အခန်း ရ
-------------------------------------------------------------------------------
![]() |
| Dr. Curtis Hutson |
“သန့်ရှင်းသူတို့အဘို့ လှူဌါန်း၍
စုထားခြင်းအမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါ မှာထားသည်အတိုင်း
သင်တို့ပြုကြလော့။- ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊
ခုနှစ်ရက်တွင် ပထမနေ့၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ ဥစ္စာတဘို့ကို
ထုတ်၍စုထားကြလော့။- ၁ကော ၁၆း၁၊၂။
၁ကော ၁၅ မှာ Doctrinal ခံယူချက်ကြီးတချို့ကို ဖော်ပြထားတယ်။ ပထမအပိုဒ် ၄-ပိုဒ်မှာ ဧဝံဂေလိတရားရဲ့
အဓိပ္ပါယ်ဖြစ်တဲ့ သခင်ယေရှုခရစ် ကျမ်းစာနဲ့အညီ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း
အကြောင်းတွေ ပြောပြတယ်။ ကျန်တဲ့အခန်းငယ်တွေမှာတော့ ဒုတိယအကြိမ်ကြွလာခြင်းနဲ့
ထမြောက်ခြင်း ဆိုင်ရာ ဩဝါဒတွေကို တွေ့ရတယ်။
“နက်နဲသော အရာတခုကို ငါပြဦးမည်။
ငါတို့ရှိသမျှသည် အိပ်ပျော်ကြရမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသော
တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည်
ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊
သေလွန်သောသူတို့သည် မပုပ်နှိုင်သော အဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည်
ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” အငယ်
၅၁၊၅၂။
အခန်း ၁၅ ကို အဆုံးသတ်တာကတော့ - “သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့်
တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏
အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”
အခန်း ၁၆ ရဲ့အစမှာ- - “သန့်ရှင်းသူတို့ အဘို့လှူဒါန်း၍
စုထားခြင်းအမှုမှာ -” ခရစ်ယာန်
ပေးလှူခြင်းကို ဧဝံဂေလိတရားရဲ့အဓိပ္ပါယ်၊ ထမြောက်ခြင်း၊ ဒုတိယအကြိမ်ကြွလာခြင်း
စတဲ့ခံယူချက် ဩဝါဒကြီးတွေနဲ့ အတူတွဲဖော်ပြထားတယ်။
“ခုနှစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး
ကောင်းစားသည်အတိုင်း မိမိတို့ ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။”
ဓမ္မသစ်ကာလ ဒေသန္တရ-
အသင်းတော်တွေအတွက် ဘုရားရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ နည်းစနစ်ကတော့ အသင်းတော်မှာ
ပါ၀င်သူတွေက ပေးလှူထောက်ပံ့ကြဖို့ပဲ။ အကြွေးကြေဖို့ဆိုပြီး ပစ္စည်းအဟောင်းတွေ
ထုတ်ရောင်းနေဖို့ အသင်းတော်အတွက် မလိုအပ်ဘူး။ ဘုရားအမှုတော်အတွက် ခရစ်ယာန်တွေက
ဆယ်ဘို့တဘို့နဲ့ အခြားအလှူငွေတွေနဲ့ ပါဝင် ထောက်ပံ့သင့်တယ်။
“ငါတို့မြို့က အသင်းတော်တပါး
ဉာဏ်ပညာရယ်၊ ကြီးပုံများ။
လိုငွေရဖို့ နည်းလမ်းရှာ၊
မုန့်ရောင်းကြတယ်ဗျာ။
ဝင်ငွေတိုးဖို့ စီးပွားရှာ
နှစ်ပေါင်းများစွာကြာ၊
ဝယ်စားသူလည်း မောလာတော့၊
ဈေးရောင်းပွဲလည်း ပျက်ပြီပေါ့။
“ငါတို့မြို့က အသင်းတော်တပါး ၊
ပညာတကယ် အရှိသား။
ဆယ်ဖို့တဖို့ ပေးကြတာ၊
ငွေကြေး အစုံ၊ လုံလောက်စွာ။
ဆယ်ဖို့တဖို့ ပေးခြင်းဟာ
ရိုးရှင်းပြီးတော့ ပညာပါ။
တခြားနည်းတွေ မလိုဘူး၊
အသင်းတော်အတွက် ပညာထူး။
ခရစ်ယာန် ပေးလှူခြင်း အကြောင်း (၃)
ချက် ဆင်ခြင်ကြည့်စေချင်တယ်။
(၁) ပေးပုံ၊ ပေးနည်း The rule of
giving
ဘယ်လောက်ပေးရမလဲ? ဘုရားက ဘယ်လောက်ပေးစေချင်တယ်ဆိုတာ ခရစ်ယာန်တိုင်း သိသင့်တယ်။ ကျမ်းစာအရ
အနည်းဆုံး ၁၀ ရာခိုင်နှုန်း(ဆယ်ဘို့ တဘို့) ကနေ စ,ပေးသင့်တယ်။
ဒီထက်တော့ ဘယ်သူမှ မလျော့သင့်ဘူး။
တချို့က “ဒါက ပညတ်တရားပဲ။
ဓမ္မဟောင်း ပညတ်ပဲ” လို့ ငြင်းကြမယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် ဒါကို ပညတ်တရားနဲ့
ချည်နှောင်တယ်လို့ မခေါ်ဘူး။ “လူ့အသက်မသတ်ရ” ဆိုတာ ပညတ်ပါ။ အခုခေတ် သတ်ရင်လည်း၊
ဟိုတုန်းကလိုပဲ အပြစ်ဖြစ် နေဆဲ မဟုတ်လား? ဆယ်ဘို့ တဘို့ပေးတာဟာ ပညတ်တရား မတိုင်မှီကတည်းက ပေးတာပါ။ ပေးခဲ့သူတွေထဲမှာ အာဗြဟံရဲ့အမည်ကို စတွေ့ရတယ်။
(ကမ္ဘာ ၁၄း၁၈-၂၀) ဒါဟာ ပညတ်တရား မတိုင်မှီကပေးတာပါ။ သူဟာ ခရစ်တော်ကို ပုံဆောင်တဲ့
မေလခိဇေဒက်မင်းကို ဆယ်ဘို့တဘို့ ပေးတယ်။
ကဲ- အာဗြဟံဟာ ဘာဖြစ်လို့ ဆယ်ဘို့တဘို့ပေးခဲ့တာလဲ? ဘုရားက လမ်းညွှန်ဖို့ ကျမ်းစာမှာ ရေးမထားပဲနဲ့ ဘာလို့ပေးခဲ့တာလဲ? တခြား ရာနှုန်းတမျိုးမျိုး ပေးရင်ရသားပဲ။ တခြားနှုန်းထား ဖြစ်နိုင်ချေတွေ
တရာလောက်ကို ရှိနေပါတယ်။
ယာကုပ်လည်း ပညတ်တရားမတိုင်မှီမှာ
ဆယ်ဘို့တဘို့ပေးတယ်။
“ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည်
ငါ့ဘက်၌ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကို စောင်မ၍ စားစရာ အစား၊ ၀တ်စရာ အဝတ်ကို
ပေးသနားတော်မူလျှင်၎င်း၊ ငါသည် တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာ ပြန်ရောက်၍၊
ထာဝရဘုရားသည် ငါ၏ဘုရားဖြစ်တော်မူလျှင်၎င်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော
ဤကျောက်သည်လည်း၊ ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။ ပေးသနားတော်မူသမျှတို့ကို
ဆယ်ဘို့တဘို့ ပူဇော်ပါမည် ဟူ၍ သစ္စာပြုလေ၏။” (ကမ္ဘာ ၂၈း၂၀-၂၂)
ဘယ်လောက်ပေးရမယ်ဆိုတာ အာဗြဟံရော
ယာကုပ်အတွက်ပါ ဘုရားလမ်းညွှန် ကျမ်းစာ မရှိကြဘူး။ ရာခိုင်နှုန်းအတူ ပေးဖို့ဆုံးဖြတ်တာတော့-
တိုက်ဆိုင်လွန်းမနေဘူးလား? ဘာအတွက် တူနေတာလဲ? အာဗြဟံနဲ့
ယာကုပ်တို့လို လူတွေဟာ ဘုရားကို ဘယ်လောက်ပေးလှူရမယ်ဆိုတာ ဘုရားသခင်ထံ အကြံဉာဏ် မတောင်းလောက်ဘူးလို့တော့
ကျွန်တော်မထင်ဘူး။ ဘုရားသခင်က “တိကျတဲ့လမ်းညွှန်ချက်” ပေးခဲ့တယ်လို့ ကျွန်တော် ယုံတယ်။
ဒါကြောင့်သာ သူတို့ပေးတဲ့ ငွေပမာဏ ရာနှုန်းတူနေတာလို့ ပြောနိုင်တယ်။
ဒါကြောင့် ဆယ်ဘို့တဘို့ဆိုတာ
ပညတ်တရား မတိုင်မှီကတည်းက ပေးခဲ့တာပါ။
ပညတ်တရားကာလမှာတော့ ဆယ်ဘို့တဘို့ ပေးဖို့ပြောတယ်။ ဝတ်ပြု ၂၇း၃၀ မှာ “စပါးဖြစ်စေ၊
သစ်သီးဖြစ်စေ၊ မြေက ဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။
ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။”
“ငါသည် ထာဝရဘုရား ဖြစ်၏။ ပြောင်းလဲခြင်းမရှိ။
ထို့ကြောင့်၊ ယာကုပ်အမျိုးသားတို့၊ သင်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ကြ။”
ဘိုးဘေးတို့ လက်ထက်မှစ၍ သင်တို့သည်
ငါစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ ရှောင်ကြပြီ။ ငါ့ထံသို့ ပြန်လာကြလော့။
ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား
မိန့်တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါမည်နည်းဟု သင်တို့မေးကြသည်တကား။
လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း၊ သင်တို့သည် ငါ့ဥစ္စာကို
လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါမည်နည်းဟု သင်တို့မေးလျှင်
ဆယ်ဘို့တဘို့ကို၎င်း၊ ပူဇော်သက္ကာ တို့ကို၎င်း လုယူကြပြီ။ သင်တို့သည်
ကျိန်ခြင်းအမင်္ဂလာကိုခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သား အပေါင်းတို့သည်
ငါ့ဥစ္စာကို လုယူကြ၏။ ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊
ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါပြုကြလော့။ ငါသည် မိုဃ်းကောင်းကင်
ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်
မသွန်လောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား
မိန့်တော်မူ၏။” မာလခိ ၃း၆-၁၀၊
ဒါကြောင့် ပညတ်မတိုင်မှီ
အာဗြဟံနဲ့ယာကုပ်တို့ ဆယ်ဘို့တဘို့ ပေးတယ်။ ပညတ်တရား ခေတ်မှာ ဆယ်ဘို့တဘို့ ပေးရတယ်။
ဓမ္မဟောင်းမှာ ဆယ်ဘို့တဘို့ကို
သွန်သင်တာတော့ အားလုံးနီးပါး လက်ခံပြီးသားပါ။ ဓမ္မသစ်မှာ ဘယ်လိုသွန် သင်သလဲ? သခင်ယေရှုရဲ့ခေတ်က ဖာရိရှဲတွေအကြောင်း စဉ်းစားကြည့်ပါ။ သခင်ယေရှုက
ဖာရိရှဲတွေကို အတော်များများ ကိစ္စတွေမှာ အပြစ်တင်တယ်။ ဒါပေမယ့်
ဆယ်ဘို့တဘို့ပေးတာနဲ့ ပတ်သက်လို့ ချီးကျူးတယ်။
“လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊
သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီး
အရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရားသဖြင့် စီရင်ခြင်း၊ သူတပါးကို
သနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ ထားကြ၏။
အရင်ဆိုသော အရာတို့ကို အလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။” မဿဲ ၂၃း၂၃။
လေးတဲ့အရာတွေ ချန်ထားလို့သာ
အပြစ်တင်တာပါ။ အထဲမှာတော့ လူသေအရိုးတွေနဲ့ ပြည့်နေပြီး၊ အပြင်ဖက်ကတော့
အုတ်ဂူလိုဖြူဖွေးနေလို့သာ အပြစ်တင်တာပါ။ အတော်များများကိစ္စတွေ အပြစ်တင်ထားပေမယ့်
ဆယ်ဘို့တဘို့ ပေးတဲ့အတွက်တော့ ချီးကျူးတယ်။ “အရင်ဆိုသော အရာတို့ကို မလှပ်မထား။”
လုကာ ၁၈း၁၉-၁၄ ထဲက အခွန်ခံနဲ့
ဖာရိရှဲအကြောင်းကို စဉ်းစားကြည့်ပါ။ “ကိုယ်ကုသိုလ်ကို အမှီပြု ….
တတ်သောသူအချို့တို့အား” မိန့်တော်မူတာ ဖြစ်တယ်။
ဒါက တကယ်ဖြစ်တာ မဟုတ်ဘူး။ ဥပမာပါ။
ကိုယ်ကုသိုလ်ကို အမှီပြုသူတွေကို ပြောတာပါ။ ဖာရိရှဲနဲ့ အခွန်ခံကို ယှဉ်ပြတာပါ။
သတိထားကြည့်လိုက်။ လူကောင်းဆိုတာကို ပုံဖော်ပြတယ်။ နောက် “ဘုရားသခင်၊ အပြစ်များတဲ့ ကျွန်တော့်ကို သနားပါ”
လို့ ရင်ဘတ်ကို ထုပြီး ပြောနေတဲ့ လူဆိုးအပြစ်သားကို ပုံဖော်ပြတယ်။ လူကောင်းတယောက်လို့
ပုံဖော်ပြရာမှာ၊ ဆယ်ဘို့တဘို့ ပေးသူဖြစ်တယ်။ ဖာရိရှဲ ဆုတောင်းရာမှာ “သူတပါးတို့သည်
အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း အကျွန်ုပ်၌ရှိသည် သာမက ခုနှစ်ရက်တွင်
နှစ်ရက် အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏။”
လူကောင်းတယောက်ရဲ့ အကျင့်သီလကို
ပုံဖော်ရာမှာ အစာရှောင်ပြီး၊ ဆယ်ဘို့တဘို့ ပေးတာ တွေ့ရတယ်။ ဖာရိရှဲတွေ ဆယ်ဘို့တဘို့ပေးတဲ့အတွက်
သခင်ခရစ်တော်က ချီးမွမ်းတယ်။ ဆယ်ဘို့တဘို့ ပေးခြင်းဟာ လူကောင်းတွေရဲ့
အကျင့်လို့လည်း ပြောပြန်တယ်။
ကောင်းစားတဲ့အတိုင်း
ပေးလှူခြင်းကို ဓမ္မသစ်မှာ သွန်သင်တာတွေ့ရတယ်။ ၁ကော ၁၆း၂ မှာ “ခုနှစ်ရက်တွင် ပထမ
နေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ ဥစ္စာတဘို့ကို ထုတ်၍
စုထားကြလော့။” ဒါဟာ ကောင်းစားတဲ့အတိုင်း ပေးလှူခြင်းပါ။
တမန် ၁၈ - အရ ကောရိ
န္ထုအသင်းတော်ဟာ ယုဒလူမျိုးပြောင်းလဲသူတွေနဲ့ စတင်တာပါ။ ပြောင်းလဲလာတဲ့ ယုဒလူမျိုး
တယောက်ကို “ခင်များ ဝင်ငွေရဲ့တဘို့ကိုယူပြီး၊ ဘုရားအမှုတော်အတွက် ပေးလှူပါ” လို့
ပြောရင် ဘယ်လောက်ပေးမယ်လို့ ထင်သလဲ? သူ့အဘ အာဗြဟံဟာ ပညတ်တရားမတိုင်မှီက
ဆယ်ဘို့တဘို့ ပေးတယ်။ ယာကုပ်က ပညတ်တရားမတိုင်မှီ ဆယ်ဘို့တဘို့ ပေးတယ်။ ပညတ်တရား
ကာလမှာ ဆယ်ဘို့တဘို့ ပေးဖို့ ပညတ်ရှိတယ်။ ဒါကြောင့် သူဟာ တသက်လုံး ဆယ်ဘို့တဘို့
ပေးလေ့ရှိတယ်။ အခု ပြောင်းလဲတော့၊ အမှုတော်အတွက် ဝင်ငွေရဲ့ တဘို့ကို ပေးလှူဖို့
ပြောလာပြီ။ သူ့အနေနဲ့ ဆယ်ဘို့တဘို့ထက် လျော့ပြီး ပေးမယ်လို့ထင်သလား? ဆယ်ဖို့တဖို့ကို အနည်းဆုံးထား ပေးမှာပါ။
ဓမ္မသစ်မှာ ဆယ်ဘို့တဘို့ထက်
ပိုပေးတဲ့သူတွေကို သခင်ယေရှုက ခဏခဏ ချီးမွမ်းလေ့ရှိတယ်။ အဲဒီထက် လျော့ပေးသူကိုတော့
ဘယ်တော့မှ ချီးမွမ်းလေ့မရှိဘူး။
အသက်မွေးစရာအတွက်ကိုပဲ
အကုန်ပေးလှူတဲ့ မုဆိုးမကို ချီးမွမ်းတော်မူတယ်။ ကောရိ န္ထုမြို့က အလျှံပယ်လှူတဲ့
လူတွေကိုလည်း ချီးကျူးထားတယ်။ သခင်ယေရှုက ဆယ်ဘို့တဘို့ထက်ပိုပြီး ပေးလှူသူတွေကို
ခဏခဏ ချီးမွမ်းတတ်ပြီး၊ အဲဒီထက် လျော့ပေးရင်တော့ ချီးမွမ်းလေ့မရှိဘူး။
ဆယ်ဘို့တဘို့ ဆိုတာ ပေးလှူခြင်းရဲ့ အစအဦးသဘောပါ။ အဲဒီထက်တော့ လျော့မပေးသင့်ဘူး။
တချို့ မေးမယ်။ “ဓမ္မသစ်မှာ
ဆယ်ဘို့တဘို့ကို အဆုံးသတ်လိုက်ပြီ မဟုတ်လား?” ကျွန်တော်တော့ အဲဒီလို မထင်ဘူး။
နေ့-လ-ရက်တွေနဲ့ ဆိုင်တဲ့ အထုံးအဖွဲ့တွေ အဆုံးသတ်တယ်။ အရေဖျားလှီးခြင်း အဆုံးသတ်တယ်။
အစားအသောက် ပညတ်တွေနဲ့ တခြားအရာတွေ အဆုံးသတ်တယ်။ (ကောလော၂) ဒါပေမယ့် ဆယ်ဘို့တဘို့
အဆုံးသတ်တယ်လို့ တခါမှ မပြောဘူး။
အာဗြဟံက ဆယ်ဘို့တဘို့ပေးတယ်။
ယာကုပ်လည်း ဆယ်ဘို့တဘို့ ပေးတယ်။ ပညတ်တရားက ဆယ်ဘို့တဘို့ တောင်းဆိုတယ်။
ဖာရိရှဲတွေလည်း ဆယ်ဘို့တဘို့ပေးလို့ ချီးကျူးခံရတယ်။ အခွန်ခံနဲ့
ဖာရိရှဲအကြောင်းမှာ လူကောင်းဟာ ဆယ်ဘို့တဘို့ပေးတယ်လို့ သခင်ယေရှု သွန်သင်တယ်။
ကောင်းစားသည့်အတိုင်း ပေးလှူတာကို သွန်သင်တယ်။ ဆယ်ဘို့တဘို့လည်း အဆုံးမသတ် သေးဘူး ဆိုတော့
ကျမ်းစာကို ရိုသားစွာ လေ့လာသူတိုင်း ခရစ်ယာန်ပေးလှူခြင်းဟာ ဆယ်ဘို့တဘို့က စတယ်လို့
သဘောတူသင့်တယ်။
ဒါပေမယ့် စဉ်းစားစရာရှိတယ်။
ဝင်ငွေရဲ့ဆယ်ဘို့တဘို့ကို ပေးတာဟာ ကောင်းစားတဲ့အတိုင်း ပေးတာလို့ မမှတ်စေချင်ဘူး။
ဘယ်လောက်ပေးလှူတယ်ဆိုတာ မပြောလိုဘူး။ ဘယ်လောက်များများ ဘုရားငွေကို
ကိုင်တွယ်သုံးစွဲသလဲဆိုတာ အဓိကပါ။ အားလုံးကို ဘုရားပိုင်တယ်။
တောက တရားဟောဆရာတယောက်
ဘုရားသခင်ကို စာရေးတယ်။ “ဘုရားသခင်၊ ကျွန်တော့်ရဲ့ ၈၂.နှစ်မြောက်မွေးနေ့၊ ရွှေရတု
အိမ်ထောင်သက်နဲ့ သင်းအုပ်အဖြစ် ၄၂ နှစ်မြောက် ပွဲကျင်းပမယ်။ အဲဒီပွဲတွေအတွက်
ကိုယ်တော် ဒေါ်လာ ၁၀၀ မ,စ နိုင်မလား?” တဲ့။
ဗဟိုစာတိုက်ကြီးရဲ့ စာတိုက်မှူးက
အရာရှိများစည်းဝေးမှာ အဲဒီစာကို ဖတ်ပြတယ်။ ပြီးမှ စာအိပ်ထဲမှာ ၁၀ ဒေါ်လာ
ထည့်ပေးပြီး၊ တရားဟောဆရာထံ ပို့ပေးလိုက်တယ်။ သတင်းပတ် အနည်းငယ် အကြာမှာ၊ ဘုရားသခင်
အမည်နဲ့ နောက်စာတစောင် ရောက်လာပြန်တယ်။
ဒီတခါမှာတော့ “ဘုရားသခင် …
ပေးလိုက်တဲ့စာ ရပါတယ်။ မွေးနေ့ အမှတ်တရပွဲလည်း အောင်မြင်ပါတယ်။ ဒါပေမယ့် နောက်တခါ
ကျွန်တော့ကို ငွေပို့ရင် ဝါရှင်တန်မြို့ကနေ မပို့ပါနဲ့။ ၉၀% သူတို့
ဖြတ်ယူထားလိုက်တယ်” တဲ့။
ခရစ်ယာန် အများစုလည်း ဒီလိုပါဘဲ။
၉၀%ဖြတ် သုံးထားပြီး၊ ဆယ်ရာခိုင်နှုန်းပဲ ဘုရားသခင်ကို ပေးတာပါ။
ဆယ်ရာခိုင်နှုန်းပဲ ပေးရမယ်လို့ ကျမ်းစာက ဘယ်တော့မှ မပြောဘူး။ ပိုပေးသင့်တဲ့ အချိန်တွေ
ရှိတယ်။ ဆယ်ဘို့တဘို့ထက် ပိုပေးသူတွေလည်း ရှိတယ်။ ဒါပေမယ့် အနည်းဆုံးတော့
ဆယ်ဘို့တဘို့ကနေ အားလုံး စပေးသင့်ပါတယ်။
နောက်တခုက ….
(၂ ) ပေးလှူခြင်းရဲ့ ဆုလာဒ် - THE REWARD OF GIVING
“စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။
သူတပါးကို ရေလောင်းသောသူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုးကို ခံရလိမ့်မည်။”
သုတ္တံ ၁၁း၂၅၊
“ဆယ်ဘို့တဘို့ ရှိသမျှကို
ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါသည် မိုဃ်းကောင်းကင် ပြတင်းပေါက် တို့ကိုဖွင့်၍
ကောင်းကြီးမင်္ဂလာကို အကုန်အစင် သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့
စုံစမ်းကြလော့ ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်၏။” မာလခိ ၃း၁၀။
“သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသော
အသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။ သို့ပြုလျင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊
စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်။” သုတ္တံ ၃း ၉၊၁၀။
ပေးလှူခြင်းနဲ့ ပတ်သက်တဲ့
အကြိုက်ဆုံး ကျမ်းချက်တချက်ကတော့ “သူတပါးအား ပေးကြလော့။ ပေးလျှင် သူတပါးသည်
သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်
ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊
တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။” လုကာ ၆း
၃၈။
သခင်ယေရှုက “ပေးရင် -
ကိုယ်ပေးတဲ့အတိုင်း ပြန်ရမယ်။ လဘက်ရည်ခွက်နဲ့ ခြင်ပေးရင်၊ လဘက်ရည်ခွက်လောက်
ပြန်ရမယ်။ ခြင်းတောင်းနဲ့ ခြင်ပေးရင်၊ ခြင်းတောင်းလောက် ပြန်ရမယ်။ ထူးခြားမှုက ပြန်ရတဲ့အချိန်မှာ အမှန်ခြင်ရုံမျှမက ရပါတယ်။”
ခြင်းတောင်းအကြီးကြီးနဲ့ သီးနှံတွေ
ဝယ်ဖူးသလား? ရောင်းသူက တောင်းအပေါ်မှာ လက်ခုပ်ရေ အများကြီးနဲ့
အမှန်ခြင်ရုံမက ပုံပေးဖူးသလား? သခင်ဘုရားပြောတာက
အဲဒီလိုမျိုးကို ပြောတာပါ။
“သိပ်နှက်လျက်” လို့ ဆက်ပြောတယ်။
ခြင်းတောင်းအပေါ်ကို အမှန်ခြင်ရုံမက ပုံပေးပြီးတော့ “သိပ်နှက်” လိုက်တယ်။
“အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်
ကောက်ပဲသီးနှံတွေ တောင်းထဲထည့်ပြီး လှုပ်ဖူးသလား? လှုပ်ပြီးရင်
နေရာချောင်သွားတာ သတိထားမိလား? ဘုရား ပြန်ပေးရင် အဲဒီအတိုင်း
ရတာပါ။
သခင်ယေရှုက “မင်းပေးတဲ့အတိုင်း
ငါပြန်ပေးမယ်။ ထူးခြားမှာက ငါပေးရင် “အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊
လျှံလျက် ပြန်ပေးမယ်” လို့ ပြောတယ်။ လှုပ်ပြီးရင် လျှံသွားစေတော်မူမှာ ဖြစ်တယ်။
“သူတပါးအား ပေးကြလော့။ ပေးလျှင်သူတပါးသည်
သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊
လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။”
“သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်” ဆိုတာက
ဘာကိုဆိုလိုတာပါလဲ?
အဲဒီခေတ်တုန်းက လူတွေက
ဝတ်ရုံဖါးဖါး ရှည်ရှည်ကြီးတွေကို ဝတ်တတ်တယ်။ လူတယောက် သီးနှံမျိုးစေ့တွေဝယ်ရင်
ကုန်သည်က အဝတ်အထည် (သို့ ) ၀တ်ရုံကို ဖွင့်ပြီး၊ ထည့်စရာခွက်မှာ သီးနှံ အပြည့်ထည့်ပြီး
ဝတ်ရုံအောက်မှာ ထားလိုက်တယ်။ ထည့်စရာခွက်ကို ဝတ်ရုံနဲ့ ဘေးပတ်လည်မှာ ပတ်လိုက်တယ်။
ဝယ်သူကလည်း ထည့်စရာခွက်အပေါ်မှာ ဝတ်ရုံကို အုပ်ကိုင်မှသာ သူလမ်းသွားရင် သီးနှံ မျိုးစေ့တွေ
ထွက်မကျမှာ ဖြစ်တယ်။
ပေးလှူရင် ကြွယ်ဝမယ်လို့ ဘုရားသခင်
ဂတိပေးထားရုံမျှမက၊ ကြွယ်ဝမှုကို တည်မြဲစေမယ် လို့လည်း ဂတိပေးထားတယ်။
ကဲ… ကျွန်တော်က သိပ်တော်တဲ့ လူတော့
မဟုတ်ဘူး။ ဒါပေမယ့် အခုဟာက အကျိုးသိပ်ရှိမယ် လို့ ထင်တယ်။ “သူတပါးအား ပေးကြလော့။
ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင် ရုံမျှမက၊ သိပ်နှက်လျက်၊
လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။” ကိုယ့်ဘက်က
အရှုံးမရှိဘူး။
လူပေါတယောက်အကြောင်း ဖတ်ဖူးတယ်။
ဉာဏ်ရှိတဲ့လူတယောက်က သူ့ကို အမြတ်ထုတ်ဖို့ အကြံရတယ်။ ဒါနဲ့ တို့ဉာဏ်စမ်းတွေ
အပြန်အလှန်မေးကြရအောင်။ ငါမေးလို့ မင်းမဖြေနိုင်ရင်၊ မင်း ငါ့ကို တဒေါ်လာပေး။
မင်းမေးလို့ ငါမဖြေနိုင်ရင်- ငါမင်းကို တဒေါ်လာပေးမယ်” လို့ ပြောတယ်။
လူပေါက “အဲလို - မကောင်းဘူး။
ခင်ဗျားက ပိုတော်တယ်ဆိုတော့ ကျွန်တော်က ဉာဏ်စမ်းတပုဒ် မေးမယ်၊ မဖြေနိုင်ရင်
ကျွန်တော်က ဒေါ်လာဝက်ပေးမယ်။” လို့ ပြောတယ်။
“ကောင်းပြီ၊ ပေးမယ်”
လူပေါက “ပထမဉာဏ်စမ်းမေးမယ်။ မြေမှာ
ခြေ ၂ ချောင်း၊ လေထဲမှာ ခြေ ၂ ချောင်း၊ ပေါင်း ခြေ ၄ ချောင်း၊ မျက်လုံး ၁၃
လုံးနဲ့ဟာ ဘာလဲ? ”
ဉာဏ်ရှိုတဲ့သူက စဉ်းစားတယ်၊
စဉ်းစားတယ်။ နောက်ဆုံးတော့ လူပေါကို တဒေါ်လာ ပေးလိုက်တယ်။ “ငါမသိဘူး။ ရော့ ..
တဒေါ်လာ။ အဲဒါ ဘာကောင်လဲ? ပြော” လို့ မေးတယ်။
လူပေါက တဒေါ်လာဝက် ပြန်ပေးပြီးတော့
“ငါလည်း မသိဘူး။ ရော့ ဆင့် ၅၀” လို့ ဖြေတယ်။ ကဲ.. ကျွန်တော်က သိပ်ဉာဏ်မကောင်းဘူး။
ဒါပေမယ့် ပေးရင်အကျိုး ပြန်ရတယ်။ သုတ္တံ ၁၁း၂၄ မှာ “စွန့်ကြဲသော်လည်း ဥစ္စာ
တိုးပွါး တတ်သောသူရှိ၏။”
John Bunyan က ပြောတယ်။
“တို့မြို့မှာ လူတယောက်ရှိတယ်။
တချို့က သူ့ကို အရူးလို့ထင်တယ်။
ပေးလေလေ - ရလေလေလူပေါ့”
တရားဟောဆရာတယောက်က
ကုန်သည်တယောက်ကို ချဉ်းကပ်ပြီး အသင်းတော်လုပ်ငန်း တခုအတွက် အလှူငွေ တောင်းတယ်။
ကုန်သည်က ဒေါ်လာ ၃၀၀ တန် ချက်လက်မှတ် ပေးလိုက်တယ်။ တရားဟောဆရာ ထွက်သွားခါနီး
ဒေါ်လာ ထောင်ချီပြီးတန်တဲ့ ကုန်စည်တွေပါတဲ့ သင်္ဘောနစ်သွားတယ်ဆိုတဲ့ သတင်း
ဝင်လာတယ်။ ဒီကုန်တွေက ကုန်သည်ပိုင်တဲ့ ကုန်တွေပါ။
“ခဏ- နေဦး- ဆရာ။ အဲဒီ ချက်လက်မှတ်
ပြန်ပေးပါဦး” လို့ ပြောပြီး ဒေါ်လာတထောင်တန် ချက်လက်မှတ် ပြင်ရေးပေးတယ်။ “ဒီလောက်
မြန်မြန်ကြီး ဆုံးရှုံးရတော့ မဆုံးရှုံးနိုင်တဲ့နေရာမှာ မြှုပ်နှံထားတာ
ပိုကောင်းပါတယ်” လို့ ပြောတယ်။
“မဆုံးရှုံးနိုင်တဲ့နေရာမှာ
ရင်းနှီးမြှုပ်နှံတယ်ဆိုတာ မဖြစ်နိုင်ဘူး” ပြောမယ်ဆိုရင် လုကာ ၁၆ က - မတရားတဲ့
ဘဏ္ဍာစိုး ငွေထိန်း အကြောင်းဖတ်ကြည့်ပါ။ “သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲ တည်သော
ဗိမာန်၌ သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို
သုံးဆောင်ကြလော့။” မမြဲသော လောကီစည်းစိမ်ဆိုတာ ချမ်းသာကြွယ်ဝမှုပါ။
ကိုယ်ချမ်းသာတာကိုသေရင် ထာဝရ အမွေခံရာအရပ်မှာ လက်ခံမယ့်သူရှိလို့ အသုံးပြုရတယ်။
ထာဝရဗိမာန် အမွေခံရာအရပ်ဆိုတာက
ဘာလဲ? ကယ်တင်ခြင်းရရင်၊ ကောင်းကင်ပေါ့။ အဲဒီတော့ ရှင်းအောင်ပြောရရင်
“ကိုယ်သေရင် ကောင်းကင်မှာ အုပ်စုဖွဲ့ကြိုဆိုနေသူတွေ ရှိဖို့အတွက် ကိုယ့်ငွေကို
ပျောက်ဆုံးဝိညာဉ်ရဖို့ သုံးပါ။” ကျွန်တော်ပေးတဲ့ ငွေအားဖြင့်
ခရစ်တော်ကိုရရှိခဲ့သူတွေရဲ့ ဝိညာဉ်တွေဟာ ကောင်းကင်မှာ ကျွန်တော့ကို
ကြိုဆိုနေမှာကို သိပ်မြင်ချင်တယ်။
ပေးပုံ ၊ ပေးနည်း။
ပေးလှူခြင်းရဲ့ဆုလာဒ်။ ကဲ - နောက်တခုက - -
(၃) ပေးရခြင်းရဲ့ အကြောင်းရင်းများ THE REASONS FOR GIVING
ပထမ - မဖြစ်သင့်တဲ့ရှုထောင့်က
ပြောရရင် မပေးလို့ မဖြစ်တဲ့သဘော၊ ရှက်တဲ့သဘောနဲ့ မပေးသင့်ဘူး။
ဘုရားကျောင်းတကျောင်းမှာ
လူငယ်ကလေးတွေက တနင်္ဂနွေည ဝတ်ပြုစည်းဝေး အလှူငွေ ကောက်ခံတယ်။ ကောင်လေးတယောက်က
အလှူငွေကောက်တဲ့ ပန်းကန်ပြားနဲ့ ရှေ့တန်းကစပြီး ကောက်ခံတယ်။ ပထမဦးဆုံး သူသွားမိတာက
သင်းထောက်တယောက်။ ကောင်လေးကရပ်ပြီး တခုခုများ ထည့်မလားဆိုပြီး စောင့်နေတယ်။
သင်းထောက်အဘိုးကြီးက “ငါမနက်က ထည့်ပြီးပြီကွ” လို့ ပြောပြီး ဆက်သွားခိုင်းတယ်။
ဒါပေမယ့် ကောင်လေးကတော့
ဆက်ရပ်နေတယ်။ သင်းထောက်ကြီးက “မနက်က စာအိတ် ထည့်လိုက်ပြီကွ” လို့ ပြောတယ်။
ကောင်လေးက ဆက်စောင့်တုန်းဘဲ။ သူ့ပုံစံက သင်းထောက်ကြီး တခုခု မထည့်မချင်း
သွားမယ့်ပုံ မပေါ်ဘူး။ ကြာတော့ ရှက်လာတာနဲ့ သင်းထောက်ကြီးလည်း
အိတ်ကပ်နှိုက်ပြီး အလှူငွေ ထည့်ရတော့တယ်။ အဲဒီဘုရားကျောင်းက သင်းအုပ်ဆရာက
ဘုရားကျောင်းထဲက လူတိုင်း၊ ချက်လက်မှတ်စာအုပ်၊ အိပ်ဆောင် စာအုပ်တွေကို နှိုက်ကြပြီ။
အလှူခံတော့မယ်ဆိုတာ သိလို့ပါလို့ ပြောလိုက်တယ်။ အဲဒီတနင်္ဂနွေည အလှူငွေဟာ
အဲဒီဘုရားကျောင်းရဲ့ သမိုင်းမှာ အကြီးမားဆုံး ရလိုက်တယ်။ ဘာကြောင့်လဲ? သူတို့အရှက် မကွဲချင်လို့ပါ။ ဒါပေမယ့် အရှက်ကွဲမှာ ကြောက်တဲ့သဘောနဲ့တော့
မပေးလှူသင့်ဘူး။
သင်းအုပ်ဆရာတယောက်က သူ့ပရိတ်သတ်ကို
ပေးလှူဖို့ပြောတယ်။ သူတို့က ဆုတောင်းဖို့ ပြန်ပြောတယ်။ နောက်တပတ် ဧည့်ကြိုတွေက
အလှူငွေ ကောက်ခံတဲ့အခါ အလှူငွေခွက်တိုင်းမှာ “အခုပေး၊ နောက်မှ ဆုတောင်း” ဆိုတဲ့
စာတန်းကလေးတွေ ပါလာတော့တယ်။
ပေးသင့်- မပေးသင့်တော့
ဆုတောင်းနေစရာ မလိုဘူး။ ကျမ်းစာထဲမှာ ပြောပြီးသားပဲ။ ကိုယ်ငွေ ဘယ်ရောက်သလဲဆိုတာ
ကိုယ့်မှာတာဝန် ရှိတယ်။ ကျွန်တော်ကတော့ ယုံကြည်ခြင်းရဲ့ အခြေခံတရားတွေကို
မယုံကြည်တဲ့ liberal- လစ်ဘရယ် - သောကောရောကော အသင်းတော်တွေကို တပြားတချပ်မှ
မပေးဘူး။ တခုခု ပေးမိရင်တောင် ပြန်ရဖို့ ကြိုးစားရမှာပဲ။ “ကျွန်တော့အသင်းတော်က liberal
။ ကျွန်တော် အဲဒီကို မပေးနိုင်ဘူး” လို့ ပြောလာရင်တော့။ ကောင်းတယ်။
အရင်ထွက်လိုက်။ စိတ်ချလက်ချ ပေးနိုင်တဲ့ အသင်းတော် တပါးပါးမှာ ပါဝင်လိုက်။
ရှက်လို့ဆိုတဲ့ သဘောနဲ့တော့ မပေးသင့်ဘူး။ ဟန်ပြလည်း မပေးသင့်ဘူး။ ပိုင်ဆိုင်သမျှဟာ
ဘုရားပိုင်တယ်ဆိုတဲ့အသိနဲ့သာ ပေးရမယ်။
ကနေဒါပြည်ရောက်တုန်းက ဖြစ်ရပ်တခု
အကြောင်းဖတ်ရတယ်။ ကနေဒါ ဖစိဖိတ် မီးရထား ဌာနပိုင် မြေတကွက်ရှိတယ်။ လူအများက
ဘူတာသွားလမ်းအဖြစ် သုံးနေတယ်။ ကနေဒါမှာ ဥပဒေတခု ရှိတယ်။ လူအများက အမှတ်တမဲ့
သုံးနေတဲ့ ပစ္စည်းဟာ အများပိုင်ပစ္စည်း ဖြစ်လေ့ရှိတယ်။ ဒါကြောင့် တနှစ်မှာ တခါတော့
မြေကွက်မဆုံးရှုံးရအောင် ကနေဒါ ပစိဖိတ် မီးရထားဌာနက လမ်းကို ခြံစည်းရိုးကာပြီး၊
လူအများ သွားခွင့်မပြုဖို့ လိုလာတယ်။ ဆိုင်းဘုတ်တခု ရေးထားလိုက်တယ်။ “ကနေဒါ-
ပစိဖိတ် မီးရထားဌာနပိုင် မြေဖြစ်သည်။”
နောက်တနေ့ ခြံစည်းရိုးနဲ့
ဆိုင်းဘုတ်ကို ဖယ်လိုက်ကြပြန်တော့ လူအများက ဆက်သွားကြ ပြန်တယ်။ ကဲ- လူအများက
တနှစ်မှာ ၃၆၄ ရက် သုံးတယ်။ ဒါပေမယ့် ပိုင်ရှင်ရှိကြောင်း သိစေဖို့ ၁ ရက်
သတ်မှတ်ထားလိုက်တယ်။
ဆယ်ဘို့တဘို့ပေးရင် အားလုံး ဘုရားပိုင်တယ်ဆိုတာ
သတိရစေတယ်။ ဆယ်ဘို့တဘို့ငွေကို ဘုရားသခင် ပိုင်တယ်။ ပိုက်ဆံအိတ်ထဲက ငွေကိုလည်း
ဘုရားသခင် ပိုင်တယ်။ ဘောင်းဘီ အိပ်ကပ်ထဲက ငွေလည်း ဘုရား ပိုင်တယ်။ ချစ်ခြင်း
မေတ္တာပြတဲ့ အနေနဲ့ ပေးသင့်တယ်။ ဘုရားသခင်က ချစ်လို့ပေးတာပါ။ ဘုရားသခင်ပေးသလို
ပြန်ပေးသင့်တယ်။ မေတ္တာမပါဘဲ ပေးနိုင်တယ်။ ဒါပေမယ့် မပေးဘဲနဲ့တော့ မေတ္တာပြလို့ မရဘူး။
လုပ်ဆောင်မှုကို
ယုံကြည်တဲ့အနေနဲ့လည်း ပေးသင့်တယ်။ ပျောက်ဆုံးဝိညာဉ်တွေအတွက် လုပ်ဆောင်တာကို
ယုံကြည် တယ်ဆိုရင် ပါဝင်ကူညီ မစသင့်တာပေါ့။ လုပ်ဆောင်မှုကို မြတ်နိုးလာကြရင်၊
ဝိညာဉ်တွေ ကယ်တင်ခြင်းရလာရင်၊ ပါဝင်ချင် လာကြမှာဘဲ။ ဒီလိုလူတွေ ပါဝင်ပေးလှူလာဖို့
သိပ်လုပ်စရာ မလိုဘူး။
ပုံသက်သေကြောင့်လည်း ပေးသင့်တယ်။
လူတွေက ကိုယ့်ကို ကြည့်မယ်။ ကိုယ့်သားသမီးတွေ ကြည့်နေမယ်။ ကလေးတယောက်
စတိုးဆိုင်တဆိုင်မှာ သူ့အဖေနဲ့ ကစားနေတယ်။ ကလေးက အဖေကို တချို့ ပစ္စည်းကလေး
တွေပေးတယ်။ အဖေက သားကို ၅ ဆင့်ပေးတယ်။ ကလေးက“ဖေဖေ သားတို့ ဘုရားကျောင်း တက်တမ်း
ကစားတာမဟုတ်ဘူးနော်။ စတိုးဆိုင်ဖွင့်တမ်း ကစားတာ” လို့ ပြောတယ်။ အဲဒီအဖေဟာ
သားအပေါ် ပုံသက်သေ မှားနေပြီ။ ကျွန်တော်ပေးတာကို သားသမီးတွေ သိစေချင်တယ်။
ကိုယ်လုပ်တာတွေကို ယုံတာ သိစေချင်တယ်။ ပေးတတ်အောင် သင်ပေးချင်တယ်။
ပုံသက်သေကြောင့်လည်း ပေးရတာပါ။
ကျွန်တော့အသင်းသူတယောက်ဖြစ်တဲ့ Mrs.
Montgomery (မစ္စစ် မွန်ဂိုမာရီ) ဟာ Dekalb ဆေးရုံကြီးမှာ
မကျန်းမမာ ဖြစ်နေတယ်။ ချိန်းထားတဲ့ တနင်္လာနေ့ တရားဟောပွဲအတွက် မသွားခင် ဆေးရုံကို
ဝင်မြှော်ခဲ့တယ်။ ကျမ်းစာ ဖတ်ပြီး၊ ဆုတောင်းပေးတယ်။ ထွက်လာမယ်လုပ်တော့ သူက “ဆရာ၊
ခုံပေါ်က ကျွန်မ စာအုပ်ကလေး ယူပေးပါ။” ယူပေးလိုက်တော့ အလှူငွေစာအိတ် တအိတ်ထုတ်ပြီး
ပေးလာတယ်။ “တနင်္ဂနွေဘုရားကျောင်း လာနိုင်မှာမဟုတ်ဘူး ဆရာ၊ ဒီမှာ ကျွန်မရဲ့
ဆယ်ဘို့တဘို့ပါ။ ကျွန်မအတွက် အလှူငွေ ထည့်ပေးပါ ဆရာ” တဲ့။ အဲဒီရက်အတွင်းမှာပဲ သူ ဆုံးသွားတယ်။
နောက်တပတ် တနင်္ဂနွေ သူ့အလှူငွေ စာအိတ်ကိုထည့်
ပေးလိုက်ချိန်မှာ တော့ Mrs. Montgomery က ကောင်းကင်ရောက်နေပြီ။
အဲဒီဖြစ်ရပ်က ကျွန်တော့်ကို
ပိုပြီး ပေးလှူချင်စိတ်ဖြစ်လာစေတယ်။ ကျွန်တော့်ကို တကယ် နှိုးဆော်တယ်။ သူဘုန်းတော်
ဝင်စားပြီး ရက်အတော်ကြာအောင် သူ့ဆယ်ဘို့တဘို့ အလှူငွေက အလှူငွေ ခွက်ထဲမှာ
ရှိနေဆဲပဲ။ ကောင်းလိုက်တဲ့ ပုံသက်သေ၊ ကောင်းလိုက်တဲ့ စံနမူနာပါပဲ။ ပုံသက်သေ ဖြစ်နေတဲ့အတွက်
ပေးလှူသင့်တယ်။
ပြီးတော့ ရွှင်ရွှင်လန်းလန်း
တက်တက်ကြွကြွနဲ့ ပေးလှူသင့်တယ်။ ကျမ်းစာက၂ကော ၉းရ မှာ “စေသနာစိတ်နှင့်
လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” ပျော်ပျော်ရွှင်ရွှင်နဲ့ ပေးလှူသူကို
ဆိုလိုတယ်။ စေတနာနဲ့ ပျော်ပျော်ရွှင်ရွှင်ပေးသူဟာ ဆံပင်ညှပ်ပြီးရင် ၄
ဒေါ်လာပေးရတော့မယ်ဆိုတဲ့ မျက်နှာထားမျိုးနဲ့ ထိုင်နေတတ်သူမျိုး မဟုတ်ဘူး။
မနက်စာကို သစ်သီးဖျော်ရည် ချဉ်တူးတူးနဲ့ တောဇီးသီး အကျွေးခံလိုက်ရတဲ့ လူရဲ့
မျက်နှာမျိုးလည်း မဟုတ်ဘူး။ ဆင့် - အစိတ်လောက် အလှူငွေထည့်ပြီး “တို့ ပြန်တွေ့ကြချိန်အထိ
ဘုရားသခင် မင်းနဲ့အတူ ရှိပါစေ” လို့ သီချင်းဆိုတတ်သူလည်း မဟုတ်ဘူး။
စေတနာစိတ်နဲ့ ပျော်ပျော်ရွှင်ရွှင်
ပေးလှူသူဆိုတာ “ဟာ- ဟာ- ဟ၊ ကျေးဇူးတော်ပဲ အလှူငွေကောက်နေပြီ။ ဟာ- ဟာ- ဟ၊ ရှင်မရေ
ပိုက်ဆံအိတ် ပေးပါဦးကွာ။ မြန်မြန်ကွ၊ အလှူငွေခွက် ဒီဘက် ပြန်လာပါဦး။ ကောင်းကွာ၊
မင်းတို့ အလှူငွေ ကောက်တဲ့လူတွေကလည်း တယ်နှေးတာကိုးကွ” လို့ ပြောတတ်သူပါ။ ဒါဟာ
စေတနာစိတ်နဲ့ ပေးတာပါ။ ပျော်ပျော်ရွှင်ရွှင် ပေးတာပါ။ ဒါမျိုးပေးသူ သိပ်မရှိဘူး။
အဖေတယောက်က သူ့သားကို ၂၅ ဆင့် နဲ့
၁၀ ဆင့် တွဲပြီး၊ သူထည့်ချင်တာ ထည့်ဖို့ ပေးလိုက်တယ်။ အလှူငွေကောက်ချိန်မှာ သား
ဘာလုပ်မလဲလို့ အဖေ အရမ်းသိချင်တယ်။ ဒါနဲ့ ဘုရားကျောင်း ဆင်းတော့ “သား၊ အလှူငွေ
ဘယ်လောက်ထည့်သလဲ။ ၂၅ ဆင့်လား၊ ၁၀ ဆင့်လား” လို့ မေးတယ်။
သားက “ဟုတ်ကဲ့၊ ကျွန်တော်က ၂၅
ဆင့်ထည့်မလို့ပဲ။ ဒါပေမယ့် သူတို့ အလှူငွေမကောက်ခင်၊ သင်းအုပ်ဆရာက ပြောတယ်။ “ဘုရားသခင်က ပျော်ပျော်ရွှင်ရွှင်နဲ့ ပေးတဲ့သူကိုချစ်တယ်” တဲ့။ ဒါနဲ့ ကျွန်တော်လည်း ၂၅ ဆင့် ပေးလိုက်တာထက် ၁၀ ဆင့်
ပေးလိုက်တာက ပိုပျော်နိုင်မယ်ဆိုပြီး၊ ၁၀ ဆင့်ပဲ ပေးလိုက်တယ်” တဲ့။ အဲဒီမျိုး
ပျော်ပျော်ပေးတာကို ပြောချင်တာတော့ မဟုတ်ဘူးနော်။
အချုပ်အနေနဲ့ ငွေထက် ဘုရားသခင်
ပိုလိုချင်တာ ရှိတယ်။ ၂ကော ၈း၅- မှာ “ရှေးဦးစွာ သခင်ဘုရား၌၎င်း၊ ငါတို့၌၎င်း၊
မိမိတို့ကို မိမိတို့လှူကြ၏။” ငွေထက် ဘုရားတန်ဖိုးထားတာ လူပါ။ လူကိုရရင် ငွေပါ- ပါတယ်။
ခရစ်တော်ထံ ကိုယ့်ကိုကိုယ် အပ်နှံလိုက်ပါ။
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်
လက်ခံပြီးပြီလား။ အားကိုးပြီးပြီလား။ ကယ်တင်ခြင်းရဖို့ မှီခိုထားသလား။
မှီခိုထားပြီးပြီဆိုရင် ကိုယ့်ကိုကိုယ် အပြည့်အဝ ဆက်ကပ်လိုက်ပါ။ ခရစ်တော်ကို
ကယ်တင်ရှင် အဖြစ် အားမကိုးရသေးရင်တော့ အခုပဲ အားကိုးလိုက်ပါ။ အခုလို
ကိုယ်တိုင်ပြောလိုက်ပါ။
“သခင်ယေရှု- ကျွန်တော် အပြစ်းသားပါ။
ကျွန်တော် အတွက်အသေခံပေးတာ ယုံပါတယ်။ ကယ်တင်ရှင် အဖြစ် အားကိုးပါတယ်။ အခုမှစ၍
ကယ်တင်ခြင်းရဖို့ ကိုယ်တော်ကို အားကိုးလိုက်ပါပြီ။”
ခရစ်တော်ကို အားကိုးပြီးပေမယ့်
ပေးလှူခြင်းရဲ့ ဝမ်းမြောက်ပျော်ရွှင်မှုတွေကို မခံစား ဖူးသေးရင်၊ နောက်တခါကစပြီး
ဘုရားသခင်ကို အနည်းဆုံး ဆယ်ဘို့တဘို့ထားပြီး ပေးလှူကြည့်ပါ။
“ခုနှစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး
ကောင်းစားသည်အတိုင်း မိမိတို့ ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။” ၁ကော ၁၆း၂။ ။

No comments:
Post a Comment