![]() |
Dr. Curtis Hutson |
အခန်း ၈
-----------------------------------------------------------------------------------------
ယုံကြည်သူ
၃ မျိုး
ကျမ်းစာအုပ်ဖွင့်ပြီး - မဿဲ ၂၆း၂၀
နဲ့ စရအောင်။
“ညဦးယံအချိန်ရောက်မှ
တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၏။- စား၍ နေကြစဉ်
ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု
မိန့်တော်မူလျှင်၊- တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု
အသီးသီးမေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း ငါနှင့်အတူ ပုကန်တွင် လက်နှိုက် သောသူသည်
ငါ့ကိုအပ်နှံလိမ့်မည်။” - အငယ် ၂၀-၂၃
အငယ် ၃၃ မှ ၄၃ အထိမှာ - - “ပေတရုက၊
ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည်
စိတ်အလျှင်းမပျက်ပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်
ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည် ဟု
မိန့်တော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည်
ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း
ထိုနည်းတူလျှောက်ကြ၏။
ထိုအခါ ယေရှုသည် သူတို့နှင့်အတူ
ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ထိုအရပ်သို့သွား၍ ဆုတောင်းစဉ်တွင်
ဤအရပ်၌ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ပေတရုနှင့်
ဇေဗေဒဲ၏သားနှစ်ယောက်တို့ကိုခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။
ထိုအခါယေရှုက၊ ငါသည်သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌
ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊
ထိုမှအနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍ အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင်
လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။
ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။
တပည့်တော်တို့ရှိရာသို့ပြန်၍ သူတို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊
သင်တို့သည် တနာရီ ခန့်မျှ ငါနှင့်အတူ စောင့်၍နေခြင်းငှါ ဤသို့မစွမ်း နိုင်သလော။
စုံစမ်းနှောက်ယှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။
စိတ်ဝိညာဉ်ကား စေတနာရှိကြသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား
မိန့်တော်မူပြီး၊ တဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍ မသွားရလျှင်
ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။ ထိုနောက် တပည့်တော်တို့
ရှိရာသို့လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက် နေကြသည်ကို
တွေ့တော်မူလျှင်၊” နောက် - အငယ် ၄၇-၅၀ မှာ …
“ထိုသို့ မိန့်တော်မူစဉ်တွင်ပင်
တပည့်တော်တကျိပ်နှစ်ပါး အဝင်ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပရောဟိတ် အကြီးတို့နှင့်
လူတို့တွင် အကြီးအကဲဖြစ်သော လူများစေလွှတ်သော လူအစုအဝေး အပေါင်းတို့သည် ထားနှင့်
ဒုတ်များကို ကိုင်လျက်ပါကြ၏။- ကိုယ်တော်ကို အပ်နှံသောသူက၊ ငါ နမ်းသောသူသည် ယေရှု
ပင်ဖြစ်၏။ သူ့ကိုဘမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊ ကိုယ်တော်ရင်းသို့
ချက်ခြင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟုဆိုလျက် နမ်းလေ၏။ ယေရှုကလည်း၊
အဆွေ၊ အဘယ် အခင်းရှိ၍လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတို့သည်လာ၍ ကိုယ်တော်ကို
ဘမ်းဆီးကြ၏။”
ဒီည အုပ်စု ၃ စု အကြောင်းပြောမယ်။
တချို့က အသင်းတော်မှာ အုပ်စု ၃ စု ရှိတယ်လို့ ဆိုတယ်။ အဖြစ်အပျက်တွေကို ဖြစ်ပျက်စေသူတွေ၊
အဖြစ်အပျက်ကို စောင့်ကြည့်နေသူနဲ့ ဖြစ်ပျက်နေတာတွေအပေါ် အံ့ဩနေသူတွေတဲ့။ ဒီစကားဟာ
အတော်အတန် မှန်တယ်လို့ ထင်တယ်။
တချို့ကလည်း အုပ်စု ၃ စု ရှိတယ်။ plus-plus
crowd: နှစ်ဘက်- အကောင်းမြင်သူတွေ၊ “ငါလုပ်နိုင်တယ်။ မင်းလည်းလုပ်
နိုင်တယ်။ ပြီးအောင် လုပ်ဆောင်လိုက်စို့တဲ့။” plus-minus crowd: ကိုယ်ကောင်း - သူဆိုးမြင်သူတွေက “ငါလုပ်နိုင်တယ်။ မင်းမလုပ်နိုင်ဘူး။
အဲဒီတော့ ဘေးဖယ်။ ငါ လုပ်လိုက်မယ်” တဲ့။ minus-minus crowd: နှစ်ဘက်အဆိုးမြင်သူတွေက
- “ငါမလုပ် နိုင်ဘူး။ မင်းလည်း မလုပ်နိုင်ဘူး။ ပြီးတော့ ဘယ်သူကလည်း
လာလုပ်ပေးနိုင်မှာလဲ?” တဲ့။ ဒီစကားလည်း အတော်အတန် မှန်ပါ တယ်။ ခရစ်ယာန်တွေကို အုပ်စု ၃ စုလောက် ခွဲဖို့ ပြောနေတာ မဟုတ်ဘူး။ တကယ်တော့ ၃
စု မက ပိုများနေပါပြီ။ ဒါပေမယ့် အခု ကျမ်းချက်က ပြောတဲ့ အုပ်စု ၃ စု အကြောင်း
ပြောပြမယ်။ သခင်ဘုရားက ညစာစားပွဲမှာ “မင်းတို့ထဲက တယောက် ငါ့ကို အပ်နှံလိမ့်မယ်”
လို့ ပြောတယ်။ တပည့်တော်တွေက “ကျွန်တော်လား ကိုယ်တော်” လို့ မေးတယ်။ သခင်ယေရှုက
“ငါ - မုန့်တလုပ်စာပေးတဲ့သူပဲ” လို့ ပြောပြီး ယုဒကို ပေးလိုက်တယ်။ ယုဒက သခင့်ကို
အပ်နှံဖို့ ထွက်သွားတယ်။ သခင်ယေရှုက ဆုတောင်းဖို့ ဂေသရှေမန် ဥယျာဉ်ဘက် ထွက်လာခဲ့တယ်။
ယုဒထွက်သွားတဲ့အတွက် ကိုယ်တော်နဲ့အတူ (၁၁) ယောက်ကျန်ခဲ့တယ် ဆိုပါစို့။ ဂေသရှေမန်
ဥယျာဉ်စပ် ရောက်တဲ့အခါ ကိုယ်တော်က အငယ် ၃၆- မှာ “ငါသည် ဟိုအရပ်သို့သွား၍
ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့” လို့ပြောတယ်။ ဒီစကားဟာ ရှစ်ယောက်ကိုပဲ
ပြောတယ်ဆိုပါစို့။ အကြောင်းက နောက်တပိုဒ်မှာ “ပေတရုနှင့်
ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍” တဲ့။ ယာကုပ်နဲ့ ယောဟန်ပါ။ သူတို့ကိုတော့
“ဤအရပ်၌ ငါနှင့်အတူစောင့်နေကြလော့” လို့ ပြောတယ်။ ခရစ်ဝင်ကျမ်းတွေမှာ
မှတ်တမ်းတင်ထားသလိုဘဲ သခင်ယေရှုဟာ အနည်းငယ်လွန် ပြီးမှ “အကျွန်ုပ်
အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေ” လို့
ဆုတောင်းတယ်။
အုပ်စု ၃ စုတွေ့ရတယ်။ (၁) ယုဒကို
ထည့်မတွက်ဘဲထားရင် တပည့်တော် ရှစ်ယောက်ဟာ ဥယျာဉ်အပြင်ဘက်မှာပါ။ (၂) သခင်ယေရှုနဲ့
အတူ ဥယျာဉ်ထဲမှာ ပိုနီးနီးနေတာက သုံးယောက်။ (၃) သခင်ယေရှုတပါးတည်းကတော့
ခမည်းတော်ထံကို “ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။
သို့သော်လည်း အကျွနု်ပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။
ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” လို့ဆုတောင်းနေတယ်။
(၁ ) နေရာကွာဟမှု ( DIFFERENCE IN POSITION )
အုပ်စု သုံးစုမှာ ပထမတချက်က
နေရာကွာဟမှုပါ။
(၁ ) သခင်ယေရှု တပါးတည်း ဥယျာဉ်ထဲမှာ။ (၂ )
သခင်ယေရှုနဲ့ ပိုနီးနီးမှာသုံးယောက်။ (၃ ) ရှစ်ယောက်က ဥယျာဉ်စပ်မှာ။ (၄ )
အနေနဲ့ကတော့ ယုဒဟာ ဥယျာဉ်အပြင်မှာ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေ နဲ့အတူ သခင်ယေရှုကို
အပ်နှံဖို့ အသင့်ဖြစ်နေတယ်။
တကယ်တော့ လူအများဆုံးဖြစ်တဲ့
ရှစ်ယောက်သောသူတွေဟာ သခင်ယေရှုထက် ယုဒတို့ လူအုပ်တွေနဲ့သာ ပိုနီးနေတာပါ။
သခင်ယေရှုကို မဆန့်ကျင်ပေမယ့် သခင်ယေရှုကို မုန်းတဲ့ အပ်နှံမယ့် ယုဒနဲ့တော့
သိပ်မဝေးလှဘူး။ နည်းနည်းလောက် လှမ်းလိုက်တာနဲ့ ခေတ်ပေါ်ဘုရားမဲ့ modernists တွေ၊ သောကောရောကော liberals တွေ၊ ခရစ်တော်ကို
သတ်ချင်နေတဲ့သူတွေနဲ့ သိပ်မဝေး လှတော့ဘူး။ နယ်စပ်မှာ ရောက်နေပြီ၊ သိပ်မဝေးတော့ဘူး။
နောက်အုပ်စု တခုကတော့ သခင်ယေရှုနဲ့ ပိုနီးပါတယ်။ နောက် သခင်ယေရှုက တပါးတည်း ဖြစ်နေတယ်။ ဒါဟာ နေရာကွာဟမှုပါ။
(၂ ) အရွယ်ပမာဏ ကွာဟမှု DIFFERENCE IN SIZE
နေရာကွာဟ ရုံသာမက အရေအတွက်ပါ ကွာတယ်။
ဥယျာဉ်စပ်က ရှစ်ယောက်ဟာ ယုဒနဲ့ သိပ်မဝေးဘူး။ သခင်ယေရှု ကို ကားတိုင်တင်သတ်မယ့်
ဖာရိရှဲ၊ ဇဒ္ဒုကဲတွေနဲ့ သိပ်မဝေးဘူး။ အင်အားကတော့ များတယ်ပေါ့။ သခင်ယေရှုကို
မမုန်းကြ၊ မဆန့်ကျင်ကြပေမယ့် ယုဒတို့လူအုပ်နဲ့က သိပ်မဝေးတော့ဘူး။ ဒီအဖြစ်ဟာ
အသင်းတော်တိုင်းနဲ့ အမည်ခံခရစ်ယာန် အသိုင်းအဝိုင်းကြီး တခုလုံးမှာ တကယ် ဖြစ်နေဆဲပဲ။
ဒါပေမယ့် တရားဟောဆရာ လောကလည်း ဒီလိုဘဲ။ ကမ္ဘာပေါ်မှာ တရားဟောဆရာတွေ အများကြီးပါ။
ကမ္ဘာ့ တရားဟောဆရာ ဦးရေရဲ့ ၉၇% ဟာ အမေရိကားမှာ ရှိပြီး၊ ကမ္ဘာ့လူဦးရေရဲ့ ရ% ကို တရားဟောနေတယ်။ အမေရိကားမှာ တရားဟောဆရာတွေ ရှိလျက်နဲ့၊ အခြေအနေက
ပိုပိုဝေးလာသလို ထင်ရတယ်။ လူတယောက်က ပြောတယ်။ ကယ်တင်ခြင်းမရသေးသူတွေကို
စာရင်းဖိုင်တွဲတတွဲထဲမှာ ရေးမှတ်ထားရင်၊ ကမ္ဘာကို အပြန်သုံးဆယ် ပတ်နိုင်မယ်။
နေ့တိုင်း မိုင်နှစ်ဆယ်လည်း တိုးတိုးလာမယ်တဲ့။ တခြားတယောက်က ပြောတယ်။ သခင်ယေရှုက
မဟာအမှုတော်ကို စေခိုင်းခဲ့တဲ့အချိန်က ကမ္ဘာ့လူဦးရေထက် အခုအခါမှာ
ကယ်တင်ခြင်းမရသေးသူဟာ အဆ ကိုး ဆ ပိုများနေပြီတဲ့။
ကဲ - တရားဟောဆရာတွေ ရှိပါလျက်နဲ့
ဘာကြောင့် အလုပ်မဖြစ်တာလဲ? ကျွန်တော် ဟေတီ Haiti ကျွန်းကို နှစ်ခေါက်သွား ဖူးတယ်။ တောရွာလေးတွေ၊ တောင်ပေါ်တဲလေးတွေမှာ
တရားဟောဖူးတယ်။ သူတို့ခများ သခင်ယေရှုရဲ့ နာမည်ကိုတောင် မကြားဖူးဘူး။
ယုံတောင်မယုံနိုင်စရာ။ ဟေတီဆိုတာ အမေရိကားနဲ့ သိပ်မဝေးတဲ့နေရာပါ။ သခင်ယေရှုရဲ့
နာမည်ကို မကြားဖူးသူတွေကို ကျွန်တော်တရားဟောရင်းနဲ့ Pepsi Cola ပက်ပစီကိုလာ ကြော်ငြာနဲ့ Coca Cola ကိုကာကိုလာကြော်ငြာတွေ
ဖတ်နေရပါပြီ။ အဲဒီမှာ ခေတ်ပေါ် အချိုရည်တွေ အပ်ချုပ်စက်တွေတော့ ဝယ်လို့ရသားပဲ။
ဘီယာလည်း အတော်နေရာရနေပြီ။ အချိုရည်တွေ ဈေးကွက်နေရာရပြီ။ အပ်ချုပ်စက်တွေ
နေရာရနေပြီ။ ဒါပေမယ့် ကျွန်တော်တို့တော့ နေရာမရသေးဘူး။
ကျွန်တော်ပြောတာ မှားချင်မှားမယ်။
ဒါပေမယ့် ကျွန်တော်အထင်က တရားဟောဆရာတွေ ရှိနေလျှက်နဲ့
အခုထက်ပိုပြီတော့ ရသင့်တာပေါ့။ အသင်းသားထောင်ချီရှိတဲ့ အသင်းတော်တွေ ရှိလျက်နဲ့
ကမ္ဘာကို ဒီထက်ပိုပြီး မြန်မြန်ဧဝံဂေလိ ဟောပြောသင့်တယ်။ နောက် ၂၄ - နာရီအတွင်းမှာ
ကလေးငယ်ပေါင်း ၃၄၅,၀၀၀ မွေးဖွားလာမယ်။ အသက်ရှင်လှုပ်ရှားကြ၊
ကြီးပြင်းလာကြနဲ့၊ ဧဝံဂေလိသတင်းကောင်းစကားကို ရှင်းရှင်းလေး ဟောတာ မကြားဖူးပဲနဲ့
သေရပြန်ဦးမယ်။ ၃၄၅,၀၀၀ ပါ။ တွက်ချက်မှုတွေ
အရ အမှန်ဖြစ်မယ် ဆိုရင်၊ နောက်တပတ် တနင်္ဂနွေနေ့ ဘုရားကျောင်း သွားတက်ရင်၊
အရင်တပတ်ကထက် ကမ္ဘာမှာ ကယ်တင်ခြင်း မရသေးသူ ဦးရေ ၁သန်း ပိုများလာမယ်။ ဒါဟာ စိတ်မချမ်းသာစရာပဲ။ သခင်ယေရှုဆိုရင် လူတိုင်းကို
ချစ်လို့ ကောင်းကင်က ဆင်းလာပြီး၊ ကားတိုင်မှာအသေခံပေးခဲ့တယ်။ သခင်ယေရှုဆိုရင်
ဘယ်သူ့ကိုမှ သေပြီး ငရဲမသွားရစေချင်ဘူး။ လူတွေအားလုံး ကယ်တင်ခြင်းရပြီး၊ သမ္မာတရား
သိစေချင်တာပါ။ ဆိုတော့ Forrest Hill နှစ်ခြင်းအသင်းတော်မှာ တနင်္ဂနွေနေ့က
လူ ၁၁၃ ယောက်ပြောင်းလဲပေမယ့် ကျွန်တော် မပျော်ဘူး။ Atlanta, Georgia မှာ ဧဝံဂေလိတရား မဟောခင်ကထက် ကလေးတွေ ပိုများပြီး မွေးဖွား လာနေတယ်။ Georgia
ပြည်- Atlanta မြို့ တမြို့တည်းမှာပဲ၊ Sunday
school ၁ သောင်းကျော်၊ ၅၀၀၀ ကျော်၊ ၂၀၀၀ ကျော် အသင်းတော်တွေ
အများကြီးရှိပေမယ့် Atlanta မြို့ကို ရစမပြုသေးဘူး။ Atlanta
ပဲဖြစ်ဖြစ်၊ တခြား မြို့ပဲဖြစ်ဖြစ် ကျေနပ်စရာ မရှိသေးဘူး။
လိုနေတာတွေက အများကြီး- အများကြီးဆိုတော့ စိတ်လေးစရာပါ။ တရားဟောဆရာတွေ ရှိသလောက်၊
တက္ကသိုလ်တွေ၊ ကောလိပ်ကျောင်းတွေ ရှိသလောက် လုပ်ဆောင်ကြမယ်ဆိုရင် အခုထက်ပိုပြီး
ဖြစ်နေသင့်ပြီပေါ့။
ဒါပေမယ့် ဆရာကြီးတွေ အကြောင်းရေးတဲ့
စာအုပ်တွေ အမှုတော်ဆောင်စက ဖတ်တော့ နားလည်လာတာတွေ ရှိတယ်။ တရားဟောဆရာတွေ
သခင်ယေရှုအနား ချဉ်းကပ်တာချင်း တယောက်နဲ့ တယောက် မတူဘူး။ ခရစ်ယာန်အများစု၊
တရားဟောဆရာအများစုက အပြင်ဘက်မှာပါ။ သခင်ယေရှုထက် ယုဒနဲ့ ပိုနီးနေတယ်။ ဘုရားကို မုန်းတဲ့၊
ဘုရားကို ငြင်းပယ်တဲ့ သူတွေ၊ သောကောရောကော liberals တွေ၊ ခေတ်သစ်ဘုရားမဲ့ modernists
တွေ နဲ့နီးနေတယ်။ တလှမ်း- နှစ်လှမ်းလောက်နဲ့ တခြားတဖက်မှာ
ပါသွားနိုင်တယ်။
တခါက စာအုပ်တအုပ်ကောက်ပြီး၊
သခင်ယေရှုနဲ့ တသက်လုံးလျှောက်တဲ့ လူတယောက် အကြောင်း ဖတ်ရဖူးတယ်။ အဲဒီ လူမျိုးက
သခင်ယေရှုပြောသလို၊ “အကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။
ကိုယ်တော်အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေသော” လို့ ပြောနိုင်သူပါ။
ကျွန်တော်တို့လည်း “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်” လို့
ပြောနိုင်မှာပါ။ ဒါပေမယ့် ခဏရပ်၊ လည်ချောင်းတွေ ဘာတွေ ရှင်းရှက်၊
ချောင်းဟန့်ပြီးမှ၊ “ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” လို့ ပြောကြမှာပါ။
ဒီစကားက ရှိသမျှတွေ ရောင်းပစ်၊ သာသနာပြုလုပ်ငန်းတွေ သွားလုပ်။
ဘဏ်အကြီးအကဲရာထူးကိုစွန့် Sword of the Lord မှာ အလုပ်သွားလုပ်လို့
အဓိပ္ပါယ်ထွက်သွားနိုင်တာကိုး။ လေယာဉ်မှူးရာထူးကိုစွန့်၊ သာသနာပြုလုပ်ငန်းတွေ သွားလုပ်လို့
အဓိပ္ပါယ်ရသွားနိုင်တာကိုး။ စွန့်လွှတ်ဆက်ကပ်မှုလို့ အဓိပ္ပါယ် ရသွားနိုင်တယ်။
“ကိုယ်အလိုအတိုင်း မဖြစ်ပါစေနဲ့။ ကိုယ်တော် အလိုအတိုင်းဖြစ်ပါစေသော” ဆိုတဲ့ စကားဟာ
ပြောရခက်တဲ့ စကားပါ။ ဒါကြောင့် လူနည်းနည်းကသာ အဓိပ္ပါယ်ရှိရှိ ပြောနိုင်ကြတာပါ။
ဒါပေမယ့် အဲလို တကယ် အဓိပ္ပါယ်ရှိရှိ ပြောသူတွေကို ဘုရားသခင် ကောင်းကြီးပေးပါတယ်။
လူတွေထဲမှာ အုပ်စုက ကွဲနေတယ်။ Daniel Webster
ကလေးဘဝမှာ သူ့ကို လူတယောက်က မေးတယ်။ “Daniel မင်းကြီးရင်
ဘာဖြစ်ချင်သလဲ?”
“ကျွန်တော် ရှေ့နေဖြစ်ချင်တယ်။” လို့ ဖြေတယ်။
“Daniel - အဲဒီအလုပ်က သိပ်အလုပ်ရှုပ်တယ်ဆိုတာ
မင်းမသိဘူးလား?” ဆိုတော့ Daniel Webster ဖြေတယ်။ “ထိပ်ဖျားမှာ အေးအေးဆေးဆေး နေရာတွေ အများကြီးရှိတယ်” တဲ့။
ဒီစကားဟာ
ခရစ်ယာန်အသိုင်းအဝိုင်းမှာလည်း မှန်တယ်။ သခင်ယေရှုနဲ့ပိုနီးလေလေ ပေါ့ပါး
အဆင်ပြေမှုတွေ ပိုရလေလေပါ။ သခင်ယေရှုနဲ့ပိုနီးလေလေ လူအုပ်က ပိုနည်းလာလေလေပါ။
ဘာကြောင့်လဲ ဆိုတာ လူအများစုက အလုပ်အကိုင်တွေ မစွန့်ချင်ကြ ဘူး။
ရှိသမျှကိုစွန့်ပြီး၊ သခင်ယေရှုထံ ဆက်ကပ်။ ဘယ်နေရာ ဖြစ်ဖြစ် သွားမယ်။ ဘာပဲဖြစ်ဖြစ်
လုပ်မယ်။ ဘာပဲ ဖြစ်သွားဖြစ်သွား “အဓိက- က ကိုယ်တော့်အတွက် ဘာလုပ်ရမလဲ ပြောပါ
သခင်ယေရှု” လို့ မပြောချင်ကြဘူးလေ။ တရားဟောဆရာတွေက အိပ်ခန်းသုံးခန်း၊ ရေချိုးခန်း
၄ ခန်းပါတဲ့ ကိုယ်ပိုင်အိမ်မှာနေပြီး၊ ကားသစ်တစီးလည်း နှစ်တိုင်းဝယ်စီး နိုင်ရမယ် လို့
မြော်လင့်နေကြတယ်။ တပတ်ကို လစာက ဒေါ်လာ ၅၀၀ ကားအတွက် အသုံးစရိတ်က တနှစ်ဒေါ်လာ ၁၅၀၀
ရဖို့ မြော်လင့်နေတယ်။ ဒီလိုလူမျိုး ဘုရားသခင် မသုံးဘူး။ ဒါဟာ
အပြင်ဘက်ရောက်နေတာပဲ။ အလွယ်လမ်း မလိုက်တဲ့ လူမျိုးကိုသာ ဘုရားသခင် သုံးနိုင်တာပါ။
လူတယောက်က David
Livingstone ကို စာရေးတယ်။ “ကျွန်တော် ဆရာနဲ့ လက်တွဲချင်တယ်။ ဆရာ့လိုဘဝ
ရောက်ဖို့ အလွယ်တကူ ရောက်မယ့် နည်းများ ရှိမလား?” တဲ့။ David
Livingstone က “အလွယ်လမ်းရှာနေတဲ့လူနဲ့ ငါလက်မတွဲချင်ဘူး။ လာရမယ့်
လမ်းအတိုင်း လာချင်တဲ့ သူနဲ့သာ ငါလက်တွဲ ချင်တယ်” လို့ စာပြန်လိုက်တယ်။ ဒီလိုလူမျိုးကိုသာ ဘုရားအသုံးပြုတာပါ။ လူအများစုကတော့ အပြင်ဘက်မှာပါ။
သခင်ယေရှုရဲ့ အနားကိုချဉ်းကပ်လာလေလေ၊ လူက နည်းလာလေလေ။ လူကောင်းတွေလည်း
ပိုတွေ့ရလေလေပါ။
A. သခင်ယေရှုတယောက်တည်းသာ ဂေသရှေမန်မှာ ရှိတယ်။
သခင်ယေရှုနဲ့အတူ
ခဏလျှောက်ကြည့်ရအောင်။ မေးကြည့်။ “သခင်ယေရှု ကိုယ်တော့်မှာ တပည့်တော်
ဘယ်နှစ်ပါးရှိသလဲ?”
“ဆယ့်နှစ်ပါး”
“ဆယ့်နှစ်ပါး ရှိတယ်? အခု
ဘယ်လောက်ရှိသေးလဲ?”
“အခုတော့ ဆယ်တပါးပေါ့”
“တယောက်က ဘာဖြစ်လို့တုန်း။”
“ငါ့ကို အပ်နှံဖို့ ထွက်သွားတယ်လေ။
လူရမ်းကားတွေနဲ့ အုပ်စုကျနေပြီပေါ့။ ငါ့ကိုနမ်းပြီးတော့ အပ်နှံလိမ့်မယ်။ ငါ့ကို
ဖမ်းသွားကြ ပြီးတော့၊ ကားတိုင်တင်သတ်ကြမှာပေါ့။”
“ဒါဆို တခြားဆယ့်တယောက်ကကော?”
“ရှစ်ယောက်က ဥယျာဉ်စပ်မှာ။ သုံးယောက်ကတော့
ငါနဲ့ သိပ်မနီးမဝေးမှာ။ ငါကတော့ ဒီမှာ တယောက်တည်းပေါ့။”
“သခင်ယေရှု၊ ကိုယ်တော်က တယောက်တည်းပဲ
ဆုတောင်းနေရတာပေါ့။ တပည့်တော် ဆယ့်တယောက်ရှိပေမယ့်၊ တယောက်မှ ဆုတောင်းမပေး
ကြဘူးပေါ့?”
ဒီအကြောင်းအရာကြောင့်
တချို့အသင်းတော်တွေကို အမှတ်ရလာတယ်။ အသင်းသား ၆,၇၀၀ ရှိတဲ့
သင်းအုပ်ဆရာမှာ၊ အနားမှာ လက်တွဲရပ်မယ့်သူ နှစ်ယောက် မရှိဘူး။ လက်တဆုပ်စာ ရဖို့
စုကြည့်ပါဦး။ သင်းအုပ်ဆရာတိုင်း ဒီအကြောင်းကို သိပါတယ်။ Decatur မြို့မှာ အသင်းတော်ကြီးကို ဦးဆောင်ခဲ့ရတယ်။ ကောင်းကင်ရဲ့ ဒီဘက်လောကမှာတော့
ချစ်စရာအကောင်းဆုံး၊ ဆက်ကပ်မှုအရှိဆုံးထဲက ခရစ်ယာန်တချို့ပေါ့။ ဒါပေမယ့်
အတွေ့အကြုံအရ ပြောရရင်၊ အသင်းတော် အများစုဟာ သစ္စာရှိတဲ့ လက်တဆုပ်စာ လူတချို့ အားဖြင့်သာ
လည်ပတ်နေတယ်။ တကယ်တော့ ယုံကြည်သူတိုင်း ဘုရားအမှုတော်မှာ ပါဝင်သင့်တယ် မဟုတ်လား?
အဖွဲ့အစည်း အတော်များများလည်း ဒီအတိုင်းပါဘဲ။ ယုံကြည်သူတိုင်း
ဘုရားအတွက် အလုပ် လုပ်သင့်တာပေါ့။ အများစုက အပြင်ဘက်မှာပါ။
ဒါကြောင့် မေးကြည့်ပါ။ “သခင်ယေရှု
တပည့်တော် ဆယ့်တပါး ဘယ်မှာလဲ?”
“ရှစ်ယောက်က အပြင်ဘက်မှာ။ တယောက်က
ငါ့ကိုစွန့်ပြီးတော့ လူအုပ်နဲ့ ပေါင်းတယ်။ လူရမ်းကားတွေ ငါ့ဆီလာတော့မယ်။ ဒီနားမှာ
ဆုတောင်းနေတဲ့ သုံးယောက်ကလည်း အိပ်ငိုက်နေပြီ။ အခုတော့ ငါတယောက်တည်း
ဆုတောင်းနေရတယ်။”
သခင်ယေရှုတယောက်တည်း
ဆုတောင်းနေရတာ၊ ကူသူမရှိတာဟာ ဝမ်းနည်းစရာပါ။ ကျွန်တော့်ကိုယ် ကျွန်တော်
သိပ်ဘုရားတရား ကိုင်းရှိုင်းဟန်ပြတာ မဟုတ်ဘူး။ ဒါပေမယ့် သခင်ယေရှုနဲ့ အနီးဆုံးအထိ
ကပ်လိုက်ချင်တယ်။ ကလေးဘဝ၊ တောမှာနေတုန်းက အိမ်ရှေ့ထွက်ထိုင်ပြီး၊ ဂစ်တာနဲ့
ဆိုတတ်တဲ့ သီချင်းတပုဒ်ရှိတယ်။ “ကိုယ်တော်နဲ့ အတူဥယျာဉ်ထဲ သွားမယ်” I’ll go with
Him through the garden” ဆိုရင်း ပိုပြီး မျက်ရည်ကျလာတယ်။
တိုးတိုးကလေး ပြောမိတယ်။ “သခင်ယေရှု၊ ကျွန်တော် သီချင်းဆိုရုံ သက်သက်မဟုတ်ဘူး။
အဓိပ္ပါယ်ရှိရှိ ခံစားနေတာပါ။ ကိုယ်တော်နဲ့ အတူ ဥယျာဉ်ထဲသွားမယ်။ ကိုယ်တော်နဲ့
အတူအမြဲနေမယ်။ ” ဒါနဲ့ပဲ ဘုရားသခင်က ကျွန်တော့ကို တရားဟောခွင့် ပြင်ဆင်ပေးလာတယ် လို့
ခံစားရမိတယ်။ ကျွန်တော်ဆိုလိုက်တဲ့ “ကိုယ်တော်နဲ့အတူသွားမယ်။ အတူနေရခြင်းဟာ
ဂုဏ်ယူစရာပါ” ဆိုတဲ့ သီချင်း အဓိပ္ပါယ်ကို ဘုရားသိတာပေါ့။
B. တပည့်တော် ရှစ်ယောက်ဟာ ဆုတောင်းနေတဲ့
ကယ်တင်ရှင်နဲ့ အလှမ်းဝေးနေပါတယ်။
သခင်ယေရှုထံကနေ တပည့်တော်
ရှစ်ယောက်ရှိရာ ဥယျာဉ်စပ်ကို ထွက်ကြည့်ကြစို့။
“ဟေး၊ မိတ်ဆွေတို့၊ သခင်ယေရှုဘယ်မှာလဲ?”
“တို့ မသိဘူးဟ”
“ပေတရု၊ ယောဟန်၊ ယာကုပ် တို့ရော?”
“မသိဘူး။ တို့ မတွေ့မိတော့ဘူး။”
“ဒါဆို၊ ယုဒ ကော?”
“ယုဒ? ထွက်သွားပြီလေ။
သခင်ယေရှုကို အပ်နှံဖို့သွားပြီ။”
“ဒါကို ဘယ်လိုလုပ်သိကြတာလဲ?”
“အော်၊ ညစာစားကြတုန်းကပေါ့။
သခင်ယေရှုကပြောတယ်။ မုန့်တလုပ်စာ သူပေးလိုက် သူဟာ အပ်နှံမယ့် သူပဲတဲ့။ ဒါနဲ့
ယုဒကို ပေးလိုက်တယ်။ ယုဒလည်း သခင်ယေရှုကို အပ်နှံဖို့ ထွက်သွားလေရဲ့။”
“ခင်ဗျားတို့ ပြောတော့ ယုဒက သခင်ယေရှုကို
အပ်နှံမယ်ဆို။ အဲဒီတော့ ဘာမှ မလုပ်ဘူးလား? ရန်သူတွေက
သခင်ယေရှုကို အပ်နှံမယ့် အချိန်မှာ ဒီမှာ ထိုင်နေပြီး၊ ကိုယ်လက်မကို အပြန်ပြန်
အလှန်လှန် ကြည့်နေမယ့် အစား တခုခုထ မလုပ်ကြဘူးလား?”
အများစုကတော့ ကိုယ်လက်ကို
အပြန်ပြန် အလှန်လှန်ကြည့်နေသူတွေပါ။ ဆိုလိုတာက ဘာအတွက်မှ မရပ်တည်ဘူး။ အများစုက
ခပ်ပျော့ပျော့တွေ။ ရည်ရွယ်ချက်မဲ့၊ ကျောရိုးမဲ့၊ ရေရောထားတဲ့ ခပ်ပျော့ပျော့တွေ၊
အစလည်း မစတတ်၊ အဆုံးလည်း မသတ်တတ်တဲ့ ကျောရိုးမဲ့ တရားဟောဆရာတွေပါ။ ရပ်တည်ချက် မရှိကြဘူး။
ကျွန်တော်ကတော့ ဘုရားသခင်အတွက်၊ သမ္မာကျမ်းစာအတွက်၊ ယုံကြည်ခြင်းရဲ့ အဓိက တရားတွေအတွက်
မရပ်တည်နိုင်ဘူးဆိုရင်၊ အမှုတော်ထဲက ထွက်လိုက်ချင်တာပါဘဲ။ တရားဟောဆရာ
အဖြစ်ကနှုတ်ထွက်ပြီး၊ ရိုးရိုးသားသား ရှာဖွေစားသောက်ချင်တယ်။ အရင်လို စာတိုက် လုပ်ငန်းမှာပဲ
အလုပ်ပြန်လုပ်ချင်တယ်။ တရားဟောစင်မြင့်ရှေ့ရပ်ပြီး၊ ယုံကြည်ခြင်းရဲ့ အဓိကတရားတွေ၊
ဝိညာဉ်ကယ်တင်ခြင်းအကြောင်း၊ ပေးလှူခြင်း၊ သန့်ရှင်းစွာနေခြင်း၊ အမျိုးသားတွေက
အမျိုးသားလို၊ အမျိုးသမီးတွေက အမျိုးသမီးလို ဝတ်ဆင်ရမယ့် အကြောင်းတွေ၊
သီးခြားရပ်တည် အသက်ရှင်တဲ့ အကြောင်းတွေ မဟောရရင် သင်းအုပ်ဘဝက နားလိုက်ချင်တယ်။
အမှန်မဖြစ်ရတဲ့ အတုအယောင် ဘဝမဖြစ်ချင်ဘူး။
“ယုဒ - ဘယ်မှာလဲ?”
“အော် - သူ- သခင်ယေရှုကို
အပ်နှံဖို့ ထွက်သွားပြီ။”
“ဒီလိုဘဲ သွားခွင့်ပေးထားကြသလား?”
“အင်း - အင်းပေါ့”
“ဘာကြောင့် သူ့ကို တားဖို့ မကြိုးစားသလဲ?”
“အာ - ဒါ - ဒါ - ဒါကတော့ - -”
ဒီလိုနည်းနဲ့တော့ မိတ်ဆွေစစ်တွေ
ဖြစ်မလာဘူး။ ကျွန်တော်ကတော့ ယုံကြည်ခြင်းကို ကွယ်ကာ စောင့်ရှောက်ရင်းနဲ့ပဲ သေပြီး၊
ကောင်းကင်မှာ သခင်ယေရှုကို ဖူးတွေ့ရတဲ့အခါ “သခင်ယေရှု၊ ကျွန်တော်ဟာ အပျိုကညာမှ ဖွားခြင်း
ဆိုတာ အဓိက တရား၊ ထမြောက်ခြင်းဟာ အဓိကတရား၊ ယုံကြည်ခြင်းအားဖြင့်
ဒုတိယအကြိမ်ကြွလာမယ် ဆိုတာ အဓိကတရားလို့ ဟောတယ်။ သူတို့ မယုံပေမယ့် ကျွန်တော် ပြောတယ်။
ကျွန်တော် ဘယ်ဘက်မှာ ရပ်တည်ခဲ့တယ်ဆိုတာ သူတို့သိပါတယ်” လို့ ပြောနိုင်ချင်တယ်။
“ဘယ်သူမှ ယုဒကို တားဖို့ မကြိုးစားကြဘူးလား?”
ကဲ ယုဒ- ကကော ဘာကြောင့်
ရှစ်ယောက်သောသူတွေထဲမှာ သခင်ယေရှုကို လာမရှာတာလဲ? ဒီအုပ်စုက
အကြီးဆုံးပါ။ သူလည်းအတူ အုပ်စုကျဖူးတယ်။ ကျွန်တော် ရှင်းပြပါမယ်။ ယုဒက
ဒီအုပ်စုအကြောင်း သိတယ်။ သခင်ယေရှု အရောင်အဝါပြောင်း လဲဖို့ သွားတုန်းက ပေတရု၊
ယောဟန်နဲ့ ယာကုပ်တို့ကို ခေါ်သွားတယ်။ ရှစ်ယောက်နဲ့ ယုဒကိုတော့ ချန်ထားခဲ့တယ်။
သခင်ယေရှုတောင်ပေါ်မှာ အရောင်အဝါ ပြောင်းလဲနေချိန်မှာ သားငယ် နတ်ဆိုးစွဲခံရတဲ့
လူတယောက်ရောက်လာတယ်။ မြော်လင့်ချက်တွေနဲ့ပေါ့။ တပည့်တော်တွေအပေါ်
ယုံကြည်မှုရှိတယ်။ ကူညီနိုင်မယ်လို့ထင်တဲ့အတွက် “ကျွန်တော်သား နတ်ဆိုးစွဲ လို့ပါ။
နှင်ထုတ်ပေးစေချင်ပါတယ်။” လို့ ပြောလာတယ်။ ဒါပေမယ့် တန်ခိုးမဲ့နေတဲ့ တပည့်တော်တွေက
နှင်ထုတ် မပေးနိုင်ဘူး။ ယုဒက ဒါကို မှတ်မိနေတယ်။ သခင်ယေရှု အရောင်အဝါ ပြောင်းလဲပြီး
တောင်ပေါ်က ဆင်းလာချိန်မှာ အဲဒီလူက သူ့သားနဲ့ အတူရှိနေတယ်။ တပည့်တော်တွေ
တန်ခိုးမဲ့တာကြောင့် ဖခင်ဟာ သခင်ယေရှုကို
အယုံအကြည် ပျက်ရရှာတယ်။ “ကျွန်တော့်သားကို တပည့်တော်တွေဆီ ခေါ်လာတယ်။ သူတို့က
နှင်ထုတ်မပေးနိုင်ဘူး။ ဒါပေမယ့် ကိုယ်တော် တတ်နိုင်ရင် တခုခုလုပ်ပေးပါဦး” လို့
ပြောလာတယ်။ “တတ်နိုင်ရင်” ဆိုတဲ့ စကားကို သခင်ယေရှုက သူ့ဘက် ပြန်ပို့ပြောလိုက်တယ်။
“မင်းယုံကြည်နိုင်သလား? ယုံကြည်နိုင်ရင် အားလုံး
ဖြစ်နိုင်တယ်။”
မပူမအေး ယုံကြည်သူတွေဟာ
အပြင်ဖက်မှာပါ။ တန်ခိုး မရှိဘူး။ Bob Ingersalls တို့လို ဘုရားမဲ့တွေ ၊
ဒိဌိတွေ၊ အရက်သမား တွေ၊ မကောင်းတဲ့ အမျိုးသမီးတွေနဲ့ အုပ်စုကျပြီး သူတို့ထက်တောင်
ခရစ်ယာန် ဘာသာကို ပိုပြီး ထိခိုက် နစ်နာစေတယ်။ လောကီသားတွေက ခရစ်ယာန်တွေရဲ့
ထူးခြားမှုတွေကို မြော်လင့်ထားနေတယ်။ တန်ခိုးမဲ့နေတာ ဆိုတော့ ခုန အဖေဖြစ်သူ ခမျာ
သခင်ယေရှုက ကူပဲ ကူပေးနိုင်ဦး မလား လို့ သံသယဝင်လာတယ်။
တရားဟောရင် တန်ခိုးနဲ့ ဟောချင်စိတ်မျိုး
ကျွန်တော်လောက် တခြားသူ တောင့်တမယ်လို့ မထင်ဘူး။ ဟိုတုန်းကဆိုရင် ဆုတောင်းရင်
ခပ်လန့်လန့် ဆုတောင်းချက်မျိုးနဲ့ “သခင်ယေရှု၊ ကျွန်တော်ကို ကောင်းကြီးမပေးရင်၊
သေပါရစေတော့” လို့ တောင်းမိ တယ်။ ရိုးသားစွာနဲ့ ဝန်ခံရရင် အဲဒီဆုတောင်းချက်ကို
ပထမအကြိမ် တောင်းကြည့်တုန်းကတော့ သေမယ်လို့ကို ထင်ခဲ့တာ။ ကျွန်တော်က
လေယာဉ်ပျံပေါ်မှာပါ။ “ကိုယ်တော် ကျွန်တော်ကို ပြုပြင်ပေးပါ။ သေဖို့ကတော့
အသင့်ပါပဲ။ ကောင်းကြီးမပေးချင်လို့ သေစေမယ် ဆိုရင် လေယာဉ်ပျက်ကျပြီး သေရမယ်ဆိုရင်
လေမုန်တိုင်းသာ ကျလိုက်ပါ။ လွင့်သွားပါစေ။ မြေပြင်ပေါ်ကျ ခြေတွေ လက်တွေကျိုးပြီး၊
ရှစ်နာရီ ကိုးနာရီလောက် ဝေဒနာတွေခံစားနေရတာမျိုးတော့ မဖြစ်ပါစေနဲ့။ သေရမှာတော့
မကြောက်ပေမယ့် မြန်မြန်တော့ သေစေပါ။ နည်းနည်း ကြောက်တယ် ကိုယ်တော်။ သတ္တိမရှိဘူး”
လို့ ဆုတောင်းဖူးတယ်။ လေယာဉ်ပျံ ချောချောမောမော ဆင်းသက်တော့မှပဲ ဝမ်းသာသွားတယ်။
တရားဟောဖို့အသွား ကားမောင်းရင်းနဲ့
လမ်းမှာ ကြောက်ဖူးတယ်။ “ကောင်းကြီးပေးပါ။ မပေးရင်၊ သေစေပါ” လို့ အပြည်အဝကြီး
ဆက်ကပ်ထားတော့ ကုန်တင်ကားတွေများ ဝင်တိုက်သွားမလား ဆိုပြီး လန့်ဖူးတယ်။ ဒါပေမယ့်
တကယ် ဆုတောင်းတာပါ။ နောက်တော့ နည်းနည်း ပိုရဲလာတယ်။ အခုအဲဒီလို ဆုတောင်းရင်
တကယ်အဓိပ္ပါယ်ရှိရှိ တောင်းတယ် ဆိုတာကို ဘုရား သိတယ်။ တန်ခိုးမပါဘဲ တရားဟောရမယ့် အစား
သူတပါးအတွက် အထောက်အမ မဖြစ်၊ ကောင်းကြီးမရ၊ နိုးဆော်ရာလည်း မရာက်မယ့် အစား
သေရတာကမှ ပိုကောင်းဦးမယ်။ တန်ခိုးမပါတဲ့ ခရစ်ယာန်ဟာ ခရစ်ယာန်တရားတော်ကို
တခြားသူတွေထက် ပိုပြီး အနှောက်အယှက်ပေးနေတယ်။
Charles Finney ဟာ အသင်းတော် ငယ်ငယ်တခုကို
သွားတယ်။ အဲဒီမှာ တချို့က ပြောတယ် “Mr. Finney, ဆရာ
ပြောင်းလဲဖို့ ဆုတောင်းပေးရမလား?” Charles Finney က “မလိုဘူး။
ခင်ဗျားတို့ ဆုတောင်းသံကို ဘုရားသခင် နားထောင်မှာ မဟုတ်ဘူး။ နိုးထမှုဖြစ်ဖို့
ဆုတောင်းတာ နှစ်ပေါင်းများစွာ ကြာပြီ။ တခါမှ မရဘူး။ အဲဒီတော့
ကျွန်တော်ပြောင်းလဲဖို့ ဆုတောင်းပေးစရာ မလိုဘူး။”
ဒါဟာ ဝမ်းနည်းစရာပဲ။
ခရစ်ယာန်တွေရဲ့ ဆုတောင်းသံတွေ အဖြေရသင့်တယ်။ တောင်းသလို၊ ရလည်း ရဖူးသင့်တယ်။
ရနိုင်တယ်လို့ ကျမ်းစာက ပြောတယ်။ Dr. Rice ရဲ့ ဆုတောင်းခြင်း Prayer –
Asking and Receiving စာအုပ်ကို ဖတ်ကြည့်ပါ။ အကျိုး ရှိမှာပါ။ ဆုတောင်းရင်
အဖြေတွေ ရလာမှာပါ။ အုပ်စု သုံးစုမှာ နေရာကွာဟမှု ရှိသလို၊ အရွယ်အစားလည်း ကွာနေတယ်။
( ၃ ) တာဝန်ကွာဟမှု DIFFERENCE IN RESPONSIBILITY
တာဝန်ကွာဟပုံကိုလည်း
ပြောပြချင်တယ်။ ကျွန်တော် တရားဟောဆရာပါ။ တရားဟော ဆရာတိုင်းဟာ ဘုရားက တရားဟောဖို့
ခေါ်တဲ့အချိန်မှာ ကျွန်တော့လိုပဲ ခံစားရမယ်၊ ဒါဟာ ထုံးစံပဲလို့ ထင်တယ်။
ဟောချင်တယ်။ တရားဟော ဆရာဖြစ်ချင်စိတ် သိပ်ပြင်းပြနေတယ်။ အိပ်ရင်း တရားဟောဖူးတယ်။
နိုးလာတော့ ထ, တရားဟောတယ်၊ တရားဟောခွင့်ရမယ် ဆိုရင် ဒေါ်လာ တထောင်ပဲဖြစ်ဖြစ်
ပေးလိုက်ချင်တယ်။
Atlanta မြို့ ငွေချေးလုပ်ငန်းတခုမှာ
ကျွန်တော် အလုပ်လုပ်ဖူးတယ်။ ကျွန်တော်ရဲ့ Hudson Jet ကားလေးတစီးနဲ့ အကြွေး ကျန်တွေ လိုက်တောင်းရတယ်။ သိပ်ခက်တဲ့ အလုပ်ပါ။
တရားဟောဆရာ အတော်များများဆီလည်း လိုက်တောင်းရတယ်။ အဲဒီ ငွေချေးလုပ်ငန်းမှာ
သဘောထား၊ မူတခု ချမှတ်ထားတယ်။ အလုပ်အကိုင်ကို P နဲ့စတဲ့
သူတွေကို မချေးဘူး။ preachers ဆိုတဲ့ တရားဟော ဆရာတွေ၊ painters
ဆိုတဲ့ ပန်းချီဆရာတွေ၊ plumbers ဆိုတဲ့
ရေပိုက်ပြင်တဲ့သူတွေ . . . စသည်ဖြင့် ပေါ့။ မငှါးရုံသာ မဟုတ်ဘူး။ အဲဒီအတိုင်း
တကယ်ယုံကြတယ်။ အများအားဖြင့်ကလည်း၊ အကြမ်းပြင်း ပြောရရင် မှန်နေတယ်။ တရားဟောဆရာ အတော်များများ
အကြွေးမဆပ်နိုင်ကြဘူး။ (ဒီလောက်ပဲ ထားကြပါစို့။)
တာဝန်ကွာဟမှု ရှိတယ်။
လူအများဆုံးအုပ်စုဖြစ်တဲ့ ဥယျာဉ်စပ်ကလူတွေကို ကိုယ်တော် ဘာပြောသလဲ သတိထားကြည့်ပါ။
“ဤအရပ်၌ ထိုင်နေကြလော့။” (အငယ်၃၆) ထိုင်နေရုံပါ။ ဒီလူစုကို ဆုတောင်းဖို့ မပြောဘူး။
အံ့ဩစရာပဲ။ ကိုယ်တော် သိနေတယ်လေ။ “အဲဒီမှာ ထိုင်နေကြ။”
A. ဘုရားသခင်ရဲ့ တရားဟောဆရာမှာ ရူပါရုံ၊
ဝန်ထုပ် ရှိတယ်။
ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုတော့
“ ဤအရပ်၌ ဆုတောင်း၍ - - စောင့်နေကြလော့” လို့ မိန့်တော်မူတယ်။ တရားဟော ဆရာအများစု
တရားဟောဖို့ အခေါ်ခံရချိန်မှာ ရူပါရုံတခု ရှိတတ်ကြတယ်။ ရူပါရုံဆိုတာ အိပ်ရာမဝင်ခင်
နွားနို့ ဒိန်ခဲတွေ၊ ကြက်သွန် တွေ အများကြီးစားလို့ မြင်တာမျိုးကို ပြောတာ မဟုတ်ဘူး။
စိတ်ကူး ရည်ရွယ်ချက်ရှိရမယ်လို့ ပြောတာပါ။
ကျွန်တော်အဲဒီ Hudson Jet ကားလေးတစီးကို စီးရတုန်းက ရာနဲ့ချီတဲ့ လူအုပ်တွေကို မြင်ရတယ်။ သူတို့ကို
တရားဟောရသလို မြင်ယောင်တယ်။ အဲဒီမှာ မောင်းရင်းနဲ့ တရားဟောတယ်။ အော်ပြောတယ်။
ဖိတ်ခေါ်တာလည်း လုပ်တယ်။ “အခုချိန် ထွက်လာတာ ကောင်းတယ်။ ဘုရားသခင် ကောင်းကြီးပေးပါစေ။
အာမင်။ အခုလိုထွက်လာတာ ဝမ်းသာတယ်” စသည်ဖြင့် ပြောတယ်။ အကျယ်ကြီး ဆုတောင်းတယ်။
ဆုလည်းတောင်း၊ စကားလည်း ပြောပေါ့။ လူတွေက သူတို့ကားတံခါးက ကဲကြည့်ပြီး ရယ်ကြတယ်။
တနေ့ လူတယောက် ကားမောင်းရင်း တယ်လီဖုန်းတလုံးနဲ့ စကားပြောနေတာ မြင်ရတယ်။
တခြားတယောက်ကို ပြောနေတာပါ။ ကျွန်တော် မရယ်ဘူး။ သူ့ကို အားကျတယ်။ ဒါနဲ့
ဖုန်းဟောင်းတလုံး ရှာပြီး ဖြုတ်ယူ။ လက်ကိုင်နေရာမှာ လာချထားလိုက်တယ်။ မောင်းရင်း
ဖုန်းကို ကောက်ကိုင် ဆုတောင်းတော့တာပဲ။
သခင်ယေရှုက အများဆုံးအုပ်စုကို
ပြောတယ်။ “မင်းတို့ အဲဒီမှာနေ။”
Dr. Bob Jone, Sr; က ပြောတယ်။ “သခင်ယေရှုက ငါ့နာမကို
အမှီပြုပြီး လူနှစ်ယောက်၊ သုံးယောက် စုဝေးနေရင် သူတို့ အလယ်၌ ငါရှိမယ်လို့ ပြောတာ
မှန်တယ်။ ဒါပေမယ့် လူများတာ မကြိုက်ဘူးလို့ ပြောလိုက်တာတော့ မဟုတ်ပါဘူး” တဲ့။
လူတယောက်က လာပြီးတော့ ပေ၂၀၈
ပေကျယ်တဲ့ ဒီခန်းမကို ကြည့်ပြီး “ဒီလောက်ကျယ်တဲ့ ဘုရားကျောင်းမှာ သင်းအုပ်လုပ်
ရမယ်လို့ ခင်ဗျား ထင်ခဲ့မိမှာမဟုတ်ဘူး လောင်းရဲတယ်” လို့ပြောမယ် ဆိုပါစို့၊
ကျွန်တော်က “မဟုတ်ဘူး။ ကျွန်တော် တညလောက် အိပ်ပြီး၊ နိုးတာနဲ့ ဗြုန်းဆို
ဒီရောက်နေတာပဲ” လို့ ခပ်နောက်နောက် ဖြေချင်တယ်။ ဘုရားသခင်က တရားဟောဖို့
စခေါ်ချိန်မှာ အဲဒီလို အလွယ် မတွေးဖူးတာ အမှန်ပါ။ ဖြစ်ချင်လို့ကို
ပုံဖေါ်နေခဲ့တာပါ။ Atlanta မြို့ ပန်းခြံတခုမှာ ရပ်ပြီး၊
မျက်စိထဲမှာ လူတွေ ထောင်ချီ မြင်ဖူးတယ်။ တရားဟော၊ ပြီးတော့ ရှေ့ထွက်ဖို့
ဖိတ်ခေါ်တယ်။ လူတွေ ရှေ့ထွက် လာတယ်လို့၊ မျက်စိထဲ မြင်ယောင်ကြည့်ဖူးတယ်။
ကျွန်တော်ပြောချင်တာက ဘုရားက တရားဟောဖို့ခေါ်တဲ့ တရားဟောဆရာတိုင်း မှာ ဝန်ထုပ်
ရူပါရုံရှိတယ်။ Moody , Spurgeon , Torrey , Sunday ဒါမှ မဟုတ် တခြားဆရာ တပါးပါး အကြောင်း ဖတ်ရတဲ့အခါ အများစုက ငါတော့
နောက်ထပ်ပေါ်မယ့် Sunday တို့ ၊ နောင်လာမယ့် Moody ၊ နောက်လာမယ့် Spurgeon ဖြစ်မယ်လို့ ထင်တတ်တယ်။ တရားဟောဖို့
ဘုရားသခင်စ ခေါ်စက အဖေထံ “ဖေဖေ ကျွန်တော် သခင်ယေရှုအတွက် သူရဲကောင်းကြီး တယောက်
ဖြစ်ချင်တယ်” လို့ စာရေးခဲ့တယ်။ ကျွန်တော့်မှာ ရူပါရုံရှိတယ်။ ဝန်ထုပ်ရှိတယ်။
ဒါပေမယ့် ရူပါရုံရှိရုံနဲ့ တာဝန်မပေးသေးဘူး။ ကြီးမားတဲ့ ရူပါရုံ၊ ဝန်ထုပ်၊
ရည်မှန်းချက်၊ ဆန္ဒတွေ ရှိနိုင်တယ်။ ဒါပေမယ့် သခင်ယေရှုနဲ့ ပိုနီးလေလေ
တာဝန်ပိုယူရလေလေပါ။ ဒါကြောင့် သခင်ယေရှုက သူတို့ အုပ်စုကို “မင်းတို့
ဒီမှာထိုင်နေကြ” လို့ ပြောတာပါ။
သွားလာလှုပ်ရှားတာ အလွန်နှေးတဲ့
အမျိုးသမီးတယောက်ကို အိမ်အလုပ်လုပ်ဖို့ ခေါ်ထားတဲ့ လူတယောက် အကြောင်းကြား ဖူးတယ်။
“ဘာတခုမှ မြန်မြန်မလုပ်ဘူး၊ မဟုတ်လား?” လို့ မေးတော့ “ဟုတ်ကဲ့ရှင့်၊ မြန်မြန်တော့ မောတတ်ပါတယ်” လို့ ပြန်ဖြေတယ်။
စစ်တပ်ထဲဝင်မယ့် သူတယောက်လည်း ရှိဖူးတယ်။ သူ့ကို “ဘယ်တပ်ထဲ ဝင်ချင်လဲ။
လိုင်းခွဲတွေ အများကြီးရှိတယ်။ လေတပ်ထဲဝင်ရင်၊ လေကြောင်း ခရီးသွားရမယ်။
ရေတပ်ဆိုရင် ရေကြောင်း ခရီးသွားရမယ်။ ကြည်းတပ်ထဲဆိုရင်တော့ ကုန်းကြောင်း ခရီးသွားရမယ်”
လို့ မေးတယ်။
“ကမ်းခြေစောင့်တပ်ရယ်လို့ မရှိဘူးလားဗျာ။
ကျွန်တော် အဲဒီတပ်ထဲဝင်မယ်။ ကမ်းခြေမှာ ပဲနေမယ်” လို့ ဖြေတယ်။ ခရစ်ယာန်
အများစုလည်း ဒီလိုဘဲ။ ထိုင်ရုံပဲ ထိုင်နေတယ်။ တပြားတချပ်မှ မလှူ။ ဝိညာဉ်လည်း မရ။
ဘယ်တော့မှ သက်သေမခံ။ စိတ်လည်း တခါမှ မလှုပ်ရှား။ သက်သေခံလည်း မသွားလာ။ ဗုဒ္ဓဟူးည
ဆုတောင်းအစည်းအဝေးလည်း တခါမှ မသွား။ ဘုရားအမှုတော်လည်း ဘယ်တော့မှ မပါဝင်ဘူး။
ထိုင်နေတဲ့ တရားဟောဆရာတွေလည်း
အများကြီးရှိတယ်။ အခွင့်အလမ်းဖွင့်ဖို့ စောင့်နေတယ်။ ဘယ်ဆရာ သေပြီး၊
အသင်းတော်ကြီးကို ထားခဲ့မလဲ? လာဦးဆောင်ပါလို့ ခေါ်မလား? မြော်လင့်နေကြတယ်။ ရှက်စရာပါ။ အလုပ်သဘော နားမလည်၊ Sunday school အတန်းတခုတောင် ဦးဆောင်နိုင်မှာ မဟုတ်ဘူး။ အခွင့်အလမ်း ပိုသာမလားဆိုပြီး၊
တရားဟောဆရာတွေ အသင်းတော်တပါးကနေ တပါး ပြောင်းသွားနေတယ်။ ဘယ်သူ လာခေါ်မလဲ? လခကောင်းလား? ကားပိုကြီးလား? မြော်နေကြတယ်။
တခြားသူ လုပ်ပြီးသားတွေ ရမလားဆိုပြီး၊ ထိုင်ပဲ ထိုင်စောင့်ပြီး မြော်နေကြတာပဲ။
ကိုယ်တိုင် အပင်ပန်းခံပြီး ဘာကြောင့် ထ, မလုပ်သလဲ? ကျွန်တော်သာ တရားပလ္လင်ကော်မတီတခုက လာခေါ်မလားဆိုပြီး စောင့်နေခဲ့ရင်
အခုဆို စာတိုက်ကြီးမှာပဲ ရှိဦးမယ်။ ကျွန်တော့မှာ ရူပါရုံ၊ ဝန်ထုပ် ရှိတယ်။
ကျွန်တော့ကို ဘယ်သူမှ သင်းအုပ်လာလုပ်ဖို့ မခေါ်ဘူး။ ကျွန်တော်ကသာ အသင်းတော် စထောင်
လိုက်တာပါ။ ဘုရားသခင်က အဲဒီလို စ, ထောင်စေချင်တာပါ။
ကျွန်တော့်မှာ ရူပါရုံရှိတယ်။ ဝန်ထုပ်ရှိတယ်။ ခင်များမှာလည်း ရှိတယ်။ ဒါပေမယ့်
ရူပါရုံရှိရုံ၊ ဝန်ထုပ်ရှိရုံနဲ့တော့ တာဝန်မပေးဘူး။
B. ဆုတောင်းပြီး စောင့်နေဖို့
တာဝန်ပေးထားပါတယ်။
သုံးယောက်သော အုပ်စုကိုသာ တာဝန်တွေ
ပိုပေးတယ်။ “ဆုတောင်ပြီး စောင့်နေကြ” တဲ့။ ဒါပေမယ့် အုပ်စုအားလုံးထဲမှာတော့
ကိုယ်တော်ဟာ တာဝန် အကြီးဆုံးယူရသူပါ။ တလောကလုံးရဲ့ အပြစ်ကို ယူဆောင်ပြီး
ကယ်တင်ခြင်း ပြင်ဆင်ပေးရသူပါ။ တာဝန်တွေ အများကြီးယူချင်သလား? သခင်ယေရှုလို “အဖ - ကျွန်တော့ အလိုအတိုင်း မဖြစ်ပါစေနဲ့။
ကိုယ်တော်အလိုအတိုင်း ဖြစ်စေပါ” လို့ ဆုတောင်းမလား? ဒါမျိုးကို
ဘုရားသခင် လိုချင်နေတာပါ။ ဒါပေမယ့် အပြောသက်သက်မဟုတ်။ စိတ်ပါဖို့ လိုတယ်။
တချို့သူတွေက စိတ်ပါလက်ပါ ပြောတာဆိုပေမယ့် တကယ်မပါဘူး ထင်တယ်။ စိတ်ထဲမှာ နည်းနည်း
ငဲ့ကွက်တာတွေ ရှိနေသလား? ဘုရားသခင်ခိုင်းရင် မလုပ်နိုင်တာတွေ
ရှိနေသလား?
ဒီလိုတရားဟောလို့ လူတွေက
“ငါဒီလိုဆက်ကပ်လိုက်ရင်၊ ဒီလိုအပ်နှံလိုက်လျှင်၊ ဘုရားသခင်က
ပိုင်ဆိုင်တာတွေရောင်း၊ သာသနာပြု ဆရာလုပ်ဖို့ ပြောရင်၊ ငါ တရုတ်ပြည်သွားရမှာပေါ့”
ပြောလိမ့်မယ်။ ဟုတ်တယ်။ ဒါဟာ “ငါဘုရားသခင်ကို တကယ် အားမကိုးဘူး။ ဘုရားသခင်ထက် ငါ
ပိုသိတယ်။ ငါ့အတွက် သိပ်မသင့်တော်တာတွေကို ဘုရားသခင်က လာခိုင်းနေတယ်” လို့ ပြောရာ
ရောက်နေတယ်။
ဘုရားခိုင်းသမျှဟာ ကိုယ့်ဘဝမှာ
အကောင်းဆုံးတွေ ဖြစ်လာမယ်ဆိုတာ သိရဲ့လား? ပြောစကားတွေကို ဘုရားသခင် နားထောင်နေတယ်။
ဘုရားသခင် မှတ်တမ်းတင်ထားတယ်။ ကျွန်တော် ဘာဖြစ်ချင်သလဲ? ဘုရားအလိုတော်
ဆောင်ချင်တာပါ။ တခြားဘာကိုမှ ပိုလိုချင်တာမရှိဘူး။ ကျွန်တော် သဘောရိုးနဲ့ပြောတာပါ။
Forrest Hill နှစ်ခြင်းအသင်းတော်မှာ သင်းအုပ် စဖြစ်ကတည်းက ပါဝင်သူတွေ
ရှိပါတယ်။ ကျွန်တော်က သက်တမ်းအကြာဆုံး အသင်းဝင်ပါ။ ၁၂ ယောက်တည်းနဲ့ စခဲ့တယ်။ ခဏပဲ
ထွက်သွားကြတယ်။ ၆,၇၀၀ သော သူတွေက အဲဒီ ၁၂ ယောက် ဘာကြောင့်
ထွက်သွားကြသလဲဆိုတာ လာကြည့်နေကြတာပေါ့။ ဘုရားအလိုတော်ရှိရင်၊ ဒီအသင်းတော်က
နှုတ်ထွက်ပေးဖို့ဆိုတာ ကျွန်တော့်အတွက် ရေတခွက်သောက်ရသလို လွယ်တယ်။
အသက်ရှင်နေရတာထက်ကို ဘုရားအလိုတော် ပိုဆောင်ချင်တယ်။
လူတယောက်က Dr. Bob Jone, Sr., ကို ပြောဖူးတယ်။ “လူတချို့ကို ကောင်းကင်သွားဖို့၊ တချို့ကိုတော့
ငရဲသွားဖို့ ခွဲခန့်မှတ် သားထားတယ်” တဲ့။ Dr. Bob က “ငါ့ကို
သေပြီး ငရဲသွားဖို့ ဘုရား အလိုတော် ရှိရင်၊ ကောင်းကင်မသွားချင်ဘူး။ အလိုတော်မရှိဘဲ
ကောင်းကင် ရောက်တာထက် အလိုတော်နဲ့ အညီ ငရဲသွားချင်တယ်။ ဘာကြောင့်လဲဆိုတော့
အလိုတော်အတိုင်း ငရဲမှာနေရရင်၊ ငရဲဟာ ကောင်းကင် ဖြစ်သွားမှာ မို့လို့ပါ” လို့ ပြန်ဖြေတယ်။ သူ့စကားကို ကျွန်တော်လက်ခံတယ်။ ဘုရားကသာ ငရဲသွားခိုင်းရင်၊
ကောင်းကင် မသွားတော့ဘူး။ အလိုတော်မရှိဘဲ ကောင်းကင်မှာနေမယ့်အစား အလိုတော်အတိုင်း
ငရဲမှာပဲ နေတော့မယ်။ ဒါပေမယ့် အမှန်ကတော့၊ ဘုရားက အားလုံးကို ကောင်းကင်
ရောက်စေချင်တာပါ။ ( ၂ပေ ၃း၉ )
C. ဘုရားအလိုတော်အတိုင်း ဆောင်ဖို့ဆိုတာ
မြတ်နိုးတဲ့အရာတွေကို စွန့်လွှတ်ရမယ်လို့ ဆိုလိုတယ်။
သခင်ယေရှုလို “အကျွန်ုပ်အလိုရှိသည်အတိုင်း
မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” လို့ ပြောနိုင်မလား? အဲဒီစကားက ကျွန်တော့်ကို အလုပ်ထွက်စေတယ်။ ၁၉၆၁ ခုနှစ်မှာ ကျွန်တော် မျက်နှာအပ်ပြီး၊
“ကိုယ်တော် လုပ်စေချင် တာကိုလုပ်ပါမယ်” လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျမ်းစာ ကောလိပ်တွေ၊
Seminary ကျမ်းစာကျောင်းကြီးတွေကို မတက်ချင်ဘူး။ ၄ နှစ် နဲ့
နောက်ထပ် ၃ နှစ်၊ ပေါင်းရင် ရ နှစ် အကုန်မခံနိုင်ဘူး။ တရားဟောချင်နေပြီ။
“ကိုယ်တော်၊ အလိုတော်ရှိရင်၊ ကျွန်တော့အိမ်ကို ရောင်းပြီး အသင်းတော်ကို လှူမယ်။
ကျမ်းစာကျောင်းဖြစ််ဖြစ်၊ ကျမ်းစာကောလိပ်ပဲဖြစ်ဖြစ် သွားမယ်” ဆိုတဲ့အထိ ပြောမိတယ်။
အဲဒီလို စေတနာစိတ် ဖြစ်လာချိန်မှုာ အဲဒီလိုလုပ်ဖို့တော့ မလိုဘူးလို့ သိလာရတယ်။
အလိုတော် ဆောင်ချင်လာတဲ့အခါ ဘုရားက “ ဒီအတိုင်းပဲနေပြီး၊ အသင်းတော်ကို
ဆက်တည်ဆောက်ပါ” လို့ ပြောလာတယ်။ ပြောလည်း ပြောရဲလာတယ်။ “ကိုယ်တော်၊
ဘယ်သူမှသွားပြီး တရားမဟောချင်တဲ့ နေရာရှိရင်၊ ကျွန်တော်သွားမယ်။ ဘယ်သူမှ
မကိုင်တွယ်ချင်တဲ့ အသင်းတော်ရှိရင် ကိုင်တွယ်မယ်။ ဘယ်သူမှ မလိုချင်တဲ့
တာဝန်တွေရှိရင် လုပ်မယ်။ ဘယ်သူမှ မနေချင်တဲ့နေရာရှိရင် ကျွန်တော်နေမယ်။
ဘာဘဲဖြစ်ဖြစ် လုပ်မယ်။ ကျွန်တော်မလုပ်ဖြစ်တာဟာ ကျွန်တော်မသိလို့ သာ ဖြစ်ရမယ်။
သခင်ယေရှု၊ ကိုယ်တော် ပြောပြပါ။ ကျွန်တော်သွားမယ်။” လို့ စိတ်ပါလက်ပါ ပြောခဲ့တာပါ။
၁၉၆၁ ခုနှစ်မှာ စာတိုက်က
ထွက်လိုက်တယ်။ အသင်းတော်က ရ၅ ဒေါ်လာပဲ လစာ ပေးတယ်။ အိမ်စရိတ်က တလ ၉၅.၂၀
ဒေါ်လာကုန်ကျတယ်။ လိုတဲ့ ၂၀.၂၀ ဒေါ်လာကို ဘယ်ကလာမယ်လို့ ကျွန်တော် မသိဘူး။
ဇနီးသည်အပြင် ကလေးနှစ် ယောက်၊ ကားတစီး ရှိတယ်။ ဇနီးနဲ့ ကလေးတွေရှိလျက်နဲ့
စားဝတ်နေရေး ဘယ်လိုဖြေရှင်းမလဲ မသိဘဲနဲ့ အလုပ်ထွက်လိုက်တာ ကို အားလုံးက ရူးပြီလို့
ပြောကြတယ်။ တနင်္ဂနွေနေ့ ရသမျှ အလှူငွေကို ပေးရင်တော့ အခက်မတွေ့နိုင်ဘူးပေါ့။
တပတ်အလှူငွေက ဒေါ်လာ ၆၀ ပါ။ “အကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။
ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။” ဒီစကားက အလုပ် ထွက်လိုက်ရတယ်လို့
ဆိုလိုတယ်။
တခု စိတ်အနှောက်အယှက်ဖြစ်ရတာက တရားဟောဆရာတွေက အာမခံတို့၊ ကားတို့၊ ဟင်းခတ်အမွှေးအကြိုင်တို့ . .
စတဲ့စတဲ့ အရောင်အဝယ် အလုပ်တွေလုပ်ပြီး တရား နည်းနည်းပါးပါး ဟောတယ်။
ကောင်းကင်ဘုံရှင် ဘုရားသခင် ရှိတယ်ဆိုရင်၊ ဘာကြောင့် တရားပဲ မဟောသလဲ? ကောင်းကင်ဘုံရှင် ဘုရားသခင်ရှိတယ်ဆိုရင်၊ ဘုရားသခင်က ဖိလိပ္ပိ ၄း၁၉ မှာ
ရေးထားတဲ့စကားကို ယုံယုံ ကြည်ကြည်နဲ့ ဘာကြောင့် မဟောသလဲ? “ငတ်သေမှာပေါ့”
လို့ ပြောမလား? ဒါဆိုရင်တော့ တရားမဟောနဲ့။ တရားဟောဆရာ
မဖြစ်ထိုက်ဘူး။ အရောင်အဝယ်အလုပ်ကို ရပ်။ အသင်းတော်တပါးကို တည်ထောင်။ လူတွေကို
ခရစ်တော်ထံပို့။ တကယ်လုပ်ရင် လစာပေးနိုင်လောက်အောင် တပတ်အတွင်း လူရလာနိုင်တယ်။
မကြာသေးခင်က တကယ့် အဖြစ်အပျက်တခု
ဖြစ်ဖူးတယ်။ Alabama ပြည်နယ် Montgomery မြို့က
လူတယောက်နဲ့ သူ့ဇနီး ကျွန်တော်ရုံးခန်းကို ရောက်လာတယ်။ သူက “သိပ်စိုးရိမ်တယ်ဗျာ။
ကျွန်တော် ဖြစ်စေချင်သလို အမှုတော်ထဲမှာ ဖြစ်မလာဘူး” လို့ ပြောတယ်။ အကြံပေးစကားကို
နာရီအတော်ကြာကြာ ပြောလိုက်တယ်။ ဝိညာဉ်ကယ်တင်ခြင်း Soul winning တိတ်ခွေ ၃ ခွေပေးပြီး၊ ခရစ်တော်ထံ ပို့ဆောင်ပြီးသား လူတွေကို
ဘယ်လိုရှေ့ထွက်လာဖို့လုပ်ရမယ်ဆိုတာ ပြောပြတယ်။ သူယူသွားပြီး၊ နားထောင်တယ်။
တနင်္ဂနွေနေ့မှာ ဖုန်းဆက်လာတယ်။ “ကျန်တဲ့ သောကြာနဲ့ စနေနေ့မှာ တနေကုန်ထွက်
သက်သေခံတော့ လူ ၂၅ ယောက် ခရစ် တော်ထံ ပို့ဆောင်နိုင်တယ်။ တနင်္ဂနွေမနက်မှာတော့
ဖိတ်ခေါ်လိုက်တဲ့အခါ ၂၅ ယောက်လုံး ရှေ့ထွက်လာပြီး နှစ်ခြင်းခံကြ၊ အသင်းတော်မှာ
ပါဝင်လာတယ်” တဲ့။ “အံ့ဩစရာပဲ” လို့ ကျွန်တော် ပြောမိတယ်။။
သူက
“ဒီထက်အံ့ဩစရာကောင်းတာရှိသေးတယ်။ ကျွန်တော့်အသင်းတော်က အသက် ၅၂ နှစ်အရွယ်
လူတယောက်ကို ကြိုးစား သက်သေခံထားတာ၊ အခု လူ၂၅ ယောက်က ပြီးတဲ့ တနင်္ဂနွေနေ့မှာ
ရှေ့ထွက်လာကြတော့မှ အဲဒီလူက သူတို့ နောက်က ပြေးထွက်လာတယ်။ သူ့စိတ်ထဲမှာ
ကောင်းကင်သွားမယ့် ရထားမမှီမှာ စိုးပြီး၊ ဒါနောက်ဆုံးအကြိမ်ပဲလို့ ထင်နေတယ်။ သူ
ကယ်တင်ခြင်းရသလို၊ တခြားသူတွေလည်း ထွက်လာပြီး၊ ကယ်တင်ခြင်းရကြတယ်” လို့ ပြောတယ်။
နောက်အင်္ဂါနေ့မှာ အဲဒီလူက ထပ်ပြီး ဖုန်းဆက်တယ်။ “ပြီးခဲ့တဲ့ သောကြာနေ့လို
ဖြစ်ပြန်ပြီ။ နောက်ထပ်၂၅ ယောက်ရပြန်ပြီ။ ဖိတ်ခေါ်ချိန်ရောက်တော့ အားလုံး ထွက်လာကြတယ်”
လို့ အားပါးတရ ပြောတယ်။
နောက် ၃ ပတ်အကြာ သူဖုန်းဆက်ပြီး
“ရပြန်ပြီဗျို့။ အခု ပြောင်းလဲသူ ၈၅ ယောက်ရှိပြီ။ ကျန်ခဲ့တဲ့ ၃ ပတ်အတွင်း
နှစ်ခြင်းခံတာလည်း ရှိသေးတယ်။ ဒါမျိုး မကြုံဖူးဘူးဗျာ။ ဟာလေလုယ။ အခုကစပြီး
တခြားဘာမှ မလုပ်တော့ဘူး။ သက်သေခံတဲ့အလုပ် Soul winning ပဲ လုပ်တော့မယ်။ တခြားအလုပ်တွေကို
သင်းထောက်တွေလု ပ်ပါစေဗျာ။ ဟာလေလုယ” လို့ ပြောပြီး ဖုန်းချလိုက်တယ်။
ကျွန်တော်ကလည်း Montgomery ဒေသတဝိုက်မှာ အရှိန်အဟုန်တက်လာဖို့
မြော်လင့်နေတာ။ အခု အဲဒီလူက “အကျွန်ုပ် အလိုအတိုင်း မဖြစ်ပါစေနဲ့။
ကိုယ်တော်အလိုအတိုင်း ဖြစ်ပါစေသော” လို့ ဆုံးဖြတ်သွားတာပါ။
ဒီအကြောင်း ထပ်ပြောချင်သေးတယ်။
အလိုတော်ဝန်ခံတာဟာ အလုပ်ထွက်လိုက်တာပါ။ ကျွန်တော့လို ခင်ဗျားလည်းသဘော ထားရင်
တကယ်ဖြစ်လာမယ်။ စာတိုက်ပုံးထဲတောင် စာမှန်မှန်ကန်ကန် မထည့်တတ်လောက်အောင် ဖြစ်ခဲ့တယ်။
ဝိညာဉ်တွေအတွက် စိတ်ပူလွန်းလို့ အလုပ်သွားရင်း လမ်းတဝက်မှာ ရပ်နေမိ မတတ်ဖြစ်ခဲ့တယ်။
“ကိုယ်တော်၊ ဒီနေ့ စာဝေဖို့ ခွင့်ပြုမယ်ဆိုရင်၊ ပြီးအောင် ဝေလိုက်မယ်။
ကျွန်တော်အလုပ်ထွက်မယ်။ တရားဟောဆရာကလွဲလို့ ဘာမှမဖြစ်ချင်တော့ဘူး” လို့ ပြောမိတယ်။
D. အထံတော်ပါး ချဉ်းကပ်လေလေ၊ လူနည်းလာလေလေပါ။
Dr. Rice နဲ့ ဘယ်လိုသိခွင့်ရခဲ့တာလဲလို့ လူတယောက်က မေးတယ်။ Sword စည်းဝေးကြီး မှာပါ။ ကျွန်တော့မှာ ဝိညာဉ်
အလင်းကလေးရပြီး၊ သက်သေခံ ဟောစပြုချိန်ပါ။ တူညီတဲ့အရာတွေ အပေါ်မှာ ရပ်တည်ကြ။
ရည်ရွယ်ချက်တွေ တူကြ၊ ဦးတည်ချက်တွေ တူကြရင်၊ တယောက်နဲ့ တယောက်ဆုံမိကြမှာပါ။
“ဟေး၊ ဆရာ့နာမည် ဘယ်သူလဲ?”
“John R. Rice”
“ဆရာ ဒီမှာ ဘာလုပ်သလဲ?”
“ငါက သခင်ယေရှုကို ချစ်တယ်။
ဝိညာဉ်တွေကိုလည်းချစ်တယ်။ ယုံကြည်ခြင်းရဲ့ အဓိက တရားတွေကို ယုံကြည်တယ်။ ဧဝံဂေလိကိုလည်း
ယုံကြည်တယ်။ သီးခြားရပ်တည်တာကို ယုံကြည်တယ်။ ကဲ- မင်းကော ဘယ်သူလဲ? ဒီမှာ ဘာလုပ်နေသလဲ?”
“ကျွန်တော် Curtis Hutson ပါ။ ကျွန်တော်ယုံတာတွေကို ဆရာလည်း ယုံတာကိုး”
ယုံကြည်မှုတူရင် ဒီလိုပဲ ဖြစ်တယ်။
ရှင်ပြန်ထမြောက်ရာနေ့ မနက်မှာ သင်္ချိုင်းမှာ လာတွေပါ” တဲ့ ဖိတ်စာရလို့ မဟုတ်ဘူး။
သူတို့အားလုံး သခင်ယေရှုကို ချစ်ကြလို့ သင်္ချိုင်းမှာ ဆုံမိတယ်။ Dr. Rice နဲ့ ကျွန်တော် ဘာကြောင့် ဆုံမိသလဲ? သခင်ယေရှုကို
ချစ်လို့ပါ။ ဒီအချက်က တွန်းအားပါ။ လူအနည်းစုနဲ့ လက်တွဲ လျှောက်ရတာမျိုး ဖြစ်တယ်။
နှောက်ယှက် ညှင်းဆဲမှုတွေရှိတယ်လို့လည်း ဆိုလိုတယ်။
“ကဲ - အခုတော့ ငါ့ကို အားလုံးချစ်ကြလိမ့်မယ်”
လို့ ထင်ခဲ့ဖူးတယ်။ အဖြူရောင် ဘုရားကျောင်း သေးသေးလေးထဲမှာ တက်သစ်စ
နှစ်ခြင်းတရားဟောဆရာလေးဘဝတုန်းက ဖြစ်စရာရှိတာတွေဟာ အခု ဖြစ်မလာရင်လည်း
နောင်မှာဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဘယ်သူမှလည်း မကဲ့ရဲ့ဘူး။ ခရစ်တော်အတွက်
လူတွေရဖို့ လုပ်လာချိန်၊ စိတ်လှုပ်ရှားလာချိန်၊ တအိမ်ဝင် တအိမ်ထွက် သွားလာချိန်၊
ဘက်စ်ကား အစင်း ၅၀ ဝယ်ပြီး၊ Atlanta မြို့တမြို့လုံးနီးပါး
စတင်ပြေးဆွဲနေချိန်၊ ပြီးခဲ့တဲ့ တနင်္ဂနွေက လူ ၁၃၁ ယောက် ပြောင်လဲတယ်လို့
ကြော်ငြာချိန်မှာတော့၊ လူတွေက ပြောလာပြီ။ “ဟဲ့၊ အားလုံးတကယ် ကယ်တင်ခြင်း ရလို့လား?”
အဲဒီလူတွေအားလုံး ကယ်တင်ခြင်းရတယ်။ မရရင် လူညာတွေ ဖြစ်နေမှာပေါ့။
တယောက်ချင်းစီ အပြစ်အတွက် သခင်ယေရှုကို အားကိုးပြီလို့ ပြောလာတယ်။ သခင်ယေရှုကို
အားကိုးရင်၊ ထာဝရအသက် ရပြီပေါ့။ သခင်ယေရှုက ဒီလိုဘဲ ပြောထားတယ် မဟုတ်လား? ဘုရားစကားမှာ မုသာမပါဘူးလေ။
ရေဒီယိုမှာ လူတယောက်က “ဂျော်ဂျီယာ Georgia ပြည်နယ်ရဲ့ အကြီးဆုံး Sunday school ဆိုပြီး ကြော်ငြာတဲ့ အသင်းတော်တွေ-”
ဆိုပြီး ပြောသွားတယ်။ ဘာကြောင့် သူက အသင်းတော်တွေလို့ ပြောရလဲ? အကြီးဆုံးက တခုတည်းပါ။ Forrest Hill အသင်းတော်လို့
ဘာကြောင့် မပြောတာသလဲ? သူက “ဒီလူတွေ တကယ် ကယ်တင်ခြင်းရရဲ့လား?”
လို့ မေးလိုက်သေးတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ဆီမှာ နှစ်ခြင်ခံယူသူ
၈၇၉ ယောက်ရှိတယ်။ သူ့မှာက ၁၅ ယောက်ပဲ။
ကျွန်တော်က - “မင်းလူတွေ
အားလုံးကယ်တင်ခြင်းရပြီးတော့၊ ငါ့လူတွေက ၅၀% ပဲ ရမယ် ဆိုရင်၊ ငါ့ ၅၀% က မင်း ၁၀၀%
ထက် ပိုများနေတယ်။ ငါ့မှာ ၄၀၀ ဆိုရင် မင်းမှာက ၁၅ ပဲရှိသေးတယ်။ ငါ့လူ ၁၀%
ကယ်တင်ခြင်းရရင်တောင် မင်းလူ ၁၀% ထက် ပိုသေးတယ်။ ငါ့မှာ ၈၇ ယောက် မင်းက ၁၅ ယောက်ပဲ
ရှိတယ်။” လို့ ပြန်ပြောလိုက်တယ်။ တကယ်တော့ သူ့လူတွေလိုပဲ ကျွန်တော့လူတွေလည်း
ကယ်တင်ခြင်း ရတာပါဘဲ။
တချို့က အသင်းတော်ကြီးက လူတွေဟာ
သိပ်မစွံဘူးလို့ ထင်တယ်။ မသိလို့ပါ။ အမေရိကားရဲ့ အကြီးဆုံးအသင်းတော်ကြီးတွေမှာ
သိပ်မြင့်တဲ့ စိတ်ဓါတ်အဆင့်အတန်းတွေ ရှိတယ်။ အသင်းတော်က အကြံပေးသူတွေဟာ
လုံလောက်တဲ့ သွန်သင်မှုတွေ ခံယူပြီးသား လူတွေပါ။
တချို့က ပြောတယ်။ “အေး၊
အဲဒီအသင်းတော်ကြီးဟာ မင်းနဲ့နွယ်ပြီး တည်ဆောက်ထားတာပါ” တဲ့။ ဟုတ်တာပေါ့။ ခင်ဗျား
ဘာမှ မအောင်မြင်ပဲ အရှုံးပြတာ ခင်ဗျားနဲ့ နွယ်နေတယ်မဟုတ်လား? Sword of the
Lord ဟာ Dr. John R. Rice နဲ့ ဆက်နွယ်ပြီး တည်ထောင်ထားတာပါ။
E.J. Daniel ရဲ့ ဧဝံဂေလိ လုပ်ငန်းတွေဟာ E.J. Daniel နဲ့ ဆက်နွယ်ပြီး တည်ထောင်ထားတာပါ။ Bill Rice ထူထောင်
ရေးစခန်းဟာ Bill Rice နဲ့ ဆက်နွယ် တည်ထောင်ထားတာပါ။
ခင်ဗျားမှာရှိတဲ့ သေးငယ်တဲ့ လုပ်ငန်းတွေဟာလည်း ခင်ဗျားနဲ့ ဆက်နွယ်
တည်ဆောက်ထားတာမဟုတ်လား?
အလိုတော်ဆောင်တယ်ဆိုတာ
အနှောက်အယှက်၊ အညှဉ်းအဆဲလို့လည်း ဆိုလိုတယ်။ လူကောင်းဆိုတဲ့ နာမည်ကလွဲလို့ ရှိသမျှ
နာမည်ပေါင်းစုံ ကျွန်တော့ကို ပေးတယ်။ နှောက်ယှက်တဲ့စာတွေ၊ ဖုန်းတွေ ခဏခဏ လာတယ်။
ဒီလို အကန်ခံရလေလေ ခေါင်းဆောင်ဖြစ်လေလေ လို့ မှတ်ပါ။ အာမင်!။ အလိုတော် ဆောင်တာဟာ
အလုပ်ထွက်တာပါ။ လူနည်းစုနဲ့ လက်တွဲတာပါ။ အညှင်းဆဲခံတာပါ။ နားလည်လွဲခံရတာပါ။
ဆက်ကပ်မှုပါ။ ဘာဘဲဖြစ်ဖြစ် သခင်ယေရှုကို “အကျွန်ုပ်အလိုအတိုင်း မဖြစ်ပါစေနှင့်။
ကိုယ်တော်အလိုတော်အတိုင်း ဖြစ်ပါစေသော” လို့ ပြောဖို့ လိုတယ်။
အမေရိကန်ပြည်ရဲ့
တရားဟောဆရာတိုင်းကသာ ဒီစကားကို စိတ်ပါလက်ပါ ပြောလာကြရင်၊ ဘယ်လောက်ကောင်းမလဲ? မအောင်မြင်တာကို ဆင်ခြေတွေပေးနေမယ့်အစား၊ အပြည့်အဝ၊ မပြောင်းမလဲ၊
လုံးဝဆက်ကပ်မှု မရှိလို့ပါလို့ ဝန်ခံသင့်တယ်။ “ကျွန်တော် ညံ့လို့ပါ၊
မရိုးသားလို့ပါ” လို့ ဘုရားသခင်ရှေ့မှာ ဝန်ခံဖို့ မလိုဘူးလား?
“နာမည်ကြီး ခရစ်ယာန်တို့ရဲ့ နက်ရှိုင်းတဲ့
အတွေ့အကြုံများ” Deeper Experiences of Famous Christians - စာအုပ်နဲ့
တခြား စာအုပ်တချို့ကို ဖတ်ရချိန်မှာ တရားဟောဆရာဘဝက ထွက်မလား၊ (သို့) အဲဒီ
ခရစ်ယာန်ကြီးတွေရဲ့ ခံစားခဲ့ရတာတွေ ကျွန်တော့ကို ဘုရားသခင်ပေးမလားလို့ စဉ်းစားစရာ ဖြစ်သွားတယ်။
“အဲဒီဆရာကြီးတွေ ရခဲ့သလို ကျွန်တော်မရရင် တရားမဟောချင်တော့ဘူး” လို့ ဆုတောင်းမိတယ်။
စနေနေ့ မနက်စောစောထပြီး တနေ့လုံး
ဆုတောင်းတယ်။ တညလုံး ဆက်တောင်းတယ်။ တနင်္ဂနွေ မနက်ရောက်လို့ လူတွေ ရောက်လာတဲ့အထိ Sunday school အခန်းထဲမှာ ကျွန်တော်ရှိနေတုန်းပဲ။ အဲဒီနေရာမှာ စနေနေ့ မနက်ကတည်းက
ကျွန်တော် ရောက်နေတယ်။ စာတန်က ပြောတယ်။ “Dr. Jack Hyles တို့၊
Dr. Lee Roberson တို့၊ Dr. John R. Rice တို့လို လူတွေက နည်းနည်းပဲရှိတယ်” တဲ့။
ကျွန်တော် ဆုတောင်းတယ်။ “ကျွန်တော်
John
R. Rice မဖြစ်ချင်ဘူး။ Jack Hyles လည်း
မဖြစ်ချင်ဘူး။ Lee Roberson လည်း မဖြစ်ချင်ဘူး။ Curtis
Hudson ပဲ ဖြစ်ချင်တယ်။ ဝိညာဉ်မီး တောက်လောင် ချင်တယ်။ သူတို့ရတဲ့
ဝိညာဉ်မီးကို နည်းနည်းမရနိုင်ဘူးလား? မရနိုင်ရင်တော့ စာပို့တဲ့
အလုပ်ပဲ ပြန်လုပ်မယ်။” ဘုရားသခင် မပေးလောက်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်တော်
သိပ်တောင့်တခဲ့တယ်။ မရရင် သေမယ် ဆိုသလောက် ဖြစ်ခဲ့တယ်။ သခင်ယေရှုပြောသလို
“အကျွန်ုပ် အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း
ဖြစ်ပါစေသော။ ဘာဘဲဖြစ်ဖြစ် အလိုတော်အတိုင်း ဖြစ်ပါစေ၊ အသင့်ပါဘဲ” လို့
စိတ်ဆန္ဒဖြစ်ခဲ့တာပါ။
ကဲ ၊ ဘယ်အုပ်စုထဲမှာ ပါနေလဲ? အခု ဥယျာဉ်စပ်မှာ ထိုင်နေကြသလား? မလှမ်းမကမ်းမှာပဲ
ရောက်နေသလား? ခဏလေး ဆုတောင်းပြီး အိပ်ပဲ အိပ်ငိုက်နေသလား?
သခင်ယေရှုလို “အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။
ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” ဆိုတဲ့ အတွေအကြုံ မျိုးရနေပြီလား? ကောင်းကောင်းသိလှပြီလို့ မဆိုချင်ပေမယ့် အများစုကတော့ အနီးအပါးမှာ နေတာ မဟုတ်ဘူး
လို့ ထင်တယ်။ သူတို့ လိုချင်တဲ့နေရာရရင် သခင်ယေရှုရဲ့ အလုပ်ကို လုပ်ပေးမယ်။
လိုချင်တဲ့ ရာထူးရရင် သခင်ယေရှုရဲ့ အမှုတော်ကိုဆောင်မယ်။ နေချင်တဲ့ ပြည်နယ်မှာ
နေရရင် သခင်ယေရှုရဲ့ အလုပ်ကို လုပ်ပေးမယ်။ ဒါပေမယ့် သခင်ယေရှုနဲ့ နီးနီးနေတဲ့ သူက
နည်းတယ်။ သခင်ယေရှုနဲ့ နီးနီးနေသူတွေမှာ အကြီးမားဆုံး တာဝန်တွေ ရှိနေတယ်။
အဲဒီလိုလူတွေကို သခင်ယေရှုက “ငါ မင်းကို သုံးချင်တယ်” လို့ ပြောတယ်။
အမေရိကန်ပြည်ရဲ့ အကြီးမားဆုံး
အသင်းတော်တရာမှာ ဦးဆောင်တဲ့ သင်းအုပ်တွေထဲက ၃၂ ယောက်သောသူတွေဟာ ကျမ်းစာကျောင်း
တက်ဖူးသူမဟုတ်တာ ဘာကြောင့်လဲ? ဘုရားက ပညာတတ်ကို ရှာတာမဟုတ်ဘဲ ဆက်ကပ်သူကို
ရှာနေလို့ပါ။ အစွမ်းအစရှိသူကို ရှာနေတာမဟုတ်ဘဲ၊ စိတ်ချရသူကို ရှာနေလို့ပါ။
အဲဒီလို တကယ်ဆက်ကပ်တဲ့သူကို ဘုရားက
အားကြီးစွာ အသုံးပြုတယ်။ လုပ်ကွက်လည်း ပွင့်လာစေတယ်။ လူ့သဘော အရ ဆင်ခြင်ရင်းနဲ့
ကျွန်တော်တရားဟောဆရာ ဖြစ်လာတာမဟုတ်ဘူး။ ကျွန်တော်လည်း ဆင်ခြင်တတ်တယ်။ Dr. Hyles ပြောတဲ့ လက်မ,စုပ်သူ တယောက်အကြောင်း ကြားဖူးတယ်။
ကျွန်တော် ဘယ်တော့မှ လက်မ, မစုပ်ဘူး။ ဒါပေမယ့်
သူများပြောမှာတော့ တကယ် ကြောက်ခဲ့တယ်။ လူညံ့ တယောက် ဆိုပါတော့။ လူကြောက်တယောက်
ဟန်ဆောင်သလို ကျွန်တော် ဟန်မဆောင်ဘူး။ ဒါပေမယ့် ကြောက်တဲ့အတွေး ရှိတယ်။ ကျွန်တော်
ကြောက်တတ်တယ်။ ဘုရားအသုံးပြုတောင် မခံထိုက်ဘူး။
ကျွန်တော်ဖြစ်သင့် ဖြစ်ထိုက်တာထက်
ဘုရားသခင်က ပိုဖြစ်လာစေတာပါ။ အစွမ်းအစ ရှိသူတွေကို ဘုရား လိုက်ရှာနေတာ မဟုတ်ဘူး။
ဆက်ကပ်မယ့်သူကိုသာ ရှာနေတာပါ။ ရှိသမျှကို ဘုရားသခင်ထံ အပ်နှံလိုက်ပါ။ ။
No comments:
Post a Comment