အခန်း ၄
---------------------------------------------------------------------------------------
![]() |
Dr. Curtis Hutson |
သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်
အားကိုးသူတိုင်းဟာ အကယ်ခံရတယ်။ ဒါပေမယ့် ကယ်တင်ခြင်းရသူတွေဟာ တယောက်နဲ့တယောက်
မတူဘူး။ တချို့ ရှုံးနိမ့်ချိန်၊ တချို့ အောင်မြင်နေတယ်။ တချို့
ဝမ်းနည်းစိတ်ပျက်နေချိန်မှာ၊ တချို့ တက်ကြွပျော်ရွှင်နေတယ်။ တချို့ လှဲချခံရလို့
ရှုံးနိမ့်နေချိန်မှာ၊ တချို့ကတော့ ဆုံးရှုံးသမျှကို ဂရုမစိုက်ပဲ ခရီးဆက်နေကြတယ်။
ဘာကွာလို့လဲ?
အောင်မြင်တဲ့သူက တခြားသူတွေထက်
ဘုရားနှစ်သက်ခံရလို့ ကွာတာတော့ မဟုတ်ဘူး။ ဘုရားနှစ်သက်တာက အားလုံးအပေါ်မှာ
အတူတူဘဲ။ ဘုရားနှစ်သက်အောင် လုပ်ယူလို့မရဘူးဆိုတာ သတိပြုရမယ်။ အကျင့်ကောင်း၊
အသက်ရှင်ပုံကောင်းလို့ ဘုရား နှစ်သက်တာမဟုတ်ဘူး။ ဘာတွလုပ်လို့၊ ဘာတွေတော့ ရှောင်လို့၊
သစ္စာဂတိတွေ အလီလီထားလို့ ဘုရား လက်ခံထားတာမဟုတ်ဘူး။ ဧဖက် ၁း ၁၅ မှာ “ဘုရားသခင်သည်
ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အားပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို
ချီးမွမ်းစေခြင်းငှါ-----” အပြစ်တွေအတွက် စိတ်ပြေဖို့ တခုတည်းသော အကြောင်းရင်းက
ကားတိုင်ပေါ်မှာ သခင်ယေရှုခရစ် အသေခံတဲ့အကြောင်းပါဘဲ။ ဘုရားနှစ်သက် လက်ခံသူဟာ
ကာရာနီမှာ ပြီးစီးခဲ့တဲ့အမှုနဲ့ သခင်ယေရှုကို အားကိုးခိုလှုံသူသာ ဖြစ်တယ်။
ထွက်မြောက်ရာ ၁၂ မှာ ထာဝရဘုရားရဲ့
ကောင်းကင်တမန် အဲဂုတ္တုပြည်ကို ဖြတ်သွားတဲ့အခါ၊ အိမ်တိုင်းက သားဦးတွေ သေတယ်။
ဒါပေမယ့် အပြစ်ကင်းတဲ့ သိုးသူငယ်ကိုသတ်၊ အသွေးကို အိမ်တံခါး တိုင်တွေမှာသုတ်ဖို့
ဣသရေလလူတွေကို ဘုရားသခင် မှာထားခဲ့တယ်။ “ထိုအသွေးကို ငါမြင်သောအခါ သင်တို့ကို ငါလွန်သွားမည်။”
ကျွန်တော့အထင် တချို့မိသားစုတွေက
နှစ်ခြင်းခံကဒ်တွေကို တံခါးပေါ်မှာ ချိတ်ထားမယ်။ သူတို့ ကယ်တင်ခြင်းရပြီလား? လုံးဝမရသေးဘူး။ “မင်းတို့ နှစ်ခြင်းခံကဒ်လေးတွေကို ငါမြင်တဲ့အခါ
သင်တို့ကို ငါလွန်သွားမယ်” လို့ ဘုရားသခင်မပြောဘူး။ “ထိုသွေးကို ငါမြင်သောအခါ
သင်တို့ကို ငါလွန်သွားမည်” လို့ပဲ ပြောတယ်။
တချို့ကတော့ Sunday school တက်တဲ့အကြိမ်နဲ့ ဘုရားကျောင်းတက်တဲ့အကြိမ်တွေကို သူတို့တံခါးတွေမှာ ချိတ်ထားမယ်။
သူတို့ ကယ်တင်ခြင်းရပြီလား? လုံးဝ မရသေးဘူး။ “သင်တို့
ဘုရားကျောင်း၊ မှန်မှန်တက်တာမြင်ရင် သင်တို့ကို ငါလွန်သွားမယ်။” လို့ ဘုရားသခင်
မပြောဘူး။ အချို့လည်း သူတို့ရဲ့ အောင်မြင်မှုတွေ၊ ကောင်းမှုတွေကို တံခါးပေါ်မှာ
ချိတ်ထားချင်မယ်။ ဒါပေမယ့် အသွေးသွန်းလောင်း ပူဇော်ပေးတာကို အားကိုးသူသာ
ကယ်တင်ခြင်း ခံရတယ်။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အားကိုးသူသာ ဘုရား
နှစ်သက်လက်ခံသူ ဖြစ်တယ်။
တခြား ဘာကိုမှ အားမကိုးပဲ၊
သခင်ခရစ်တော် တပါးတည်းကိုသာ အားကိုးတဲ့အခါ၊ “ချစ်တော်မူသော သားတော်ကြောင့်--”
နှစ်သက်တယ်။ လူတိုင်းကို ဒီအချက်အပေါ်မှာသာ နှစ်သက် လက်ခံတယ်။ ပိုပြီး
နှစ်သက်ခံရတယ်လို့ မရှိဘူး။ ခရစ်တော်ကို အားကိုးသူတိုင်းဟာ ခမည်းတော်ရှေ့မှာ
အတူတူပါဘဲ။ သခင်ယေရှုကို အားကိုးသူတွေကို ဘုရားသခင်က ခရစ်တော်ကို နှစ်သက်သလို
နှစ်သက်တယ်။ အကြောင်းရင်းက ချစ်တော်မူသော သားတော်ကြောင့် လက်ခံပေးလို့ပါဘဲ။
ကျွန်တော်တို့က လူတွေကို သူက
ဘာမို့လို့ဆိုပြီး လက်ခံကြ။ သူကတော့ ဘာမဟုတ်လို့ဆိုပြီး ငြင်းပယ်နေတော့၊
ဘုရားသခင်လည်း ဒီလိုပဲ နေမှာပဲလို့ ထင်တတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာဖြစ်မှ၊
ဒါမှမဟုတ် ဘာတွေမဖြစ်မှ၊ ဘာတွေလုပ်မှ၊ ဘာတွေမလုပ်မှသာ ဘုရားလက်ခံမယ်ဆိုရင်၊
ဘယ်သူကိုမှ နှစ်သက်မှာ မဟုတ်ဘူး။ ဟေရှာယ၆၄း ၆ မှာ “အကျွန်ုပ်တို့ရှိသမျှသည်
စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်
တူကြပါ၏။ အကျွန်ုပ်တို့ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညှိုးနွှမ်းလျှက် ရှိ၍
ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်စားပါပြီ။”
တူညီတဲ့အချက်တခုတည်းပေါ်မှာ ထာဝရ
နှစ်သက်လက်ခံထားတာဆိုရင် ဘာဖြစ်လို့ ခရစ်ယာန်တွေ ကွာခြားကြသလဲ? သခင်ခရစ်တော်ကို အားကိုးသူတိုင်း အပြစ်လွှတ်ခံရတယ်။ ထာဝရအသက် ရတယ်။
ပြီးတော့ အားလုံး ဘုရားသားဖြစ်ရတယ်။ ဒါဆို-ဘာကွာလို့လဲ?
ကယ်တင်ခြင်းရပြီးမှ
ထပ်ကျူးလွန်တဲ့အပြစ်တွေကို ဘယ်လိုဖြေရှင်းသလဲဆိုတာ ကွာတယ်။ ယုံကြည်သူအပေါ်မှာ
စာတန်ရဲ့ ထိရောက်တဲ့ လက်နက်ကတော့ စိတ်ပျက်စေတာပါပဲ။ စိတ်ပျက်သွားရင်
ဘုရားဆန္ဒအတိုင်း ကျွန်တော်တို့ ဖြစ်မလာတော့ဘူး။
ဆက်ရင်..
ခရစ်ယာန်တိုင်းအပြစ်ပြုတယ်။ ၁ယော ၁း၁၀ မှာ “ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည် ဆိုလျှင်
ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။” သမ္မာကျမ်းစာထဲက အကောင်းဆုံး ခရစ်ယာန်များပင်
အပြစ်ပြုခဲ့တယ်။ ဒါဝိဒ်၊ နောဧ၊ လောတ၊ ပေတရု …. စသည်ဖြင့်ပေါ့။
တယောက်က အပြစ်လုပ်ပြီး၊ တယောက်က
အပြစ်မလုပ်လို့ ကွာသွားတာမဟုတ်ဘူး။ အားလုံး အပြစ်လုပ်တယ်။ ကွာသွားတာက
အပြစ်တွေအတွက် ဘာလုပ်သလဲဆိုတဲ့ အချက်ပါ။
ဟိုးနှစ်ပေါင်းများစွာတုန်းက
ရဲဝန်ထမ်းတယောက်ကို ကျွန်တော် ခရစ်တော်နဲ့ ထိတွေ့စေတယ်။ နောက်တနင်္ဂနွေမှာ
ဘုရားကျောင်းလာပြီး နှစ်ခြင်းခံသွားတယ်။ အတော်ကြာသည်အထိ ဘုရားကျောင်း အတက် မပျက်ဘူး။
ဘုရားကျောင်းကို အစောဆုံး လာသူတွေအထဲမှာ သူပါတယ်။ အိမ်လှည့်ရင်လည်း သူ အမြဲပါတယ်။
ကျွန်တော်နဲ့အတူ အကြိမ်များစွာ အိမ်လှည့်လည်ခဲ့ကြတာ မှတ်မိသေးတယ်။ သူ့အိပ်ကပ်ထဲမှာ
ဝေစာတခု အမြဲဆောင်ထားတဲ့အထိ သက်သေခံဖို့ စိတ်အားကြီးတယ်။ သက်သေခံပြီးတိုင်း၊
နားထောင်သူတွေကို ဝေစာပေးတတ်တယ်။ အဲဒီထဲက တချို့ဟာ နောက်ပိုင်းမှာ ဘုရားကျောင်း လာတက်ကြတယ်။
ပြောင်းလဲစလူဆိုပေမယ့် ခရစ်တော်ထံ လူများစွာကို ပို့ဆောင်ခဲ့သူပါ။
လအတော်ကြာတော့ ဘုရားကျောင်းမှာ
သူ့ကို မတွေ့ရတော့ဘူး။ ကျွန်တော်သွား တွေ့တော့ တံခါးဝမှာ ထိုင်နေတယ်။
“ဘုရားကျောင်း ဘာလို့မလာလဲ?” လို့ မေးတော့ “ကျွန်တော် အသင်းတော်မှာ
မပါဝင် နိုင်တော့လို့ပါ။” လို့ ဝမ်းနည်းစွာဖြေတယ်။ “ခရစ်ယာန်တွေ မလုပ်သင့်တာတွေ
လုပ်မိသွားပြီ။ ခရစ်ယာန် အသက်တာမှာ မဖြစ်သင့်တာတွေ ဖြစ်ခဲ့မိပြီ” လို့လည်း ဆိုတယ်။
၁ယော ၁း ၉ အရ ယုံကြည်သူဟာ အပြစ်
ဖော်ပြတောင်းပန်သင့်တယ်လို့ ပြောတော့၊ “ဟုတ်ကဲ့၊ သိပါတယ်။ ဒါပေမယ့် ဒီအပြစ်အတွက်ပဲ
ခဏခဏ တောင်းပန်နေရလို့၊ ဘုရားသခင် ခွင့်လွှတ်ရ ခက်နေလောက်ပြီ။ ဒါနဲ့ပဲ
ဘုရားကျောင်း လာတက်နိုင်တဲ့အချိန် မရောက်မချင်း မတတ်တော့ဘူးလို့
ဆုံးဖြတ်လိုက်တယ်။” လို့ ဖြေတယ်။ အဲဒီလို ဖြစ်တတ်ပါတယ်။ သူ့ရဲ့ ကျဆင်းမှုကို
စာတန်က စိတ်ပျက်စေတယ်။ ခရစ်ယာန်တွေရဲ့ အကြီးဆုံးအမှားကတော့ ခရစ်တော်အတွက်
ကြိုးစားအသက်ရှင်ဖို့ အားနည်းတာမဟုတ်ဘဲ၊ အပြစ်အတွက် ဘုရားမ,စပေးမှုကို နားမလည်တာပါပဲ။
အရေးကြီးတဲ့ အချက်တွေကို
ကြည့်ကြစို့။
(၁) အပြစ်ရှိသမျှအတွက် ကားတိုင်ပေါ်မှာ ခရစ်တော်
အသေခံပေးခဲ့ပြီ။
သခင်ယေရှု အသေမခံပေးခဲ့တဲ့
အပြစ်ဆိုလို့၊ အကြီးအသေး တခုမှမရှိဘူး။ ဟေရှာယ ၅၃း ၆ မှာ “ထာဝရဘုရားသည်
ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” ၁ပေ၂း၂၄ မှာ “ငါတို့ အပြစ်များကို ကိုယ်တော်တိုင်
သစ်တိုင်မှာ ခံတော်မူပြီ။” ၂ကော၅း ၂၁ မှာ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို
ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်
ထိုသူအားဖြင့် ဘုရားသခင့် ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။”
ကျွန်တော် ပြောင်းလဲစတုန်းကတော့
သခင်ယေရှု အသေခံတာဟာ အတိတ်အပြစ်တွေ အတွက်ပဲလို့ နားလည်ခဲ့တယ်။ ကယ်တင်ခြင်းမခံရခင်က
အပြစ်တွေအတွက်ပေါ့။ ဒါပေမယ့် နောင်ထပ် ပြုမိဦးမယ့် အပြစ်တွေအတွက်လည်းပါတယ်ဆိုတာ
နားမလည်နိုင်ခဲ့ဘူး။ ခရစ်တော်ကို အားကိုးပြီးတဲ့ နောက်ပိုင်း
ထပ်ပြုမိတာတွေအတွက်တောာ့ ဒုက္ခတွေ့၊ စိတ်ပျက်၊ ဆုံးရှုံးရ၊
ဝမ်းနည်းရလိမ့်မယ်လို့ပဲ ထင်မိတယ်။ အားနည်းကျဆင်းခဲ့တဲ့ နှစ်များအပြီးမှာတော့
အတိတ်၊ ပစ္စုပ္ပန်နဲ့ နောင်အနာဂတ် အပြစ်ရှိသမျှ အတွက်ပါ သခင်ယေရှု
အသေခံပေးခဲ့ပါလားလို့ နားလည်လာတယ်။ အတွေးထဲမှာ အမြဲနေရာယူထားတဲ့ အကြီးမြတ်ဆုံး
သမ္မာတရားကတော့ သခင်ယေရှု ကားတိုင်မှာ အသေခံပေးတဲ့ အကြောင်းဘဲ။ သခင်ယေရှု
အသေခံမပေးခဲ့တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ နောင်အနာဂတ် အပြစ်အကြီးအသေး တခုမှမရှိဘူး။
ကာရာနီမှာ သခင်ယေရှု အသေခံပြီး၊ အကြေအလည်မပေးဆပ်ဘဲ ကျွန်တော်တို့ ကျူးလွန်မိမယ့်
အပြစ်ဆိုတာမရှိဘူး။
အပြစ်လွှတ်ဖို့ ဘုရားသခင်မှာ
အခက်အခဲမရှိဘူး။ ဘုရားသခင်က အပြစ်ကို ခွင့်မလွှတ်ပေမယ့်၊ အပြစ်သားကို ခွင့်လွှတ်တယ်။
“Forgive ခွင့်လွှတ်တယ်” ဆိုတာ ဝန်ထုပ်ထမ်းပေးခြင်းပါ။
လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ လောက်က သခင်ယေရှုအပေါ်မှာ
ကျွန်တော်တို့ရဲ့အပြစ်ဝန်ထုပ်တွေကို တင်ထားခဲ့ပြီ။ ဝန်ထုပ်တွေ ထမ်းပေးရင်း
သန့်ရှင်းတဲ့ဘုရားရဲ့ အလိုကို ဖြည့်စွမ်းပေးခဲ့ပြီ။ ခွင့်လွှတ်ဖို့ အဖိုးအခ
ပေးပြီးပါပြီ။ ဒါကို အလွယ်တကူ လက်ခံစေချင်တာက ဘုရားသခင်ရဲ့ ဆန္ဒပါဘဲ။
(၂) အပြစ်အတွက် မပေးဆပ်ခိုင်းပါဘူး။
ဘုရားသခင်က ဆုံးမတယ်။ ဒါက
ပေးဆပ်တာမဟုတ်ဘူး။ ဒီအကြောင်း နောက်မှဆက်ပါမယ်။ ကားတိုင်မှာ သခင်ယေရှု
အသေခံပေးတာဟာ တလောကလုံးရဲ့ အပြစ်အတွက် ကြေပါပြီ။ (၁ယော၂း၂) ပြုခဲ့မိတဲ့
အပြစ်တွေနဲ့ နောင်ပြုမိဦးမယ့် အပြစ်တွေ အားလုံးအတွက် သခင်ယေရှု ကားတိုင်ပေါ်မှာ
အသေခံပေးခြင်းက ဘုရားသခင်ကို ကျေနပ်စေပြီလို့ ဆိုလိုတယ်။
ယေရှာယ ၅၃း ၅ မှာ “ထိုသူသည် ငါတို့
လွန်ကျူးခြင်း အပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။
ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍
သူခံရသော ဒဏ်ချက်အားဖြင့်၊ ငါတို့သည် အနာပျောက်လျှက်ရှိကြ၏။” သက်ရှိလူသားတိုင်း
ဘုရားပညတ်ကို အပြောအဆို၊ အကြံအစည်၊ အပြုအမူအားဖြင့် မနာခံကြဘူး။ နားမထောင်တဲ့ အချိန်တိုင်း
အတွက် သခင်ယေရှု နာကျင်စွာ ဝေဒနာခံခဲ့ရတယ်။
ယေရှုကြွေးဆပ်ပြီ ၊ ရှိသမျှပြေပြီ။
ယေရှုရှင် ချွတ်ပိုင်သခင်၊
ငါ့ကြွေး အကုန်ဆပ်ပြီ။
အပြစ်တွေအတွက် သခင်ယေရှုက အကြေအလည်
ပေးဆပ်ခဲ့ပြီးပြီဆိုတာ လက်ခံဖို့ သိပ်မလွယ်ဘူး။ အပြစ်အချို့အတွက် နည်းနည်းတော့
ဒုက္ခခံရဦးမယ်လို့ ထင်တတ်ကြတယ်။
သခင်ယေရှု ကားတိုင်ပေါ်မှာ
စကား(၇)ခွန်း ပြောခဲ့တယ်။ (၆) ခွန်းမြောက်စကားက “အမှုပြီးပြီ။” (ယော၁၉း၃၀) ဂရိလို telestai ပါ။ စီးပွါးရေးလုပ်ငန်းတွေမှာ သုံးတယ်။ ပြေစာမှာ ဒီစကားကို
တံဆိပ်နှိပ်လိုက်ရင် “ငွေအကြေ ချေပြီးပြီ” လို့ ဆိုလိုတယ်။
ဒီစကားကို ပန်းချီဆရာတွေလည်း
သုံးတယ်။ လပေါင်းများစွာ ပန်းချီဆွဲပြီး၊ နောက်ဆုံးစုတ်ချက် အပြီးမှာ ပန်းချီဆရာဟာ
မတ်တတ်ရပ်ပြီး စိတ်ကြေနပ်မှုအပြည့်နဲ့ စိုက်ကြည့်ကာ telestai လို့ ဆိုလိုက်တယ်။ ပြီးပြီ။ ပြင်စရာ၊ ဖျက်စရာမလိုတော့ဘူးပေါ့။
“အမှုပြီးပြီ” ဆိုတဲ့စကားဟာ ကျမ်းစာထဲမှာ
နားလည်ဖို့ အရေးကြီးဆုံးစကားပါ။ ဒါပေမယ့် နားမလည်ဆုံးစကား ဖြစ်နေတယ်။ ဒီလောကဟာ
သခင်ယေရှုရဲ့ “အမှုပြီးပြီ” ဆိုတဲ့ ကြွေးကြာ်သံကို နားမလည်တဲ့ သူတွေနဲ့
ပြည့်နေတယ်။ အပြစ်အတွက် သခင်ယေရှု အကျေအလည် ပေးဆပ်ပြီးပြီဆိုတာကို မယုံကြဘူး။
ဒါကြောင့် ကယ်တင်ခြင်းအတွက် လိုသေးတယ်ထင်လို့ ကိုယ်တော်ရဲ့ ပြီးစီးတဲ့အမှုမှာ
တခုခုကို ထပ်ဖြည့်နေကြတယ်။ ဘာသာရေးအထုံးအဖွဲ့တွေ၊ ဝတ်နည်းတွေ၊ ပွဲနေ့ တွေ၊
ကောင်းမှုတွေကို ထပ်ပေါင်း ကြတယ်။ ဒါပေမယ့် ကယ်တင်ခြင်းအတွက် လိုအပ်သမျှဟာ
ကိုယ်တော် အသေခံပေးခဲ့ချိန်မှာ ပြည့်စုံလုံ လောက်ခဲ့ပါပြီ။
ဟေရှာယ ၅၃း၁၀ မှာ “ထာဝရဘုရားသည်
သူ့ကို နှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသောယဇ်ကို
ပူဇော်ပြီးမှ” အပြစ်ရှိသမျှအတွက် ပေးဆပ်ခဲ့ပါပြီ။ အကယ်မခံခင်က အပြစ်တွေသာမက၊
နောင်အသက်ရှင်နေသရွေ့ ပြုမိဦးမယ့် အပြစ်တွေအတွက်ပါ ပါတယ်။
တချို့ဆရာတွေ ဟောတာကြားဖူးတယ်။
“ခင်ဗျားအပြစ်လုပ်ရင်၊ အဲဒီအပြစ်အတွက် ပေးဆပ်ရမယ်” တဲ့။ ကျမ်းစာက ဒီလိုမပြောဘူး။
အပြစ်တချို့အတွက် ပေးဆပ်ရမယ်ဆိုရင်တောင်မှ သေပြီး ငရဲမှာ ထာဝရခံရဖို့ပဲ။
အပြစ်အတွက် ဘုရားသခင်ကို ပေးဆပ်မယ်ဆိုရင် တခုပဲရှိတယ်။ ရောမ ၆း၂၃ မှာ “အပြစ်တရား၏
အခကား သေခြင်းပေတည်း။” ဒီသေခြင်းကို ဗျာဒိတ်၂၀း၁၄ မှာ “ဒုတိယသေခြင်း” လို့
ဖေါ်ပြထားတယ်။ “ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။
ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။”
အစောပိုင်းက ဘုရားသခင်က
သူ့သားသမီးတွေကို ဆုံးမတယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဆုံးမတာဟာ အပြစ်အတွက်
ပေးဆပ်ရတာ မဟုတ်ဘူး။ ဒါက သားကို ဖြောင့်မတ်စွာပြုပြင်တဲ့သဘောပါ။ ဟေဗြဲ ၁၂း၆ မှာ
“ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို
ဒဏ်ခတ်တော်မူတတ်၏။” ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်အားကိုးရင်၊ ဘုရားသခင်က
အပြစ်သားလို သဘောမထားတော့ဘူး။ ကယ်တင်ခြင်းရချိန်ကစပြီး သားတယောက်လို သဘောထားတယ်။
ဆုံးမခြင်းဟာ အပြစ်အတွက်
ပေးဆပ်ရတာမဟုတ်ဘူး။ သခင်ယေရှု ကားတိုင်မှာ အသေခံ ပေးရတာဟာ အပြစ်ရှိသမျှအတွက်
ပေးဆပ်ခြင်းပဲ။ ဒါကြောင့် ဘုရားသခင်က အပြစ်အတွက် ပေးဆပ်ဖို့ မတောင်းတော့ဘူး။
(၃) ခွင့်လွှတ်ခြင်းကို ဘယ်လိုရနိုင်သလဲ?
ရှင်ယောဟန်ဩဝါဒစာ ပထမစောင်မှာ
အခန်းကြီး ၅ ခန်း၊ အခန်းငယ် ၁၀၅ ခန်း ပါတယ်။ ယုံကြည်သူတွေထံ ရေးတာပါ။ ၁ယော ၅း ၁၃
မှာ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု
သိစေခြင်းငှါ၊ ဤအရာများကို ငါရေး၍ပေး လိုက်၏။” ခရစ်ယာန်တွေ အတွက် မင်္ဂလာအရှိဆုံး
ကျမ်းချက်တွေထဲက တချက်ကတော့ ၁ယော ၁း ၉ ပါ။ “ကိုယ်အပြစ်တို့ကို ဖေါ်ပြ တောင်းပန်လျှင်
ငါတို့အပြစ်များကိုလွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည်
သစ္စာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။”
အပြစ်လွှတ်ခံရဖို့နဲ့
ဒုစရိုက်တွေကင်းစင်ဖို့အတွက် အပြစ်ဖေါ်ပြတောင်းပန်ဖို့လိုတယ်။ မရ-မက သနားစဖွယ်
တောင်းပန်ဖို့တော့မဟုတ်ဘူး။ အပြစ်ခွင့်လွှတ်ပေးတာကို အလွယ်တကူ လက်ခံတဲ့သဘောပါ။
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးတဲ့အချိန်မှာ ခရစ်တော်၌ လက်ခံတော်မူပါပြီ။
ဒါပေမယ့် အကယ်ခံရပြီးမှ
အပြစ်ပြုမိရင် ခွင့်လွှတ်ခံရဖို့နဲ့ အပြစ်ကင်းစင်စေဖို့ရာ၊ ဘုရားနဲ့
ပြန်မိတ်ဖွဲ့ဖို့လိုတယ်။ သားဖြစ်တာက တပိုင်း၊ မိတ်ဖွဲ့တာက တပိုင်းပါ။ ၁ ယော
၁းရ-မှာ “ဘုရားသခင်သည် အလင်း၌ရှိသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊
အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေရှုခရစ်
အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။”
မတောင်းပန်တဲ့ အပြစ်တွေက
ယုံကြည်သူမှာ ဝမ်းမြောက်မှုကို ဆုံးရှုံးစေတယ်။ ဆာလံ ၅၁း၁၂ မှာ
“ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ ပေးသနားတော်မူပါ။”
လို့ ဒါဝိဒ်မင်းက ဆုတောင်းတယ်။ အငယ် ရ မှာလည်း “အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ၊
ဟုဿုပ်ပင်ညွန့်နှင့် သန့်ရှင်းခြင်း မင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ်ကို
မိုးပွင့်ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ။” ဆက်ပြီးတော့ အငယ်၈ မှာ
“စိတ်သက်သာ ဝမ်းမြောက်ခြင်း ရှိမည့်အကြောင်း စကားကို အကျွနု်ပ်အား ကြားစေတော်မူပါ။
သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့်မည်။”
ဒါဝိဒ်ဟာ ဘုရားနဲ့ မိတ်သဟာယ
ပျက်ခဲ့တယ်။ မဖေါ်ပြ၊ မတောင်းပန်တော့ ခွင့်လွှတ်မခံရ။
ဆေးကြောပေးခြင်းလည်းမခံရတော့၊ မပျော်တော့ဘူး။ အောင်မြင်တဲ့ ခရစ်ယာန်မဟုတ်တော့ဘူး။
အပြစ်ကို သတိရတာနဲ့ တပြိုင်နက် တောင်းပန်လိုက်တာဟာ အကောင်းဆုံးပါဘဲ။
တောင်းပန်ဖို့လည်း ဒူးထောက်နေမှ
မဟုတ်ဘူး။ ကားမောင်းရင်း၊ တံမြက်စည်း လှည်းရင်း၊ ပန်းကန်ဆေးရင်း
တောင်းပန်နိုင်တယ်။ “အပြစ်ပြုမိပါတယ် ကိုယ်တော်” ဆိုပြီးတော့၊ ပြုမိတဲ့အပြစ်ကို
ဖော်ပြပြီး၊ “ခွင့်လွှတ််ခံရဖို့နဲ့ ဆေးကြောပေးဖို့ တောင်းပန်ပါတယ်” လို့
ဆုတောင်းပါ။
ကျွန်တော်ကတော့ “ခွင့်လွှတ်ခံရပြီ။
အပြစ်ဆေးကြောပေးပြီလို့ ကျမ်းစာအရသိရပါပြီ။ ကိုယ်တော် မညာနိုင်ပါဘူး” လို့
ဆုတောင်းတတ်တယ်။ တောင်းပန်ရင် ခွင့်လွှတ်ခံရတယ်။
(၄) “တောင်းပန်ရင် အပြစ်ကင်းစင်ပြီ။”
၁ယော ၁း၉ ဟာ “ခွင့်လွှတ်” တဲ့
ဂတိတော်တခုတည်း မဟုတ်ဘူး။ “ဆေးကြော” တဲ့ ဂတိတော်လည်း ပါတယ်။ “ကိုယ်အပြစ်တို့ကို
ဖေါ်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍၊ ဒုစရိုက် ရှိသမျှနှင့်
ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်း
တရားနှင့် လည်းကောင်း ပြည့်စုံတော်မူ၏။”
ကလေးမလေးတယောက် Sunday school သွားဖို့ အဝတ်အစားဝတ်တယ် ဆိုပါတော့။ အဖေနဲ့အမေ အဝတ်အစားလဲနေတုန်း သူ
အပြင်ထွက်သွားတယ်။ ရွှံ့တွေအနားမှာသွားရင်း ချော်လဲတယ်။ အိမ်ပြန်ပြေးပြီး၊
ခွင့်လွှတ်ဖို့အမေကို တောင်းပန်ရှာတယ်။ အမေက “ခွင့်လွှတ်ပါတယ်ကွယ်” လို့ ချက်ချင်း
ဖြေတယ်။ ဒါတင်မက၊ ရွှံ့ပေတဲ့အဝတ်တွေချွတ်၊ ရေပြန်ချိုးပေး၊ ဆေးကြောပြီးမှ
ဆံပင်ခြောက်အောင်သုတ်၊ အဝတ်အသစ်လဲ၊ ခြေအိတ်သစ်စွပ်၊ ဖိနပ်သစ် စီးပေးလိုက်တယ်။
သမီးကလေး ဟာ ရွှံ့ထဲ မလဲခင်ကလို ပြန်ဖြစ်သွားပြီ။ ဒီသမီးငယ်ဟာ ခွင့်လွှတ်ခံရရုံတင်
မကဘူး။ ဆေးကြောပေးခံရတယ်။ Sunday school ရောက်တော့
သူရွှံ့ထဲမှာ လဲခဲ့တယ်ဆိုတာ ဘယ်သူမှ မသိတော့ဘူး။
တောင်းပန်ရာမှာ ဘုရားသခင်က
ခွင့်လွှတ်ရုံမကဘူး။ ဆေးကြောပေးသေးတယ်။ ဟေရှာယ ၄၃း၂၅ မှာ “ငါတပါးတည်းသာလျှင်
ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက် အမှုတို့ကို
မအောက်မေ့။” ယေရှာယ၄၄း၂၂ မှာ “သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့လည်းကောင်း၊
သင်၏အပြစ်တို့ကို တိမ်ကဲ့သို့၎င်း၊ ငါချေပြီ။” ဆာလံ၁၀၃း ၁၂ မှာ
“အရှေ့မျက်နှာစွန်းသည်၊ အနောက် မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း
ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။” တိုင်းတာမရအောင် ကွာဝေးပါပြီ။
အရှေ့နဲ့အနောက်မှာ ဝင်ရိုးစွန်းမရှိလို့၊ အရှေ့ ဖြစ်ဖြစ်၊ အနောက်ဖြစ်ဖြစ်
ထာဝရခရီးဆန့်လို့ ရတယ်။ ဒါပေမယ့် တောင်နဲ့မြောက်ကိုတော့ ထာဝရ ခရီးဆန့်လို့ မရဘူး။
အပြစ်ကို တောင်းပန်ရင်
ချေဖျက်ပေးတယ်။ အပြစ်မရှိတော့ဘူး။ ဒါကြောင့် မှားခဲ့မိသမျှ စိုးရိမ်စရာ မလိုတော့ဘူး။ တချို့က
ဒီလိုမေးပြန်တယ်။
(၅) ဘုရားသခင်က ဘယ်နှစ်ကြိမ် ခွင့်လွှတ်မလဲ?
အပြစ်တခုလုပ်မိပြီး အခက်တွေ့နေတဲ့
လူတယောက်က ပြောတယ်။ “ကျွန်တော် မှားမှန်း သိတယ်။ ခွင့်လွှတ်ဖို့ ဘုရားသခင်ထံ
တောင်းပန်ပြီးပြီ။ ဒါကိုပဲ ထပ်မှားနေမိတာပါ” တဲ့။
ကျွန်တော်က ၁ယော၁း ၉ ကို ဖွင့်ပြီး
ရှင်းပြတယ်။ ပြီးတော့ အတူဆုတောင်းကြတယ်။ “ခင်ဗျား အပြစ်တွေကို ဖေါ်ပြတောင်းပန်ပါ။
ခွင့်လွှတ်တာနဲ့ ဆေးကြောပေးတာကို လက်ခံလိုက်ပါ။” သူက “ကျွန်တော် ဆုတောင်းပြီပြီး။
ဒါပေမယ့် အကြိမ် သိပ်များလာပြီဆိုတော့ ဘုရားသခင် စိတ်ပျက်နေမှာပဲ။ ဘယ်နှစ်ခါလောက်
ခွင့်လွှတ်ပေးသလဲ? ကျမ်းစာထဲမှာတော့ အကြိမ် ရ၀။ (၇လီ)
ဆိုလားပဲ။ အဲဒီလောက်တော့ ကျွန်တော် မများသေးဘူး ထင်တယ်။” လို့ပြောလာတယ်။ “သစ္စာ”
ဆိုတာ အကြိမ် (၇၀)-(၇လီ) ထက်ပိုတယ်။ ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင်၊
“ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊-- ပြည့်စုံတော်မူ၏။” “သစ္စာ”ဆိုတာ “အမြဲ” လို့
ဆိုလိုတယ်။ ယောက်ျားတယောက်က သူ့ဇနီးအပေါ် သစ္စာရှိတယ်ဆိုတာဟာ တနှစ်မှာ ၃၆၄ ရက်
သစ္စာရှိတာကို ပြောတာမဟုတ်ဘူး။ ၃၆၅ ရက်လုံးလုံး နေ့တိုင်း သစ္စာရှိတာပါ။
သစ္စာဆိုတာ အမြဲပါ။
တောင်းပန်ရင်၊ ခရစ်တော်က
ခွင့်မလွှတ်၊ ဆေးကြောမပေးတဲ့ အပြစ်ဆိုတာ မရှိဘူး။ ရောမ ၅း၂၀ မှာ
“အပြစ်ပွါးများသည့်အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။” အပြစ်တိုးလာရင်
ကျေးဇူးတော်လည်း သာ၍ တိုးလာတယ်။ တောင်းပန်ရင် ခွင့်လွှတ်ခြင်းနဲ့
ဆေးကြောပေးခြင်းကို ပေးနေဆဲပဲ။ ဘုရားရဲ့ ခွင့်လွှတ်ခြင်းမှာ အကန့်အသတ်မရှိဘူး။
သခင်ယေရှု သွန်းပေးတဲ့ အသွေးက ကျွန်တော်တို့ရဲ့ အပြစ်ရှိသမျှကို ဖုံးလွှမ်းပေးဖို့
လုံလောက်တယ်။ အကောင်းမြင်တဲ့၊ မပျော်နိုင်တဲ့ ခရစ်ယာန်တွေက ဒါကို ဆင်ခြေပေးနေတယ်။
သူတို့ ခဏခဏလဲနေတယ်။ ကြာတော့စိတ်ပျက်ပြီး သူတို့ တောင်းပန်တာကို ဘုရားသခင်
နားမထောင် ချင်တော့ဘူးလို့ ထင်ကြတယ်။ အပြစ်တခုတည်းကို အထပ်ထပ် တောင်းပန်နေလို့
တမန်တော်တို့ ဝန်လေးပေမယ့် ဘုရားသခင်က ခွင့်လွှတ်ပေးဖို့ ဘယ်တော့မှ ဝန်မလေးဘူး။
အပြစ်တခုတည်းကိုပဲ၊ အနည်းဆုံးအခါ
၁၀၀-လောက် တောင်းပန်နေရတယ် ဆိုပါစို့။ “ကိုယ်တော် ကျွန်တော် ဒီအပြစ်ကိုပဲ
ထပ်ထပ်တောင်းပန်နေရမှန်း ကျွန်တော်သိတယ်။ ကိုယ်တော်တော့ နားညည်းတော့မှာပဲ”
လို့ပြောရင်၊ “ဘာအပြစ်ပါလိမ့်” လို့ ဘုရားသခင်က ပြန်ပြောမှာပဲ။ “သင်၏ ဒုစရိုက် အမှုတို့ကို
မအောက်မေ့” ဟေရှာယ၄၃း၂၅။ ဘုရားသခင်က ခွင့်လွှတ်ရုံမက၊ မေ့တောင်မေ့ထား လိုက်ပြီ။
ပြန်မှတ်မိဖို့ ဘယ်သူသတိပေးပေး မရတော့ဘူး။ အပြစ်တခုကို အခါ ၁၀၀-မက
တောင်းးပန်နေချိန်မှာ “ကိုယ်တော် ဒါဟာ ၁၁၃ကြိမ်ပါ။” လို့ပြောရင်၊ ကိုယ်တော်က
ကြားဖြတ်ပြီး၊ မဟုတ်ဘူး။ ဒါ-ပထမ အကြိမ်” လို့ ပြန်ပြောမှာပဲ။ အရင်တောင်းပန်ခဲ့တဲ့
၁၁၂ ကြိမ်ကို ခွင့်လွှတ်ခဲ့ပါပြီ။ ဆေးကြာပေးပြီ။ ချေဖျက်ပြီ။ မေ့ထားပါပြီ။
မနေ့က တောင်းပန်ခဲ့တဲ့ အပြစ်တွေက
ဘုရားသခင်နဲ့ ကျွန်တော်တို့ကြားမှာ အဆီးအတား မဖြစ်တော့ဘူး။ ခွင့်လွှတ်ခြင်းကို
မပယ်ဘူး။ ခရစ်တော် ကာရာနီအရပ်မှာ အသေခံပေးခဲ့တဲ့အကျိုးကို သံသယ မဖြစ်ဘူးဆိုရင်
ဘုရားနဲ့မိတ်ဖွဲ့ရင်းနှီးတာကို အဆီးအတားမဖြစ်တော့ဘူး။
ဒီသမ္မာတရားကို ဆွဲကိုင်ပြီး၊
အပြစ်ကို ချက်ချင်းတောင်းပန်ရင် ယုံကြည်သူဟာ ခရစ်တော်နဲ့ မိတ်ဖွဲ့မပျက်ဘဲ
ဆက်လျှောက်လှမ်းနိုင်တယ်။ မိတ်ဖွဲ့မပျက်တာဟာ ပျော်ရွှင်တဲ့ ခရစ်ယာန်အသက်တာ၊
အောင်မြင်တဲ့ ခရစ်ယာန်အသက်တာပါပဲ။
ဆာလံ ၁၃၉း၂၃-၂၄ မှာ ဒါဝိဒ်က “အို၊
ဘုရားသခင် အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏ နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍
စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းကို အကျွန်ုပ်လို က်သည်
မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။” လို့ ဆုတောင်းတယ်။
ဘုရားသခင်က ကိုယ့်အပြစ်တွေကို
သတိရစေတဲ့အခါ၊ ချက်ချင်း ဖေါ်ပြတောင်းပန်ပါ။ ပြီးရင် ဂတိတော်ဖြစ်တဲ့
ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို လက်ခံပါ။ ခင်ဗျား ယုံ-ယုံ၊ မယုံ-ယုံ
ခွင့်လွှတ်ခံရပြီ။ အပြစ်ဆေးကြောပေးလိုက်ပြီ။ ဒါဟာ ဘုရားဂတိတော်ပါ။ ဒါပေမယ့် ….
(၆) ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်တတ်ပါ။
အပြစ်ကိုတောင်းပန်ချိန်မှာ
ဘုရားသခင်က ခွင့်လွှတ်တယ်၊ ဆေးကြောပေးတယ်။ ပြဿနာက ကျွန်တော်တို့က တခါတခါမှာ
ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ပြန်ဘူး။ အပြစ်ရဲ့အခကို ပေးဆပ်ချင်သေးတယ်။ ဘုရားက
ခွင့်လွှတ်ပြီ၊ ဆေးကြောပေးပြီဆိုလည်း လက်မခံနိုင်ဘူး။ ဒုက္ခတွေ့မှာဘဲလို့ အတွေးကရှိနေပြန်တယ်။
ဟိုး နှစ်ပေါင်းများစွာတုန်းက
ညီအမနှစ်ယောက် အဖွားဆီ အလည်သွားကြတယ်။ အဖွားဆီက စက်ဘီးတစ်စီးကို
စီးခွင့်တောင်းကြတယ်။ စီးခွင့်ရတော့ သူအရင်စီးမယ်၊ ငါ အရင်စီးမယ်နဲ့ ငြင်းကြတယ်။
အမကြီးက အသာရပြီး စီးထွက်သွားတယ်။ ညီမက “သေပါစေ” လို့ အော်ပြောလိုက်တယ်။
ခဏအကြာ စက်ဘီးကို ကားတိုက်ပြီး အမ သေသွားတယ်။
ညီမက သေပါစေဆိုတဲ့စကားပဲ သတိရနေတယ်။ ဒီအမှားအတွက် ပြန်လည်ပေးဆပ်ရမယ်လို့
ခံစားနေတယ်။ အတန်းထဲမှာ အဆင့်တွေ လျော့သွားတယ်။ ဘာမှ စိတ်မဝင်စားတော့ဘူး။
သူ့ကိုယ်သူပဲ ဒေါသထွက်နေတယ်။ ပျော်ပျော်ရွှင်ရွှင် မနေသင့်တော့ဘူး။ ပျော်ပျော်နေရင် ကိုယ့်အမှားကို
တကယ် နောင်တ မရတာဘဲလို့ ထင်ထားတယ်။ ၁၉-နှစ်သမီးအရွယ်မှာပဲ သူ့ကိုယ်သူ
သတ်သေသွားတယ်။ ဒါက ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင် လို့ပါ။ ကျွန်တော်တို့
ကိုယ့်ကိုကိုယ် ခွင့်လွှတ်တာထက်တောင် ဘုရားသခင်က ပိုခွင့်လွှတ်ချင်ပါသေးတယ်။
အမျိုးသမီးတယောက်က သူ့သားကို
စတိုးဆိုင်ဖက် လွှတ်လိုက်တယ်။ ဒါပေမယ့် ပြန် မလာတော့ဘူး။ အိမ်နဲ့မနီးမဝေးမှာ
မတော်တဆ ထိခိုက်ပြီး သေသွားတယ်။ သူ့အမေကတော့ “ကျွန်မသာ စတိုးဆိုင်ကို မလွှတ်ခဲ့ရင်
သေမှာမဟုတ်ဘူး” လို့ ပြောနေတယ်။
ကျွန်တော်တို့
အမျိုးမျိုးနှစ်သိမ့်ကြပေမယ့် “ကျွန်မသာ စတိုးဆိုင်ကို မလွှတ်ခဲ့ရင်၊ သေမှာ
မဟုတ်ဘူး” လို့ ဘဲယူဆနေတယ်။ သားသေရတဲ့အတွက် သူ့မှာတာဝန်ရှိတယ်။
ကိုယ့်ကိုကိုယ်ခွင့်လွှတ်ရင် သားကို တကယ်မချစ်လို့ဘဲလို့ သူထင်နေတယ်။
အပြစ်ပြုတဲ့အခါ (သို့)
ရွေ့လျော့တဲ့အခါ ဖေါ်ပြတောင်းပန်ပြီး၊ ခရစ်တော်ကြောင့်ခံရတဲ့ ခွင့်လွှတ်တာနဲ့
ဆေးကြောပေးတာကို လက်ခံရုံသာမက၊ ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ် တတ်ရမယ်။
ဘုရားသခင် ခွင့်လွှတ်ပြီး၊
မေ့ထားတာတွေကို ခရစ်ယာန်တော်တော်များများက စိုးရိမ်နေတယ်။ သူတို့စိုးရိမ်တာတွေ
ဘုရားသခင်မသိပါလားလို့ ကောင်းကင်မှာ အံ့ဩရဦးမှာပါ။
ကားတိုင်မှာ သခင်ယေရှု
အသေခံပေးခဲ့တာဟာ အပြစ်တွေ ရွေ့လျော့မှုတွေအတွက် အကြေ ပေးဆပ်ခဲ့တာဆိုရင်၊
အဲဒီပြီးစီးခဲ့တဲ့အမှုတော်ကြီးထဲမှာ ဘာကြောင့်ကျွန်တော်တို့ရဲ့
စိတ်ပျက်ဝမ်းနည်းမှုတွေကို ပေါင်းထည့်နေရမလဲ? ဆုံးရှုံးစရာအကြောင်းမရှိဘူး။
ချစ်တော်မူသော သားတော်ထဲမှာ နှစ်သက်လက်ခံထားပြီ။ မိတ်ဖွဲ့တာပျက်ရင်၊ ချက်ချင်း
ဖေါ်ပြတောင်းပန်ပြီး ပြန်ဖွဲ့ပါ။ အောင်မြင်တဲ့ ခရစ်ယာန်နဲ့ ဆုံးရှုံးတဲ့ခရစ်ယာန်
ကွာတာက အပြစ်တွေ အမှားတွေအတွက် သူ ဘာလုပ်သလဲဆိုတဲ့ အချက်ပါဘဲ။
(၇) ယုံကြည်သူ အပြစ်ပြုရင် ဘာမှမဖြစ်တော့ဘူးလား?
အပြစ်ကိုမဖေါ်ပြ၊ မတောင်းပန်၊
ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းဂတိတော်ကို လက်မခံရင် ..
(က) ဝမ်းမြောက်ခြင်းဆုံးရှုံးတယ်။ ဆာလံ ၅၁း၂
မှာ ဒါဝိဒ်က “ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော၍၊ အကျွန်ုပ်ကို
သန့်ရှင်းစေတော်မူပါ။” အငယ်ရ မှာ “အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ၊ ဟုဿုပ်ပင်ညွန့်
နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။” မတောင်းပန်မိတဲ့အတွက် ဒါဝိဒ်မှာ
ကယ်တင်ခြင်းနဲ့ ဆိုင်တဲ့ ဝမ်းမြောက်ခြင်း ဆုံးရှုံးရတယ်။
(ခ) မတောင်းပန်ရင် ဆုံးမခံရတယ်။ ဟေဗြဲ ၁၂း၆
မှာ “ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော
သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့
သင်တို့ကိုပြောဆိုသောဩဝါဒစကားကို မေ့လျော့ကြသလော။” ဆုံးမခြင်းဟာ
မတောင်းပန်မိလို့ပါ။ ၁ကော ၁၁း၃၁-၃၂ မှာ “ငါတို့သည်
ကိုယ့်ကိုကိုယ် စစ်ကြောစီရင်လျှင် စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်ကြ လိမ့်မည်။
စစ်ကြောစီရင်ခြင်းကို ခံရကြသောအခါ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့်
ကင်းလွတ်မည့် အကြာင်း ဆုံးမတော်မူခြင်းကိုခံရကြ၏။” ကိုယ့်ကိုကိုယ်
အပြစ်စီရင်တယ်ဆိုတာဟာ အပြစ်ကိုတောင်းပန်ပြီး ခွင့်လွှတ်ပေးတာနဲ့ ဆေးကြောပေးတာကို
လက်ခံရုံပါပဲ။ ဒီလို မစီရင်ခဲ့ရင်တော့ လောကီသားတွေနဲ့ အပြစ်စီရင် မခံရအောင်
အစစ်ကြောကို ခံရလိမ့်မယ်။
ဒါပေမယ့် ဆုံးမခြင်းဟာ “အပြစ်အတွက်
ပေးဆပ်ရခြင်းမဟုတ်ဘူး။ ခရစ်ယာန်ပီသအောင် ပြုပြင်ပေးခြင်းသာဖြစ်တယ်။ ဟေဗြဲ ၁၂း၁၀
မှာ “အကြောင်းမူကား အဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာ ဆုံးမပေးကြ၏။
ကိုယ်တော်မူကား မိမိသန့်ရှင်းပါရမီတော်၌ ငါတို့သည်ဆက်ဆံစေခြင်းငှါ ငါတို့ အကျိုးကိုထောက်၍သာ
ဆုံးမတော်မူ၏။” ဆုံးမတာဟာ ကျွန်တော်တို့ အကျိုးအတွက်ပါ။ အငယ် ၁၁ မှာ
“ဆုံးမခြင်းမည်သည်ကား ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။
သို့သော်လည်း ဆုံးမခြင်းကိုခံရသောသူတို့သည် နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော
ဖြောင့်မတ်ခြင်းအကျိုးကိုခံရကြ၏။”
(ဂ) မတောင်းပန်မိတဲ့အပြစ်တွေက သူတပါး ဝိညာဉ်ကို
ကယ်တင်ရာမှာ အားလျော့စေတယ်။ ဆာလံ ၅၁ မှာ ဒါဝိဒ်ဟာ ခွင့်လွှတ်ခြင်း၊
ဆေးကြောပေးခြင်း၊ ဝမ်းမြောက်ခြင်းတွေကို ပြန်တောင်းပန်တဲ့အခါ၊ အငယ်၁၃ မှာ
“အကျွန်ုပ်သည်လည်း မတရားသောသူတို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်။
အပြစ်ရှိသောသူတို့သည် ကိုယ်တော်ထံသို့ပြန်ကြပါလိမ့်မည်။” မတောင်းပန်မိတဲ့အပြစ်ကြောင့်
ကယ်တင်ခြင်းနဲ့ ဆိုင်တဲ့ ဝမ်းမြောက်ခြင်းဆုံးရှုံးရုံသာမက၊ မတရားတဲ့သူတွေကိုတရား
တော်လမ်းကို ပြသသွန်သင်မှုမရှိတော့ဘဲ၊ အပြစ်သားတွေလည်း ခရစ်တော်ထံ မပြန်ကြတော့ဘူး။
အပြစ်မတောင်းပန်ရင် သူတပါးရဲ့စိတ်ဝိညာဉ်ကယ်ဖို့ အားလျော့သွားစေတယ်။
(ဃ) မတောင်းပန်ရင်
ဆုတောင်းခြင်းကို ဆီးတားတယ်။ ဆာလံ ၆၆း ၁၀ မှာ ဒါဝိဒ်က “ငါသည် စိတ်နှလုံးထဲမှာ
ဒုစရိုက်ကိုငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။” ဟေရှာယ၅၉း၁-၂ မှာ
“ကြည့်ရှုလော့၊ ထာဝရဘုရားသည် မကယ်တင်နိုင်အောင် လက်တော်တိုသည်မဟုတ်၊
မကြားနိုင်အောင် နားတော် ထိုင်းသည်မဟုတ်၊ သင်တို့ဒုစရိုက်သည် သင်တို့ကို
ဘုရားသခင်နှင့်ကွာစေပြီ။ ကြားတော်မမူ စေခြင်းငှါ၊ သင်တို့အပြစ်သည်
မျက်နှာတော်ကိုလွဲစေပြီ။” ယုံကြည်သူ မတောင်းပန်တဲ့အတွက် ဘုရားသခင်
နားမထောင်တော့ဘူး။
(င) တောင်းပန်ရင် ခွင့်လွှတ်၊
ဆေးကြောပေးပြီး၊ မေ့ထားလိုက်ပေမယ့် အဖြစ်အပျက်အားလုံး ပြီးသွားတာတော့ မဟုတ်ဘူး။
အပြစ်ပြေပေမယ့် အကျိုးဆက်က ကျန်သေးတယ်။ တောင်းပန်ရင် ခွင့်လွှတ်ပေး၊
ဆေးကြောပေးလို့ ဝိညာဉ်အကျိုးဆက်များ မရှိတော့ဘူး။ သခင်ယေရှုကားတိုင်ပေါ်မှာ
အသေခံပေးတဲ့အတွက် ဝိညာဉ်အကျိုးဆက်တွေ ယူဆောင်ပေးပြီးပြီ။ အားလုံးပေးချေခဲ့ပြီ။
ဒါပေမယ့် ခွင့်လွှတ်ဆေးကြောပေးပေမယ့် ဇာတိအကျိုးဆက်ကတော့ ကျန်နေဆဲပဲ။
မကြာသေးခင်က
ထောင်ကျလူငယ်နှစ်ယောက်ထံ သွားခဲ့တယ်။ သူတို့ဟာ အမှုတခုကို ရင်ဆိုင်နေရတယ်။ သူတို့
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံပြီးတာနဲ့၊ သူတို့အပြစ် အမှုအကြောင်း
ဆက်ပြောတယ်။ “ကိုယ့်အပြစ်တို့ကို ဖေါ်ပြတောင်းပန်ရင် ငါတို့အပြစ်များကိုလွှတ်၍၊
ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊
ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း၊ ပြည့်စုံတော်မူ၏။” ရှင်းပြတော့ သူတို့လည်း တောင်းပန်ကြတယ်။
ပြီးတော့ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို တောင်းပန်တယ်။ ပြီးမှ တမန်၂၄း ၁၆ ကို
ရှင်းပြတယ်။ “ထို့ကြောင့် ဘုရားသခင်ကို ပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု
ကိုယ်စိတ်နှလုံးသည် ကိုယ်၌အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း
အကျွန်ုပ်သည် အစဉ်ကြိုးစားအားထုတ်ပါ၏။” တောင်းပန်တဲ့အတွက် ခွင့်လွှတ်ခံရ
ဆေးကြောပေးခံရလို့ ဘုရားသခင့်အပေါ် ကိုယ်ရဲ့စိတ်နှလုံးကြည်လင်လာကြပြီမို့၊ နောက် လူကိုလည်းပြစ်မှားပြီလို့
အပြစ်တင်ခွင့်နဲ့ ကင်းလွတ်အောင် အစွမ်းရှိသလောက် ကြိုးစားကြစို့လို့
ပြောပြလိုက်တယ်။ တောင်းပန်လို့ ခွင့်လွှတ်ခံရ၊ ဆေးကြောပေးခံရပြီ။ ဆက်ပြီး
မင်းတို့ပြစ်မှားမိတဲ့သူကိုလည်း ခွင့်လွတ်ပါလို့ တောင်းပန်သင့်တယ်။ “ဘုရားသခင်က
ကျွန်တော်တို့ကို ခွင့်လွတ်ပါပြီ။ ခင်ဗျားတို့ ခွင့်လွတ်တာကိုလည်း ခံချင်ပါတယ်။”
လို့ ပြောကြလို့ သတိပေးခဲ့တယ်။ သူတို့ နှစ်ယောက် သဘောတူကြတယ်။ အပြစ်ဆိုတာ
ဝိညာဉ်အကျိုးဆက်ရှိသလို၊ ဇာတိအကျိုးဆက်လည်း ရှိတယ်။
(စ) ဘုရားသခင်
ခွင့်လွတ်ပေမယ့် အပြစ်ဟာ ဝိညာဉ်ရေး ကိုယ်ကျင့်တရားခံနိုင်ရည်ကို အားနည်းစေတယ်။ ကိုယ့်ပစ္စည်းမဟုတ်တာကို
ယူမိသူဟာ နောက်တခါ ခိုးဖို့ ပိုလွယ်သွားတယ်။ ဇာတိစိတ်က “တခါ ခိုးပြီးပြီဘဲ၊
နောက်တခါ ခိုးဖို့လည်း၊ သူခိုးထက် ဘာမှပိုဖြစ်မသွားဘူး။” လို့ ဆင်ခြေပေးနေတယ်။ ဒါက
အပြစ်ရဲ့ ဇာတိအကျိုးဆက်ပါ။ အပြစ်ဟာ ဝိညာဉ်နဲ့ ကိုယ်ကျင့်တရားခံနိုင်ရည်ကို အားနည်းစေတယ်။
စာတန်က ကျွန်တော်တို့ကို တချက်ချက်မှာ သွေးဆောင်နိုင်ခဲ့ရင်၊ အဲဒီအချက်မှာ
ထပ်တိုက်ခိုက်ခံရမှာ သေချာတယ်။ အဲဒီအချက်မှာ ထပ်သွေးဆောင်ဖို့ လွယ်နေပြီလေ။
(ဆ) ခွင့်လွတ်ခြင်း၊ ဆေးကြောခြင်းကို
ရနိုင်ပေမယ့် ကုန်လွန်ခဲ့တဲ့နှစ်တွေကို အစားပြန် မရနိုင်ဘူး။ ခရစ်ယာန်တယောက်ဆိုပါတော့။
ခရစ်တော်နဲ့ဝေးမယ်။ အသင်းတော်နဲ့ အဆက်ပြတ်မယ်။ ကျမ်းစာမဖတ်၊ ဆုမတောင်းတာ
သုံးနှစ်လောက်ရှိပြီ။ တနေ့ ပြန်တောင်းပန်တော့ ခွင့်လွှတ်ခံရ၊ ဆေးကြော ပေးခံရ၊
မေ့ထားပေးခံရတယ်။ ဘုရားနဲ့ပြန်မှန်ကန်နေပြီ။ ဆက်လည်းမှန်နေဆဲပဲ ဆိုပါတော့။
ဒါပေမယ့် ကုန်လွန်ခဲ့တဲ့ ၃-နှစ်တာ ကာလကိုတော့ မရနိုင်တော့ဘူး။
(ဇ) တောင်းပန်လို့ ခွင့်လွတ်ခံရပေမယ့် တခါတရံ
ခရစ်တော်နဲ့ သမ္မာကျမ်းစာအပေါ် ကဲ့ရဲ့စရာ ဖြစ်လာစေတယ်။ ဆာလံ၂၃း ၃ မှာ
“ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော်အဖို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။”
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် သိကျွမ်းသူတွေသာ ဖြောင့်မတ်စွာ အသက်ရှင်နိုင်တယ်။
ခရစ်ယာန်များဟာ ခရစ်တော်ရဲ့ နာမတော်ကို ယူဆောင်နေသူတွေပါ။ Dr. Rice က သူ့ရဲ့ “ခရစ်ယာန်တယောက် အပြစ်ပြုသောအခါ” ဆိုတဲ့စာအုပ်မှာ ခရစ်ယာန်တယောက်
အပြစ်ပြုရင် အဆိုးဆုံး အချက်က ခရစ်တော်ရဲ့ နာမနဲ့အမှုတော်ကို ကဲ့ရဲ့ကြခြင်းပါပဲ။”
ပေတရုက သခင်ဘုရားကို ငြင်းတဲ့အခါ၊ ယေရုရှလင်မြို့သားတွေက အမျိုးမျိုးကဲ့ရဲ့
ပြောဆိုကြတယ်။
ဒါဝိဒ် အပြစ်ပြုမိတဲ့အခါ နာသန်က
“သို့သော်လည်း၊ ကိုယ်တော်သည် ထိုသို့ပြစ်မှားသော အားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို
ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့် ယခုရသောသားသည် ဆက်ဆက်သေရမည်ဟု၊
ဒါဝိဒ်အားလျှောက်ဆိုပြီးလျှင် …” (၂ရာ၁၂း ၁၄) အမှုတော်ဆောင်တွေ ကျဆင်းတဲ့ အခါ၊
အပြစ်ပြုတဲ့အခါ လူသိရှင်ကြားဖြစ်လာတယ်။ သာမန်ခရစ်ယာန်တွေ အပြစ်ပြုရင် ဘုရားသခင်ရဲ့
ရန်သူတွေက မိသားစုအသိုင်းအဝိုင်းကြားမှာ ခရစ်တော်နဲ့ ဧဝံဂေလိတရားအပေါ် ဆန့်ကျင်
ပြစ်တင်လာတယ်။
Dr. Rice ရဲ့ ပြောပြချက်အရဆိုရင် ကျမ်းစာနဲ့ ခရစ်ယာန်ဘာသာကို
လှောင်ပြောင် သရော်ထားတဲ့ စာအုပ်တအုပ် သူ့ထံ ပို့ပေးခံရဖူးတယ်။ သူက
“စာအုပ်တအုပ်လုံး ကာတွန်းရုပ်ပုံတွေ၊ လောတ မှားယွင်းမှု၊ ဒါဝိဒ်အပြစ်ပြုတာတွေ၊
ရှံဆုန်နဲ့ ဒေလိလအကြောင်းတွေနဲ့ ပြည့်နေတယ်။” လို့ ဆိုတယ်။
Dr. Rice က “သူတို့ကတော့ ခွင့်လွတ်ခံရပြီး၊ ကောင်းကင်ဝင်စားနေရပေမယ့် ခရစ်တော်ကို
လူတွေ ကဲ့ရဲ့စရာဖြစ်နေတုန်းပဲ” လို့ဆိုတယ်။ အပြစ်မှာ ဇာတိအကျိုးဆက်ရှိတယ်။
ဒါပေမယ့် တောင်းပန်ရင် ခွင့်လွတ်တယ်၊ ဆေးကြောတယ်၊ မေ့ထားပေးတယ်။ ဘုရားသခင်က
ဒီအကြောင်း ထပ်မပြောတော့ဘူး။
အတိတ်ဖြစ်ရပ်တွေကြောင့်
စိတ်အနှောက်အယှက် မဖြစ်သင့်ဘူး။ ချက်ချင်းတောင်းပန်၊ ခွင့်လွတ်ခြင်း၊
ဆေးကြောခြင်းကို လက်ခံပြီး ခရစ်ယာန်ကောင်းတယောက်ဖြစ်အောင် အသက်ရှင်ရမယ်။
တခါပြန်လဲပြန်ရင်၊ တခါ ထပ်တောင်းပန်၊ နောက်မဖြစ်အောင်ကြိုးစားရမယ်။ အပြစ်တွေကို
ဘုရားသခင် ခွင့်မလွှတ်လောက်ဘူး၊ ဆေးကြောမပေးလောက်ဘူးဆိုတဲ့ စိတ်ပျက်အောင်
စာတန်ပြောနေတဲ့စကားတွေကို ဘယ်တော့မှ မယုံပါနဲ့။ ။
No comments:
Post a Comment