![]() |
Dr. Curtis Hutson |
အခန်း ၆
-----------------------------------------------------------------------------------------------------
“ခမည်းတော်သည် ငါ့ကို
စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ယော၂၀း၂၁
သခင်ယေရှု ပြောခဲ့တဲ့စကားတွေထဲက
အရေးအကြီးဆုံးစကားတခွန်း ဖြစ်တယ်။ သခင်ယေရှု မြေကြီးပေါ်ကို ကြွလာသလိုမျိုး၊
ယုံကြည်သူတွေလည်း စိတ်ထားရမယ်။ ခရစ်တော် လောကကို ကြွလာတဲ့ ရည်ရွယ်ချက်၊ အပြုအမူ၊
ဆက်ကပ်မှုနဲ့ စိတ်စေတနာတွေအတိုင်း တပည့်တော်တွေ ထားရှိရမှာ ဖြစ်တယ်။
“ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။”
ယော၂၀း၂၁ ။ သူ့ရဲ့ အဓိပ္ပါယ်က …..
(၁) တူညီတဲ့ အမိန့်တော်အောက်မှာ Under similar mandate
“ခမည်းတော်သည် ငါ့ကို
စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ခမည်းတော်ဘုရားသခင်က
ယေရှုခရစ်တော်ကို ဒီလောကထဲ စေလွှတ်လိုက်ပါတယ်။ ၁ယော၄း၁၄ မှာ “လောကီသားတို့ကို
ကယ်တင်သောသခင် ဖြစ်စေခြင်းငှါ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော် မူသည်ကို
ငါတို့သည် သိမြင်၍ သက်သေခံကြ၏။” - ဂလာတိ ၄း ၄ မှာ “အချိန်ကာလစေ့သောခါ- - -
သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။” နောက် … ယော၃း ၁၇ မှာ “လောကီသားတို့ကို အပြစ်စီရင်ခြင်းငှါ၊
ဘုရားသခင်သည် သားတော်ကို စေလွှတ်သည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့်
ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း စေလွှတ်တော်မူ၏။”
ယေရှုခရစ်ဟာ ခမည်းတော်ရဲ့
အမိန့်နဲ့ လာရတာဖြစ်တယ်။ အမိန့် mandate ဟာ အဘိဓါန်အရ “အမိန့်အာဏာ၊
ကိုယ်စားလှယ်အား ခိုင်းစေသော အမိန့်စေခိုင်းချက်” ဖြစ်တယ်။ အမိန့်ကြောင့်
ကြွလာရတယ်။ ခမည်းတော်က စေလွှတ်တယ်။ သခင်ယေရှုဟာ သူ့တာဝန်ကို အမြဲသတိထားတယ်ဆိုတာ
ဓမ္မသစ်ကျမ်းက ဖေါ်ပြနေတယ်။ ယော၄း၃၄ မှာ “ငါ့ကို စေလွှတ်တော်မူသော သူ၏အလိုတော်ကို
ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။”
ခမည်းတော်က သားတော်ကို ဒီလောကထဲ
လွှတ်လိုက်သလို၊ ခရစ်တော်က ကျွန်တော်တို့ကို စေလွှတ်တယ်။ အမိန့်တော်က ရှင်းပါတယ်။
“သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျ သတ္တဝါအပေါင်းတို့အား
ဧဝံဂေလိတရားကို ဟောကြလော့။” ဒီအမိန့်တော်ကြီးဟာ အဖွဲ့အစည်းတခုခုကို ပေးတာမဟုတ်ဘဲ၊
လူတဦးချင်းစီကို ပေးတာပါ။ ဒါဟာ ဝိညာဉ်ကယ်တင်ဖို့အတွက် ယုံကြည်သူတိုင်းရဲ့ တာဝန်ပါ။
ဘယ်အသင်းတော်မှ ခရစ်တော်ရဲ့ တရားပလ္လင်ေ့ရှမှာ ရပ်ပြီး၊ ဝိညာဉ် ကယ်တင်တဲ့အတွက်
ဆုရမှာ မဟုတ်ဘူး။ အဲဒီဆုက တဦးချင်းစီကို ပေးမှာပါ။
ဆာလံ ၁၂၆း ၆ မှာ “မျက်ရည်ကျလျက်
ကြဲရန်မျိုးစေ့ကို ဆောင်၍ ထွက်သွားသောသူသည် (မျက်ရည်ကျလျက် ထွက်သွားသော
အသင်းတော်လို့ မပြောဘူး။) ၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ်နှင့်
အမှန်ပြန်လာလိမ့်မည်။” ဒံယေလ ၁၂း ၃ မှာ “ပညာရှိသောသူတို့သည်လည်း၊ ကောင်းကင်
မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့
သွင်းသောသူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။”
(လူအများတို့ကို ဖြေင့်မတ်ခြင်းလမ်းထဲသို့ သွင်းသောအသင်းတော်များလို့ မပြောဘူး။)
ဝိညာဉ်ကယ်တင်တာဟာ တဦးချင်းစီရဲ့ တာဝန်ပါ။ ယုံကြည်သူတိုင်း ဝိညာဉ်ကယ်ဖို့
အမိန့်တော်ရှိတယ်။ ကိုယ်လုပ်ချင်မှ လုပ်ရတာမျိုးမဟုတ်ဘူး။ ဘုရားအမိန့်တော်ပါ။
ဒါဟာအမိန့်ပါ။
အထက်အရာရှိရဲ့
အမိန့်ပေးခံရသူတယောက်ဟာ လိုက်နာ (သို့) ငြင်းဆန်မယ်။ နာခံ (သို့) မနာခံ၊ ဝန်ခံ
(သို့) ပုန်ကန်နိုင်တယ်။ ဝိညာဉ်ကယ်ဖို့ ငြင်းတာဟာ ခရစ်တော်အပေါ် မနာခံတာပဲ ။
ယုံကြည်သူတိုင်းသာ ဝိညာဉ်ကယ်ရင်၊ ကျွန်တော်တို့ ကမ္ဘာကို ဧဝံဂေလိဟောပြောနေပြီပေါ့။
John Welsey (ဂျွန်း၊ ဝယ်စလေ) က
“အားလုံးလုပ်ကြ၊ အမြဲလုပ်ကြ” လို့ ပြောဖူးတယ်။
အမိန့်တော်ကတော့ ရှင်းတယ်။
“သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍၊
ဝေနေယျ သတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။” မေးစရာက၊
ခရစ်တော် အမိန့် နားထောင်ခဲ့သလို၊ ကျွန်တော်တို့ နားထောင်မလား? ဒါမှမဟုတ် ပစ်ပယ်ထား၊ လူတွေသေ၊ ငရဲရောက်၊ ဧဝံဂေလိတရား ရှင်းရှင်းလေး
မကြားရဘဲ ပစ်ထားမလား? ဆိုတာပါဘဲ။
Dr. Bob Jones, Sr; ဟာ ရုံးခန်းတခုရဲ့
နံရံကပ်စာတပိုဒ် ဖတ်ရဖူးတယ်။ အဲဒါက-
“ငါ တယောက်တည်း၊ တကယ့်တယောက်တည်း။
အရာရာ မတတ်စွမ်းပေမယ့်၊
တချို့တဝက်တော့ တတ်နိုင်မှာ။
ငါလုပ်နိုင်တာတော့၊ ငါလုပ်သင့်၊
ငါလုပ်သင့်တာတော့
ကျေးဇူးတော်ကြောင့် ငါလုပ်နိုင်တယ်။”
လူတိုင်း တခုခုတော့ လုပ်နိုင်တယ်။
သူများပြောပြ ကယ်လို့မရတဲ့ သူတယောက် ကျွန်တေ်တို့ ကယ်နိုင်တာမျိုး ရှိတယ်။
“ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ
….
(၂) တူညီတဲ့ အပြုအမူ - in the same manner
သခင်ယေရှု ဒီလောကကို ဘယ်လိုကြွလာသလဲ? လူဇာတိခံယူတယ်။ ဖိလိပ္ပိ၂း ရ-မှာ “မိမိအသရေကိုစွန့်၍ အစေခံကျွန်၏
သဏ္ဌန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။” လူတွေနဲ့
ဆက်သွယ်ဖို့အတွက် ခရစ်တော်က လူအဖြစ်နဲ့ ကြွလာတယ်။ အမိန့်တော်ကို အဝေးကြီးကနေ
ထမ်းဆောင်တာမျိုး မဟုတ်ဘူး။ လူတွေရှိရာ ဆင်းကြွလာတယ်။ ကယ်တင်ခြင်းကို အထုပ်ထဲမှာ
ထုပ်ပို့လိုက်တာမျိုး မဟုတ်ဘဲ လူသားအထဲမှာ ယူဆောင်လာတယ်။
ဒေသအသီးသီးက လူပေါင်းများစွာဟာ
ရိုးရှင်းတဲ့ ကယ်တင်ခြင်းတရား ယူဆောင်လာမယ့် သူတွေကို စောင့်မြှော်နေတယ်။
မကြာသေးခင်က မိတ်ဆွေတယောက်နဲ့
နံနက်စာ အတူစားကြတယ်။ သူနဲ့ သူ့သမီးတွေဟာ တအိမ်ဝင် တအိမ်ထွက် ခရစ်စမတ်ကဒ်တွေ
ဝေပြီး ဆုတောင်းပေးကြတယ်။ ကဒ်အပေါ်မှာ ကယ်တင်ခြင်း အကြောင်း ရိုးရိုးကလေး
ရေးထားတယ်။ အိမ်တအိမ်က ထွက်လာတဲ့နောက် အိမ်ရှင်ထွက်လာပြီး “ခဏ ..
ဒီအထဲမှာပါတဲ့အတိုင်း အပြီးပဲလို့ ပြောချင်တာလား?” လို့ မေးတယ်။
ကျွန်တော့မိတ်ဆွေက ပြုံးပြီးတော့
“ဟုတ်တယ်” လို့ ဖြေလိုက်တယ်။ အဲဒီလူက … “ကျေးဇူးဗျာ၊ ကျေးဇူး” လို့ ပြန်ပြောတယ်။
ကျွန်တော်ဟာ ဝိညာဉ်တယောက်မှ
မကယ်ဖူးခင် Forrest Hill နှစ်ခြင်းအသင်းတော်မှာ သင်းအုပ်အဖြစ် ၆ နှစ်
လုပ်တယ်။ “ကယ်တင်ခြင်းတရား ကြားချင်ရင်၊ တနဂ်နွေနေ့ လာပေါ့” လို့ပဲ သဘောထားတယ်။
ကယ်တင်ခြင်းအကြောင်းသိဖို့၊ ကျမ်းစာအုပ်ယူပြီး အိမ်လှည့်လည်း တခါမှ မသွားဖူးဘူး။
၁၉၆၁-ခုနှစ် နိုးထမှုနဲ့
ဝိညာဉ်ကယ်တင်ခြင်း Sword of the Lord စည်းဝေးကြီးတခုကို
တက်ပြီးမှ စနေညနေ အပြင်ထွက်လောက်အောင် ဝိညာဉ် ကယ်တင်ချင်စိတ်ရှိလာပြီး၊
ပထမဦးဆုံးအနေနဲ့ ၃ ယောက် ခရစ်တော်ထံ ပို့ဆောင်နိုင်ခဲ့တယ်။
ဝိညာဉ်ကယ်တင်တဲ့ အလုပ်နဲ့ပတ်သက်တဲ့
သဘောထားတွေ ပြောင်းလဲဖို့လိုတယ်။ အပြစ်သား ရှိရာသွားပြီး ခရစ်တော်အတွက် ရယူတဲ့
အိမ်လှည့်တဲ့အလုပ်ကိုလည်း ပိုအလေးအနက် ထားရမယ်။ ရှိတဲ့ လူတွေကို ဧဝံဂေလိ ဟောနေတာမျိုးမဟုတ်ဘဲ၊
လူတွေရှိရာကို သွားရမယ်။ ရေနစ်နေတဲ့သူကို ကမ်းပေါ်ကနေ ရပ်-အော်နေရုံ
အော်ဟစ်ပေးနေရုံနဲ့ မလုံလောက်ဘူး။ သူ့ဆီကို သွားရမယ်။
လူငယ်တရားဟောဆရာတယောက်ဟာ Florida ပြည်နယ်က မီးခိုးတွေဝေနေတဲ့ အရက်ဆိုင် တဆိုင်ထဲ ဝင်သွားတယ်။
အကြမ်းဆုံးပုံပေါ်တဲ့ လူတယောက်ကို လိုက်ရှာပြီးမှ၊ “ခရစ်ယာန်ဆိုတာ သတ္တိမရှိဘူး လို့
ခင်ဗျားထင်သလား?” လို့ မေးလိုက်တယ်။
ခပ်ကြမ်းကြမ်း ပုံပေါက်တဲ့လူကေ
ခါင်းငြိမ့်လိုက်ပြီး “မရှိဘူး” လို့ ဖြေတယ်။
ခရစ်ယာန် လူငယ်က မော့ကြည့်ပြီးတော့
“ကောင်းပြီ၊ ကျွန်တော်ခရစ်ယာန်ပါ။ ကျွန်တော် ခင်ဗျားထက် ပိုသတ္တိရှိတယ်”
လို့ပြောတော့….
လူကြမ်းကြီးက ခေါင်းငိုက်ချပြီး
“ဟုတ်လား? ဟုတ်ပါ့မလား? လုပ်ပြလေ” လို့ပြောတယ်။
(အခန်းထဲမှာ ဓါတ်စက်ကို အကျယ်ကြီးဖွင့်ထားချိန် ဖြစ်တယ်။) ခရစ်ယာန်က “အဲဒီဓါတ်စက်ကြိုးကို ခင်ဗျား ဖြုတ်ရဲရင်၊ ကျွန်တော်
ငွေကိုင်စားပွဲပေါ်တက်ပြီး တရားတပုဒ် ဟောမယ်။” လို့ ပြောလိုက်တယ်။
လူကြမ်းကြီးက ခဏတွေနေပြီးတော့
အသံကျယ်ကြီးဖွင့်ထားတဲ့ ဓါတ်စက်ကြိုးကို သွားပြီးဖြုတ်လိုက်တယ်။
သီချင်းသံရပ်သွားတော့ လူတွေက ဘာဖြစ်ပါလိမ့်လို့ လှမ်းကြည့်တယ်။
အဲဒီအချိန်မှာ လူငယ်ဟာ
ငွေကိုင်စားပွဲပေါ်တက်ပြီး သူ့ကျမ်းစာအုပ်ကိုဖွင့်ပြီး၊ ယော၃း ၁၆ နဲ့ တရားဟောဖို့ စတယ်။ အရက်ဆိုင်ထဲက လူတချို့က စိတ်တိုပြီး ဆဲတယ်။
“ဘာဖြစ်တာလဲကွ? ဓါတ်စက်ကြိုးကို ဘယ်သူဖြုတ်သလဲ?
အဲဒီအချိန်မှာ ခပ်ကြမ်းကြမ်း
ပုံပေါက်တဲ့လူကတော့ သူ့ကိုယ်သူ ကျေနပ်နေပုံရတယ်။ ဒါကြောင့် ခပ်မတ်မတ်ရပ်ပြီး၊ “ငါဖြုတ်တာကွ၊
အဲဒီငွေကိုင်စားပွဲပေါ်က လူက တရားတစ်ပုဒ် ဟောလိမ့်မယ်။” လို့ ပြောတယ်။ ဘယ်သူမှ
သူ့ကို မငြင်းရဲဘူး။ လူငယ်က တရားဟောပြီး၊ ဖိတ်ခေါ်လိုက်သေးတယ်။ ကဲ-
အဲဒီဖြစ်ရပ်ကလေးမှာ ကျွန်တော် သဘောမကျတာကတော့ အဲဒီဖြစ်ရပ် ကျွန်တော့်မှာ
မဖြစ်ခဲ့တာပါဘဲ။ ငွေကိုင်စားပွဲပေါ်က ကောင်ကလေးနေရာမှာ ကျွန်တော်ဖြစ်လိုက်ချင်တယ်။
“ခမည်းတော်သည် ငါ့ကို
စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ “တူညီတဲ့ အပြူအမူနဲ့”
လို့ ဆိုလိုတယ်။
ဒီနေ့ခေတ် စိတ်ဝင်စားကြတာက
စုစည်းတဲ့ အသင်းတော်မျိုးပါ။ ဒါပေမယ့် ဓမ္မသစ်ကျမ်းက အဓိက ထားတာက
ကွဲပြားပြန့်နှံ့တဲ့ အသင်းတော်မျိုးပါ။ တမန်၈း ၄ မှာ “ထို့ကြောင့် အရပ်ရပ်သို့
ကွဲပြားသော သူတို့သည် လှည့်လည့်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိတရားကို
ဟောပြောကြ၏။”
ကျွန်တော့အတွက်တော့
ကျမ်းစာအုပ်ကိုင်ပြီး လေဆိပ်တွေ၊ ဆေးဆိုင်တွေ၊ စားသောက် ဆိုင်တွေနဲ့
အခြားနေရာတွေမှာ ခရစ်တော်အကြာင်း ပြောပြရတာလောက် ဝမ်းသာရတာမျိုး တခြား မရှိတော့ဘူး။
တယ်လီဖုန်းတိုင်ပေါ်မှာ ရောက်နေတဲ့သူကိုတောင် ခရစ်တော်ထံလမ်းပြနိုင်ခဲ့ တယ်။ သူက
တယ်လီဖုန်းကုမ္ပဏီမှာ အလုပ်လုပ်တယ်။ တယ်လီဖုန်းအသေးစားကလေးနဲ့ ဖုန်းလိုင်းကြိုးမှာ
ချိတ်ဆက် ရလေ့ရှိတယ်။
တနေ့ ကျွန်တော့ဖုန်း မြည်လာတယ်။ တဖက်လူက “အား- ကျွန်တော် ဖုန်းနံပါတ်မှားပြီ” လို့ ဆိုတယ်။
ကျွန်တော်က “မဟုတ်ဘူး။ ဘုရားသခင်က
အကြောင်းတခုရှိလို့ ခင်ဗျားကို ဒီနံပါတ် ခေါ်ခိုင်းလိုက်တာပါ။ ခင်ဗျား
နာမည်ဘယ်လိုခေါ်သလဲ?” သူပြောပြတယ်။
ကျွန်တော်က “ခင်ဗျား
ဒီနေ့သေမယ်ဆိုရင်၊ ကောင်းကင်ရောက်ပါ့မလား?” လို့ မေးတော့ ..
“ကျွန်တော် အဲဒါမသိဘူးခင်ဗျာ” လို့ ဖြေတယ်။
ခဏကြာတော့ သူဟာ ဆုတောင်းပြီး
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသွားတယ်။ သူဆုတောင်းအပြီးမှာ
ကယ်တင်ခြင်းစိတ်ချမှုရှိဖို့ ဆက်ပြောပြတယ်။ သူက “ကျွန်တော် ဘယ်က
ဆိုတာ ဆရာသိသလား?” ကျွန်တော် တယ်လီဖုန်းတိုင်ပေါ်ကပါ။”
ကျွန်တော် ရယ်မိတယ်။ သူ့ဌာနကို ဖုန်းဆက်ရင်း ကျွန်တော့ နံပါတ် ဆက်မိသွားတာလို့
သူရှင်းပြတယ်။
အပြစ်သားတွေရှိရာကို သွားရမယ်။
ဈေးဆိုင်တွေ၊ ဘောလုံးကွင်းတွေ၊ ကားရပ်တတ်တဲ့ နေရာတွေ၊ လေယာဉ်ကွင်းတွေ …. စသည်ဖြင့်
ရောက်နိုင်သမျှ နေရာတွေပေါ့။ “ကြိုဆိုပါတယ်” ဆိုတဲ့အစား “ငါတို့သွားမယ်” လို့
သဘောထား ပြောင်းသင့်တယ်။
“ခမည်းတော်သည် ငါ့ကို
စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။”
(၃) တူညီတဲ့ အမှုတော်အတွက် For the same mission
အကြမ်းပြင်းပြောရရင် သခင်ယေရှု
အမှုတော်ဆောင်ခဲ့ရာမှာ အပိုင်း ၃ ပိုင်း ရှိတယ်။ ဘုရားသခင်ကို မြင်ရကြဖို့ ကြွလာတယ်။
ယော၁၄း ၉ မှာ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏။” ယော၁း ၁၈ မှာလည်း
“ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ရှိသော
တပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။”
ယုံကြည်သူတိုင်းဟာ
အတိုင်းအတာတခုစီအနေနဲ့ ခရစ်တော်ကို ထင်ရှားပြသင့်တယ်။ သာသနာပြုဆရာ Adoniram
Judson ဆရာယုဒသန် ပြန်ရောက်လာတော့ သူ့ကို သတင်းထောက်တွေက မေးတယ်။
“ဆရာယုဒသန် Mr. Judson ခင်ဗျာ၊ ဆရာ့ကို ရှင်ပေါလုလို
နောက်ထပ်ပုဂ္ဂိုလ်တပါးလို့ ရေးနေကြတယ်။” လို့ ပြောတော့ … ဆရာယုဒသန်က ဖြေတယ်။
“ကျွန်တော် ရှင်ပေါလုနဲ့ မတူချင်ဘူး။ သခင်ယေရှုနဲ့ပဲ တူချင်တယ်။” တဲ့။
တချိန်က Dr. George W.
Truett ဟာ Texas ပြည်နယ် Dallas မြို့လမ်းမပေါ်မှာ လမ်း လျှောက်နေတုန်း အမျိုးသမီးတယောက်က သူ့ကို
စိုက်ကြည့်နေတာ သတိထားမိတယ်။ လွန်သွား ပေမယ့်လည်း သူ့ကို စိုက်ကြည့်နေတုန်းပဲလို့
ခံစားရတယ်။ နောက်ပြန် လှည့်ကြည့်လိုက်တော့လည်း တကယ်ပဲ အမျိုးသမီးက
စိုက်ကြည့်နေတုန်းပဲ။
“စိတ်မရှိနဲ့နော် ... အမ၊
ကျွန်တော့်ကို သိသလား?”
“ဟင့်အင်း … ကျွန်မ မမြင်ဖူးပါဘူး။”
“ဒါဆို၊ ကျွန်တော်ကရော အမကိုသိသလား?”
“ဟင့်အင်း … မသိလောက်ပါဘူး။” လို့
ပြန်ဖြေတယ်။
Mr. Truett က … “ကျွန်တော်လည်း အမကို မသိ၊
အမကလည်း ကျွန်တော့ကို မသိ။ ဒါဆို … ကျွန်တော့ကို ဘာကြောင့် သေသေချာချာ ကြည့်နေတာလဲ?”
လို့ မေးတယ်။
အမျိုးသမီးက တည်တည်ငြိမ်ငြိမ်နဲ့ …
ဆရာ … ဆရာက ကျွန်မ မြင်ဖူးတဲ့သူတွေထက် သခင်ယေရှုကို ပိုသတိရနေစေလို့ပါ။” လို့
ပြောတယ်။
ကျွန်တော်တို့လုပ်ရမှာက
ခရစ်တော်ကို ထင်ရှားပြသဖို့၊ မြင်လာစေဖို့၊ တတ်နိုင်သလောက် ကိုယ်တော်နဲ့
တူကြဖို့ပါပဲ။
ဒါပေမယ့် ခရစ်တော်ကြွလာတာဟာ
ဘုရားကို ထင်ရှားပြသဖို့သာမက ပျောက်သောသူတွေကို ရှာဖို့၊ ကယ်ဖို့ လာရတာလည်း
ဖြစ်တယ်။ သခင်ယေရှုကို “သခင် … ဘာကြောင့် ကြွလာတော်မူရသလဲ?” လို့ မေးရင် လုကာ ၁၉း ၁၀ အတိုင်း “ လူသားသည် ပျောက်သောသူတို့ကို ရှာ၍
ကယ်တင်အံ့သောငှါ ကြွလာသတည်း။” လို့ မိန့်တော်မူမှာပါ။”
ရှင်ပေါလု ကောင်းကင်ကနေ
ပြန်လာပြီး၊ သခင်ယေရှု ဘာကြောင့်ကြွလာရသလဲ?” လို့ မေးခွင့်ရရင် … ၁တိ ၁း ၁၅ အတိုင်း “ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊
ဤလောကသို့ ကြွလာတော်မူသည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သော
စကားလည်းဖြစ်၏။”
ဓမ္မသစ်ကာလ သခင်ယေရှုရဲ့
ခြေတော်ရာကို ပြန်ကောက်ကြည့်ရင် သခင်ယေရှုဟာ လူတယောက်ရဖို့ အချိန်ယူပြောဆိုတာကို
မကြာခဏ တွေ့ရမှာ ဖြစ်တယ်။ ယောဟန် ၄ မှာ ရှမာရိ ရေတွင်းနား လျှောက်သွားရာကနေ
လေလွင့်နေတဲ့အမျိုးသမီး တယောက်ကို ကယ်တင်ခြင်းအကြောင်း ပြောပြတယ်။ တပည့်တော်တွေက
မြို့ကို စားစရာသွားဝယ်ဖို့ ပြောတဲ့အခါ “သင်တို့မသိသော စားစရာသည် ငါ၌ရှိသည်။” လို့
မိန့်တော်မူတယ်။
ကိုယ်တော်ဟာ သစ်ပင်တပင်အောက်မှာ
ရပ်လိုက်တယ်။ အခွန်ခံဇက္ခဲကို ဆင်းခဲ့ဖို့ ပြောတယ်။ “သင်၏အိမ်၌ ငါတည်းနေမည်” တဲ့။
လူတွေကို ရွေးနှုတ်ဖို့ ကြွလာတာပါ။
ကျွန်တော်တို့ လုပ်ရမယ့်အလုပ်က
သခင်ယေရှုရဲ့အလုပ်နဲ့ အတူတူပါပဲ။ “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊
သင်တို့ကို ငါစေလွှတ်သည်။”
ဝိညာဉ်ကယ်တင်ရေးဟာ
ယုံကြည်သူတိုင်းရဲ့ အလုပ်ဖြစ်ပါတယ်။ ဒီလောကမှာ အခု လုပ်နေရတာဟာ ခရစ်တော်ထံ လူတွေ
ပို့ပေးဖို့ပါ။ ဒါကြောင့် “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် နည်းတူ၊
သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ “တူညီတဲ့ အမှုတော်အတွက်” လို့ ဆိုလိုတယ်။
ဘုရားသခင်ကို ထင်ရှားပြဖို့
ကြွလာတယ်။ လူတွေကို ရွေးနှုတ်ကယ်တင်ဖို့ ကြွလာတယ်။ ဒါပေမယ့် အသင်းတော်ကို
ပြုစုတည်ထောင်ဖို့လည်း ကြွလာတယ်။ မဿဲ ၁၆း ၁၈ မှာ “ဤကျောက်ပေါ်မှာ ငါ့အသင်းကို
ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။”
မဿဲ၂၈း ၁၉-၂၀ ရဲ့ “မဟာအမိန့်တော်” The Great
Commission က “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။-ငါသည်
သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ၊ ဆုံးမဩဝါဒ
ပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာ ကုန်သည်တိုင်အောင် သင်တို့နှင့်အတူ
စဉ်မပြတ်ရှိသည်။”
ပထမ သင်ပြတယ်။
နောက်-နှစ်ခြင်းပေးတယ်။ ခရစ်တော်ထံ ပို့ပေးရုံသာမက နှစ်ခြင်းခံဖို့ပါ။
အသင်းတော်ရဲ့ ရှေ့ထွက်လာစေဖို့ ဖြစ်တယ်။ ခရစ်တော်အတွက် ရပြီး၊ နှစ်ခြင်းခံပြီးရင်၊
တခြားသူတွေ ဆက်ရဖို့၊ နှစ်ခြင်းခံလာဖို့၊ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပြပေးရမယ်။
အဲဒီလိုလုပ်ရင် ချိတ်ဆက်မိပြီးတော့ တလောကလုံးကို ရောက်ရှိသွားစေမှာ ဖြစ်တယ်။
ကယ်တင်ခြင်း ဘယ်လိုရနိုင်သလဲ? ကိုယ့်ကိုလာပြောတဲ့သူမှာလည်း သူ့ကို တခြားသူက ပြောပြဖူးလို့ပါ။ တနေရာရာ
တချိန်ချိန်မှာ တယောက်က သူ့ကို ကယ်တင်ခြင်း ဘယ်လို ရနိုင်တယ် ဆိုတာ ပြောပြဖူးပြီ။
သံကြိုးကွင်းဆက်လိုပဲ။ တယောက်က တယောက်၊ နောက်တယောက်ကနေ နောက်ထပ် တယောက်ထံ
သတင်းစကားလေး ကြားသွားစေတယ်။ နောက်ဆုံး ကိုယ့်ဆီ ရောက်လာသည်အထိ ပါပဲ။
ဒီနေရာမှာ မေးစရာဖြစ်လာတာက
ကိုယ့်ဆီ ရောက်လာတဲ့ တရားစကားကို ရပ်တံ့ သွားစေသလား? ဆက်ဝေငှသလား?
ဆိုတာပါပဲ။
သူတို့ကိုသူတို့ P.I.O လို့ မှည့်ခေါ်ထားတဲ့ ခရစ်ယာန်တွေအကြောင်း ကြားရဖူးတယ်။ တချို့က ပြောတယ်။ C.I.O
လို့ပဲ ကြားဖူးပါတယ်။ P.I.O လို့မကြားဖူးသေးဘူး။
P.I.O ဆိုတာက ဘာလဲ?” တဲ့။ အဲဒီခရစ်ယာန်က
ဖြေတယ်။ Pass It On ! Pass It On! “ဝေငှလိုက်-ဝေငှလိုက်”
တဲ့။ ကိုယ့်ဆီကို ဧဝံဂေလိတရား ရောက်လာတဲ့အခါ ဘာလုပ်သလဲ? တခြားတယောက်ကို
ပြောပြ သလား? ခရစ်တော်ထံ တယောက်ယောက်ကို ပို့ဆောင်သလား?
ကျွန်တော်ဟာ အသင်းတော်တခုထဲမှာပဲ
သင်းအုပ် ၂၁ နှစ်လုပ်ဖူးတယ်။ တနင်္ဂနွေတနေ့ပြီး တနေ့ ခရစ်ယာန်တွေ ရှေ့ထွက်လာတာ၊
အသင်းတော်မှာ ပါဝင်ဖို့ခေါ်လာတာ၊ နှစ်ခြင်းခံကြတာတွေဟာ သိပ်အံ့ဩစရာ၊ သိပ်လှပတဲ့
မြင်ကွင်းတွေပါပဲ။ တနင်္ဂနွေနေ့တိုင်း တယောက်ယောက်တော့ ရှေ့ထွက်လာမယ် လို့
သိနေတယ်။ ရှေ့ထွက်ပြီး နှစ်ခြင်းခံကြတာကို ၁၄ နှစ်လုံးလုံး မြင်ရတယ်။
အဲဒီလူအများစုက အိမ်မှာ ပြောပြပြီး၊ ကယ်တင်ခြင်းရသူတွေပါ။ နောက်-နှစ်ခြင်းခံဖို့
ဘုရားကျောင်းကို ခေါ်လာတာပါ။ အသင်းတော်ဟာ Georgia ပြည်နယ်မှာ အကြီးဆုံး
အသင်းတော်ဖြစ်လာခဲ့ပြီး၊ အသင်းဝင် ရ,၉၀၀ ကျော်ရှိတယ်။
မနှစ်က သင်းအုပ်လုပ်တုန်းမှာ
“ဝိညာဉ်ကယ်တင်ခြင်း မာရသွန်” “Soul winning marathon” ဆိုပြီး ၂
ပတ်လုပ်တယ်။ အတော်များများက မနက်တိုင်း ၉းဝဝ နာရီမှာ ဝိညာဉ်ကယ်တင်ဖို့ သွားကြတယ်။
တခါ ညနေ ၆ နာရီမှာ ထပ်သွားကြတယ်။ နောက် ရ နာရီ ၃၀ မှာ တခါ၊ ပြောင်းလဲသူ
အများရှိသလို နှစ်ခြင်းခံလာတာတွေလည်း ရှိတယ်။ ၁၄ ရက်အတွင်းမှာ လူ၂၀၀၀ ကျော်
ခရစ်တော်ထံ ပို့ဆောင်နိုင်ပြီး၊ နှစ်ခြင်းခံသူတွေ ညတိုင်းရှိတယ်။ ၂ ပတ် အတွင်း
လူ၂၀၀၀ ကျော် နှစ်ခြင်းခံတယ်။ သခင်ယေရှုဟာ ဘုရားသခင်ကို ထင်ရှားပြဖို့ ကြွလာတယ်။
လူတွေကို ရွေးနှုတ်ဖို့ ကြွလာတယ်။ အသင်းတော်ကို ပြုစု တည်ထောင်ဖို့လည်း ကြွလာတာပါ။
အသင်းတော်တည်ဆောက်ဖို့ တခုတည်းသော နည်းကတော့ လူတွေ ကယ်တင်ခြင်းရအောင် လုပ်ဖို့ပဲ။
“ခမည်းတော်သည် ငါ့ကို
စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ …..
(၄) တူညီတဲ့ တရားစကားနဲ့ ….. with the same message
“ခမည်းတော်သည် ငါ့ကို တရားစကားနှင့်
စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို တူညီတဲ့ တရား စကားနဲ့ စေလွှတ်သည်။” တရားစကားက
ရိုးရိုးကလေးပါ။ ဘယ်တော့မှ မပြောင်းလဲဘူး။ လူတွေက အပြစ်သား။ အပြစ်ကြွေးတင်နေတယ်။
အပြစ်ကြွေးကို အကြေဆပ်ပေးဖို့ ခရစ်တော်က ကားတိုင်မှာ အသေခံတယ်။ သခင်ယေရှု
အသေခံပေးတာကို ယုံကြည်ရမယ်။ ကယ်တင်ရှင်အဖြစ် အားကိုးလိုက်ရမယ်။
ကယ်တင်ခြင်း နားလည်ခါစတုန်းက
ဘာလုပ်ရမှန်း မသိလောက်အောင် စိတ်လှုပ်ရှားတယ်။ လူတိုင်း ကယ်တင်ခြင်း
နားလည်ဖို့လိုတယ်လို့ တွေးမိတယ်။ ကျွန်တော့ လူတွေကတော့ ဒီတရားကို ထပ်ထပ်ကြားရလို့ အီလာမှာ သေချာတယ်။ ဟောတာ
သိပ်များနေပြီလား လို့လည်း စိုးရိမ်မိတယ်။
ဒီတရားနဲ့ တအိမ်ပြီးတအိမ် သွားတယ်။
လူတွေက အပြစ်သား။ အပြစ်ကြွေး တင်နေတယ်။ ခရစ်တော်က အပြည့်အဝ အကြေပေးဆပ်ဖို့
အသေခံခဲ့တယ်။ သွားတဲ့အိမ်တိုင်း ဒီအကြောင်းပဲ ပြောတယ်။ အကျိုးရှိတယ်။ တခါတလေ
“တရားစကား ပြောင်းရမလား? တခြားအကြောင်း ပြောင်းရမလား?” တွေးမိတယ်။ ဒါပေမယ့် ကျွန်တော် နားလည်မိတာက “လူတယောက်မှာ အမဲလိုက်ဖို့
သေနတ်တလက်ရှိတယ်။ အမဲလည်း ရတယ်ဆိုရင် သူအမဲလိုက်တိုင်း သေနတ်ပြောင်းနေစရာမလိုဘူး။” ဒါကြောင့်
ဒီတရားစကားကိုပဲ ဆက်သုံးနေတယ်။
အိမ်မှာဆိုရင် အမြဲတမ်းစားနေကျ
ပန်းကန်နဲ့ပဲ ကျွန်တော်စားတယ်။ ထိုင်နေကျအခန်း၊ ထိုင်နေကျ စားပွဲ၊ ထိုင်နေကျ
ကုလားထိုင်မှာပဲ ထိုင်တယ်။ အနားယူမယ်ဆိုရင်လည်း နားနေကျအခန်း၊ နားနေကျ
ကုလားထိုင်မှာပဲ ထိုင်တယ်။ ၂၇ နှစ်လုံးလုံး အိပ်နေကျ အိပ်ရာရဲ့ အိပ်နေကျ ဖက်မှာပဲ
အိပ်ခဲ့တယ်။ ဆံပင်ခွဲရင်လည်း ခွဲနေကျအတိုင်းပဲ ဖီးတယ်။ ဘယ်တော့မှ မပြောင်းခဲ့ဘူး။ ရှေ့ဆက်
ဆံပင်ဆက်ခွဲရင်လည်း အရင်အတိုင်းပဲ ခွဲနေဦးမှာပဲ။ သမ္မာတရားဟာ ဘယ်တော့မှ
မပြောင်းလဲဘူး။ ဒါကြောင့် တရားစကား ပြောင်းစရာ မလိုဘူး။
တရားစကားက ရှင်းတယ်။ “ဘုရားသခင်၏
သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို
ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင်
လောကီသားတို့ကို ချစ်တော်မူ၏။” ဒီတရားကို သေသည့်တိုင်အောင် ဟောမယ်လို့ ကျွန်တော်
စိတ်ဆုံးဖြတ်ထားတယ်။
Charles Spurgeon တခါက ပြောဖူးတယ်။
“ရှေး-ဧဝံဂေလိတရားဟောင်းကို ဟောခြင်းမှ တပါး တခြားနည်းနဲ့ နာမည်မကြီးချင်ဘူး။”
တဲ့။
သခင်ယေရှု တရားဟောရင် အမြဲတမ်း
ရိုးရှင်းတယ်။ သခင်ယေရှုဟောရင်၊ ဘယ်သူမှ အဘိဓာန် စာအုပ်တွေ သယ်လာစရာမလိုဘူး။
“ဟုတ်တယ်။” တရားဟောကောင်းတယ်ဆိုတာ ရှင်းနေတာကို ရှုပ်အောင်မလုပ်ဘူး။
ရှုပ်နေတဲ့အရာကို ရှင်းအောင်လုပ်တာသာ ဖြစ်တယ်။ “သမ္မာတရားရဲ့ ဆွဲဆောင်မှုအရှိဆုံး
အဆင်တန်ဆာကတော့ ရိုးရှင်းမှုပဲ။” လို့ Dr. Bob Jones, Sr. တခါက ပြောဖူးတယ်။
Billy Sunday ကတော့ “လူတိုင်း
ယူစားလို့ရအောင် မုန့်တွေကို စင်ရဲ့ အောက်ဆုံးထပ်မှာထား” လို့ ဆိုတယ်။
ရိုးရှင်းမှုပါဘဲ။
Oklahoma ပြည်နယ်ရဲ့ နိုးထမှုစည်းဝေးတခုမှာ
ပါဝင်ဖူးတယ်။ အသင်းတော်က နှစ်ပေါင်းများစွာ ဆုတောင်းပေးနေတဲ့ အဘိုးအိုတယောက်
သီတင်းပတ်ရဲ့ အစပိုင်းမှာပဲ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံတယ်။
နောက်ဆုံးညမှာတော့ မိန်းမငယ်တယောက် တခြားသူတွေနဲ့အတူ ပါဝင်လာတယ်။ သူ့ခမျာ နားလည်ရ
ခက်နေတယ်။ စည်းဝေးပြီးတော့ အချိန်ယူပြီး သူ့ကိုရှင်းပြတယ်။ အတတ်နိုင်ဆုံး
ရှင်းရှင်းလေးပြောပြတော့ အဖိုးအိုရောက်လာပြီး မိန်းမငယ်ရဲ့ဘေးမှာ ဝင်ထိုင်တယ်။ ခဏ
စကားဖြတ်ပြီးတော့ “သမီးကလေး သေသေချာချာ နားထောင်နော်။ မင်းမရပဲ
ဖြစ်သွားလောက်အောင်ကို သိပ်ရှင်းလွန်းတယ်” လို့ ဝင်ပြောတယ်။
ဒီလိုပြောပြီး သူထွက်သွားတယ်။
ခဏအကြာမှာတော့ မိန်းမငယ်ဟာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံတယ်။
နိကောဒင်က ဒုတိယမွေးခြင်း
ဘယ်လိုခံရမလဲလို့ မေးတဲ့အခါ သခင်ယေရှုက ရိုးရိုးလေး ဖြေတယ်။ “မောရှေသည် တော၌
မြွေကိုမြှောက်ထားသကဲ့သို့၊ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ အကြောင်းမူကား၊
ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို
ရမည်အကြောင်းတည်း။” (ယော၃း၁၄၊၁၅)
“နိကောဒင် … မင်း ငါ့ကို အားကိုးမှ
ကယ်တင်ခြင်းရမယ်။ ကယ်တင်ခြင်းရဖို့ ငါ့ကို အမှီပြုရမှာပေါ့” လို့ သခင်ယေရှု ပြောခဲ့တာပါ။
“ခမည်းတော်သည် ငါ့ကို
စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ တူညီတဲ့တရားစကားနဲ့
လို့ ဆိုလိုတာပါ။ နောက်ပြီးတော့ …..
(၅) တူညီတဲ့စိတ်ရင်းနဲ့ … By The same
motive
ဘုရားသခင်အတွက် လုပ်ဆောင်သမျှကို
နောက်ဆုံး စစ်ဆေးမယ့်အရာကတော့ စိတ်ရင်းပါပဲ။ ၁ကော ၁၃း ၃ မှာ “သူတပါးကို
ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ
အပ်သော်လည်း၊ မေတတ္တာမရှိလျှင် ငါ၌အကျိုးမရှိ။”
သခင်ယေရှု ဒီလောကမှာ
အမှုတော်ဆောင်ဖို့ ကြွလာချိန်မှာ တခြားအကြောင်းအမျိုးမျိုးရဲ့
ပြင်ပဖိအားပေးမှုတွေကြောင့် အကြပ်ကိုင် လုပ်ဆောင်ရတာမျိုး မရှိခဲ့ဘူး။
ချစ်ခြင်းမေတ္တာကြောင့်သာ အလုပ်လုပ်ခဲ့တယ်။ မဿဲ၉း၃၆ မှာ “လူအစုအဝေးတို့ကို
မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍
ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။”
ကဲ- သခင်ယေရှုဟာ အပြစ်သားတွေအပေါ်
ဘယ်လောက်ချစ်သလဲ? မဿဲ၂၃း ၂၇ မှာ ယေရုရှလင်မြို့ကို သခင်ယေရှု
ကြည့်တော်မူတဲ့အကြောင်း ဖတ်ရတယ်။
“အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်
ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း၊ ကျောက်ခဲနှင့်
ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်
အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ
ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကားအလိုမရှိ။”
ပိုကောင်းတဲ့၊ ပိုတော်တဲ့
တရားဟောဆရာတယောက်ဖြစ်ဖို့ ဘာလုပ်ရမလဲလို့ ဟိုးနှစ်ပေါင်း များစွာတုန်းက ကျွန်တော် တွေးကြည့်မိတယ်။
“ကျမ်းစာချက်တွေ အများကြီးသုံးရင်၊ တရားဟောတာ ပို တန်ခိုးပါမလား။” တွေးမိတယ်။
အဲဒီတော့ ကျမ်းပိုဒ်တွေသာမက အခန်းကြီးတွေ အခန်းငယ်တွေပါ သုံးဖို့
ဆုံးဖြတ်လိုက်တယ်။
တနေ့တော့၊ အပြစ်သားတွေအပေါ်
စိတ်ပိုဝင်စားရင် ပိုတန်ခိုးရမယ်လို့ မြင်လာတယ်။ ဒါနဲ့ “သခင်ယေရှုဘုရား- ကိုယ်တော်
အပြစ်သားတွေအတွက် ခံစားသလို ကျွန်တော် ခံစားရစေပါ။ တရားဟောရင် ကိုယ်တော် ဟောတုန်းက
ခံစားခဲ့သလိုမျိုး ဒီပရိတ်သတ်အပေါ်မှာ ကျွန်တော်ခံစားရစေပါ။” လို့
ဆုတောင်းလိုက်တယ်။
ရုတ်တရက် နားလည်လိုက်တာကတော့
ဒီဇာတိခန္ဓာကိုယ်နဲ့ သခင်ယေရှု သနားသလိုမျိုး လိုက်ခံစားရဖို့ မဖြစ်နိုင်ဘူး
ဆိုတာပါပဲ။ ဒါနဲ့ ကိုယ်တော်ခံစားခဲ့သလို အတတ်နိုင်ဆုံးခံစားပြီး၊ တရားဟောဖို့
အသက်ရှင်ပါရစေလို့” ဆုတောင်းချက် ပြောင်းလိုက်တယ်။
သခင်ယေရှုက ချစ်ခြင်းမေတ္တာကို
အရင်းခံတယ်။ ဒါပေမယ့် စေလွှတ်ထားတဲ့အမှုတော်ကို ဘယ်သူမှ လိုက်မလုပ်နိုင်လောက်တဲ့
အသိတရားအားဖြင့်လည်း အရင်းခံသေးတယ်။ အပြစ်သားတွေကို ကယ်ဖို့ သခင်ယေရှုသာ
သစ်တိုင်မှာ အသေခံမပေးရင်၊ အပြစ်သားတွေ ကယ်တင်ခြင်းမရနိုင်ဘူး။ ကျမ်းစာထဲမှာ “must” “ရမည်” ဆိုတဲ့စကားတွေ့ရင် ဒီ့ပြင် တခြားလမ်း မရှိဘူး။ ယော၃း ၁၄ မှာ
“မောရှေသည် တော၌ မြွေကိုမြှောက်ထားသကဲ့သို့၊ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။”
တခြားလမ်း မရှိဘူး။ သခင်ယေရှုဟာ အပြစ်သားတွေအတွက် အသေခံရမယ်။ အပြစ်ကြွေးဆပ်ရမယ်။
အဲဒီလိုမှ မဟုတ်ရင် အပြစ်သားတွေ
ကယ်တင်ခြင်း မရနိုင်ဘူး။
တကယ်လို့ သခင်ယေရှုသာ
အသေခံမပေးရင်၊ တခြားအရံ နည်းလမ်းမရှိဘူး။ တခြားသူတွေကို ခရစ်တော်အကြောင်း
ပြောပြဖို့ ကျွန်တော်တို့ဘက်က ပျက်ကွက်ခဲ့ရင် ဘုရားသခင်မှာ အရံနည်းလမ်း မရှိဘူး။
“သင်တို့သွား၍ လူမျိုးတကာတို့ကို ဧဝံဂေလိတရား ဟောပြောလော့။ ဟောလို့မှ
အကျိုးမရှိရင်၊ နောက်တမျိုး ကြိုးစားကြည့်ကြလို့။” မပြောဘူး။ ဘုရားသခင်မှာ တနည်းပဲ
ရှိတယ်။
ကယ်တင်ခြင်း ဘယ်လိုရနိုင်တယ်ဆိုတာ
လူတွေကို ပြောပြဖို့ပါ။ မပြောပြရင် သွားပြီပေါ့။ ဘုရားမှာ တခြားနည်းမရှိဘူး။
လောကီသားတွေအပေါ် ဘုရားသခင် ထိတွေ့နိုင်တဲ့နည်းကတော့ ခရစ်ယာန်တွေ အားဖြင့်သာ
ရနိုင်တယ်။
ကျွန်တော်တို့ကို
ခိုင်းထားတဲ့အလုပ်ကို တခြားသူမလုပ်နိုင်ဘူးဆိုတာ သိနားလည်တဲ့ စိတ်ရင်းမျိုး
ဘုရားသခင်ပေးသနားပါစေ။ ဒီခေတ် သန့်ရှင်းသူတွေကမှ ဒီခေတ် အပြစ်သားတွေကို ခရစ်တော် အကြောင်း
မပြောပြရင်၊ ထာဝရကမ္ဘာ အဆက်ဆက် မသိကျွမ်းရဘဲနေတော့မှာပါ။
သခင်ယေရှုဟာ
အပြစ်သားတွေအပေါ်ထားတဲ့ မေတ္တာနဲ့ အရင်းခံရုံ၊ စေလွှတ်တဲ့အမှုတော်ကို
သိကျွမ်းခြင်းနဲ့ အရင်းခံရုံသာမက ဝမ်းမြောက်ခြင်းမှာလည်း အရင်းခံတယ်။ ဟေဗြဲ၁၂း ၂
မှာ “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို
စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော
ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ၊
လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော်လက်ျာဘက်၌ ထိုင်နေတော်မူ၏။”
သခင်ယေရှု ကားတိုင်ပေါ်
အသေခံချိန်မှာ ရှေ့ဆက်ခံစားရတဲ့ ဝမ်းမြောက်ခြင်းအကြောင်းကို ကိုယ်တော်တွေးတယ်။
မုတ်ဆိတ်ကို ဆွဲကြချိန်မှာ ရှေ့မှာခံစားရမယ့် ဝမ်းမြောက်ခြင်းအကြောင်း၊ တွေးတယ်။
ကြာပွတ်နဲ့ရိုက်ချိန်၊ အဝတ်ဆွဲချွတ်ချိန်မှာလည်း ရှေ့မှာခံစားရမယ့် ဝမ်းမြောက်ခြင်းကို
တွေးနေတော်မူတယ်။ အဲဒီဝမ်းမြောက်ခြင်းဟာ အပြစ်သားတွေ ကိုယ်တော်ထံ လာကြမယ်ဆိုတဲ့
ဝမ်းမြောက်ခြင်းအကြောင်း၊ ကယ်တင်ခြင်း ရကြမယ်ဆိုတဲ့ ဝမ်းမြောက်ခြင်းပါပဲ။
ခရစ်တော်အတွက် ဝိညာဉ်တွေရတာလောက်
ဝမ်းသာတဲ့ ဝမ်းမြောက်ခြင်းမျိုး တခြား မကြုံဖူးဘူး။ ဆာလံ၁၂၆း ၆ မှာ “မျက်ရည်ကျလျက်
ကြဲရန်မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည်၊ ကောက်လှိုင်းများကို ဆောင်လျက်
ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။” ဒီ့အထက်က ကျမ်းပိုဒ်က “မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက်
စပါးရိတ်ကြလိမ့်မည်။” ခရစ်တော်ထံ လူတွေကို ပို့ဆောင်တဲ့ ဝမ်းမြောက်ခြင်းပါ။
ကျမ်းစာအုပ်ကို ယူပြီး တယောက်ယောက်ကို ကယ်တင်ခြင်း ရနိုင်ကြောင်း ပြောပြ၊
ဒူးထောက်ပြီး ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးကြတဲ့ ဝမ်းမြောက်ခြင်းလောက်
ကြီးမြတ်တာ တခြား မရှိတော့ဘူး။ ၁သက်၂း ၁၉-၂၀ မှာ ….
“ငါတို့ မြှော်လင့်ခြင်းအကြောင်း၊
ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား အဘယ်သို့သော
အကြောင်းအရာနည်း။ ငါတို့ သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည်
ထိုသို့သောအကြောင်းအရာ ဖြစ်ကြသည်မဟုတ်လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏
ဝမ်းမြောက်ခြင်းဖြစ်ကြသတည်း။”
မကြာသေးခင်က စည်းဝေးတခုမှာ ဝိညာဉ်
ကယ်တင်ခြင်းသင်ခန်းစာ (Soul winning)တခု သင်ပြတယ်။
ဝတ်ပြုစည်းဝေးပြီးတော့ သက်သေခံ ထွက်ကြတယ်။ ညပိုင်း ဝတ်ပြုစည်းဝေးမစခင် လေးမှာပါပဲ
သူတို့ထဲက လူတယောက် ဘုရားကျောင်းထဲ ပြေးဝင်လာပြီး အော်ပြောတယ်။ “အကျိုးရှိ တယ်၊
အကျိုးရှိတယ်၊ အကျိုးရှိတယ်။” ခဏကြာတော့ သူ့ကြောင့် ဘုရားကျောင်းထဲက လူတိုင်း
စိတ်လှုပ်ရှားလာတယ်။ ဒါဟာ အဲဒီလူ ရလိုက်တဲ့ ခရစ်တော်ထံ ပို့ဆောင်ပေးလို့ရတဲ့
ဝမ်းမြောက်ခြင်းပဲ။ ကောင်းကင်မရှိ၊ ငရဲမရှိ၊ လူသေရင် ပြီးပြီဆိုရင်တောင်
ကျွန်တော်ကတော့ ခရစ်တော်ထံ လူတွေပို့ရင် ဝမ်းမြောက်ရလို့ ဆက်ပို့နေဦးမှာပါဘဲ။
ဟိုးအရင်နှစ်တွေတုန်းက
ဝိညာဉ်ကယ်တင်ဖို့ သက်သေခံစတုန်းက လိပ်စာကဒ်ကလေးတခု ယူသွားတယ်။ အရင် ၃လလောက်က
ဘုရားကျောင်း လာတက်တဲ့ မိသားစုပါ။ ည ၉ နာရီကျော်အချိန်ပါ။ အဲဒီ မိသားစုကို
အရမ်းသွား တွေ့ချင်နေတယ်။ မြေပုံအရ သူတို့လမ်းရဲ့နေရာ သိရတယ်။ ခဏအကြာမှာ သူတို့ အိမ်ရှေ့
ကားထိုးရပ်လိုက်တယ်။
အိမ်ရှင်အမျိုးသားက ပရိဘောဂ
အသုံးအဆောင်တွေကို အိမ်ရှေ့ရပ်ထားတဲ့ အငှါးကုန်တင် ကားတစီးအပေါ် တင်နေတယ်။ သွားပြီး
မိတ်ဆက်လိုက်တယ်။ “အခုမှ လာလည်ဖြစ်တဲ့အတွက် စိတ် မကောင်းဘူးဗျာ။ လွန်ခဲ့တဲ့ (၃)
သုံးလလောက်တုန်းက ခင်ဗျားတို့တော့ ဘုရားကျောင်း အလာသားဗျာ။ အခုတော့
သိပ်နောက်ကျသွားပြီထင်တယ်။ အိမ်ပြောင်းကြတော့မှာကိုး” လို့ ပြောလိုက်တယ်။ သူက ခေါင်းငြိမ့်ပြီးတော့
“အမျိုးသမီးနဲ့ ကျွန်တော် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျွန်တော့်
ပစ္စည်းတွေယူပြီး၊ ဒီည သွားတော့မလို့ပါ။”
ကျွန်တော် ဘာပြောရမှန်း မသိတော့ဘူး။
ဒါပေမယ့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး၊ “ခင်ဗျား မသွားခင်၊ စကား
ခဏပြောခွင့်ရှိမလားခင်ဗျာ?”
“ရပါတယ်” လို့ သူပြောတယ်။
အိမ်နောက်ခန်းတခန်းကို အတူသွားကြရင်း၊ အိပ်ယာပေါ်ထိုင် လိုက်ကြတယ်။ သူ့ကို
ခရစ်တော်ထံပို့ပေးတဲ့အခါ ကလေးတယောက်လို သူငိုတယ်။
“ခင်ဗျား ဒီမှာစောင့်ဗျာ။
ခင်ဗျားအမျိုးသမီးကို သွားတွေ့ဦးမယ်။” လို့ ပြောလိုက်တယ်။ ဧည့်ခန်းထဲသွားပြီး၊
သူ့အမျိုးသမီးကို ခေါ်လိုက်တယ်။ အမျိုးသမီးက ကျွန်တော်တို့ကို လာတွေ့ပါတယ်။
သူ့အမျိုးသားဟာ ခရစ်တော်ကိုကယ်တင်ရှင်အဖြစ် အားကိုးခဲ့ပြီလို့ ရှင်းပြတယ်။
နည်းနည်း သံသယ ရှိပုံရပေမယ့် နားထောင်ပေးပါတယ်။
“အခု-ကျမ်းစာအုပ်ယူပြီး၊ ခင်ဗျားအမျိုးသားကို
ရှင်းပြတာလေး ပြန်ပြောပြချင်တယ်။” လို့ ပြောတော့ ခဏအကြာမှာ သူလည်း ခရစ်တော်ကို
ကယ်တင်ရှင်အဖြစ် အားကိုးသွားတယ်။ နှစ်ယောက်စလုံး ကလေးတွေလို ငိုကြတယ်။
တယောက်နဲ့တယောက် ကြည့်နေရင်း ဖက်ထားလိုက်ကြတော့တယ်။
အိမ်ရှေ့ခန်းထဲမှာ အမျိုးတွေ တော်တော်များများရှိတယ်။
သူ့ဖက်ကိုယ့်ဖက် အမျိုးတွေပေါ့။ ကျွန်တော်က ဧည့်ခန်းထဲသွားပြီး၊ အကျိုးအကြောင်း
ပြောပြကြရအောင်” လို့ ပြောလိုက်တယ်။
အိမ်ခန်းထဲရောက်တော့ အားလုံး
အတူစုထိုင်ပြီး နားထောင်ဖို့ ပြောလိုက်တယ်။ ကျွန်တော်က “သူတို့နှစ်ယောက်ဟာ
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ကိုးစားကြပြီ။ တယောက်နဲ့ တယောက် ချစ်ကြပြီ။ ခရစ်ယာန် အိမ်ထောင်တခုအဖြစ်
တည်ဆောက်ကြတော့မှာပါ။” သူတို့ ဘာပြောရမှန်းမသိဘဲ ကြည့်နေတယ်။ ကျွန်တော်က
“အခု-ကျမ်းစာအုပ်ယူပြီး၊ အခုန ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောပြမယ်လို့ ပြောလိုက်တယ်။
သဘောတူကြတော့ အိမ်မှာ
ရှိသမျှလူတွေကို ကယ်တင်ခြင်းအကြောင်း ပြောပြလိုက်တယ်။ နောက်တော့ ခေါင်းငုံ့၊
မျက်စိမှိတ်ကြပြီး ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ဘယ်နှစ်ယောက် အားကိုးကြမလဲ လို့
မေးလိုက်တယ်။ အများစု အားကိုးကြတယ်။ တကယ်ပဲ ရှေးသန့်ရှင်းသူတွေလို ဟာလေလုယာ
အော်ဟစ်တဲ့ အချိန်လေးပါဘဲ။
အချိန်ကလည်း နောက်ကျနေပြီဆိုတော့
“ခင်ဗျားတို့ ပစ္စည်းတွေ ပြန်ချပြီး အိမ်ထဲ ထည့်ကူရမလား” လို့မေးလိုက်တယ်။
အမျိုးသားက ပြုံးပြီးတော့ “ဆရာ
…ကူချင်ရင် ကူလေ” လို့ ပြောတယ်။
“ကူရမှာပေါ့” လို့ပြောပြီး၊ ကုတ်အင်္ကျီနဲ့ လည်စီးကို ချွတ်ပြီး ခဏကြာသည်အထိ ပစ္စည်းတွေ အိမ်ထဲ ပြန်သယ်ပေးတယ်။ အော်ကြ၊ ဟစ်ကြ၊ ပစ္စည်းတွေသယ်ကြ၊ ပြန်အော်ကြနဲ့ ခရစ်တော်ထံ လူတွေကို လမ်းပြရတာဟာ သိပ်ဝမ်းသာစရာ ကောင်းတယ်။ “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။” ဆိုတာဟာ “တူညီတဲ့ အမိန့်တော်အောက်မှာ”၊ “တူညီတဲ့ အပြုအမူ”၊ “တူညီတဲ့ အမှုတော်အတွက်”၊ “တူညီတဲ့ တရားစကားနဲ့”၊ “တူညီတဲ့ စိတ်ရင်းနဲ့” လို့ ဆိုလိုတာပါပဲ။ ။
No comments:
Post a Comment