Tuesday, May 21, 2013

09. The Behavior of Believers (BREAD FOR BELIEVERS) ယုံကြည်သူရဲ့ အပြုအမူ

Dr. Curtis Hutson
-------------------------------------------------------------------------------------------------------
အခန်း ၉
--------------------------------------------------------------------------------

ယုံကြည်သူရဲ့ အပြုအမူ

 ထိုသို့ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘောကျလျှက်ရှိ၏။” ဟေဗြဲ ၆း ၉။

 မကြာသေးခင်က လေ့လာမှုတွေအရ အမေရိကန်ပြည်ရဲ့ မဲပေးနိုင်သူ ၃ ယောက်တိုင်းမှာ တယောက်က အသစ် မွေးဖွားပြီးသူ born again တွေလို့ သိရတယ်။ ဒီစစ်တမ်းအရ ယုံကြည်သူတွေဟာ ဧဝံဂေလိတရား ဟောပြီး ဝိညာဉ်ရေးအရ အားကြီးစွာနဲ့ ကမ္ဘာကို ပုံသွင်းနိုင်တယ်။ ကျွန်တော်တို့သာ ခရစ်ယာန် တရားတော်ကို အလေးထားမယ် ဆိုရင်ပေါ့။

 ဒီနေ့ခရစ်ယာန်ဘာသာမှာ ခက်တာက သာမန်ခရစ်ယာန်တွေများနေတာပါ။ အဲဒီ ခရစ်ယာန်တွေဟာ ဘာနဲ့တူသလဲဆိုတော့ “ခရစ်ယာန်ဖြစ်တာ ကြာပြီလား” လို့မေးတဲ့အခါ “ခရစ်ယာန် ဖြစ်လိုက်၊ မဖြစ်လိုက်နဲ့ အနှစ် ၄၀ နီးပါးရှိပြီ။” လို့ ဖြေတဲ့သူနဲ့ တူနေတယ်။ အများစုက ဖြစ်လိုက်၊ မဖြစ်လိုက်ပါပဲ။

Henry Drummond က ပြောတယ်။ “လောကကြီးမှာ လိုနေတာက လူ ပိုများဖို့ မဟုတ်ဘူး။ ပိုကောင်းတဲ့ လူတွေ ရှိလာဖို့ပဲ လိုတယ်” တဲ့။ Billy Sunday ကလည်း “အသင်းတော်မှာ လိုတာက အသင်းသား အသစ်တွေ မဟုတ်ဘူး။ အသစ်ပြုပြင်ထားတဲ့ အသင်းသားအဟောင်းတွေပါ” တဲ့။

အသင်းတော်အများစုဟာ တကယ်အသက်ရှုတဲ့ ဆဲလ်ပြွန်နည်းနည်းပဲပါတဲ့ မကျန်းမာတဲ့ အဆုပ်တခုနဲ့ တူနေတယ်။ ခရစ်ယာန်လို့ အမည်ခံသူတိုင်း ကျမ်းစာအမြင်နဲ့ ကြည့်လို့ အောင်မြင်တဲ့ ခရစ်ယာန်တွေ ဖြစ်နေရင်၊ တိုင်းပြည်အပေါ်မှာ ကြီးမားတဲ့ ဝိညာဉ်ရေး သက်ရောက်မှုတွေ ဖြစ်နေမှာပါ။

အခု- ဒီတရားဒေသနာမှာ ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတဲ့ အချက်တွေ၊ တနည်းအားဖြင့် အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ အချက် (၇) ချက်ကို ဝေငှပါမယ်။ ကယ်တင်ခြင်းရဖို့ လိုတာက သခင်ယေရှု ခရစ်ကို ယုံကြည်ဖို့ပါပဲ။ ယော ၃: ၃၆ မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” အခု ဝေငှမှာက ကယ်တင်ခြင်းရဖို့ မဟုတ်ဘူး။ ရထားတဲ့ ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတာတွေပါ။

(၁) ခရစ်တော်ကို လူရှေ့ထင်ရှား ၀န်ခံပါ။
  CONFESS  CHRIST PUBLICLY

ပထမ - ခရစ်တော်ကို လူရှေ့ထင်ရှား ဝန်ခံဖို့ လိုတယ်။ ရောမ ၁၀: ၁၀ မှာ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” ပြီးတော့ သခင်ယေရှုက မဿဲ ၁၀: ၃၂ -၃၃ မှာ “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ့ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။

လူရှေ့ဝန်ခံခြင်းဟာ ကယ်တင်ခြင်းအတွက် မရှိမဖြစ်မဟုတ်ပေမယ့် ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတယ်။ “ခရစ်ယာန်အများစုဟာ Arctic အာတစ်မြစ်လိုပဲ ပါးစပ်ထဲမှာ ရေခဲနေတယ်လို့” လူတစ်ယောက်က ဆိုဖူးတယ်။ တခြားလူတွေ၊ တခြားအကြောင်းတွေအတွက် ရပ်တည်ရဲပေမယ့် ခရစ်တော်အတွက် ရပ်တည်ဖို့လိုလာတဲ့အခါ ယုံကြည်သူတွေဟာ ဝိညာဉ်ရေးမှာ သူရဲဘောကြောင် လာတတ်တယ်။

ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးပြီးသူတိုင်းဟာ အသင်းတော် ဝတ်ပြုစည်းဝေးမှာ ရှေ့ထွက်ပြီး ယုံကြည်ကြောင်း ဝန်ခံသင့်ပါ။ ခရစ်တော်ကို အားကိုးပြီးတာကို တခြားသူတွေပါ  သိစေချင်ကြောင်း တရားဟောဆရာကို ပြောပြပါ။ ခရစ်တော်ကို အားကိုးပြီးတာနဲ့ ကိုယ့်အတွက် ဆုတောင်းပေးနေတဲ့ မိတ်ဆွေတွေကို ဝမ်းသာအားရ ပြောပြပါ။ အဝေးက ဆုတောင်းပေးနေတဲ့ မိဘတွေရှိရင်လည်း ပြောင်းလဲပြီလို့ ဖုန်းနဲ့ ပြောပြပါ။ ကိုယ့်အလံကို ခေါက်မသိမ်းဘဲ ရဲရဲဝံ့ဝံ့ လွှင့်တင်ပါ။ တိတ်တဆိတ် တပည့်တော်မျိုး မဖြစ်ပါစေနဲ့။

(၂)
  အသင်းတော်တစ်ပါးမှာ အသင်းသားအဖြစ် ပါ၀င်ပါ။ CHURCH MEMBERSHIP IN THE LOCAL CONGREGATION IS THE NEXT STEP

ဒုတိယအဆင့်က  အသင်းသားအဖြစ် ပါဝင်ပါ။ ဒါက ခရစ်ယာန်ဖြစ်ချင်လို့ အသင်းတော်မှာ ပါဝင်တာ မဟုတ်ဘူး။ အသင်းသားဖြစ်တာနဲ့ ကယ်တင်ခြင်းဟာ ဆက်နွယ်နေလို့ပါ။ Billy Sunday  ပြောလေ့ရှိတယ်။ “ကားဂိုဒေါင်ထဲ ဝင်လိုက်ရုံနဲ့ ကားတစ်စီး ဖြစ်မသွားသလိုပဲ အသင်းတော်ထဲပါဝင်ရုံနဲ့ ခရစ်ယာန် ဖြစ်မသွားဘူး။” တဲ့။ အသင်းသားဖြစ်တာနဲ့ ကယ်တင်ခြင်းရတာ မဆိုင်ပေမယ့် အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့တော့ ဆိုင်ပါတယ်။ ဟေဗြဲ ၁၀း ၂၅ မှာ “လူအချို့တို့၏ ထုံးစံရှိသည့်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။

တမန် ၂: ၄၁ မှာ “ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင် မျှလောက်သော သူတို့သည် ဝင်ကြ၏။” ဒီကျမ်းချက်မှာ ဘုရားပေးတဲ့ အစီအစဉ် ရှိပါတယ်။ ယုံကြည်၊ နှစ်ခြင်းခံ၊ ပြီးရင် အသင်းဝင်ဖို့ ဖြစ်တယ်။

ကျွန်တော့အတွေ့အကြုံအရ အသင်းတော်တစ်ပါးမှာ မပါဝင်ဘဲ၊ အဲဒီအသင်းတော်အပေါ် သစ္စာမရှိဘဲ၊ အောင်မြင်တဲ့ ယုံကြည်သူတစ်ယောက် ဖြစ်လာလေ့မရှိဘူး။ ဓမ္မသစ်မှာ “အသင်းတော်” လို့ (၁၁၇) ကြိမ်ရှိတဲ့အနက် (၉၅) ကြိမ်ဟာ ဒေသတွင်းရှိ အစုအဝေးလို့ ဆိုလိုတယ်။

ဘယ်အသင်းတော်မှာ ပါရမယ်လို့ ကျမ်းစာက အတိအကျ မပြောဘူး။ ဥပမာ၊ ကျမ်းစာက “အဲဒီ.. အဲဒီ မြို့က နှစ်ခြင်းအသင်းတော်မှာ ပါဝင်ရမယ်လို့ မပြောဘူး။ ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို မျှော်လင့်ရမယ်။ ကိုယ့်မြို့က ကျမ်းစာယုံကြည်တဲ့ ကောင်းတဲ့ ဘုရားကျောင်းတွေကို လှည့်တက်ကြည့်ပါ။ ဘုရားသခင် ရွေးချယ်ပေးတဲ့ အသင်းတော်ဖြစ်ဖို့ ဆုတောင်းပါ။ ဘယ်အသင်းတော်လို့ ကျမ်းစာက အတိအကျမပြောပေမယ့် ဘယ်အသင်း တော်မျိုးမှာ ပါဝင်ရမယ်ဆိုတဲ့ သဘောထားမျိုးတော့ ပေးပါတယ်။

ပထမအချက်အနေနဲ့ ကျမ်းစာကို ဦးထိပ်ထားတဲ့ ဖန်တယ်မင်တယ်လ်အသင်းတော် Fundamental church ဖြစ်သင့်တယ်။ ဆိုလိုတာက သင်းအုပ်က “အပျိုကညာမှ ဖွားမြင်ခြင်း၊ အသွေးဖြင့် တစ်ခါတည်း အပြစ်ဖြေခြင်း၊ သခင်ယေရှု ကိုယ်ခန္ဓာနဲ့ ရှင်ပြန်ထမြောက်ခြင်း၊ ကျမ်းစာကို တလုံးစီအပြည့်အဝ မှုတ်သွင်းခြင်း၊ ခရစ်တော်ကိုယ်တိုင် ဒုတိယအကြိမ်ကြွလာခြင်း စတာတွေကို ယုံကြည်ရမယ်။ ဒီယုံကြည်ခြင်းရဲ့ အဓိကတရားတွေကို ယုံကြည်ရုံသာမဟုတ်၊ အဲဒီ အရေးကြီး ဩဝါဒတွေအတွက် မကြောက်မရွံ့ ရပ်တည်ရဲတဲ့ သင်းအုပ် ဖြစ်ရမယ်။

ဒုတိယအချက်အနေနဲ့ မှားယွင်းတဲ့ သွန်သင်ခြင်းတွေနဲ့ သီးခြားခွဲနေတဲ့ အသင်းတော်တစ်ပါး ဖြစ်ရမယ်။ ခေတ်သစ်ဘုရားမဲ့အယူ Modernism ကို ထောက်ခံတဲ့ အသင်းတော်မှာ မပါဝင်သင့်ဘူး။ နောက်ပေါက် တရားဟောဆရာလေးတွေကို ကျမ်းစာဟာ ဘုရားနှုတ်ကပတ်တော် မဟုတ်ဘူးလို့ သွန်သင်တဲ့ သောကောရောကော လစ်ဘရယ်လ် Liberal ဆရာတွေကို လစာထောက်ပံ့တဲ့ အသင်းတော်မှာ မပါဝင်သင့်ဘူး။ ပါဝင်မိရင်လည်း အတတ်နိုင်ဆုံး ချက်ခြင်းနှုတ်ထွက်ပြီး ခေတ်သစ် ဘုရားမဲ့အယူ Modernism ၊ သောကောရောကောအယူ Liberalism နဲ့ မှားယွင်းတဲ့ အယူတွေကို ငြင်းပယ်ပြီး၊ ယုံ ကြည်ခြင်းရဲ့ အဓိက တရားတွေကို စွဲလန်းတဲ့ အသင်းတော်မှာ ကူးပြောင်းပါဝင်သင့်တယ်။

တတိယအနေနဲ့ ဝိညာဉ်ကယ်တင်ခြင်းလုပ်တဲ့ အသင်းတော်ဖြစ်သင့်တယ်။ အသင်းတော်ရဲ့ အဓိက ရည်ရွယ်ချက်က ဝိညာဉ်တွေကို ကယ်ဖို့ပါ။ ဒါဟာ အဓိကအလုပ်ပါ။ ဒီအလုပ်ပြီးမြောက်ဖို့သာ တခြားအရာတွေက ပံ့ပိုးရတာပါ။ အသင်းတော်မှာ တနင်္ဂနွေ တော်တော်များများ တက်ပေမယ့် တစ်ယောက်မှ ပြောင်းလဲတာကို မမြင်ရရင် မပါဝင်သင့်ဘူး။ သင်းအုပ်ကိုယ်တိုင်ကလည်း တတ်နိုင်သလောက် ကယ်တင်ဖို့ စိတ်မဝင်စားရင် ပါဝင်လက်မတွဲသင့်တော့ဘူး။ အသင်းတော်မှာ အဓိကအလုပ်ဟာ ဝိညာဉ်ကယ်တင်ခြင်း Soul winning ပဲ ဖြစ်သင့်တယ်။ ဒီအချက်ကို အဓိကထားရင် ဒီလိုမျိုး အသင်းတော်ရှိရာအရပ်ကို မိုင်တစ်ရာ အသွားအပြန် သွားရလည်းပဲ ပါဝင်သင့်ပါတယ်။

အချက် ၄၊ သင်းအုပ်ဟာ ကျမ်းစာအသင်ကောင်းတဲ့ ဆရာဖြစ်သင့်တယ်။ ဘုရားကျောင်း တက်တိုင်း ကျမ်းစာသင်ယူတဲ့ အတွေ့အကြုံ ရှိဖို့ လိုတယ်။ ဘုရားကျောင်းတက်တာ သင်ကြားခံယူဖို့ပါ။ ဝတ်ပြု စည်းဝေးတိုင်းဟာ ဧဝံဂေလိသဘော ဖြစ်သင့်ပေမယ့် ဆန်းဒေးစကူး Sunday School နဲ့ ဆုတောင်း စည်းဝေးတွေမှာ ကျမ်းစာသင်ချိန် ရှိသင့်တယ်။ ဘုရားကျောင်းဆိုတာ ယုံကြည်သူတွေ သင်ကြားခံယူရာ နေရာ ဖြစ်တယ်။ မိတ်ဆွေဖွဲ့ရာ ဝိညာဉ်ကယ်တင်ခြင်း ပူးပေါင်းပါဝင်လုပ်ဆောင်ရာ ကမ္ဘာကို သာသနာပြုဖို့ ကူမရာ နေရာ ဖြစ်တယ်။

တခြားမြို့ကို ပြောင်းရတော့မယ်ဆိုရင် အဲဒီမြို့က အသင်းတော်တစ်ပါးမှာ အတတ်နိုင်ဆုံး အမြန် ပါဝင်သင့်တယ်။ ယုံကြည်သူတိုင်း အသင်းဝင် ဖြစ်သင့်ပြီး ပါဝင်တဲ့အသင်းတော်အပေါ် ဘုရားကျောင်း တက်ခြင်း၊ ဆုတောင်းပေးခြင်း အလှူငွေပေးခြင်းအားဖြင့် သစ္စာရှိသင့်ပါတယ်။

 (၃) ကျမ်းစာ နေ့စဉ်လေ့လာဖို့ ဆက်ကပ်ပါ။  CONCENTRATE DAILY ON THE STUDY OF GOD’S  WORD

အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ တတိယအဆင့်ကတော့ ဘုရားနှုတ်ကပတ်တော် လေ့လာခြင်း ဖြစ်တယ်။ ကျမ်းစာသင်ယူတာဟာ ကယ်တင်ခြင်းရဖို့ မဟုတ်ပေမယ့်၊ ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတယ်။ ၁ပေ ၂: ၂ မှာ “ကယ်တင်ခြင်းအလို့ငှာ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည့်အကြောင်း၊ ဘွားစသော သူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သော စိတ်ရှိကြလော့။” ရှင်ပေတရုက “ဘွားစကလေးတွေ နို့ဆာသလို မွေးဘွားစ ယုံကြည်သူတွေ နှုတ်ကပတ်တော် ဆာငတ်သင့်တယ်” လို့ ဆိုချင်ပုံ ရတယ်။ သခင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံလိုက်တာနဲ့ တပြိုင်နက် ချက်ချင်း နှုတ်ကပတ်တော်ကို ဆာငတ်သလားတော့ ကျွန်တော် မသိဘူး။ သင်ကြားခံယူမှု သိပ်မရှိသေးဘူး။ ထပ်လေ့လာလေလေ ထပ်သိချင်လေလေပါ။ ခရစ်ယာန်တစ်ယောက် ကြီးထွားဖို့ နှုတ်ကပတ်တော် အစာစားခြင်းဟာ မရှိမဖြစ် အရေးကြီးပါတယ်။

လူတစ်ယောက်က ပြောတယ်။ “ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ လိုအပ်လာတဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ ရင့်ကျက်တဲ့သူ အလုံအလောက် မရှိဖူးဘူး။” လို့ ဆိုတယ်။ တရားဟောဆရာ အတွေ့အကြုံ အရ ပြောရရင် “အသင်းတော် သမိုင်းတစ်လျှောက်လုံး မှာ ရင့်ကျက်တဲ့ ယုံကြည်သူတွေ အလုံအလောက် မရှိခဲ့ဘူး။” လို့ ဆိုချင်တယ်။ အမေရိကန်ပြည်မှာရှိတဲ့ ခရစ်ယာန်လို့ အမည်ခံသူတိုင်းဟာ အားကြီး ရင့်ကျက်တဲ့ ခရစ်ယာန်တွေဖြစ်ခဲ့ရင် ကမ္ဘာကြီးကို ဘုရားသခင်အတွက်၊ အမှန်တရားအတွက် ပုံဖေါ်နိုင်ကြမှာပါ။

လူဟာ စားတဲ့အတိုင်း ဖြစ်တယ်ဆိုတဲ့ ကျန်းမာရေး မဂ္ဂဇင်းတစ်စောင် ဖတ်ရတယ်။ ဝိညာဉ်ရေးမှာလည်း စားတဲ့အတိုင်း ဖြစ်တတ်တယ်။ ဒါကြောင့် ယုံကြည်သူတွေဟာ ညစ်ညမ်းစာပေနဲ့ မဂ္ဂဇင်းတွေကို ရှောင်ပြီး ဘုရားနှုတ်ကပတ်တော်ထဲက  အစာကောင်းတွေ စားရမယ်။ ပြီးတော့ ယုံကြည်သူဟာ “ရှက်ကြောက်စရာ အကြောင်းမရှိဘဲ” လုပ်ဆောင်သူတစ်ယောက် ဖြစ်တဲ့အတွက် ဘုရားနှုတ်ကပတ်တော်ကို လေ့လာဖို့ မရှိမဖြစ် အရေးကြီးတယ်။ ၂တိ ၂: ၁၅ မှာ “ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ ဆရာသမား ဖြစ်လျှက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။” ယုံကြည်သူဟာ ဝိညာဉ် ကယ်ဖို့ ကျမ်းစာဗဟုသုတ ရှိရမယ်။ ကျမ်းစာဟာ စင်ကြယ်မှုကိုလည်း ဖြစ်စေတယ်။ ယော ၁၅: ၃ မှာ သခင် ယေရှုက “ သင်တို့သည် ငါဟောပြောသော စကားအားဖြင့် ယခုပင် ရှင်းလင်းလျှက်ရှိကြ၏။” ယော ၁၇: ၁၇ မှာ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပါတ်သည် သမ္မာတရား ဖြစ်ပါ၏။” လို့ ဆုတောင်းခဲ့တယ်။

လူတစ်ယောက်က သူ့သင်းအုပ်ကို “ကျွန်တော်ဖတ်တာ ဘာမှ မမှတ်မိတော့တဲ့အခါ မျမ်းစာ ဆက်ဖတ်သင့် သေးသလား?” လို့ မေးတယ်။ ပညာရှိတဲ့ သင်းအုပ်ဆရာကြီးက ခဏစဉ်းစားပြီး၊ ပြန်ဖြေတယ်။ “ဟေ! မမှတ်မိရင်လည်း ဆက်ဖတ်ကွာ။ ဇကာထဲကို ရေလောင်းလိုက်တဲ့အခါ ဇကာပေါ်မှာ ရေမတင်ပေမယ့် ရေကြောင့် ဇကာတော့ သန့်သွားလိမ့်မယ်။” တဲ့။

လူတစ်ယောက်ရဲ့ ကျမ်းစာအုပ် ရှေ့ဆုံးစာမျက်နှာမှာ ရေးထားတဲ့ စကားလေးတစ်ခွန်း အမှတ်ရမိတယ်။ “ဒီကျမ်းစာအုပ်ဟာ အပြစ်မလုပ်အောင် တားပေးလိမ့်မယ်။ အပြစ်က ဒီကျမ်းစာကို မဖတ်ချင်အောင် တားဆီးလိမ့်မယ်။” ဒီစကားဟာ တကယ်မှန်တဲ့ စကားပါ။ ကျမ်းစာဖတ်ဖို့ အချိန် တစ်ချိန် ရယ်လို့ နေ့တိုင်း သတ်မှတ်ထားပါ။ D. L. Moody က ဆုတောင်းတာဟာ ဘုရားသခင်ကို စကားပြောတာပါ။ ကျမ်းစာဖတ်တာဟာ ဘုရားသခင်က လူကို ပြန်ပြောတာပါ။ နားထောင်မှုကို ပို ဦးစားပေးရမယ်။ ကျမ်းစာ ပုံမှန်မဖတ်ဘဲ အောင်မြင်တဲ့ ခရစ်ယာန် ဖြစ်မလာနိုင်ဘူး။

    (၄) နေ့တိုင်း ဆုတောင်းပါ။  COMMUNE  DAILY  WITH  GOD  IN  PRAYER

အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ စတုထ္တအချက်ကတော့ နေစဉ် ဆုတောင်းခြင်းပါ။ “ပဌာနာတော်” ဟာ နေ့တိုင်း ဆုတောင်းဖို့ ပေးထားတာပါ။ “အသက်မွေးလောက်သော အစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။” (မဿဲ ၆: ၁၁) ဒီဆုတောင်းဟာ နောက်နေ့တွေလည်း ထပ်ဆုတောင်းဖို့ ဖြစ်တယ်။ တပတ်မှ တခါပဲ ဆုတောင်းခိုင်းရင်တော့ “တပတ်စာ အစာကို ယနေ့ ပေးသနားတော်မူပါ” လို့ တောင်းခိုင်းမှာပေါ့။ လုကာ ၁၈: ၁ မှာ “လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်။” ၁သက် ၅:၁၇ မှာ “မခြားမလပ် ဆုတောင်း ပဌာနာပြုကြလော့။” ဆာလံ ၅: ၃ မှာလည်း “အိုထာဝရဘုရား ၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။

နေ့တိုင်းဆုတောင်းသင့်တဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ ပထမအချက်က ရပေါက်ရလမ်း အဖြစ် ပြင်ဆင်ပေးထားလို့ပါ။ မဿဲ ရ: ရ မှာ “တောင်းကြလော့။ တောင်းလျှင်ရလိမ့်မည်။” ယာကုပ် ၄: ၂ မှာ “မရကြ။- အကြောင်းမူကား ဆုမတောင်းဘဲနေကြ၏။” နေ့တိုင်းဆုတောင်းရင် ဘာတွေ ရလာမယ် ဆိုတာ အံ့ဩစရာပါ။ အများကြီးတောင်းဖို့လည်း မဝံ့မရဲ မဖြစ်ပါနဲ့။

နပိုလီယန်ရဲ့ စစ်သားတစ်ယောက်က မယုံနိုင်လောက်တဲ့ တောင်းဆိုမှုတခု တောင်းဖူးတယ်။ တခြားစစ်သားတွေက သူ့ကိုရယ်တယ်။ “ဘယ်တော့မှရမှာ မဟုတ်ဘူး။ ဒီလောက်အများကြီး တောင်းထားတာ” လို့ ပြောကြတယ်။ ဒါပေမယ့် အားလုံး အံ့ဩစရာပါ။ နပိုလီယန်က အဲဒီစစ်သားကို ခေါ်ပြီး၊ “မင်း အဲဒီလောက်တောင်းတာဟာ ငါ့ကို ဂုဏ်ပြုလိုက်တာပဲ။ ပေးရမှာပေါ့” လို့ ပြောခဲ့တယ်။

ဘုရားက ကြီးမားတဲ့အရာတွေကို တောင်းစေချင်တယ်။ ဆာလံ ၈၁: ၁၀ မှာ “သင်၏ နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာကျွေးမည်။” ကျွန်တော်ဘဝမှာလည်း အများကြီးရဖူးတယ်။

၁၉၆၁ မှာ စာတိုက် အလုပ်ကထွက်တော့ စားဝတ်နေရေးအတွက် ဘုရားကိုပဲ အားကိုးတယ်။ ဆုတောင်းလို့ အဖြေတွေ အံ့ဩဖွယ် ရတယ်။ တညမှာတော့ ဇနီးသည်နဲ့အတူ မီးဖိုချောင်ထဲမှာ အကြွေး မပေးနိုင်လို့ ဝမ်းနည်းနေတယ်။ အကြွေးစာရွက်တွေကို ပေါင်းအိုးပေါ်မှာ ထပ်တင်လိုက်ပြီးတော့ လက်တင် ဆုတောင်းကြတယ်။

ဆုတောင်းလို့ တဝက်လောက်ရောက်တော့ တံခါးခေါက်သံကြောင့် ရပ်သွားရတယ်။ ညည့်သန်းခေါင် အချိန်ကြီးပါ။ ဇနီးမောင်နှံ နှစ်ယောက် ငိုပြီး အိမ်ရှေ့မှာ ရပ်နေတာတွေ့ရတယ်။ ချက်လက်မှတ် တစ်စောင် ထုတ်ပေးပြီးတော့ “ဘုရားသခင်က ကျွန်တော်တို့ကို နှိုးပြီးတော့ ဆရာတို့ကို ဒီငွေတွေ သွားပေးဖို့ ပြောတယ်” တဲ့။ သူတို့ထွက်သွားပြီး ၊ ချက်လက်မှတ်ကို ကြည့်လိုက်တော့ လိုနေတဲ့ငွေ အရေအတွက် အတိအကျပဲ။

ဆုတောင်းခြင်းဟာ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းခံရဖို့ နည်းတစ်ခုလည်း ဖြစ်တယ်။ ၁ယော ၁: ၈-၉ မှာ “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရား မရှိ။- ကိုယ်အပြစ်တို့ကို ဖေါ်ပြ တောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊  ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ကျွန်တော့သဘောက ဘယ်သူကိုမှ အပြစ်မပြုစေချင်ဘူး။ ခရစ်တော်ကို လက်ခံစတုန်းကဆိုရင် ဘယ်တော့မှ အပြစ်မပြုမိတော့ဘူးရယ်လို့ ရမ်းသမ်း ထင်ခဲ့မိတယ်။ အပြစ်ဘယ်တော့မှ မလုပ်တော့ဘူး လို့တောင် ဘုရားကို ဂတိပေးခဲ့မိပေမယ့် အပြစ်ကတော့ လုပ်မိတာပါပဲ။ ဒါပေမယ့် ကျေးဇူးတော်ကြောင့်  တောင်းပန်ရင် ခွင့်လွှတ်ခြင်းနဲ့ စင်ကြယ်ခြင်း ရနိုင်ပါတယ်။

ကျွန်တော်သား ငယ်ငယ်တုန်းက စားသောက်ခါနီး ကောင်းကြီးတောင်းခိုင်းဖူးတယ်။ သူအများကြီး တောင်းပါတယ်။ ပြီးမှ “ဘုရားသခင် ကျွန်တော့အပြစ်ရှိသမျှကို ကောင်းကြီးပေးပါ” လို့ ဆက်တောင်းတယ်။ ကျွန်တော် အသံတိတ်ရယ်ပြီးတော့ “ဒါဟာ ခရစ်ယာန်အများစုရဲ့ သဘောထားဘဲ။” လို့ တွေးမိတယ်။ နောက်မှ အပြစ်တွေကို ကောင်းကြီးပေးဖို့ မတောင်းရဘူး။ တောင်းပန်ရင် ခွင့်လွှတ်တယ်။ ဆေးကြောပေးတယ်လို့ ရှင်းပြရတယ်။ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းအတွက် အမြဲ ဆုတောင်းသင့်တယ်။ မာတင်လုသာ Martin Luther က “ဘုရားသခင်နဲ့ လက်ငင်းစာရင်း ရှင်းပါ။” လို့ ပြောတယ်။ အပြစ်တွေ စုပုံ မနေစေချင်တဲ့ သဘောပါ။ အပြစ်လုပ်ရင် ချက်ချင်းတောင်းပန်ပါ။ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းကို ရယူပါ။

ကျွန်တော့် မိတ်ဆွေ တရားဟောဆရာတစ်ယောက် တနင်္ဂနွေမနက်၊ ဘုရားကျောင်းသွားတဲ့ လမ်းမှာ မိန်းကလေးတစ်ယောက်နဲ့ သူ့မောင်လေးကို တွေ့တယ်။ မောင်ကလေးက အတော်ညစ်ပတ် ပေကျံနေတယ်။ တရားဟောဆရာက သူ့ကိုကြည့်ရင်း “သား! မနက်အစောကြီး ဘာလို့ဒီလောက် ညစ်ပတ် ပေကျံနေရလဲကွာ!” လို့ မေးတယ်။

အမဖြစ်သူက ဝင်ဖြေတယ်။ “အခု မနက်မှ ပေတာမဟုတ်ဘူးဆရာ။ ဒီပုံစံနဲ့ ညက အိပ်ယာဝင်ခဲ့လို့ပါ။” တဲ့။

ယုံကြည်သူတွေလည်း အပြစ်ဝန်မချဘဲ အိပ်ရာ ဝင်ကြတယ်။ အပြစ်တွေ စုပုံထားလို့ ခရစ်တော်နဲ့ မိဿဟာယ ပျက်ရတယ်။ အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ နေ့စဉ်ဆုတောင်းခြင်းဟာ မရှိမဖြစ် အရေးကြီးပါတယ်။

ပညာရဖို့လည်း ဆုတောင်းရတယ်။ ယာကုပ် ၁: ၅ မှာ “ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင် ရလိမ့်မည်။” ဘုရားသခင်က “မင်းလိုချင်သလောက် ပညာတွေ တောင်းစမ်း။ ငါ ရက်ရက်ရောရော ပေးမယ်။- တောင်းလို့ မင်းကိုမကဲ့ရဲ့ဘူး။” လို့ ပြောနေတာပါ။ ဘယ်လောက် အားရစရာကောင်းလဲ? ဆုတောင်းဖို့ တခြားအကြောင်းအရင်းတွေ ရှိသေးတယ်။ ဒါပေမယ့် အခုပြောတာတွေက နည်းနည်း ပိုအရေးကြီးတဲ့ အချက်တွေပါ။

(၅) ကယ်တင်ခြင်းအကြောင်း နေ့တိုင်း သက်သေခံပါ။
  COMMUNICATE DAILY THE GOSPEL TO OTHERS

သက်သေခံခြင်းဟာ အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ မရှိမဖြစ် အရေးကြီးတယ်။ သက်သေခံဖို့ မကြိုးစားဘဲ၊ မအောင်မြင်နိုင်ဘူး။ ဘုရားသခင်က ခရစ်ယာန် ဖြစ်စေတာ သူ့တပါးကို သက်သေခံဖို့ပါ။ ယောဟန် ၁၅: ၁၆ မှာ “သင်တို့သည် ငါ့က်ို ရွေးကောက်ကြသည် မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက် သဖြင့်၊၊ သင်တို့သည် သွား၍ တည်ကြည်သော အသီးကိုသီးမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။

ခရစ်ယာန်ရဲ့ အသီးဟာ တခြားသူတွေ ခရစ်ယာန်ဖြစ်လာခြင်းပဲလို့ စိတ်ထဲမှတ်ထားလိုက်ပါ။ သုတ္တံ ၁၁း၃၀ မှာ “ဖြောင့်မတ်သောသူ သီးသောအသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။” ဒီကျမ်းချက်မှာ ခရစ်ယာန် အသီးသီးတယ်ဆိုတာ သက်သေခံတာပါပဲ။  လောကထဲက ခေါ်နှုတ်ထားတဲ့ ခရစ်ယာန်တွေဟာ လောကထဲမှာ နေပေမယ့် တခြားသူတွေကို တတ်နိုင်သမျှ ခေါ်ထုတ်ဖို့ အတွက် လောကထဲကို ပြန်လွှတ်နေတာ ဖြစ်တယ်။ ကမ္ဘာကို သာသနာပြုဖို့ ဘုရားရဲ့အစီအစဉ်ကတော့ ယုံကြည်သူတိုင်း သက်သေခံဖို့ပဲ။ မဿဲ ၂၈ မှာတွေ့တဲ့ အမိန့်တော်မြတ်မှာ သက်သေခံဟောပြော၊ နှစ်ခြင်းပေး၊ ပြီးတော့သက်သေခံနည်း သင်ပေးဖို့ ဖြစ်တယ်။ ကမ္ဘာအနှံ့ကို ဧဝံဂေလိတရား မဟောရသေးဘူး။ အကြောင်းရင်းက ဘုရားခိုင်းတဲ့အတိုင်း မလုပ်ကြလို့ပါ။ သက်သေခံခြင်းဟာ ယုံကြည်သူတိုင်းရဲ့ တာဝန်ပါ။

ခရီးသွားရာက ပြန်လာတဲ့ အမျိုးသမီးတစ်ယောက်က သူ့ယောက်ျားကို ပြောတယ်။ “ဒီနေ့ မီးရထားပေါ်မှာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခု ကြုံရတယ်။ လူတစ်ယောက် ကျွန်မဆီရောက်လာပြီး “ခင်ဗျား ခရစ်ယာန်လား?” လို့ မေးတယ်.. တဲ့။

နင့်အလုပ်မဟုတ်ဘူးလို့ ဘာဖြစ်လို့ ပြန်မပြောလိုက်လဲ?” လို့ ယောက်ျားက စကား ထောက်တယ်။

အို! သူပြောတာ ရှင်နားထောင်ရရင် အဲဒါ သူ့အလုပ်မှန်း ရှင်နားလည်သွားမယ်။” လို့ မိန်းမက ပြန်ဖြေတယ်။

ယုံကြည်သူတိုင်း ဝေစာလေးတွေ ဆောင်ထားသင့်တယ်။ စကားနဲ့ သက်သေခံဖို့ မဖြစ်နိုင်တဲ့အခါ ဝေစာလေးတော့ ပေးသင့်တယ်။

ကျွန်တော်တရားဟောတဲ့အခါ ယုံကြည်သူတွေ ခရစ်တော်အကြောင်း တနေ့တယောက်နှုန်း သက်သေခံဖို့ ဆက်ကပ်ခိုင်းတယ်။ သိပ်ခက်တဲ့ အလုပ်မဟုတ်ပါဘူး။ လူတိုင်း၊ နေ့တိုင်း စကားပြောနေတာပဲ။ အလုပ်လို့ သဘောထားဖို့ပဲ လိုပါတယ်။ ၂ကော ၅း ၂၀ မှာ “ယုံကြည်သူဟာ ခရစ်တော်အတွက် သံတမန်တွေ” လို့ဆိုတယ်။  သက်သေခံခြင်း၊ ဝိညာဉ်ရခြင်းဟာ ကယ်တင်ခြင်းနဲ့ ဆက်နွယ်နေတယ်။ ကောင်းကင်ရောက်ဖို့ သက်သေခံတာ မဟုတ်ဘူး။ ကျမ်းစာရဲ့ အမိန့်ကို နာခံတာ ဖြစ်တယ်။

 (၆) စုံစမ်းနှောက်ယှက်ခြင်းနဲ့ အပြစ်ကိုအောင်မြင်ပါ။  CONQUER  TEMPTATION  AND  SIN

ငယ်ရွယ်တဲ့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ကျွန်တော်မှာ စုံစမ်းနှောက်ယှက်မှုတွေ၊ အပြစ်တွေ ရောမွှေခံရဘူးတယ်။ စုံစမ်းနှောက်ယှက်မှုတွေကို အပြစ်လို့ ထင်ခဲ့တယ်။ မကောင်းတဲ့အတွေးတွေ ဝင်လာရင်၊ အပြစ်လုပ်ဖို့ သွေးဆောင်ရင်၊ ခရစ်ယာန် မဟုတ်လောက်တော့ဘူးလို့ ထင်မိတယ်။ အဲဒီလို ကြောက်စရာ အတွေးတွေ ဝင်လာတတ်တယ်။ စာတန်က အတွေးတွေ ထည့်ပေးနိုင်စွမ်း ရှိတယ်လို့ နားမလည်ခဲ့ဘူး။ ဒီအတွေးမျိုး၊ တွေးတဲ့အတွက် အပြစ်တင်ပြီး၊ စာတန်က စိတ်ဓါတ်ကျအောင် လုပ်တာပါ။

စုံစမ်းနှောက်ယှက်ခံရရင် သွေးဆောင်ရာပါမှ အပြစ်ဖြစ်ပါတယ်။ စုံစမ်းနှောက်ယှက်မှုတာက လူတိုင်းခံရတယ်။ ၁ကော ၁၀: ၁၃ မှာ “လူ၌ ဖြစ်တတ်သော စုံစမ်းနှောက်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။”  ခရစ်ယာန်အသက်တာ အောင်မြင်ဖို့ မာရ်နတ်ကို ဆီးတားရမယ်။ သွေးဆောင်ခြင်းကို ငြင်းရမယ်။ စာတန်လာရင် သခင်ယေရှုပြောတဲ့ လုကာ ၄: ၈ က “အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့” ကို ပြောရမယ်။

အဝတ်စားသစ်ဝယ်တဲ့ စုံစမ်းခြင်းကို မဆီးတားနိုင်တဲ့ အသက်ငယ်ငယ် တရားဟောဆရာ ကတော်တစ်ယောက် အကြောင်း ဖတ်ရဖူးတယ်။ ယောက်ျားကို ဝယ်ပဲ- ဝယ်ခိုင်းနေတယ်။ ယောက်ျား ဖြစ်သူ လူငယ်ဆရာက ပြောတယ်။ “ဒီနေ့ ဈေးဝယ်သွားလို့ စာတန်က အထည်သစ်ဝယ်ဖို့ သွေးဆောင်ရင်အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့ လို့ ပြောကွာ” လို့ မှာတယ်။ 

ဇနီးသည်က ညပိုင်းမှာ အဝတ်သစ်တစ်စုံနဲ့ အိမ်ပြန်လာတယ်။ “ဟ! နောက်တစ်ထည်လား? စာတန်ကို ငါ့ နောက်သို့ ဆုတ်လို့ ပြောဖို့ ငါမမှာဘူးလား?” လို့ ဆရာကပြောတော့

ဟုတ်ပါ့ ကို-ရယ်… “ဒီအက်ျီ လှလို့ ကြည့်မိပါတယ်။ မှန်မှာကြည့်တော့ စာတန်က “ဒီအက်ျီ မင်းဝယ်သင့်တယ်၊ မင်းနဲ့လိုက်တယ်” လို့ ပြောတယ်။

ဒါနဲ့ ကိုယ်ရယ်၊ ကိုယ်မှာသလို ကျွန်မပြောပါတယ်။ “အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့” လို့ပြောတော့ စာတန်က နောက်ဖက် ရောက်သွားပြီး၊ “ဒီဘက်ကကြည့်တော့လည်း လှသားပဲ” လို့ ပြောပြန်တယ်။ ဒါနဲ့ ကျွန်မ စုံစမ်း သွေးဆောင်ရာ ပါသွားမိတာပါ။” တဲ့။

အောင်မြင်တဲ့ခရစ်ယာန်ဟာ အပြစ်ကို အမြဲတားဆီးနေရမယ်။ အပြစ်ပြုမိတဲ့အခါ ရိုးရိုးသားသား ဝန်ခံပြီး၊ အပြစ်ကို စွန့်လွှတ်ပါ။ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို ရယူပါ။ ရိုးသားဖို့တော့ လိုတယ်။

အမျိုးသမီးတစ်ယောက် သူ့သင်းအုပ်ထံ သွားပြီး “ကျွန်မအတွက် ဆုတောင်းပေးပါဆရာ။ ကျွန်မမှာ အရမ်းဆိုးတဲ့ ကားတိုင် ထမ်းနေရတယ်။ အဲဒါ တကယ့် စုံစမ်းခြင်းပဲ။” လို့ တောင်းပန်ရှာတယ်။ “မဟုတ်တာ၊ မင်းမှာ ထမ်းစရာ ကားတိုင်မရှိဘူး။ မင်းမှာ အပြစ်ပဲရှိတယ်။ မင်းယောက်ျားကသာ အဲဒီ ဝန်ထုပ်ကြီးကို ထမ်းနေရတာ” လို့ ဖြေတယ်။

အပြစ်ကို တခြားနာမည်တပ်ပြီး မဖုံးကွယ်ပါနဲ့။ တခြားသူလုပ်တော့ အကျည်းတန်တယ်။ ကိုယ်လုပ်တော့ သတ္တိရှိတာ ဖြစ်ရော။ သူတပါးက သူ့သဘောနဲ့ သူလုပ်တော့ ခေါင်းမာတယ်။ ကိုယ်ဆိုရင်တော့ တည်ကြည်တယ်ဖြစ်ရော။ ကိုယ့်မိတ်ဆွေတွေကို သဘောမကျတဲ့သူဟာ အပြစ်ရှာတတ်သူ ဖြစ်သွားပြီး၊ ကိုယ်က သူ့ကိုမကြိုက်ရင်တော့ လူ့သဘောကို ထောက်ပြတာဖြစ်ရော။ သူက အားပေး မ,စတော့ မလိုဘဲ အပိုလုပ်နေတာလို့ ပြောပြီး၊ ကိုယ် အားပေး မ,စ ရင်တော့ စကားအရာ ကျွမ်းကျင်တာ ဖြစ်သွားပြန်ရော။ သူအချိန်ဆွဲနေရင်တော့ “လိပ်” လို့ ပြောပြီး၊ ကိုယ် ကျန့်ကြာနေရင်တော့ သတိကြီးတယ်လို့ ပြောပြန်ရော။ သူမှားရင်တော့ အံ့ဩတယ်လို့ ပြောပြီး၊ ကိုယ်မှားရင်တော့ “ကြုံဖူးတာပေါ့ကွာ” လို့ ပြောပြန်ရော။
 အပြစ်ကို ဘုရားမြင်သလို မြင်ကြရအောင်ပါ။ ဒီလိုမမြင်ရင် အောင်မြင်တဲ့ ခရစ်ယာန်မဖြစ်နိုင်ဘူး။

(၇) ခရစ်တော်ရဲ့ အမှုတော်အတွက် ပုံမှန် ပါ၀င်ကူညီပါ။ CONTRIBUTE
  REGULARLY  TO  THE  CAUSE  OF  CHRIST

ကပ်စေးနဲတဲ့သူ၊ လောဘကြီးတဲ့သူဟာ အောင်မြင်တဲ့ ခရစ်ယာန် မဖြစ်နိုင်ဘူး။ ကယ်တင်ခြင်းကို အလှူငွေပေးလို့ မရနိုင်ဘူး။ ဒါပေမယ့် ကယ်တင်ခြင်းနဲ့တော့ ဆက်နွယ်တယ်။ 

သခင်ယေရှု ပြောတဲ့ ဥပမာတော် ၃၈ ခုထဲမှာ ၁၆ ခုဟာ ငွေကြေးအသုံးအစွဲနဲ့ ဆိုင်တယ်။ ဓမ္မသစ်ကျမ်းရဲ့ အခန်း ငယ် ၆ ခန်းတိုင်းမှာ ၁ ခန်းဟာ လူနဲ့ စည်းစိမ်ရဲ့ ဆက်နွယ်မှု၊ ပိုင်ဆိုင်သမျှကို သုံးစွဲပုံ မှန်-မမှန်နဲ့ ဆိုင်နေတယ်။ ၁ကော ၁၆: ၂ မှာ “ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနှစ်ရက်တွင် ပဌမနေ့ရက်၌ အသီး သီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာ တဘို့ကို ထုတ်၍ စုထားကြလော့။” အချိန်?- “သတင်းပတ်ရဲ့ ပထမနေ့။” ဘယ်သူ? “လူတိုင်း”။ ဘယ်လောက်? “ကောင်းစားသည့်အတိုင်း”။ ဘာကြောင့်? “ငါလာသောအခါ စုထားစရာ မရှိစေခြင်းငှါ၊”။ လက်တွေ့ကျင့်သုံး သင့်တာက နေ့တိုင်းရဲ့ မနက်ပိုင်း အချိန်တွေကို ဘုရားသခင်ကို ပေးပါ။ သတင်းပတ်တိုင်းမှာ ပထမနေ့။ တိုးပွားလာသမျှမှာ အဦးအသီးကို ပေးသင့်တယ်။ ဘုရားအမှုတော်အတွက် ငွေကြေးဖြည့်ဆည်းတဲ့ ဘုရားရဲ့ တစ်ခုတည်းသော နည်းကတော့ ဘုရားသားသမီးတွေရဲ့ ပေးလှူခြင်းပါပဲ။ ယုံကြည်သူတိုင်း ပုံမှန် ပေးလေ့ပေးထ ရှိသင့်တယ်။ ဝတ်ပြု ၂၇: ၃၀ မှာ “ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏။” ၁၀ ရာခိုင်နှုန်းဖြစ်တယ်။ အနည်းဆုံး ၁၀ ရာခိုင်နှုန်းတော့ ခရစ်တော်အတွက် ပေးလှူသင့်တယ်။ ဒါက အနည်းဆုံး နှုန်းသာ ဖြစ်တယ်။

ယုံကြည်သူများစွာဟာ များများပေးလှူချင်စိတ် ရှိကောင်းသလို၊ ပေးလည် ပေးလှူထိုက်တယ်။ ငွေကြေးပိုလျှံတဲ့ ခရစ်ယာန်တွေဟာ ၁၀ ရာခိုင်နှုန်းမှာ ရပ်မနေသင့်ဘူး။ ဘုရားက တချို့လူတွေကို ငွေရှာနိုင်စွမ်း ပိုပေးထားတယ်။ တချို့ခရစ်ယာန်အမျိုးသမီးများဟာ ငွေအများကြီး အမွေရထားတယ်။ အချို့သူတွေဟာ အခြေအနေ ကောင်းတွေရထားတယ်။ ဒီငွေတွေဟာ သူတို့ဘဝမှာ သုံးဖြစ်မှာ မဟုတ်ဘူး။ ဘုရားပေးတဲ့ ငွေကို ဆုတောင်း အဖြေရှာသင့်တယ်။ ယုံကြည်သူဟာ ငွေထိန်းသာ ဖြစ်တယ်။ ပိုင်ရှင် မဟုတ်ဘူး။ ဘုရားအတွက် သုံးဖို့ အပ်ထားတာပါ။

ကျွန်တော့မှာ ရှိသမျှငွေကို တစ်ပြားတစ်ချပ်ကအစ ဝိညာဉ်ကယ်ဖို့ပဲ သုံးချင်တယ်။ ယုံကြည်သူဟာ အသက်ရှင်စဉ်မှာ ပေးလှူရုံမျှ မဟုတ်ဘဲ သေပြီးနောက်ပိုင်း သူ့ငွေကို ဘုရားအမှုတော်အတွက် သုံးစွဲဖို့ ခရစ်ယာန်ရှေ့နေတစ်ယောက်ကို ခေါ်ပြီး သေတမ်းစာ ရေးသင့်တယ်။ ဒီကိစ္စကို ဆုတောင်းပြီး ဘုရားသခင် လမ်းပြတဲ့အတိုင်း လုပ်ဆောင်ပေးဖို့ ဖြစ်တယ်။ ဘယ်နေရာမှာ ငွေအလိုဆုံးဆိုတာ ဘုရားသခင် သိပါတယ်။ ပေးလှူဖို့ လမ်းပြနိုင်တယ်။

အခုပြောခဲ့တာဟာ အောင်မြင်တဲ့ ခရစ်ယာန်ဖြစ်ဖို့ ကယ်တင်ခြင်းနဲ့ ဆက်နွယ်လာတဲ့ အချက် (၇) ချက် ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ကယ်တင်ခြင်းရဖို့ မဟုတ်ဘူး။ ယုံကြည်သူရဲ့ အပြုအမူနဲ့ဆိုင်တဲ့ လမ်းညွန်မှုတွေသာ ဖြစ်တယ်။ ဒီအချက်တွေထဲက တစ်ချက်ချက် ပျက်ကွက်ခဲ့ရင် အပြစ်ရှိတယ်လို့ ဝန်ခံပြီး ဘုရားသခင်ဖြစ်စေချင်သလို ပြုပြင်လိုက်ပါ။ ဒါဟာ ယုံကြည်သူတိုင်း အောင်မြင်တဲ့ခရစ်ယာန်ဖြစ်ဖို့ ဘုရားသခင်ရဲ့ အစီအမံနဲ့ အလိုတော်ပဲ ဖြစ်ပါတယ်။                


No comments:

Post a Comment