![]() |
Dr. Curtis Hutson |
အခန်း ၁၁
------------------------------------------------------------------------------------
ယုံကြည်သူနဲ့
ဒုက္ခ
ရှင်ယောဟန် အခန်းကြီး ၁၆: ၃၃ မှာ သခင်ယေရှုက - - “သင်တို့သည် လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း
မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။”
ကယ်တင်ခြင်းရပြီးရင် အမေးခံရတဲ့
မေးခွန်းတွေထဲက တခုကတော့ “ယုံကြည်သူတွေ ဘာကြောင့် ဒုက္ခရောက်သလဲ?” ဆိုတဲ့ မေးခွန်းပါပဲ။ မေးသမျှ ဖြေနိုင်တယ်လို့ မပြောလိုပေမယ့် တချို့တွေကို
ကျွန်တော် နားလည်လာပြီ။
ယောဟန် ၁၃ မှာ သခင်ဘုရားဟာ
တပည့်တော်တွေရဲ့ ခြေကိုဆေးပေးတယ်။ အငယ် ၆ မှာ ပေတရုက “သခင် ကျွန်တော့ခြေကို ဆေးမလို့လား?” လို့ မေးတယ်။ “ငါ
ဘာလုပ်သလဲဆိုတာ မင်းအခု မသိသေးဘူး။ နောက်မှ သိလာလိမ့်မယ်။”
အခု သိရတာတွေရှိသလို နောက်မှ
သိလာမှာတွေလည်း ရှိတယ်။ အခု နားလည်တာတွေဟာ ငယ်တုန်းက မသိခဲ့ဘူး။ အခုလဲ
နားမလည်တာတွေ ရှိသေးတယ်။ သေတဲ့အထိ နားမလည်တာတွေ ရှိလျှက်နဲ့ပဲ ခရစ်တော်ထံ
ဝင်စားရမယ်လို့ ကျွန်တော်ထင်တယ်။ ဝင်စားပြီး ခရစ်တော်နဲ့ ထာဝရနေရတဲ့အခါ အားလုံးကို
ကျွန်တော်တို့ သိသွားလိမ့်မယ်။ တချို့က “ကောင်းကင်ရောက်ရင် သခင်ဘုရားကို
မေးချင်တာတွေ အများကြီး ရှိတယ်” လို့ ပြောတာကြားဖူးတယ်။ ကောင်းကင်ရောက်ရင်
မေးဖို့မလိုတော့ဘူး။ ကိုယ့်ကို သူတပါးသိသလို သိနေပြီ။ သခင်ဘုရားနဲ့လည်း တူနေပြီ။
အရာအားလုံး အဖြေရှိနေပြီ။ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာနေကြ၏။
ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်
မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိရလိမ့်မည်။”
ဒီမနက် “ယုံကြည်သူတွေ ဘာကြောင့်ဒုက္ခ ရောက်လဲ?” ဆိုတဲ့
မေးခွန်းကို ဖြေသွားမယ်။ အခု မလိုအပ်သေးရင်လဲ နောင်မှာ လိုလာလိမ့်မယ်။ ဒါကြောင့်၊
မှတ်စုယူပြီး သိမ်းထားပါ။ နောင်မှာ လိုလာမယ်။
၁။ ဒုက္ခဆိုတာ ဆုံးမခြင်းပါ - Trouble is Chastening.
ပထမအကြောင်းရင်းက ဒုက္ခဆိုတာ
တစ်ခါတရံမှာ ဘုရားက ဆုံးမတာဖြစ်တယ်။
အိုကလာဟိုးမားပြည်နယ် Tulsa မြို့က လူတစ်ယောက်က “ဆရာယုံသလို ကျွန်တော်ယုံရင် ကျွန်တော်လည်း သွားပြီး
အဲဒီလိုပဲ အသက်ရှင်မယ်” လို့ ပြောတယ်။ သူပြောတာ ကျွန်တော် သဘောပေါက်တယ်။
ကျွန်တော်တို့ဟာ ထာဝရလုံခြုံမှုကို ယုံကြည်တယ်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်
အားကိုးရင် ထာဝရ ကယ်တင်ခြင်းရတယ်။ ဒါဟာ ကျမ်းစာချက်တွေ အများကြီးအပေါ်
အခြေခံထားတာပါ။ ယောဟန် ၃: ၃၆ မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” ဒီကျမ်းချက်က
အဆုံးမရှိတဲ့ အသက်ကို ရတယ်လို့ အသေအချာ ပြောပြနေတယ်။ ထာဝရအသက်ပါ။ မနက်ဖြန်
သန်ဖက်ခါ ပြန်ဆုံးရှုံးသွားမှာ မဟုတ်ဘူး။ ကယ်တင်ခြင်း ပြန်မဆုံးဘူး ၊ ထာဝရလုံခြုံတယ်လို့
ကျွန်တော် ယုံကြည်တာကို သူသိတဲ့အတွက် အဲဒီ အမှုတော်ဆောင်က “ဆရာယုံသလို ကျွန်တော်ယုံရင် အဲဒီလိုပဲ အသက်ရှင်တော့မှာ ပေါ့။” လို့
ပြောတာဖြစ်တယ်။ “ဇာတိအလိုအတိုင်း နေမယ်။ နေချင်သလို နေမယ်။ ပျော်မယ်၊ ပါးမယ်၊
အပြစ်ပြုမယ်။” လို့ သူ ဆိုလိုတယ်။
သူ့ရင်ထဲမှာ ဘုရားသခင်ရဲ့
စိတ်သဘောပဲ ရှိရဲ့လား?” လို့ တွေးမိတယ်။ ကျမ်းစာက အသစ် မွေးဖွားပြီး
သူတွေဟာ ဘုရားရဲ့ စိတ်သဘောရတယ်။ စိတ်သဘောအသစ်ကြောင့် စိတ်ဆန္ဒ အသစ်တွေ ဖြစ်လာတယ်။
D. L. Moody က “ကျွန်တော် သောက်ချင်သလောက်
သောက်မယ်။ ဆဲချင်သလောက် ဆဲမယ်။ သွားချင်တဲ့နေရာ အကုန်သွားမယ်” လို့ ပြောတော့ …. “ဆရာ
Moody, ဆရာ အဲဒီလိုလုပ်မယ်လို့ ကျွန်တော် မထင်ဘူး” လို့
ကြားဖြတ်ပြောတယ်။ Moody က “လုပ်မယ်။ ငါလုပ်မယ်။” လို့
ဖြေတယ်။ “အထိတ်တလန့်ဗျာ၊ အရမ်းအံ့ဩတယ်။ ဆရာသောက်တာ ကျွန်တော် မတွေ့ဖူးဘူး။”
“ငါ မသောက်ပါဘူး။”
“ဆရာ ဆဲတာလည်း မကြားဖူးပါဘူး။”
“ငါမဆဲပါဘူး။”
“ဒါနဲ့ သောက်ချင်သလောက် သောက်မယ်ဆို?”
“ငါပြောတယ်လေ၊ ဒါပေမယ့် ငါမှ မသောက်ချင်၊
မဆဲချင်၊ ရုပ်ရှင်တွေ သွားမကြည့်ချင်ပဲ။” လို့ Moody က ဖြေတယ်။
ထူးခြားမှုက ဒီအချက်ပါပဲ။
အသစ်မွေးဖွားပြီးရင် သူနေချင်တဲ့ ပုံစံမျိုးနဲ့ သူနေလိမ့်မယ်။ ဒါပေမယ့် သူ့အထဲမှာ
ဘုရားသခင်က အသစ်သော သဘာဝကို ထည့်ပေးထားတယ်။ အသစ်သော စိတ်ဆန္ဒတွေ ဖြစ်လာစေတယ်။
တရားဟောဆရာဖြစ်ပြီး၊ ထာဝရလုံခြုံမှုကို
ယုံကြည်လျက်နဲ့ နေချင်သလို နေမယ်ဆိုတဲ့ သဘောထားရှိတဲ့ လူရဲ့ ကယ်တင်ခြင်းကို
ကျွန်တော် သံသယ ဖြစ်တယ်။ သူ့စကားအရ သူ့မှာ အသစ်သော သဘာဝ မရှိတာ ထင်ရှားတယ်။
သူ့ဆန္ဒလည်း မှားနေတယ်။ တစ်ဖက်ကလည်း ကယ်တင်ခြင်းရပြီးရင် အပြစ် လုပ်နိုင်သေးတယ်ဆို
တဲ့ အချက်ကို ပယ်ထားလို့ မရပြန်ဘူး။
ပြီးခဲ့တဲ့ တနင်္ဂနွေညက
ဒီမှာတရားဟောတော့ လောကီဆန်တဲ့ လူတစ်ယောက်ဟာ ယုံကြည်သူ ဖြစ်နေနိုင်သေးတယ်။
ဇာတိဆန်တဲ့ လူတစ်ယောက်ဟာ ယုံကြည်သူ ဖြစ်နေနိုင်သေးတယ်လို့ ပြောတယ်။ ခေတ်သစ်အယူ
ယူသူထက်တောင် နည်းနည်း ဇာတိ ပိုဆန်နိုင်တယ်လို့ ပြောတယ်။ ဇာတိဆန်တယ် ဆိုတာက
အပြုအမူကို ပြောတာပါ။ ခေတ်သစ်အယူ ယူသူဆိုတာက ယုံကြည်မှုကို ပြောတာပါ။
အဓိကခံယူချက်တွေ လွဲမှားပြီး၊ ကိုယ်ကျင့်တရား ကောင်းနေမယ့်အစား၊ အဓိကတရားတွေ
မှန်ကန်ပြီး လောကီနည်းနည်း ပိုဆန်တဲ့ ကယ်တင်ခြင်း ရသူတစ်ယောက် ဖြစ်ရတာမှ တော်သေးတယ်။
ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ကျင့်တရားဟာ လူကိုမကယ်နိုင်ဘူး။ ဘယ်တော့မှ မကယ်နိုင်ဘူး။
ကျွန်တော့ထံ လာလည်တဲ့ တရားဟောဆရာ
တစ်ယောက်က “ကျွန်တော် ခင်ဗျားကို ကောင်းကောင်း နားလည်ခဲ့ရဲ့လား?” လို့ မေးတယ်။ ကျွန်တော်ပြောချင်တဲ့ ဇာတိယုံကြည်သူဆိုတဲ့ အကြောင်းကို
ရှင်းပြမနေတော့ပဲ၊ ထွက်ပဲလာခဲ့တယ်။
အခု ဒီအကြောင်း ပြောပြချင်တယ်။
ကယ်တင်ခြင်းရပြီးသူ တစ်ယောက်ဟာ သူ့ဘဝကို ဇာတိအလို ဆန္ဒထဲမှာ လုံးဝ
အပ်နှံမိသွားနိုင်တယ်။ ၁ကော ၃း ၁ မှာ ရှင်ပေါလုက “ညီအစ်ကိုတို့ ၊ အထက်က ငါသည်
ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊
ဇာတိပကတိ လူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့
ဟောပြောရ၏။” ဇာတိ ယုံကြည်သူကို ညီအကိုလို့ ပြောထားတာ တွေ့ရတယ်။ ရှင်ပေါလုက
မယုံကြည်သူကို ညီအကိုလို့ မခေါ်ဘူး။ ဘုရားသခင်ဟာ လူအားလုံးရဲ့ အဖမဟုတ်တာ သူသိတယ်။
ဘုရားသခင်ဟာ စင်္ကြဝဠာတစ်ခုလုံးရဲ့အဖ၊ လူသားအားလုံးရဲ့ အဖလို့ ခေတ်သစ်အယူ ယူသူတွေ
ယုံကြည်သလို ရှင်ပေါလု မယုံဘူး။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်
ဘုရားသားဖြစ်ရတယ်လို့ပဲ သူယုံကြည်တယ်။
“ကျမ်းချက်ပြပါ။” ဆိုရင် ဂလာတိ ၃း၂၆ မှာ
ရှင်ပေါလုက “အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်
ဘုရားသခင်၏သားဖြစ်ကြ၏။” ခရစ်တော်ကို အားကိုးလို့ ဘုရားသား ဖြစ်တယ်။ ခရစ်တော်ကို
ယုံကြည်တဲ့ ဘုရားသားတွေသာ စစ်မှန်တဲ့ ညီအကိုလို့ ရှင်ပေါလု ယုံတယ်။
ကယ်တင်ခြင်းမရဘဲ ညီအကိုလို့ သူခေါ်လေ့မရှိဘူး။ ၁ကော၃ မှာ ကောရိန္သုမြို့က လူတွေကို
“ညီအကိုတို့၊ ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား
ဟောပြောရသောအခွင့်မရှိဘဲ၊ ဇာတိ လူတို့အား ပြောသကဲ့သို့ ပြောရ၏။” ဇာတိယုံကြည်သူကို
ညီအကိုလို့ သူသဘောထားတာ တွေ့ရတယ်။ ရိုးရိုးသားသား ပြောကြစတမ်းဆိုရင်
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဦးဆောင်မှုကို အမြဲတမ်း လိုက်လျှောက်ရဲ့လား? တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ
တစ်ပတ်လုံးလုံး၊ တစ်လလုံးလုံး၊ တစ်နှစ်လုံးလုံး၊ ကယ်တင်ခြင်းရပြီးချိန်ကစပြီး၊
၁၀၀% ပြည့်လို့ ဆိုတာပါ။ “ကျွန်တော် လုပ်သမျှဟာ ဝိညာဉ်တော်နှိုးဆော်လို့ပါ။” လို့
ပြောနိုင်သလား? ကျွန်တော့လို မတည်မကြည် တရားဟောဆရာ တယောက်
ဝန်ခံသလို၊ ဇာတိသဘောနဲ့ လုပ်တာတွေလည်း ရှိတာပေါ့လို့ ဝန်ခံနိုင်မလား? ဇာတိသဘောနဲ့ လုပ်မိတယ်ဆိုရင် အဲဒီအချိန် အတောအတွင်းမှာ ဇာတိယုံကြည်သူ
ဖြစ်နေပြီပေါ့။ ဒီအချက်ဟာ ကယ်တင်ခြင်း ရပေမယ့် ဇာတိသဘော ရှိနေနိုင်တယ် ဆိုတာ ပြနေတယ်။
ဒါပေမယ့် ဆုံးမခြင်းမခံရဘဲ ဇာတိဆန်နေဖို့တော့ မဖြစ်နိုင်ဘူး။
ဟေဗြဲ ၁၂း ၆ မှာ “ထာဝရဘုရားသည်
ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို
ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို
မေ့လျော့ကြသလော့။ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည်
မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။”
ဘုရားသားဖြစ်ရင်၊ စည်းဖောက်မိရင်
ဆုံးမလိမ့်မယ်။ အဖေက သားကို ဆုံးမသလို ဆုံးမတာပါ။ အပြစ်သားလို့ သဘောမထားဘဲ၊
သားတစ်ယောက်လို သဘောထားပါ။ ယုံကြည်သူရဲ့ဘဝမှာ အင်္ဂလိပ်အက္ခရာ “C” နှစ်ခု အမြဲဖြစ်ပျက်နေတယ်။ ကယ်တင်ခြင်း ရပြီးရင် ပြောင်းလဲတယ်။ Changed
အပြုအမူ ပြောင်းလဲတာပါ။ မပြောင်းလဲရင် ဆုံးမခံရတယ်။ Chastisement
ဆုံးမတာ ခံရင် သားလို သဘောထားတယ်။ စည်းအပြင်ဖက် ရောက်သွားတဲ့
ယုံကြည်သူတိုင်းကို ပြန်ခေါ်ထားဖို့ ဆုံးမတာပါ။
သန့်ရှင်းတော်မူခြင်းကို အမွေခံတွေ
ဖြစ်စေဖို့အတွက် ဆုံးမရတယ်လို့ ဟေဗြဲဩဝါဒစာမှာ ဖော်ပြထားတယ်။
အိုကလာဟိုးမားပြည်နယ် Tulsa မြို့နိုးထမှု၊ ဟောပြောပွဲတစ်ခုမှာ သင်းအုပ်ဆရာက “လူတယောက်အတွက်
ဆုတောင်းပေးကြစို့။ သူ သိပ်နာမကျန်း ဖြစ်နေတယ်လို့ ညတိုင်း ပြောတယ်။ အဲဒီလူ
ဘုန်းတော်ဝင်စားသွားပြီဆိုတဲ့ သတင်းကိုလည်း သင်းအုပ်က နေ့တိုင်း မြှော်လင့်နေတယ်။
သင်းအုပ်က အဲဒီလူကို သွားမြော်တော့ “ဘာကြောင့် နေမကောင်း ဖြစ်တယ်ဆိုတာ
ကျွန်တော်သိတယ် ဆရာ။ ဘုရား ရိုက်တာပါ။ ကျွန်တော်သေရင် အရိုက်ခံရတာ
ကျွန်တော်သိတယ်လို့ လူတွေကို ပြောပြပါ။” လို့ ဆိုတယ်။
ဒီပရိသတ်ထဲက ခရစ်ယာန်
အတော်များများလည်း ဘဝမှာ ဒုက္ခတွေ တစ်ခါမက ဘာ့ကြောင့်ကြုံသလဲလို့ သတိထားမိရဲ့လား? ဖြစ်ပျက်နေတာတွေက လက်ညိုးထိုး မလွဲရှိနေတယ်။ ဘာကြောင့် ဒုက္ခရောက်သလဲ?
ဘာကြောင့် ဝေဒနာတွေ ခံစားရလဲ? ကျွန်တော်သိတယ်။
လောကီသားတွေနဲ့ အတူ အပြစ်စီရင်ခြင်းမခံရဖို့ ဆုံးမပေးတာ ဖြစ်တယ်။
၁ကော ၁၁း ၃၀ မှာ
“ထို့အကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသော သူ အများရှိကြ၏။
သေသောသူ အများလည်း ရှိကြ၏။” ဆက်ပြီးတော့ “ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြော စီရင်လျှင်၊
စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွှတ်ကြလိ်မ့်မည်။ စစ်ကြောစီရင်တော်မူခြင်းကို
ခံရကြ သောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း
ဆုံးမတော်မူခြင်းကို ခံရကြ၏။”
ဒါ့ကြောင့် အသစ်မွေးဖွားပြီးမှ
စိတ်လိုလက်ရ အပြစ်ပြုရင် ဆုံးမခံရမယ်။ မချစ်လို့ မဟုတ်ဘူး။ ချစ်လို့ပါ။ လောကီ အဖေက
“မင်းကို ငါရိုက်မိတော့မယ်။ ချစ်လို့ ရိုက်တော့မှ ဖြစ်တော့မယ်” လို့ ပြောတာ
ကြားဖူးမှာပါ။ ကြုံလည်း ကြုံဖူးမှာပါ။ မကြုံဖူးရင်လည်း ကြုံဖူးသင့်ပါတယ်။
မိဘတိုင်းဟာ သားသမီးကို ချစ်လို့ ရိုက်ရတယ်။ ဆုံးမရတယ်လို့ ပြောပြသင့်တယ်။
ကျွန်တော့အဖေက “မင်းနာသလို ငါလည်းနာတယ်။” လို့ ပြောပြလေ့ ရှိတယ်။ ကျွန်တော်ကလည်း
“ကျွန်တော်နာသလို အဖေ နာချင်နာမှာပါ။ ဒါပေမယ့် နာတဲ့ နေရာချင်းတော့ ဘယ်တူပါ့မလဲ? လို့ တွေးလေ့ရှိတယ်။ နေချင်သလိုနေလို့ မဖြစ်ဘူး။ ကယ်တင်ခြင်းရရင်၊
နေချင်သလို မနေနိုင်ဘူး။ မကြာခင်ဒုက္ခ ရောက်တတ်တယ်။ ဘုရားသခင် ပြန်ဆွဲခေါ်မှာ ဖြစ်တယ်။
ကယ်တင်ခြင်းရတယ် ဆိုပြီး၊
စိတ်လိုလက်ရ၊ ကျင့်သားရရ၊ သဘောကျကျ ဆက်တိုက် အပြစ်လုပ်ပြီး ဆုံးမ မခံရသေးရင်၊
ကယ်တင်ခြင်းရ မရ ပြန်စစ်ဖို့ လိုနေပါပြီ။
၂။ ဒုက္ခဆိုတာ သွန်သင်ပေးခြင်းပါ။ Trouble is Conditioning.
ဒုက္ခဆိုတာ ဆုံးမခြင်းကြောင့်သာ
မဟုတ်ဘူး၊ တခါတရံမှာ သွန်သင်ပေးတာ ဖြစ်တယ်။ ၂ကော ၁း၄ မှာ “ငါတို့သည် ဘုရားသခင်၏
ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်း ရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို
ခံရသောသူတို့အား သက်သာစေနိုင်မည် အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌
ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။” တခါတရံ ဒုက္ခရောက်ရတာဟာ တခြားသူတွေအတွက်
ကောင်းကြီးပေးတဲ့ အသက်တာတခုဖြစ်အောင် သွန်သင်ပေးနေတာပါ။ တခါတရံမှာ
ကောင်းကြီးမင်္ဂလာဟာ ဒုက္ခအဖြစ် ရုပ်ဖျက်ပြီး ဝင်လာတတ်တယ်။
ကလေးအမေ နှစ်ယောက်အကြောင်း ဖတ်ဖူးတယ်။
တယောက်က သားဆုံးသွားတယ်။ နောင်နှစ် အတော်ကြာတော့ နောက်တယောက်က သားဆုံးပြန်တယ်။
ဒါနဲ့ အရင်သားဆုံးဖူးတဲ့ ကလေး အမေထံ နှစ်သိမ့်မှုရဖို့ သွားတယ်။ “ရှင့်မှာ
သားဆုံးဖူးတယ်။ ကျွန်မကြုံနေရတာ ရှင်သိတယ်။ ကျွန်မ ခံစားနေရတာ ရှင်သိတယ်။
ရှင်ကျွန်မကို ကူညီနိုင်မှာပါ။” လို့ ပြောလိုက်တယ်။ ပထမကလေးအမေဟာ သူကိုယ်တိုင်
ဒီလိုအဖြစ်မျိုး ကြုံဖူးလို့ ကူညီနိုင်တယ်။ နှစ်သိမ့်နိုင်တယ်။
ကိုယ်ပြောနေတဲ့ အကြောင်း
ကိုယ်နားမလည်ပဲနဲ့ သူများကို ဝေမျှခံစားပေးဖို့ဆိုတာ နည်းနည်း ခက်ပါတယ်။
အမေသေတဲ့ အသုဘတွေမှာ ခဏခဏ
တရားဟောဖူးတယ်။ ဒါပေမယ့် ကိုယ်တိုင် အမေ မဆုံးခင်မှာ ကိုယ့်ရှေ့မှာ ထိုင်နေသူဟာ
ဘယ်လို ခံစားနေရလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး။ အမေ ဘုန်းတော် ဝင်စားတော့မှ၊
အမှန်တကယ် ကိုယ်ချင်းစာတတ်လာတယ်။ သူ ဘယ်လိုခံစားရသလဲ? ရင်ထဲမှာ ဘယ်လို ဟာသွားသလဲ? သူ့အတွေးတွေထဲမှာ
ဘာတွေဖြစ်နေလဲ? ဘာတွေ တွေးနေလဲ? ဆိုတာ
ကျွန်တော် သိလာတယ်။ ကိုယ်တိုင် ခံစားဖူးပြီလေ။
ဒုက္ခရောက်တဲ့အခါ၊ ဘုရားသခင်
အံ့ဘွယ်နည်းတွေနဲ့ ကျွန်တော်တို့ကို အသုံးပြုနိုင်ဖို့ ပြင်ဆင်ပေးနေတာ ဖြစ်တယ်။
ဒီတပတ်အတွင်းမှာ “ဘုရားသခင်၊
အသက်တာမှာ ဘုရားတန်ခိုး ခံစားရဖို့၊ သူတပါးအတွက် ကောင်းကြီးဖြစ်စေဖို့ အတွက်ဆိုရင်
ဘာပဲဖြစ်ဖြစ် ဘုရားသခင် ပေးလွှတ်ပါ။ ကျွန်တော်ခံယူပါမယ်။” လို့ ဆုတောင်းမိတယ်။ A. J. Gordon ရဲ့ ဆုတောင်းချက်လိုပဲ “ဘုရားသခင်၊ ကျွန်တော့ကို ပြည့်ဝ စုံလင်စေပါ။” လို့
ဆုတောင်းလာမိတယ်။ အချိန်ကနည်းပြီး၊ လုပ်စရာတာဝန်တွေက သိပ်များနေတယ်။ သေပြီး၊
မရဏာနိုင်ငံ သွားနေရတဲ့ ဝိညာဉ်အရေအတွက်က မရေတွက်နိုင်၊ မခန့်မှန်းနိုင်လောက်အောင်
များနေတယ်။ ခရစ်တော်အတွက် နည်းနည်းပဲ ရတယ်။
Tulsa တူဆာမြို့ကနေ Atlanta အက်တ်လန်တာမြို့ကို လေယာဉ်စီးပြီး ပြန်လာတော့ မြို့တွေ ဖြတ်ပြီး ပျံသန်း လာတယ်။ “ဒီတိုင်းပြည်ရဲ့ လိုအပ်ချက်က
ကျမ်းစာသွန်သင်ချက်တွေကို သိပြီး၊ လူတွေကို ကူညီမစနိုင်မယ့်
ခံယူလေ့ကျက်ထားသူတွေရှိဖို့ ကျမ်းစာဦးထိပ်ထားတဲ့ ဝိညာဉ်ကယ်တင်တဲ့ အသင်းတော် တပါးစီ မြို့တိုင်းမြို့တိုင်းမှာ ရှိနေဖို့ပဲ” လို့ တွေးမိတယ်။ လောကကြီးဟာ
ဝမ်းနည်းနေသူတွေ၊ မြော်လင့်ချက်မဲ့ သူတွေ၊ စိတ်ပျက်အားလျော့နေသူတွေ၊
စိုးရိမ်စိတ်နဲ့ ရောဂါရနေသူတွေနဲ့ ပြည့်နေတယ်။ ဒီအတွက် အဖြေက သူတပါးကို ကူညီဖို့ ပြင်ဆင် လေ့ကျက်ထားသူတွေပဲ
ဖြစ်တယ်။
Dr. George W. Truett ဟာ ဟိုတခေတ်က
တရားဟောဆရာကြီး တပါးပါ။ တက္ကဆပ် ပြည်နယ် ဒါးလပ်စ်မြို့ ပထမ နှစ်ခြင်းအသင်းတော်ရဲ့ ကျော်ကြားတဲ့ သင်းအုပ်ဆရာပါ။ သူ့တရားတွေ ယူဟောနေကြတုန်း၊ သူ့ ဥပမာတွေလည်း
ယူသုံးနေကြတုန်းပါဘဲ။ Dr. Truett ဟာ အမဲလိုက်ရင်း သူ့မိတ်ဆွေကို
မှားပစ်မိသွားသတဲ့။ အဲဒီကြေကွဲစရာ ဖြစ်ရပ်နောက်ပိုင်းမှာ Dr. Truett ဟာ တခါမှ ပြုံးလေ့မရှိတော့ဘူးလို့ ဆိုတယ်။ သူပြုံးသလား၊ မပြုံးသလားတော့
ကျွန်တော်မသိဘူး၊ ဒီဖြစ်ရပ်ကို ကြုံရပြီးနောက်မှာ အရင်က တရားဟောတာနဲ့
မတူတော့တာတော့ အမှန်ပဲလို့ ပြောကြတယ်။
Dr. B. R. Lakin လည်း သူ့ရဲ့ တဦးတည်းသောသားက
မတော်တဆဖြစ်ရပ်နဲ့ သေရတယ်လို့ ဖလော်ရီဒါပြည်နယ်က သတင်းစကား ကြားရပြီးတော့
သူတရားဟောဖို့ ရပ်နေရင်း ဟောတဲ့ တရားဟာ သူ့ရဲ့ အအောင်မြင်ဆုံး နိုးထမှုတရားပွဲ
ဖြစ်ခဲ့တယ်မဟုတ်လား? “Dr. Lakin ဆရာ ဟောသမျှထဲမှာ ဒီတကြိမ်ဟာ
တန်ခိုးအပါဆုံး” လို့ တရားဟောဆရာတပါးက ပြောရသည်အထိပါပဲ။
Charles G. Finney ရဲ့ သင်းအုပ်က သူ့ကို ပြောဖူးတယ်။
“လက်တင်ပွဲမှာ မင်းကို လက်တင်ရတာ ငါဝမ်းနည်းတယ်။” လို့ ပြောတယ်။ ဒီစကားဟာ Finney
ရဲ့ စိတ်ကို ကြေကွဲသွားစေတယ်။ ဒါပေမယ့် ဆက်ကြိုးစားရင်း ကမ္ဘာကို
မှောက်လှန်နိုင်ခဲ့တယ်။
Spurgeon ကို သူတို့ တိုင်းပြည်
နှစ်ခြင်းအသင်း Baptist Union က ပြစ်တင်ကန့်ကွက် စကားတွေနဲ့
မဲခွဲ ထုတ်ပယ်ခဲ့တယ်။ အကြောင်းက ခေတ်သစ်အယူ ယူတွေနဲ့ မပေါင်းနိုင်လို့ ဖြစ်တယ်။
သူဟာ လွတ်လပ်တဲ့ ကိုယ်ထူကိုယ်ထ Independent နှစ်ခြင်းတယောက်အဖြစ်နဲ့
တစ်သက်လုံးနေသွားတယ်။ သူ့ကို ထုတ်ပယ်ခဲ့တဲ့ အသင်းကလူတွေဟာ Spurgeon ဓာတ်ပုံကို သူတို့ရဲ့ အဆောက်အအုံနံရံမှာ ချိတ်ဆွဲထား နေရပြီ။ သူဟာ
ခုနှစ်မဲလောက်ပဲ ရပြီး ထုတ်ခံလိုက်ရတာပါ။ သူ့စိတ်ကြေကွဲခဲ့ရတယ်။ Spurgeon ဘဝမှာ ခံစားရတဲ့ ဝေဒနာတွေကြောင့် သူ့စိတ်ကြေကွဲလေလေ အကြီးအကျယ်
အသုံးပြုခံရလေလေ ဖြစ်တယ်။
ဒုက္ခဆိုတာ အသုံးပြုခံရဖို့
သွန်သင်ပေးနေခြင်း ဖြစ်တယ်။ သီချင်းရေးဆရာက- ရေးဖူးတာလေး ရှိတယ်။
မိုးရွာတော့လည်း မိုးမဟုတ် …
ပန်းဝါကလေးတွေ ရွာနေသလိုပဲကွယ် …..
မိုးစက်တိုင်းဟာ ငါ့အမြင်မှာတော့
…..
ကုန်းမြင့်ထက်က
ပန်းရိုင်းကလေးတွေပဲကွာ ……
ဒုက္ခမိုးတွေ ရွာနေတာ မဟုတ်ဘူး။
ကောင်းကြီးမိုးတွေ ရုပ်ဖျက်
ရွာလာတာပါ။
သားတစ်ယောက် အိမ်က ထွက်သွားတယ်။
အမေက စာရေးတယ်။ လုံးဝ စာမပြန်ဘူး။ သူ့သား အတော် မကျန်းမာဘူးလို့ တချို့က စာရေးတယ်။
မကြာဘူး၊ ကြေးနန်းတစ်စောင် ရလိုက်တယ်။ “ရှင့်သားကို အသက်ရှင်လျှက် တွေ့ချင်ရင်
အမြန်လာပါတဲ့။” ရထားပေါ် မရောက်ခင်၊ ကြေးနန်းတစ်စောင် ထပ်ဝင် လာတယ်။ သူ့သား သေပြီ။
အလောင်းကို သင်္ဂြိုဟ်ဖို့ သင်းဘောနဲ့ အိမ်ပြန်ပို့လိုက်ပြီလို့ ဆိုတယ်။
အဲဒီကစပြီး၊ သားသမီးသေတဲ့
အမေတွေမှာ မိုင် ၅၀ ပဲ ဝေးပါစေ။ အခုနကသားရဲ့ အမေဆီကို
နှစ်သိမ့်စကား ကြားရဖို့ လာရလေ့ရှိတယ်။ ကျွန်တော့ကို ဘုရားသခင်
ပိုပြီးအသုံးပြုဖို့၊ ပိုကောင်းပြီး၊ ပို တန်ခိုးပါဖို့ ဘုရားသခင်အတွက် ဒီမြို့ကို
မှောက်လှန်နိုင်ဖို့ဆိုရင်၊ ဘုရားသခင်ပေးချင်တဲ့ ဒုက္ခတွေ အခက်အခဲတွေ ပေးပါစေ၊
ခံယူဖို့ အသင့်ပါပဲ။
၃။ ဒုက္ခဆိုတာ ပုံသွင်းနေခြင်း ဖြစ်တယ်။ Trouble is Conforming.
ဒုက္ခဟာ ဆုံးမခြင်း၊ ဖြစ်တတ်သလို
သွန်သင်ခြင်းလည်း ဖြစ်တတ်တယ်။ ဒါပေမယ့် ဒုက္ခဟာ အမြဲတမ်းကတော့ ပုံသွင်းပေးနေတာပါ။
ရှေးမဆွက ခွဲခန့် မှတ်သားတာကို ယုံသလား? ယုံတယ်။ ရောမ ၈း၂၉ မှာ “သားတော်၏ ပုံသဏ္ဍန်နှင့် တညီတည်းဖြစ်စေခြင်းငှါ” ခွဲခန့်မှတ်သားတယ်လို့ တွေ့ရတယ်။ ဘုရားသခင်က သားတော်နဲ့ တကယ် တူစေချင်တယ်။
ဒုက္ခဆိုတာ ပုံသွင်းပေးဖို့ ဖြစ်လာတာပါ။ ဖိလိပ္ပိ ၁း၆ မှာ “သင်တို့တွင် ကောင်းသော အမှုကို
ပြုစ ပြုတော်မူသောသူသည် ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျှက် ပြုတော်မူမည်ဟု
ငါ သဘောကျ၏။” ကိုယ်တော် ပြန်ကြွလာတဲ့ အချိန်အထိ တိုးတက် စုံလင်လာအောင်၊
ပြည့်စုံသွားအောင် ပုံသွင်းပေးမှာ ဖြစ်တယ်။
သားတော်ဘုရားနဲ့ တူဖို့ ဘုရားသခင်
ပုံဖေါ်နေတယ်ဆိုတာ စိတ်လှုပ်ရှားစရာ ကောင်းတယ်။ တောင့်တသမျှ ပြီးပြည့်စုံတဲ့
အချိန်ဟာ ဘုန်းတော်ဝင်စားချိန်ပဲ ဖြစ်လိမ့်မယ်။ Forest Hills နှစ်ခြင်း
အသင်းတော်မှာ သင်းအုပ်လုပ်တုန်းက ကျမ်းစာလေ့လာရင်း ငိုရလေ့ ရှိတယ်။ ကျွန်တော့စိတ်
ကြေကွဲနေတယ်။ “သခင် ဒီအသင်းတော်မှာ ပိုကောင်းတဲ့ သင်းအုပ်တစ်ယောက် ရှိရင် ကောင်းမယ်။
ပိုကောင်းတဲ့ တရားဒေသနာတွေ ကြားရရင် ကောင်းမယ်လို့ ပြောမိတယ်။ တရားဟောချက် အဟောင်း
မှတ်စုတွေကို ကြည့်ရင်း “ဒီလောက်ညံ့တာကို ငါဘာလို့ ဟောမိပါလိမ့်?” တိတ်ခွေပြန်နားထောင်ရင်း ဒီတရားဟောချက်ကိုများ ဘာကြောင့် ထရပ်ပြီး
ထွက်မသွားကြပါလိမ့်? လို့ ပြောမိတယ်။ စုံလင်တဲ့ တရား ဒေသနာမျိုး
ဟောချင်တယ်။ ၁၅ နှစ်အတွင်း စိတ်တိုင်းကျတာဆိုလို့ တစ်ပုဒ်မှ မရှိဘူး။ ဒါပေမယ့်
တစ်နေ့သောအခါ “ဒီတခါတော့ ဟုတ်ပြီဟေ့ လို့ ပြောရလိမ့်မယ်။” “ဒီနေ့ဟာ စုံလင်တဲ့နေ့၊ ငါ လုပ်သင့်တာတွေ လုပ်ပြီးပြီ။ ဆုတောင်းချက်လည်း
စုံလင်ပြီ၊ ကျမ်းစာလေ့လာတာလဲ အခက်အခဲမရှိ၊ အခွင့်ရတိုင်း သက်သေခံပြီ၊ ခရစ်တော်ရဲ့
အလင်းကို လင်းခဲ့ပြီ၊ ငါ့အသက်တာ မှန်တယ်။ သူတပါးအပေါ်ထားတဲ့ ငါ့သဘောထား
မှန်တယ်လို့ တွေးပြီး အိပ်ရာဝင်ရတဲ့ နေ့ဆိုတာ မရှိခဲ့သေးဘူး။ အတိတ်ကို
ပြန်ကြည့်ရင် တစ်နေ့မှ စုံလင်တဲ့ နေ့ရယ်လို့ မပြောနိုင်သေးဘူး။
ဆာလံ ၁၇ ရဲ့ နောက်ဆုံးပိုဒ်မှာ
ဆာလံဆရာပြောသလို “နိုးသောအခါ ပုံသဏ္ဍန်တော်အားဖြင့် အကျွန်ုပ် အလို
ပြည့်စုံရပါလိမ့်မည်။” သူက “ဣသရေလ ရှင်ဘုရင် ဖြစ်ရတာတောင် စိတ်မကျေနပ်သေးဘူး။” လို့
ပြောတာပါ။ ဒါဝိဒ်က ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့လူလို့ သတ်မှတ်ခံရလည်း မကျေနပ်သေးဘူး။
သိုးထိန်းတစ်ယောက် ဆာလံသီချင်းတွေ ရေးတဲ့သူလို့ အသိအမှတ်ပြု ခံရလည်း မကျေနပ်သေးဘူး”
တဲ့။ “စိတ်ကျေနပ်တဲ့ အချိန်ပဲ ရှိပါဦးမလားဆိုရင်- အား၊ ရှိတယ်။ ကျေနပ်ရလိမ့်မယ်။”
ဘယ်တော့လဲ? “ငါနိုးထလို့ ကိုယ်တော်နဲ့ တူရတဲ့ အခါမှာပေါ့။” “တစ်နေ့ သင်္ချိုင်းထဲက ထွက်လာမှာလို့ ဆိုလိုတာလား?” “အေး… သင်္ချိုင်းထဲက ထမြောက်လိမ့်မယ်။ ဘုန်းအသေရေထဲမှာ နိုးထရတဲ့အခါ ငါဟာ
ယေရှုခရစ်နဲ့ တူလိမ့်မယ်။ ကိုယ်တော်နဲ့ တူပြီး၊ စိတ်ကျေနပ်ရလိမ့်မယ်။”
ဒုက္ခဟာ ဆုံးမခြင်း ဖြစ်တတ်တယ်။
သွန်သင်ခြင်းလည်း ဖြစ်တတ်တယ်။ အမြဲတမ်းကတော့ ပုံသွင်းပေးနေတာ ဖြစ်တယ်။
ကလေးနှစ်ယောက် သေသွားလို့
တစ်နေ့တည်း သင်္ချိုင်းတစ်ခုထဲမှာ သင်္ဂြိုဟ်ကြတယ်။ အမေဖြစ်သူ အကြီးအကျယ်
စိတ်ဝေဒနာ ခံစားနေရလို့ သူ့ကို အဒေါ်ဖြစ်သူက ကလေးတစ်ယောက်လို ပြုစုနေရတယ်။
စောင့်ကြည့်ပြီး အားပေး နှစ်သိမ့်နေရတယ်။ တစ်နေ့တော့ အဒေါ်က “ဘုရားသခင်က မင်းကို
ချစ်ပါတယ်ကွယ်။ မင်းကလေးတွေ သေသွားပေမယ့် ဘုရားသခင်က မင်းကို ချစ်နေတုန်းပါပဲ။
အမေဖြစ်သူက အဒေါ်ကို “ဘုရားသခင်က ကျွန်မကိုချစ်ရင် ဘာဖြစ်လို့ ဒီလိုဖြစ်စေသလဲ?” လို့ မေးတယ်။ အဒါ်ဖြစ်သူက မပြောခင် ခဏ စဉ်းစားပြီးမှ “တူမရယ်၊
အဲဒီလိုဖြစ်ဖို့ ဘုရားလုပ်တာ မဟုတ်ဘူး။ အခု မင်းကို ပုံသွင်းနေတာလို့ ဖြေတယ်။
ပုလဲဆိုတာ ဝေဒနာကြောင့်
ဖြစ်လာတာပါ။ မုတ်ကောင်ထဲမှာ အမှိုက်ကလေး ကျတယ်။ အဲဒီသဲမှုန့်၊ ကျောက်မှုန့်လေးကို
မုတ်ကောင်က သူ့ရဲ့အရည်တစ်မျိုးနဲ့ ဖုံးအုပ်ပစ်တယ်။ အထပ်ထပ် ဖုံးအုပ်ရင်း၊
ဖုံးအုပ်ရင်းနဲ့ နောက်ဆုံးမှာ စုံလင်တဲ့ ပုလဲလုံးလေး ဖြစ်လာတယ်။ ဒုက္ခတွေ
ဝင်လာတယ်။ ဒါပေမယ့် ဒုက္ခကို မှန်ကန်စွာ ခံယူတယ်။ ကောင်းကောင်းမွန်မွန်
တုန့်ပြန်တယ်ဆိုရင် ပုလဲတစ်လုံး ဖြစ်လာမယ်။ ယုံကြည်သူရဲ့ ပုလဲတစ်လုံး ဖြစ်လာမယ်။
၄။ ဒုက္ခဆိုတာ ဘုန်းတော်ထင်ရှားဖို့ုဖြစ်တယ်။ Trouble is for God’s Glory.
ဒုက္ခဆိုတာ ဆုံးမရုံ၊ သွန်သင်ရုံ၊
ပုံသွင်းရုံသာမက ဘုရားဘုန်းတော် ထင်ရှားဖို့လည်း ဖြစ်တယ်။
ယောဟန် ၉ မှာ စိတ်ဝင်စားစရာ ဖြစ်ရပ်တခု ရှိတယ်။ အမိဝမ်းထဲကတည်းက
မျက်စိမမြင်သူ တစ်ယောက် ရှိတယ်။ တပည့်တော်တွေက “ဘယ်သူ့အပြစ်ကြောင့် သူမျက်စိ
မမြင်တာလဲ? သူ့ကြောင့်လား? (သို့) မိဘ အပြစ်ကြောင့်လား?”
လို့ မေးတယ်။ သခင်ယေရှုက “ကိုယ်အပြစ်ကြောင့်မဟုတ်၊
မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည့်
အကြောင်းတည်း။” (အငယ် ၃ )
၂ကော ၁၂- မှာ ရှင်ပေါလုက “ကိုယ်တော်၊ ကျွန်တော့ ကိုယ်ခန္ဓာထဲက ဆူးကို
နှုတ်ပေးတော်မူပါ။ ဒီဒုက္ခကို နှုတ်ပေးတော်မူပါ”လို့ သုံးကြိမ် ဆုတောင်းတယ်။
အဖြေမရဘူး။ ဆူးလည်း မနှုတ်သလို၊ ဒုက္ခလည်း မရုပ်ခဲ့ဘူး။ ဒါပေမယ့် ဘုရားသခင်က အငယ်၉ မှာ “ငါ့ကျေးဇူးသည် သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌
စုံလင်တတ်သည်။”
ဒုက္ခဆိုတာ ဘုရားဘုန်းတော်
ထင်ရှားဖို့အတွက်လည်း ဖြစ်တတ်တယ်။ ယောဘရဲ့ အဖြစ်မျိုးပေါ့။ စာတန်က ဘုရားသခင်ထံ
သွားပြီး ပြောတယ်။ ယောဘအကြောင်း အခြေအတင် ပြောတယ်။ စာတန်က “ယောဘက ဘာမှမရဘဲ
ဘုရားဝတ်ပြုပါ့မလား? သူ ခရစ်ယာန်ကောင်း တစ်ယောက် ဖြစ်နေတာဟာ
သူ့မှာ ချစ်စရာ မိသားစုနဲ့ ဇနီးကောင်းရှိနေလို့ပါ။ သိုး၊ နွားတွေနဲ့
ချမ်းသာနေလို့ပါ။ အံ့ဩစရာ မဟုတ်ဘူး။ ပိုက်ဆံကလည်း ချမ်းသာ၊ သိုးနွား၊ မိသားစုနဲ့
အားလုံးလည်း ကျန်းမာနေကြတော့ လွယ်တာပေါ့။ ယောဘကို ကျွန်တော့လက်ထဲ အပ်ကြည့်ပါလား?
သူနဲ့အတူ နေပေးလိုက်ရင်၊ ဘုရားသခင်ကို အပြစ် တင်လာမယ်။” လို့
ဆိုတယ်။ ဘုရားသခင်က “ယောဘကို မင်းယူနိုင်တယ်။ မင်းစိတ်တိုင်းကျ လုပ်ပါ။
အသက်တော့ မထိစေနဲ့။” လို့ မိန့်တော်မူတယ်။
ယောဘရဲ့ ရှိသမျှကို တနေ့ပြီး တနေ့
စာတန်က ယူသွားတယ်။ သူ့ကျန်းမာရေးနဲ့ သူ့ သိုးနွား ရှိသမျှ၊ ယူသွားတယ်။ သူ့ သားသမီး
၁၀ ယောက်လည်း တနေ့ချင်း သေရတယ်။ နောက်တော့ သူငယ်ချင်းတွေ ရောက်လာပြီး သူ့ကို
လူဆိုးလို့ ပြစ်တင်ရှုံ့ချပြီးတော့ သူ့ဂုဏ်သိက္ခာကို စာတန်က ဆွဲခွါ သွားတယ်။
သူတို့က “ယောဘ ဒီဒုက္ခတွေဟာ မင်းလူဆိုးမိုလို့ ခံရတာ။ မင်း ကောင်းကောင်းနေရင်၊
ဒီဒုက္ခကြုံမှာ မဟုတ်ဘူး။” လို့ ပြောလာတယ်။ မိတ်ဆွေတွေ ကြားမှာ ယောဘ သိက္ခာကျခဲ့ရပြီ။
စည်းစိမ်လည်း ဆုံးပြီ။ သားသမီးတွေလည်း ဆုံးပြီ။
နောက်ဆုံးတော့ စာတန်ဟာ
တိုက်ခိုက်မှု တမျိုးကို လုပ်လာပြန်တယ်။ ယောဘ ဦးခေါင်းမှ ခြေဖဝါးအထိ အနာစိမ်းတွေ
ပေါက်နေပြီ။ ရှိသမျှ ဆုံးရှုံးလို့ စိတ်ပျက်ချိန်၊ အားလျော့ချိန်၊
ပူဆွေးနေချိန်မှာ သူ့မိန်းမက နောက်ဆုံးမှာ ဝင်လာပြီးတော့ “ယောဘ.. ရှင်… ဘုရားသခင်ကို ကျိန်ဆဲပြီး သေတော့လေ?” လို့
ပြောလာတယ်။ ယောဘက ပြာပုံထဲမှာ ထိုင်နေတယ်။ သူ့ အနာတွေကို အိုးခြမ်းပဲ့နဲ့ ခြစ်ကုတ်
နေချိန်ပါ။ ဒါပေမယ့် “ငါ့ကို သတ်တော်မူသော်လည်း ကိုယ်တော်ကို အားကိုးနေဦးမယ်။”
(၁၃း၁၅) လို့ ဆုံးဖြတ် လိုက်တယ်။ “စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့
ငါပေါ်လိမ့်မည်။” (၂၃း၁၀) လို့ ပြောနိုင်သူပါ။ ကောင်းကင် တမန်တွေက ငုံ့ကြည့်ကြ၊
လက်ခုပ်တီးပြီးတော့၊ ယောဘလိုလူကတော့ ရှားတယ်ဟေ့၊” လို့ ဝမ်းသာအားရ
အော်ဟစ်ကြမယ်လို့ ကျွန်တော်ယုံတယ်။ ယုံကြည်သူ အများစုကတော့ ဒုက္ခ နည်းနည်းပါးပါး
တွေ့တာနဲ့ ခေါင်းငုံ့သွားပြီ။ အရှုံးပေးပြီ။ “ငါတော့သွားပြီ။ မရတော့ဘူး ဒီ
ခရစ်ယာန် အသက်တာမျိုးကတော့ ငါနဲ့မရဘူး” လို့ ပြောကြပြီ။ ယောဘကတော့ ဒီလို မဟုတ်ဘူး။
သူဒုက္ခ ခံရချိန်တွေမှာ တခါမှ ဘုရားသခင်ကို မငြင်းပယ်ဘူး။ “ငါ့ကိုသတ်ပေမယ့်
အားကိုးနေဦးမယ်။” လို့ပဲ ပြောတယ်။ အရာအာလုံး ဆုံးရှုံးနေပေမယ့်လည်း၊ “ထာဝရဘုရား
ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည်၊
မင်္ဂလာရှိပါစေသတည်း။” လို့ ပြောနိုင်သူပါ။ အဖြစ်အပျက် အားလုံးပြီးတော့ ဘုရားသခင်က
ယောဘကို နှစ်ဆသော ကောင်းကြီးမင်္ဂလာကို ပေးတယ်။ တချို့က “ငါလည်း ယောဘလို
သည်းခံနိုင်ချင်လိုက်တာ” တဲ့။ ရနိုင်ပါတယ်။ ဒါပေမယ့် ယောဘလို ဒုက္ခခံရမှ
ရနိုင်မှာပါ။ ရောမ ၅း၃ မှာ “ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။”
ဒုက္ခမကြုံဘဲနဲ့ သည်းခံခြင်းဆိုတာ မရနိုင်ဘူး။ တခါတရံမှာ ဘုန်းတော်ထင်ရှားဖို့
ဖြစ်တယ်။ ဘုရားဘုန်းတော်သာ ထင်ရှားမယ်ဆိုရင်၊ ဘုရားသခင်ကို ချီးမြှောက်ရာ
ရောက်မယ်ဆိုရင်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့ ဘဝမှာ ဖြစ်ပါစေ။
ဆရာဝန်တစ်ယောက် ကျောင်းသွားတက်တယ်။
နှစ်အတော်ကြာ လေ့လာတယ်။ နောက်တော့ ဆေးပညာဘွဲ့ ရတယ်။ လက်တွေ့ ကုစပြုနေပြီ။
နှစ်ပေါင်းများစွာ လေ့လာပြင်ဆင်ပြီးမှ အခု သူ့အစွမ်းကို ပြချိန်တန်ပြီ။ ဒါပေမယ့်
လူနာတစ်ယောက်မှ မရှိရင် သူ့အစွမ်း ပြခွင့်ရမှာ မဟုတ်ဘူး။ ဘုရားသခင်မှာလည်း
ယောဘဆိုတဲ့ လူနာတစ်ယောက် ရှိတယ်။ အဲဒီလူနာအားဖြင့် ဘုရားသခင်ရဲ့ အစွမ်းကို
ပြခွင့်ရခဲ့တယ်။
ယုံကြည်သူတွေ ဘာကြောင့် ဒုက္ခကြုံသလဲ? ဆုံးမတာ ဖြစ်တတ်တယ်။ သွန်သင်တာလည်း ဖြစ်နိုင်တယ်။ အမြဲတမ်းအနေနဲ့ကတော့
ပုံသွင်းနေတာပါ။ အမြဲတမ်းကတော့ ဘုရားဘုန်းတော် ထင်ရှားဖို့ပါ။
ဒုက္ခရဲ့ အကြောင်းရင်းကို
အမြဲတမ်းတော့ နားမလည်နိုင်ဘူး။ ဟေရှာယ ၅၀း၁၀ မှာ “သင်တို့တွင် အဘယ်သူသည်
အလင်းမရှိဘဲ မှောင်မိုက်၌ သွားလာသတည်း။ ထိုသူသည် ထာဝရဘုရား၏ နာမတော်ကို ခိုလှုံ၍၊
မိမိ ဘုရားသခင်ကို အမှီပြုပါစေ။” အလင်းမရှိဘဲ အမှောင်မှာ သွားလာနေရတဲ့သူ
ဖြစ်နေသလား? ပရောဖက်က ပြောတယ်။ “ထိုသူသည် ထာဝရဘုရား၏ နာမတော်ကို ခိုလှုံ၍၊
မိမိ ဘုရားသခင်ကို အမှီပြုပါစေ။”
“ဘုရားသခင်ကို အမြဲတမ်း
မရိပ်စားမိနိုင်ပေမယ့် အမြဲတမ်း အားကိုးနိုင်တယ်။” ဆိုတဲ့ စကားလေး ရှိပါတယ်။
ဘာလုပ်ရမလဲ? ….
မသိပေမယ့် ….
အလင်းမှာ တယောက်တည်း နေရမယ့်အစား ….
အမှောင်မှာ ခရစ်တော်နဲ့ပဲ လျှောက်ချင်ပါတယ်။ ။
No comments:
Post a Comment