိုယ်မသိတော့ဘူး။ သူ့မျက်စိမှာ ၄/၂ သစ်သားချောင်း တချောင်း ရှိနေပြီ။ သူ့ခေါင်းကို သစ်သားချောင်းနဲ့ ထောက်ထားနေပြီ။ သူတပါးမျက်စိမှာ အမှိုက်ရှာနေပြီ။ သနားစရာ မကောင်းဘူးဆိုရင်တောင် ရယ်ဖို့ ကောင်းနေပြီ။ သူတပါးမျက်စိမှာ အမှိုက်ရှာ သိပ် မကျွမ်းပါနဲ့။ ကိုယ်မျက်စိမှာ သစ်သားချောင်းတစ်ချောင်း ရှိသလားပဲ ကျွမ်းကျွမ်းကျင်ကျင် ရှာပါ။ ဒါဟာ မှန်ကန်တဲ့ ဝေဖန်ရေးပဲ။ သောကောရောကောတွေ ၊ ခေတ်သစ်အယူယူသူတွေကို တိုက်ခိုက်ပါ။ ဆန့်ကျင်ပြီး သီးခြား ရပ်တည်ပါ။ ဒါပေမယ့် ယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို ခံယူယုံကြည်ရင် အသေးအမွှားတွေ ရှိရင်လည်း ရှိခွင့်ပေးပါ။ လက်တွဲပါ။

Dr. Bob Jones, Sr. က ပြောဖူးတယ်။ “အမဲလိုက်ခွေးတစ်ကောင် ယေရှုအတွက် မြို့အနှံ့ လျှောက်ဟောင်နေရင်၊ ငါတော့ အမဲရိုး ပစ်ကျွေးလိုက်မှာပဲ” တဲ့။ ကျွန်တော်တို့ဟာ fundamentalists တွေ။ အဓိက တရားကိုင်စွဲသူတွေပါ။ အရာရာတိုင်းတော့ သဘောတူကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို သဘောတူတဲ့အတွက် ဘုရားကျေးဇူးတော် ချီးမွမ်းစရာပါ။ တယောက်နဲ့တယောက် ကောင်းကွက်တွေ ရှာပြောကြပါ။

ဟိုတုန်းက ကျွန်တော့သားက ကားတိုက်ခံထားရပုံပေါက်တဲ့ ခွေးကြီးတစ်ကောင် အိမ်ကို ယူလာတယ်။ တကိုယ်လုံး စက်ဆီတွေ ပေနေတယ်။ အရေပြားမှာလည်း ၂ နေရာ - ၃ နေရာလောက် ပေါက်ပြဲနေတယ်။ သန်းတွေကလည်း တကိုယ်လုံးခဲလို့။ ပိန်လွန်းပြီး အားကလည်း မရှိတော့ လမ်းတောင် သိပ်မလျှောက်နိုင်ဘူး။ သားတိုနီကတော့ ပွတ်သပ်ပေးနေလေရဲ့။

အဲဒီခွေးကိုမြင်တော့ “သားရေ၊ အဲဒီခွေးယူသွားကွာ။ ရောဂါလည်း ရှိပုံရတယ်။ ကြောက်စရာကွာ” လို့ အော်ပြောမိတယ်။

ဒါပေမယ့် ဖေဖေရာ၊ ကျွန်တော် ဒီခွေးကို လိုချင်တယ်

သား၊ မင်းမှာ အဲဒီခွေး မလိုဘူး။ ဒဏ်ရာတွေနဲ့ကွာ။ သန်းတွေကလည်းအများကြီး 

ဒါပေမယ့် ကြည့်ပါဦး ဖေဖေရာ၊ သူက အမြီးကလေး နန့်နေတယ်

ကျွန်တော်က ခွေးကို မကြိုက်တဲ့ ဆင်ခြေတွေ အများကြီးရှိနေ၊ မြင်နေပေမယ့်၊ သားက ကောင်းကွက်လေး မြင်နေတယ်။

တယောက်နဲ့တယောက် ကောင်းကွက်တွေ မရှာသင့်ဘူးလား? ယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို ယုံကြည်ခံယူရင်၊ အပြစ်မရှာကြပါနဲ့။ ဘုရားသခင် ကောင်းကြီးပေးပါစေ။                     


No comments:

Post a Comment