အခန်း ၁၈
---------------------------------------------------------------------------------------
![]() |
| Dr. Curtis Hutson |
စဉ်းစာရခက်တဲ့
အကြောင်းအရာများကို ဆုံးဖြတ်ခြင်း
“အစာအမျိုးမျိုးကို စားအပ်သည်ဟု
လူအချို့ယုံ၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက် ကိုသာ စား၏။ အမျိုးမျိုးကို
စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့်။ မစားသော သူသည်လည်း စားသောသူကို
မစစ်ကြောမစီရင်စေနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ့ကို လက်ခံတော်မူပြီ။
နေ့ရက်တရက်ထက် တရက်သာ၍ မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့မထင်။ လူတိုင်း
မိမိစိတ်သဘောကျပါစေ။” ရောမ ၁၄း ၂-၃-၅ ။
အကြောင်းအရာတခုကို မှားသလား-
မှန်သလား သိချင်နေတဲ့ ခရစ်ယာန်တယောက်က အရိုးခံသဘောနဲ့ စာတစောင်ရေး လာတယ်။
ကျမ်းစာကို သူ လေ့လာကြည့်ပြီးပြီ၊ အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ ကျမ်းပိုဒ်ရယ်လို့
ရှင်းရှင်းလင်းလင်း မတွေ့ဘူးလို့ ဆိုတယ်။ ပြီးတော့ “ကျွန်တော့ ရည်ရွယ်ချက်ကတော့
မိသားစုကို မှန်တာပဲ လုပ်စေချင်တယ်။ တကယ် စိတ်ရှုပ်တယ်ဗျာ” လို့ ပြောတယ်။
သူ့မေးခွန်းအတွက် ရှင်းလင်းတဲ့ အဖြေကိုပေးတဲ့ ကျမ်းချက်မရှိဘူး။ ဒါပေမယ့်
ကျမ်းစာနဲ့ ပတ်သက်ရင် အချက် ၂ ချက်ကို သတိရသင့်တယ်။
ပထမအချက်က- ကျမ်းစာဟာ
ခေတ်ကာလတိုင်းမှာရှိတဲ့ လူသားတိုင်းအတွက် ရေးတာပါ။ ဒါကြောင့် အရာရာကို အသေးစိတ်
စာလုံးပေါင်းပြီး ရေးမထားနိုင်ဘူး။ ဥပမာ- ကျမ်းစာထဲမှာ “Thou shalt not
smoke Camels”(cigarettes ) “ကုလားအုတ် (စီးကရက်) ကို မသောက်ရ” လို့
ရေးထားမယ် ဆိုပါစို့။ ရှေးကျမ်းတတ် အဘိုးကြီးတွေ ကျမ်းပိုဒ် အနက်ဖွင့်ဖို့
တော်တော်အခက်ကြုံသွားမှာပဲ။ ဆိုလိုရင်းကို အတိအကျ ဖွင့်ပြဖို့ ဇဝေဇဝါ ဖြစ်ကုန်မယ်။
တချို့က smoke မီးညှိတယ်ဆိုပြီး ကုလားအုပ်တွေနားမှာ
ဘယ်တော့မှ မီးဖိုကြမှာ မဟုတ်တော့ဘူး။
ဥပမာ- ဓမ္မဟောင်းကျမ်းထဲမှာ “T.V မကြည့်ရ” လို့ ရေးထားမယ် ဆိုပါစို့။ T.V ဆိုတာ
ဘာပြောတာလဲလို့ ကျမ်းတတ် ဆရာတွေ အချိန်ကုန်တော့မယ်။ အားလုံး သဘောတူ
ဆုံးဖြတ်နိုင်ဖို့ ခက်ခဲမှာပါ။ သမ္မာကျမ်းစာဟာ ခေတ်ကာလတိုင်းရဲ့ လူတိုင်းအတွက်
ရေးတာဖြစ်လို့ အတော်များများကို ကွက်တိ စာလုံးပေါင်း လိုက်ရှာလို့ မရနိုင်ဘူး။
ဒုတိယအချက်က- သမ္မာကျမ်းစာဟာ
အနှစ်ချုပ် ကျမ်းသာ ဖြစ်တယ်။ ဒါကို နည်းနည်း ရှင်းပြချင်တယ်။
ကျမ်းစာက ယော ၂၁း ၂၅ မှာ
“ယေရှုပြုတော်မူသော အခြားအမှုအရာများ ရှိသေး၏။ ထိုအမှုအရာ ရှိသမျှတို့ကို
အသီးအခြား ရေးထားလျှင် မြေကြီးမဆန့်နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု
ထင်မှတ်ခြင်းရှိ၏။” သခင်ယေရှု ပြုတော်မူသမျှကို ကျမ်းစာတွေအဖြစ် ရေးထားခဲ့ရင်
အကုန်လုံး ဘယ်သူ ဖတ်နိုင်တော့မလဲ? လူတွေကို သိစေချင်သလောက်သာ ရေးဖို့
ကျမ်းစာရေးသူတွေကို ဘုရားက ကွက်ပြီး ဖေါ်ပြတယ်။ သမ္မာကျမ်းစာဟာ ဘုရားသခင်
သိသမျှကို ဖွင့်ပြထားတာ မဟုတ်ဘူး။ ဘုရားသိစေချင်တာတွေ ကိုသာ ဖေါ်ပြထားတာ ဖြစ်တယ်။
ဘုရားသခင် သိသမျှ ဖွင့်ပြ ရေးရင်တော့ မြေကြီးမဆန့်ပဲ နေမှာပေါ့။ ဘာကြောင့်လဲ
ဆိုတော့ အလုံးစုံသိတဲ့ ဘုရားသခင် မသိတာ ဘာမှမရှိလို့ပါပဲ။
လူတယောက်က “ဘုရားသခင်မသိတာ မင်းမှာ
ဘာဖြစ်ဖူးလဲ?” လို့ ရေးဖူးတယ်။ ယုံကြည်သူ တွေ့ကြုံရတဲ့ မေးခွန်းတိုင်းကို
ကျမ်းစာက အသေးစိတ် အဖြေမပေးတဲ့အတွက် ကျမ်းစာထဲမှာ အတိအကျ စာလုံးပေါင်း ရေးမထားတဲ့
အရာတွေအတွက် ဘယ်လိုလုပ်ကြမလဲ?
ခရစ်ယာန်တယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ကိုကိုယ် သိသောစိတ်ရဲ့ လမ်းပြမှုကို ခံယူကြဖို့ လိုတယ်လို့
ခဏခဏ ပြောတတ်တယ်။ “ကိုယ်ကိုကိုယ်သိတဲ့စိတ်ရဲ့ အလိုအတိုင်းလိုက်ကြ” လို့ တရားဟော ဆရာတွေ
ဟောတာ ကြားဖူးတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မကောင်းဘူး။ ကိုယ့်ရဲ့ ကိုယ်ကိုကိုယ် သိသောစိတ်ဟာ
ကိုယ်ယုံကြည်တဲ့အရာတွေနဲ့ ဆက်နွယ်နေတယ်။ ယုံကြည်မှု မမှန်ကန်ရင်
သူ့ရဲ့ သိစိတ်ဩတ္တပက လမ်းလွဲကို ပြနိုင်တယ်။
ဥပမာအနေနဲ့ Catholic မိတ်ဆွေတစ်ယောက် Mass မတက်ရင် သူ့အသိစိတ်က သူ့ကို နှောက်ယှက်လိမ့်မယ်။
ဒါပေမယ့် ကျွန်တော့ အသိစိတ်ကတော့ Mass မတက်လို့ အနှောက်အယှက်
မဖြစ်ဘူး။ တခါမှလည်း မတက်ဖူးဘူး။ ဘာကွာသလဲဆိုတော့ တက်သင့်တယ်လို့ ကျွန်တော်
မယုံလို့ပါ။ ဒါကြောင့် အသိစိတ် ဩတ္တပ္ပ စိတ်နောက်ကို လိုက်လို့မရသလို၊ အသိစိတ်ရဲ့
လမ်းပြမှုကို ခံယူလို့လည်း မရဘူး။ “သင့် အသိစိတ် ဩတ္တပ္ပစိတ်ရဲ့ နောက်ကို လိုက်ပါ”
လို့ ကျမ်းစာက မသွန်သင်ဘူး။ လူတစ်ယောက်မှာ အသိစိတ် ဩတ္တပ္ပစိတ်ရဲ့ နောက်လည်း
လိုက်လို့မရ၊ ကျမ်းစာကလည်း သူကြုံတဲ့ ပြဿနာကို အသေးစိတ် သွန်သင်ချက် ရှင်းရှင်းလင်းလင်းမပေးရင် စဉ်းစားရခက် နားလည်ရခက်တဲ့ အကြောင်းအရာတွေကို
သူ ဘယ်လိုလုပ်မလဲ? ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘာလုပ်သင့်တယ်။
ဘာတွေ မလုပ်သင့်ဘူး ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ကျမ်းစာက ပေးမထားပေမယ့်
နားလည်ရ စဉ်းစားရခက်တဲ့ အရာတွေကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့
လမ်းညွှန်ချက်တွေ တော့ ပေးထားတယ်။
ဒီ တရားဒေသနာမှာ ယုံကြည်သူ
အမှားအမှန် ဆုံးဖြတ်နိုင်ဖို့ အထောက်အကူပေးမယ့် လမ်းညွှန်ချက် ၁၁ ချက်
ပြောပြသွားမယ်။
၁။ သိပြီးသား ဘုရားအလိုတော်ဆိုတဲ့ မှန်တဲ့အရာကို
တကယ်လုပ်ဆောင်ချင် စိတ်ရှိရဲ့လား?
ကျွန်တော်တို့က အစေခံတွေပါ။
ဘုရားသခင်က သခင်။ အစေခံဟာ သခင့်အလိုဆန္ဒကို ဝေဖန် ငြင်းခုံခွင့် မရှိဘူး။
ကိုယ့်အလုပ်က သခင်ပြဖူးတဲ့ အလိုဆန္ဒကို နားထောင်ဖို့ပါ။ ယုံကြည်သူဟာ ဖြစ်ရပ်တခုမှာ
အမှားအမှန်မသိရင် ကိုယ့်ဆန္ဒနဲ့ ဆန့်ကျင်နေပါစေဦးတော့ ဘုရား အလိုတော်အတိုင်း
လုပ်ဆောင်ဖို့ ခိုင်မာ ပြတ်သားစွာ ဆုံးဖြတ်ချက် ချသင့်တယ်။
ယော ရး၁၇ - မှာ “အလိုတော်သို့
လိုက်ချင်သောသူမည်သည်ကား၊ - - ဒေသနာတော် (ကို) ပိုင်းခြား၍ သိလိမ့်မည်။”
ဘုရားသခင်နား ချဉ်းကပ်လို့ မရနိုင်တဲ့ သဘောထားကတော့ - - -“ကိုယ်တော်၊ အမှား-
အမှန်ကိုပြပါ။ မှန်တာလုပ်ဖို့ ဆုံးဖြတ်ပါမယ်” ဒီလို သဘောနဲ့ မရနိုင်ဘူး။ ထားရမယ့်
သဘောက “ ကိုယ်တော်၊ အမှား- အမှန် ကျွန်တော် မသိဘူး ဒါပေမယ့် အမှန်ကို သေချာစွာ
သိခွင့်ပေးရင် သူများတွေ ဘာပြောပြော ကျွန်တော့ဆန္ဒ ဘာဖြစ်ဖြစ် အမှန်ကို
လုပ်ဆောင်မယ်။” ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ဘဝမှာ ဘုရားရဲ့
အကောင်းဆုံးတွေပဲ လိုချင်တဲ့သူ၊ မှန်တာကိုပဲ လုပ်မယ့်သူဟာ စဉ်းစားရခက်တဲ့
အရာတွေမှာလည်း အလိုတော်ကို သိခွင့်ရနိုင်ပါတယ်။ ဒါပေမယ့် တခါက သိဖူးထားတဲ့
အမှန်ကို လုပ်ချင်စိတ် မရှိသူအတွက် နောက်ဆက်ပြောမယ့် လမ်းညွှန်ချက်တွေဟာ
အသုံးဝင်လာမှာ မဟုတ်ဘူး။
၂။ ကျမ်းစာနဲ့ သဘောညီညွှတ်မှု ရှိရဲ့လား?
ကျမ်းစာက ၂ ပေ ၁း ၂၀ မှာ
“ကျမ်းစာ၌ပါသော အနာဂတ္တိစကား မည်သည်ကား၊ ကိုယ် အလိုအလျောက် အနက်မပေါ် ဟု ရှေးဦးစွာ
သိမှတ်ကြလော့။” ဒါက ကျမ်းစာကို ကိုယ်ဟာကိုယ် လေ့လာလို့ မရဘူးလို့ ပြောလိုတာ
မဟုတ်ဘူး။ တခြား ကျမ်းစာသွန်သင်ချက်တွေအားလုံးကို ထည့်မစဉ်းစားဘဲ ကျမ်းပိုဒ် တပိုဒ်တည်းနဲ့
အနက်ဖွင့် မရဘူးလို့ ပြောလိုတာပါ။
ကျမ်းပိုဒ်တပိုဒ် ရှိမယ်ဆိုပါတော့။
အချက်တချက်ကို သွန်သင်နေပုံရတယ်။ ဒါပေမယ့် ကျမ်းစာကို သေသေချာချာ လေ့လာရင် တခြား
ကျမ်းချက်များစွာက အဲဒီသဘောနဲ့ ဆန့်ကျင်ကွဲလွဲနေတာကို အထင်အရှား တွေ့ရမယ်။
ဥပမာ၊ ဟေဗြဲ ၆း ၄-၆ ဟာ ကယ်တင်ခြင်း
ပြန်ဆုံးရှုံးနိုင်တယ်လို့ သွန်သင်နေပုံရတယ်။ ဒီတပိုဒ်တည်း သာဆိုရင်တော့ “ထာဝရ
စိတ်ချရတယ်” ဆိုတဲ့ သဘောကို ယုံမှာ မဟုတ်ဘူး။ “ထာဝရ စိတ်ချရမှု” နဲ့ ပတ်သက်နေတဲ့
ကျမ်းချက်တွေကို လေ့လာကြည့်မှ အဖြေက ရှင်းလာတယ်။
တပိုဒ်ပြီးတပိုဒ် ပြောပြနေတာက
ယုံကြည်သူဟာ ထာဝရအသက်ရတယ်။ ယော၃း၁၆၊ ယော၃း၃၆၊ ယော၃း၁၄ တို့လို ကျမ်းချက်တွေပါ။
အရှင်းဆုံးကတော့ ယော၅း၂၄ ပါဘဲ။ “ငါအမှန်အကန် ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍
ငါ့ကို စေလွှတ်တော်မူသော သူကို ယုံကြည်သော သူသည် ထာဝရအသက်ကို ရသည်ဖြစ်၍
အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ ဖြစ်၏။”
ကျမ်းစာက ဒီမှာ ယုံကြည်သူဟာ ထာဝရအသက်ကို ရရုံတင်မကဘူး၊ အပြစ်စီရင်ခြင်း
မခံရဘူးလို့၊ အပြစ်ဒဏ်ကျခံခြင်း မရှိစေရဘူးလို့ ဂတိပေးထားတယ်။
လိုက်နာသင့်တဲ့ အချက်ကတော့
ရှင်းနေတဲ့ ကျမ်းချက်များစွာကို ဆန့်ကျင်ပြီး သိပ်မရှင်းတဲ့ ကျမ်းချက်ကို
မသုံးမိဖို့ပဲ။ ဒါကြောင့် ဟေဗြဲ ၆း ၄-၆ က ဘာကိုပဲ ဆိုလိုပါစေ။ ယုံကြည်သူ ထာဝရအသက်
ရတယ် ဆိုတဲ့ ကျမ်းချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲမှု ရှိမှာမဟုတ်ဘူး။
ရိုးသားတဲ့ ခရစ်ယာန်တယောက်
အမှားအမှန် ဆုံးဖြတ်ရချိန်မှာ “ဒီကိစ္စကို ကျမ်းချက် အားလုံးက သဘောတူရဲ့လား?” လို့ မေးသင့်ပါတယ်။
၃။ အဲဒီအတွက် ဆုတောင်းခဲ့ပြီလား ?
Dr. A. J. Gordon က “ဆုတောင်းပြီးမှ
ပိုလုပ်ဆောင် နိုင်တယ်။ ဒါပေမယ့် ဆုမတောင်းဘဲ လုပ်ဆောင်နိုင်တာ ဘာတခုမှမရှိဘူး”
လို့ တခါက ပြောဖူးတယ်။ ကျမ်းစာက အရာရာမှာ ဆုတောင်းဖို့ ပြောထားတယ်။
“အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ
ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို
ဘုရားသခင်အား ကြားလျှောက်ကြလော့။” ဖိလိပ္ပိ ၄း၆။ ဂတိတော်က “သင်တို့သည်
ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” မာကု
၁၁း၂၄။ အဲဒီမှာ “What things soever ye desire” “သင်တို့
လိုသမျှ” လို့ ဆိုတဲ့အခါ စဉ်းစားရခက်တဲ့အရာတွေနဲ့ ဆိုင်တဲ့ ဘုရားအလိုတော်ကို သိချင်တဲ့ ယုံကြည်သူရဲ့ ဆန္ဒလည်း ပါတယ်။
ဝမ်းနည်းစရာအကောင်းဆုံး
ကျမ်းချက်တွေထဲက တချက်ကတော့ ယာကုပ် ၄း ၂ ပါ။ “- -မရကြ။ အကြောင်းမူကား ဆုမတောင်းပဲ
နေကြ၏” ဒီကျမ်းပိုဒ်က ဘာတွေ မရလဲလို ပြောတာမဟုတ်ဘူး။ မတောင်းကြလို့
မရတဲ့အကြောင်းပဲ ပြောတာပါ။ အဲဒီ မရတဲ့အထဲမှာ နားလည်ရခက်တဲ့ ကိစ္စအပေါ် ဘုရားရဲ့ လမ်းပြမှုလည်း
ပါတာပေါ့။ ရှင်းလင်းတဲ့ လမ်းပြမှုမရရင် မရတာ ဆုတောင်းလို့ပါ လို့ ကျမ်းစာက
ပြောတယ်။
နားလည်ရခက်တဲ့အရာအတွက်
ဆုတောင်းတဲ့အခါ တခါဆုတောင်းပြီး ရှင်းလင်းတဲ့ လမ်းပြမှု မရတာနဲ့ လက်မလျော့ပါနဲ့။
အဖြေရှင်းတဲ့အထိ ဆက်ဆုတောင်းပါ။ မဿဲရး၈ မှာ ဂတိတော်က “တောင်းသောသူ မည်သည်ကား ရ၏။”
ဒါက ဆက်တောင်းနေဖို့ ပြောတာပါ။ ဘုရားအဖြေပေးတဲ့အခါ အသံတော်နဲ့
အဖြေပေးမှာ မဟုတ်ဘူး။ သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် အဖြေပေးလိမ့်မယ်။ ဒါကြောင့်
နောက်မေးခွန်းတခု မေးစရာ ဖြစ်လာတယ်။
၄။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှု ရပြီလား?
ကျမ်းစာထဲမှာ စာလုံး ကွက်တိကွက်ကျ
မတွေ့တဲ့အခါ ဝိညာဉ်တော် လမ်းပြဖို့ မြော်လင့်ပါ။ ရောမ ၈း၁၄ မှာ “ဘုရားသခင်၏
ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။”
သန့်ရှင်းတော်ဝိညာဉ်တော်က အမှုတော်ဆောင်တွေ တရားဟောရမယ့်နေရာ လမ်းညွှန်ကို ဓမ္မသစ်ကျမ်းမှာ တွေ့ရတယ်။ “အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍
နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ စော်ဘွားဟေရုဒ်၏
သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။
ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကို ရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊
ငါခန့်ထားသော အမှုကို ဆောင်ရွက်စေခြင်းငှါ၊ ဗာနဗနှင့် ရှောလုတို့ကို
ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း” တမန် ၁၃း ၁ ၊ ၂။
နောက်ထပ် ဖြစ်ရပ်တခုမှာ
သန့်ရှင်းသောဝိညာဉ်တော်က အာရှတိုက်ကို မသွားဖို့ လမ်းပြတယ်။ နေရာတချို့မှာ
တရားမဟောဖို့လည်း တားတယ်။ “ဖြူဂိပြည်၊ ဂလာတိပြည်ကို လျှောက်သွားပြီးမှ အာရှိပြည်၌
နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော် သည်
မြစ်တားတော်မူသဖြင့်၊ မုသိပြည်သို့ ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ်၊
ဝိညာဉ်တော်သည် အခွင့်ပေးတော် မမူသောကြောင့်၊ မုသိပြည်နားမှာလျှောက်၍ တရောမြို့သို့
ရောက်ကြ၏။” တမန် ၁၆း၆ - ၈။ ကောင်းသောသူရဲ့ Steps ခြေရာ၊ ခြေလှမ်းတွေဟာ ဘုရားသခင်
စီရင်တာ ဖြစ်သလို၊ ခြေမလှမ်းခြင်း Stop ဟာလည်း ဘုရားသခင်
ပဲ့ပြင်တာ ဖြစ်တယ်လို့ လူတယောက်က ပြောဖူးတယ်။ အခုပြခဲ့တဲ့ ကျမ်းချက် ၂ ခုက
ဒီအချက်ကို ထောက်ပြနေတယ်။
သန့်ရှင်းသောဝိညာဉ်တော်က
ဆုတောင်းရာမှာ ဦးဆောင်လမ်းပြတယ်။ “ငါတို့ မတတ်နိုင်သော အရာမှာ ဝိညာဉ်တော်သည် မ, စ တော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည် ဟု
မသိကြ။ သို့ရာတွင် ငါတို့ ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော
ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။” ရောမ ၈း၂၆။
ဘာတောင်းရမလဲ? ဘယ်လိုတောင်းရမလဲ? လို့ မသိတဲ့ အချိန်တွေ ရှိတတ်တယ်။
ကယ်တင်ခြင်း မရသေးတဲ့ လူတွေ စုဝေးနေတဲ့ နေရာတနေရာမှာ တရားဟောဖူးတယ်။ ပြီးတော့
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူတွေ ရှေ့ထွက်လာပြီး ကိုယ်ယုံကြည်ကြောင်း
လူရှေ့မှာ ထုတ်ဖေါ် ကြေငြာဖို့ ပြောလိုက်တယ်။ လူ ၄၀ လက်ခံတယ်။
ဝတ်ပြုစည်းဝေးပြီးတဲ့အခါ လူတယောက် ရောက်လာပြီးတော့ ဘုရားသခင်ကို ဘယ်လိုပြောရမလဲ
မပြောတတ်ဘူး။ ကောင်းကင် သွားချင်တာပဲ သိတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်
အားကိုးတယ်ဆိုတာ ဘယ်လိုပြောရမှန်း မသိဘူး” တဲ့။ ဆုတောင်းချက် ရိုးရိုးကလေးနဲ့
ဦးဆောင် တောင်းပေးလိုက်လို့ ကျေးဇူးတင်စကား ပြောပြီးတဲ့အခါ၊ သူက “ကျွန်တော်
တောင်းချင်နေတာ အဲဒီ ဆုတောင်းချက်ပဲ။ ဒါပေမယ့် ဘယ်လိုပြောရမှန်းကို မသိဘူးဗျာ”
လို့ ပြောဖူးတယ်။
ကယ်တင်ခြင်းရတာ အတော်ကြာပြီဖြစ်တဲ့
ယုံကြည်သူအများစုဟာ အကြောင်းအရာတခုမှာ သန့်ရှင်းသော ဝိညာဉ်တော်က အတိအကျ
လမ်းညွှန်မှုပေးတဲ့ ဖြစ်ရပ်မျိုးကို တွေ့ကြုံဖူးတယ်။ အဲဒီလို အတွေ့အကြုံ တခုကို
ကျွန်တော် သတိရမိတယ်။
တည၊ ညနက်နက်မှာ တောင်ပိုင်း
ကယ်ရိုလိုင်းနား Carolina ပြည်နယ်ကို ဖြတ်လာရင်းနဲ့
လမ်းလူကြုံ တယောက်ကို မြင်ရတယ်။ သူ့ကို ကားအတူ စီခွင့်ပေးပြီး၊ ခရစ်တော်ထံ
ပို့ဆောင်ပေးဖို့ ထူးထူးခြားခြား ခံစားမိတယ်။ ဒါပေမယ့် ကားထဲမှာ ကျွန်တော်
တယောက်တည်းမို့၊ သူစိမ်း တယောက်ကို တင်ခေါ်ဖို့ ဆိုတာ အန္တရာယ် ရှိနိုင်တယ်လို့
စဉ်းစားမိပြီးတော့ သူ့ကို ကျော် မောင်းလိုက်တယ်။
ဒါပေမယ့်လည်း သူ့ကို အတွေးထဲက
ဖျောက်လို့မရဘူး။ နောက်ပြန်လှည့်ပြီး သူ့ကိုခေါ်ဖို့ ကျွန်တော်ကို သန့်ရှင်းသော
ဝိညာဉ်တော်က လမ်းညွှန်တယ်။ အသံတော်ကြားရတာ မဟုတ်ဘူး။ သူ့ကို အတူစီးခွင့် မပေးတာဟာ
အမှားတခုလို့ ရိုးရိုးလေး ခံစားမိတာပါ။ ကိုယ်တော်၊ နောက်ပြန်လှည့်ဖို့ ထွက်ပေါက်က
မိုင်အတော် မောင်းရအုံးမယ် ထင်တယ်” လို့ ဆုတောင်းလိုက် တယ်။ ဒါပေမယ့် အတွင်းစိတ်
ခံစားချက်က ပေါ့မသွားဘူး။
နောက်ဆုံးတော့
ထွက်ပေါက်တခုတွေ့ပြီး လှည့်ပြန်ထွက်လိုက်တယ်။ အံ့ဩမိတာက အဲဒီ လမ်းလူကြုံဟာ
အဲဒီနေရာမှာပဲ ရှိနေသေးတယ်။ ကားရပ်လိုက်ပြီးတော့ ကားကြုံလိုက်စီးမလား လို့
မေးလိုက်တယ်။ “ကောင်းတာပေါ့” လို့ ပြောပြီး ကားထဲဝင် ထိုင်တယ်။ ဘယ်လို
ဖြစ်ပျက်ခဲ့တယ်ဆိုတာ ရှင်းမပြခင် အတူခဏ စီးနေကြသေးတယ်။ သူ့ကို တင်ခေါ်ဖို့
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ထူးထူးဆန်းဆန်း ခံစားရတာ သူ့ကို
ကျော်သွားမိတာ ပြန်လှည့်လာတာတွေကို ပြောပြလိုက်တယ်။ ကယ်တင်ခြင်းအကြောင်း
ရိုးရိုးကလေး ရှင်းပြတယ်။ သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် သူ လက်ခံသွားတယ်။
အတူမိတ်ဖွဲ့ပြီး ရင်းရင်းနှီးနှီး စကားပြောကြတယ်။ ကျမ်းစာကို ဦးထိပ်ထား ယုံကြည်တဲ့
အသင်းတော်တခုကို ရှာပြီးပါဝင်မယ်။ ခရစ်ယာန်အသက်တာအဖြစ် အသက်ရှင်မယ်လို့
ဂတိပေးသွားတယ်။
သန့်ရှင်းသောဝိညာဉ်တော်ရဲ့
လမ်းပြမှုလို့ ပြောရာမှာ အသံတော်ကြားရတယ်။ ထူးထူးဆန်းဆန်း ရူပါရုံတွေလို့
ပြောလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဆန္ဒကို သန့်ရှင်းသော ဝိညာဉ်တော်က
ဦးဆောင်နေတာပါ။ ဖိလိပ္ပိ ၂း ၁၃ - မှာ “သင်တို့သည် အလိုရှိ စေခြင်းငှါ၎င်း၊
အကျင့်ကျင့် စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား
ဘုရားသခင်ပေတည်း။” ဘုရားသခင်က ကျွန်တော်တို့အထဲမှာ စိတ်ဆန္ဒ ဖြစ်ပေါ်စေတယ်။
ဆန္ဒအတိုင်း ဖြစ်လာဖို့ အစွမ်းကိုလည်း ပေးပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့
လမ်းပြမှုဟာ ကျမ်းစာနဲ့ ဘောင် မလွတ်ဘူး။ မဆန့်ကျင်ဘူးဆိုတာတော့ စိတ်ချပါ။
“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍၊ - - ဩဝါဒ ပေးခြင်း၊ အပြစ်ကိုဖေါ်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊
တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။” တဲ့။ ကျမ်းစာရှိသမျှဟာ သန့်ရှင်းသော
ဝိညာဉ်တော်အားဖြင့် မှုတ်သွင်းထားတာ ဖြစ်တဲ့အတွက် သန့်ရှင်းသော ဝိညာဉ်တော်ဟာ
တဦးတယောက်ကို ကျမ်းစာနဲ့ လွဲပြီးလမ်းပြဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
ဖြစ်ရပ်တခုမှာ ဇဝေဇဝါ စဉ်းစားစရာ
ဖြစ်နေရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို တောင်းခံခွင့် ရှိတယ်။
ကြင်နာတဲ့ လမ်းပြမှုကို မြော်လင့်နိုင်တယ်။
၅။ ဘုရားသခင် နှစ်သက်ပါရဲ့လား?
သမ္မာကျမ်းစာက ၁ယော ၃း ၂၂ မှာ “
ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို
ကျင့်သော ကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှ ရကြ၏။”
ပညတ်တော်စောင့်ဖို့ဆိုတာ ဖြစ်နိုင်ပေမယ့် စဉ်းစားရခက်နေတဲ့ ကိစ္စမှာ ဘယ်
ပညတ်လဲလို့ ရှင်းရှင်းလင်းလင်း မရှိရင် ဘယ်လိုလုပ်မလဲ? တချို့ကိစ္စတွေမှာ ရှင်းလင်းတဲ့ ပညတ်ရှိတယ်။ “လူ့အသက် မသတ်ရ။ သူ့မယား
မပြစ်မှားရ။” “သူ့ဥစ္စာမခိုးရ။” “မမှန်သက်သေ မခံရ” စသဖြင့် …..ပေါ့။ ဒါပေမယ့် “Rock သီချင်း နားမထောင်ရ၊ မကခုန်ရ စတာတွေ မရှိတဲ့အတွက် ဘယ်လိုလုပ်ရမလဲ?
လိုက်နာစရာ ပညတ်မရှိချိန်မှာ
“ဘုရားသခင် နှစ်သက်ရဲ့လား?” ဆိုတဲ့ မေးခွန်း မေးဖို့လိုတယ်။
“ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို
ကျင့်သောကြောင့်” တဲ့။ “ဒါ ကျွန်တော် ဘုရားသခင် နှစ်သက်ဖို့ လုပ်တာပါ” လို့
ရိုးသားစွာ ပြောရဲ့လား။ “ကျွန်တော့ ဝတ်စား ဆင်ယင်ပုံကို ဘုရားသခင် နှစ်သက်ရဲ့လား?”
ရိုးသားစွာနဲ့ နှစ်သက်တယ်လို့ မပြောနိုင်ရင် အဲဒါ မလုပ်သင့်တဲ့
အရာပါဘဲ။
ကျမ်းစာက ၂ကော ၅း၉ မှာ
“ထို့ကြောင့် ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာ အရပ်၌ နေသည်ဖြစ်စေ
သခင်ဘုရား နှစ်သက်တော်မူသောသူ ဖြစ်စေခြင်းငှါ”တဲ့” သခင်ဘုရား နှစ်သက်မှာပါ လို့
မထင်ပဲနဲ့တော့ ဘာမှ မလုပ်ပါနဲ့။
၆။ သခင်ယေရှုနာမ၌ ပြုနိုင်တာ ဖြစ်ရဲ့လား?
ကောလောသဲ ၃း၁၇ မှာ
“စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍
ခပ်သိမ်းသော အမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါသည်ဟု ထိုသခင်ကို အမှီပြု၍
ခမည်းတော် ဘုရားသခင်ေ့ရှ၌ ဝန်ခံကြလော့။” “စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း”
ဆိုတဲ့ စကားကို သတိထားကြည့်ပါ။ ယုံကြည်သူ ပြောလာမယ့် စကားမှန်သမျှ
ယုံကြည်သူလုပ်မယ့် အလုပ် မှန်သမျှကို ဆိုလိုတယ်။ ဒါတွေကို သခင်ယေရှု နာမ၌
လုပ်ဆောင်ဖို့ ဖြစ်တယ်။
ကခုန်တဲ့အကြောင်း
စဉ်းစားကြည့်ရအောင်။ က,တာဟာ အပြစ်မဟုတ်ဘူး လို့ ထင်တဲ့
ခရစ်ယာန်တွေလည်း ရှိမှာပါ။ ဒါပေမယ့် သခင်ယေရှုနာမ၌ က,တာပါလို့
ရိုးသားစွာ ပြောရဲသလား? သခင်ယေရှု နာမ၌ ဆေးလိပ်သောက်လို့
ရမလား? သခင်ယေရှု နာမ၌ ကျိန်ဆဲလို့ ရမလား? သခင်ယေရှု နာမ၌ဆိုပြီး ကာမဂုဏ်နှိုးဆွတဲ့ သီချင်းတွေ နားထောင်လို့
ရပါ့မလား?
ယုံကြည်သူမှာ ကိစ္စတခုနဲ့
ကြုံတွေ့ရရင် အမှား- အမှန် ဆုံးဖြတ်ဖို့ ခက်နေရင် “ဒါကို သခင်ယေရှုနာမ၌ လုပ်
ဆောင်နိုင်ပါ့မလား?” လို့ ရိုးရိုးကလေး မေးကြည့်သင့်တယ်။
မဟုတ်ဘူး ဆိုရင်တော့ အဲဒါ မှားတာပေါ့။
၇။ ဒီအတွက် ကျေးဇူးတော် ချီးမွမ်းနိုင်မလား?
တခါ- ကောလောသဲ ၃း၁၇ က
“စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍၊
ခပ်သိမ်းသော အမှုတို့ကို ပြုမူလျက် ကျေးဇူးတော်ကြီးလှပါသည်ဟု ထိုသခင်ကို အမှီပြု၍
ခမည်းတော် ဘုရားသခင်ေ့ရှ၌ ဝန်ခံကြလော့။” စဉ်းစားရခက်နေတဲ့ ကိစ္စအတွက် ဘုရား ကျေးဇူးတော်ကို
ရိုးသားစွာ ချီးမွမ်းနိုင်မလား?
ရှေးက Peter
Cartwright ဆိုတဲ့ တဲထိုးပြီးဟောတဲ့ တရားဟောဆရာကြီးဟာ Cumber
Land တောင်တန်းတွေ ကို ဖြတ်သွားရင်းနဲ့ ညနက်တော့ အိမ်တအိမ် ရှေ့မှာ
ရပ်လိုက်တယ်။ အဲဒီအိမ်မှာက ကပွဲတခု ရှိနေတယ်။ အဲဒီက လူအများစုဟာ တရားဟောတာ တခါမှ
ကြားဖူးသူတွေ မဟုတ်ဘူး။
Cartwright ဟာ အခန်းထောင့်တထောင့်မှာ
ထိုင်ရင်း ကတာကို ကြည့်နေတယ်။ မနက်ဖြန် တနင်္ဂနွေနေ့အထိနေပြီး လူတွေကို
တရားဟောမယ်လို့ စိတ်ပိုင်းဖြတ် ထားလိုက်တယ်။ သူက “ကျွန်တော် အနားကို
မိန်းမလှလေးတယောက် ဖော်ဖော်ရွေရွေနဲ့ လျှောက်လာချိန်မှာ အနေရခက်သွားတယ်။ ယဉ်ကျေး ဖော်ရွေတဲ့
အမူအရာ၊ နှစ်လိုဖွယ်အပြုံးနဲ့အတူ သူနဲ့ကဖို့ ဖိတ်ခေါ်လာတယ်”
ဒီအချိန်မှာ ကျွန်တော့ အတွေးတွေနဲ့
ခံစားချက်တွေဟာ ပြောပြရခက်လာတယ်။ ဒါပေမယ့် မကောင်းတဲ့ ဒီအတွေ့အကြုံကို ဖြေရှင်း
လိုက်တယ်။ အတတ်နိုင်ဆုံး ဖော်ရွေတဲ့သဘောနဲ့ ထရပ်လိုက်တယ်။ စိတ်လှုပ်ရှားရုံနဲ့
စကားမပြောချင်ဘူး။ စိတ်အား ထက်ထက်သန်သန်နဲ့ပဲ ပြောချင်တယ်။ မိန်းမလှကလေးဟာ
ကျွန်တော့ ညာဖက်ဘေးကို ရွေ့လာတယ်။ သူ့ဘယ်လက်ကို ကျွန်တော့အပေါ်မှာ မှီထားတယ်။
ဒီပုံ ဒီအနေအထားနဲ့ပဲ ကြမ်းပြင်ပေါ်ကို လျှောက်လာလိုက်တယ်။ လူအားလုံးက
မိန်းမပျိုရဲ့ ဧည့်သည် အပေါ်ထားတဲ့ အပြုအမူကို သဘောကျပုံ ရတယ်။
တယောသမားက သူ့တယောကို
အကောင်းဆုံးပုံစံနဲ့ စထိုးပြန်တယ်။ တယောသမားကို ခဏရပ်ဖို့ ပြောပြီးတော့
ကျွန်တော်ဟာ အရေးကြီးတဲ့အရာတွေကို ပြုမူတိုင်း ကောင်းကြီးအရင်မတောင်းခံပဲ
ပြုလေ့မရှိဘူး။ ဒါကြောင့် အစိမ်းသက်သက် လူစိမ်း တယောက်အပေါ် ဖော်ရွေယဉ်ကျေးတဲ့
အပြုအမူ ပြကြတဲ့အတွက် ဒီမိန်းမလှကလေးနဲ့ ရှိသမျှလူအားလုံးအပေါ် ဘုရားသခင်ရဲ့
ကောင်းကြီးမင်္ဂလာ တောင်းခံကြဖို့ ပြောလိုက်တယ်။
အဲဒီမှာ မိန်းမပျိုရဲ့ လက်ကို
တင်းတင်းကြပ်ကြပ်ဆုပ်ထားရင် “ကဲ.. အားလုံး ဒူးထောက် ဆုတောင်းကြစို့” လို့
ပြောလိုက်တယ်။ ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး၊ စိတ်ဝိညာဉ်နဲ့ ကိုယ်ခန္ဓာ
တတ်စွမ်းသမျှနဲ့ စဆုတောင်းလိုက်တယ်။ မိန်းမပျိုက ကျွန်တော့ထံက ထွက်သွားဖို့
ကြိုးစားတယ်။ ဒါပေမယ့် သူ့လက်ကို ဆက်ဆုပ်ကိုင်ထားလိုက်တယ်။ သူလည်း
ဒူးထောက်ချလိုက်ရတယ်။တချို့လူတွေ ဒူးထောက်လာတယ်။ တချို့က ရပ်လို့။ တချို့က
ထွက်ပြေးတယ်။ တချို့ကတော့ ထိုင်နေတုန်းပဲ။ အားလုံးအတွက် သိပ် ထူးဆန်းနေပုံရတယ်။
တယောသမားကတော့ မီးဖိုချောင်ဖက်သွားပြီး “ကိုယ်တော် သနားပါ။ ဘာဖြစ်တာပါလိမ့်? ဘာဆိုလိုပါလိမ့်?” လို့ ပြောနေတော့တယ်။
ကျွန်တော် ဆုတောင်းတော့ တချို့
ငိုတယ်။ တချိုု့လည်း ဂရုဏာတော် ခံစားရဖို့ တောင်းပန်နေတယ်။
ဒူးထောက်ရာက ထလိုက်ပြီး
နှိုးဆော်စကား ပြောလိုက်တယ်။ အဲဒါပြီးမှ ကျွန်တော် ဓမ္မသီချင်းတပုဒ် ဆိုတယ်။
ကျွန်တော့ကို ဖိတ်ခေါ် တဲ့ မိန်းမပျိုကတော့ ကြမ်းပြင်ပေါ်မှာ
ပြပ်ဝပ်ပြီးတော့ သနားခြင်းခံစားရဖို့ တောင်းပန်နေတယ်။ ကျွန်တော်ထပ်ပြီး
နှိုးဆော်ပြန်တယ်။ သီချင်းဆိုလိုက် ဆုတောင်းလိုက်နဲ့ တညလုံးနီးပါးပဲ။ သူတို့အထဲက
၁၅ ယောက်လောက် ဘာသာတရားကို လက်ခံလာတယ်။ နောက်နေ့နှင့် နောက်ညမှာလည်း စည်းဝေးထပ်
လုပ်တယ်။ ထပ်ပြီးတော့ အတော်များများ ပြောင်းလဲတယ်။ အားလုံးကို စုစည်းပြီး
၃၂ယောက်နဲ့ အသင်းတော်အဖြစ် ပါဝင်စေတယ်။ တရားဟောဆရာတယောက် လွှတ်ပေးလိုက်တယ်။
ကျွန်တော်တည်းတဲ့ အိမ်ရှင်ကို ခေါင်းဆောင်ခန့်ကြတယ်။ သူက ဦးဆောင်သူ တယောက်လို
နေလာတာ နှစ်အတော်ကြာပြီ။ ဒါဟာ အဲဒီဒေသအတွက် ကြီးမားတဲ့ နိုးထမှု၊ ဘာသာတရား
စိတ်ဝင်စားလာမှု အစပါဘဲ။ လူငယ်ပေါင်း များစွာဟာ ဒီမက်သဒစ် တရားဟောဆရာရဲ့ အကကြောင့်
ပြောင်းလဲပြီး သခင်ယေရှုခရစ်ရဲ့ အမှုတော်ဆောင်တွေအဖြစ် အသုံးဝင်လာတယ်။” လို့
ဆိုတယ်။ ဒီဖြစ်ရပ်ဟာ ရှေးဟန် တရားဟောဆရာတယောက်က စဉ်းစားရခက်နေတဲ့ ပြဿနာအတွက်
ဆုတောင်း လိုက်တဲ့အခါ အကျိုးအဖြစ် နိုးထမှု စည်းဝေးတခု ဖြစ်သွားပြီး၊
အသင်းတော်တပါး တည်ထောင်နိုင်ခဲ့တာပါဘဲ။
ရုပ်ရှင်သွားကြတဲ့ အကြောင်းကို
ဆင်ခြင်ကြည့်ပါ။ ကျမ်းစာထဲမှာ “ရုပ်ရှင်သွားမကြည့်ရ” လို့ မပြောဘူး။ ဒါပေမယ့်
ရုပ်ရှင်ကြည့်ပြီး ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းနိုင်ပါ့မလား? မချီးမွမ်းနိုင်ရင် သွားမကြည့်သင့်ဘူး? “စကားပြောသော်၎င်း၊
အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုတို့ကို
ပြုမူလျက်၊ ကျေးဇူးတော် ကြီးလှပါသည်ဟု ထိုသခင်ကို အမှီပြု၍၊ ခမည်းတော် ဘုရားသခင် ရှေ့၌
ဝန်ခံကြလော့။” စဉ်းစားရခက်နေတဲ့ ကိစ္စအတွက် ဘုရားသခင်ကို ရိုးသားစွာ ကျေးဇူးတော်
ချီးမွမ်းလို့ မရနိုင်ရင် မလုပ်ဘဲ နေလိုက်တာ အကောင်းဆုံးပဲ။
၈။ ဘုရားဘုန်းတော် ထင်ရှားစေမယ့် အရာလား?
ကျမ်းစာထဲမှာ အကြံပေးထားတာက ၁ကော
၁၀း၃၁ မှာ “သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊
ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသော အမှုကိစ္စကို ပြုကြလော့။”
ဘာဘဲလုပ်လုပ် ဘုရားသခင်ရဲ့
ဘုန်းတော်ထင်ရှားဖို့ပဲ လုပ်ရမယ်။ ခရစ်ယာန်တယောက်ရဲ့ လုပ်ချင်တဲ့အရာ၊
လုပ်ဖို့သွေးဆောင်ခံရတဲ့ အရာတွေမှာ ဒီသဘောရှိနေရမယ်။ “ဒါဟာ ဘုရားဘုန်းတော် ထင်ရှားဖို့
ဖြစ်ပါ့မလား?” လို့ မေးကြည့်ပါ။ တနည်းပြောရရင် “စားသည်ဖြစ်စေ၊
သောက်သည်ဖြစ်စေ” တခြားဘာပဲလုပ်လုပ် အရာရာကို ဘုရားဘုန်းတော်ထင်ရှားဖို့သာ လုပ်ပါ။
စဉ်းစားရခက်နေတဲ့ကိစ္စဟာ
ဘုရားဘုန်းတော် ထင်ရှားစေမှာလား? ဘုရားသခင်ကို ဘုန်းကြီးစေမယ်လား? ဘုရားနာမတော်ကို ကောင်းမြတ်စေမှာလား? မဟုတ်ရင်တော့
မှားပါပြီ။ စားသည် ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ တခြားတခုခု ဘာပဲလုပ်လုပ်
ဘုရားဘုန်းတော် ထင်ရှားဖို့၊ အသရေရှိဖို့၊ နာမတော် ကောင်းမြတ်စေဖို့ လုပ်ရမယ်။ ဆာလံ ၂၃း၃ မှာ “နာမတော် အဖို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်
တော်မူ၏။” ကျွန်တော်တို့ဟာ ခရစ်ယာန်တွေပါ။ နာမတော်ကို တင်ဆောင်ထားသူတွေပါ။ ကျွန်တော်တို့ရဲ့ အသက်ရှင်တဲ့ ပုံစံ၊ စကားအသုံး
အနှုန်း၊ စိတ်သဘောနဲ့ ဝတ်စားဆင်ယင်ပုံတွေဟာ နာမတော်ကို ထင်ဟပ်စေတယ်။ နာမတော်
အဖို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော် မူတယ်။
စဉ်းစားရခက်နေတဲ့ကိစ္စဟာ
ဘုရားဘုန်းတော် ထင်ရှားစေမှာပါလို့ ရိုးသားစွာ စိတ်မထင်နိုင်ပဲ နဲ့တော့
မလုပ်လိုက်ပါနဲ့။
၉။ တခြား ခရစ်ယာန်တွေကို မှားယွင်းရာ ရောက်စေမှာလား?
ရှင်ပေါလုက ၁ကော ၈း ၁၃ မှာ
“သို့ဖြစ်၍၊ ငါ၏ အစားအသောက်သည် ငါ့ညီအကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအကို၌
မှားယွင်းစရာ အကြောင်းမရှိစေခြင်းငှါ၊ အမဲသားကို အစဉ်မပြတ်ရှောင်မည်။” ၁ကော
အခန်းကြီး ၈ မှာ အသားစားခြင်းအကြောင်းနဲ့ ခရစ်ယာန် လွတ်ခြင်းအခွင့်ရဲ့
အတိုင်းအတာကို ပြောထားတယ်။
“မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍၎င်း၊
ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ
သုံးဖို့ရာ၊ ဘုရားသခင်ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည် ဟူ၍၎င်း၊
ပညတ်ထားကြလိမ့်မည်။ ဘုရားသခင် ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။
ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။
အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊
ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ်လျက် ရှိကြ၏။” ၁တိ ၄း ၃- ၅။
အသားစားတာဟာ ဘာမှ
အပြစ်မဖြစ်ဘူးလို့ ရှင်ပေါလု သိတယ်။ ဒါပေမယ့် တခြားသူကို မှားယွင်းစရာ
ဖြစ်မှာစိုးလို့ သူ့ရဲ့ ခရစ်ယာန် လွှတ်ခြင်းအခွင့်ကို မသုံးဘူး။ အားနည်းတဲ့
ညီအကိုလို့ ၁ကော ၈း၁၁ မှာ ခေါ်ထားသလို၊ ရောမ ၁၄း၂ မှာလည်း
“အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။- အားနည်းသောသူမူကား
ဟင်းသီးဟင်းရွက်ကို သာစား၏။”
ဒီကျမ်းပိုဒ်တွေအရ အားနည်းတဲ့
တချို့ခရစ်ယာန်တွေက အသားစားတာ မကောင်းဘူးလို့ ထင်နေတယ်ဆိုတာ ရှင်းပါတယ်။
“ဘုရားသခင် ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ကျေးဇူးတော်ကို
သိသောစိတ်နှင့်ခံယူလျှင် အဘယ်အရာကိုမျှ မပယ်မရှောင်ရ။” လို့ ရှင်ပေါလု
သွန်သင်ပေမယ့်လည်း သူက “ငါ၏ အစားအသောက်သည် ငါ့ညီအကိုကို မှားယွင်းစေလျှင်၊
ငါ့ညီအကို၌ မှားယွင်းစရာ အကြောင်းမရှိ စေခြင်းငှါ အမဲသားကို အစဉ်မပြတ်ရှောင်မည်။”
လို့ ဆိုတယ်။ မှားယွင်းသည် offend လို့ ဘာသာပြန်ထားတဲ့ Greek စကားက to trip up “ခလုတ်တိုက် လဲစေသည်။” ဖြစ်တယ်။
ဒါကြောင့် အသားစားခြင်းက တခြားတယောက်ကို မှားယွင်းစရာ ဖြစ်စေရင် ခရစ်ယာန်အသက်တာမှာ
သူ့ကို ခလုတ်တိုက် လဲစေတာပါပဲ။ မလုပ်ပါနဲ့။
တခြားခရစ်ယာန်တွေကို မှားယွင်းစရာ
ဖြစ်စေမှာလားလို့ မေးတဲ့အခါ စဉ်းစားရခက်တဲ့ ကိစ္စတခုကြောင့် ကမ္ဘာ့ တနေရာရာမှာ
ရှိတဲ့ ခရစ်ယာန်တယောက်ယောက်ကို မှားယွင်းသွားစေနိုင်ရင် မလုပ်သင့်ဘူးလို့
ပြောလိုတာ မဟုတ်ဘူး။ ကိုယ်က ဘာတခုကိုပဲ လုပ်လုပ်၊ တခြား တယောက်ယောက်ကို
မှားယွင်းစရာ ဖြစ်စေတတ်တယ်။ ဒါပေမယ့် ကောင်းမြတ်ပြီး လေးစားအပ်တဲ့
ခရစ်ယာန်များစွာကို မှားယွင်းစရာ အကြောင်း ဖြစ်စေရင်တော့ မှန်တယ်လို့ ထင်ပေမယ့်
ကျွန်တော် မလုပ်ဘူး။
မှားတယ်လို့ ကျွန်တော်မထင်ပေမယ့်
ကျွန်တော် ဘယ်တော့မှ မလုပ်မယ့်အရာတွေ ရှိတယ်။ ဒါပေမယ့် မှားယွင်းသွားနိုင်တဲ့
ခရစ်ယာန်တွေ ရှိတာကို ကျွန်တော် သိတဲ့အတွက် ကိုယ့်ရဲ့ဘာသာတရား လွတ်လပ်မှုကို
တခြားယုံကြည်သူ ထိမိလဲစရာ ဖြစ်မှာစိုးလို့ ကျွန်တော်
မသုံးဘူး။
ဟိုးအရင်ခေတ်က တရားဟောဆရာကြီး
တယောက်ကို အမျိုးသမီးတယောက် ရောက်လာပြီး ဆရာ့ရဲ့ necktie လည်စီး
ကြိုးပြား သေးသေးလေးကြောင့် သူ့မှာ ထိမိလဲစရာ ဖြစ်နေတယ်လို့ ပြောတယ်။ ဆရာကြီးက
ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ကပ်ကြေး တချောင်း သူ့ကို လှမ်းပေးလိုက်တယ်။ ညှပ်ပစ်လိုက်ဖို့
ပြောတော့ သူညှပ်ပစ်တယ်။ ကပ်ကြေးကို ပြန်ပေးတော့ ဆရာကြီးက “ငါလည်း မင်းရဲ့
လျှာကြောင့် မှားယွင်းစရာ ဖြစ်နေတယ်ကွာ” လို့ ပြန်ပြောလိုက်တယ်။
တခြား ခရစ်ယာန် ညီအကိုတယောက်ကို
မှားယွင်းစေတာဟာ အရေးကြီးတဲ့ စိုးရိမ်စရာ ကိစ္စပါ။ သခင်ယေရှုက “ဤသူငယ်
တစုံတယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံ ကျောက်ကို ဆွဲ၍ ပင်လယ်၌
ချခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။” လုကာ ၁၇း၂။ ရာထူး အရိုက်အရာနဲ့ အတူ တာဝန်တွေ
ပါလာတယ်။ ကျွန်တော့ရာထူးကြောင့် ကျွန်တော် မလုပ်နိုင်တာတွေ ရှိတယ်။ တခြားသူတွေ လုပ်ရင်
ဘယ်သူမှ ဘယ်လိုမှ မထင်တဲ့ အရာတွေ ရှိတယ်။ တော်စပ်မှုကလည်း တာဝန်တွေ ပါလာတယ်။
တော်စပ်မှုကြောင့် ကျွန်တော့သားသမီးဟာ တခြားကလေးတွေမှာ မရှိတဲ့ တာဝန်တွေ သူတို့မှာ
ပိုရှိနေတယ်။ တခြားကလေးတွေ အပေါ်မရှိတဲ့ တာဝန်တွေလည်း သူတို့အချင်းချင်းမှာ
ရှိနေပြန်တယ်။ ဘုရားသားသမီး တယောက်ဟာ အသစ်တဖန်မွေးဖွားပြီးတဲ့
ယုံကြည်သူတိုင်းအပေါ်မှာ တာဝန်တွေ ရှိတယ်။ ခရစ်ယာန် အသက်တာမှာ အကူအမဖြစ်ဖို့
တတ်နိုင်သမျှ လုပ်ပေးရမယ်။ မှားယွင်းစရာ ဖြစ်မသွားစေဖို့ သတိထားရမယ်။
စဉ်းစားရခက်တဲ့ကိစ္စဟာ တခြား ခရစ်ယာန်တွေကို မှားယွင်းစရာ ဖြစ်စေမယ် ဆိုရင်တော့
အဲဒါ မလုပ်သင့်ဘူး။
၁၀။ မှန်တယ်လို့ အပြည့်အဝ သဘောကျရဲ့လား?
ကျမ်းစာက ရောမ ၁၄း၅ မှာ
“နေ့ရက်တရက်ထက် တရက် သာ၍မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့ မထင်။ လူတိုင်းမိမိ
စိတ်သဘောကျပါစေ။” persuaded သဘောကျတယ် ဆိုတဲ့ စကားဟာ
ဒီကျမ်းပိုဒ်မှာ convinced ခံစားသိမြင်စေသည် လို့ ဆိုလိုတယ်။
မှန်တယ်လို့ အပြည့်အဝ မခံစားမိရင် အဲဒီအရာကို မလုပ်ပါနဲ့။
Dr. Bob Jones, Sr; က Sunday school သွားဖို့ အသင့်ဖြစ်နေတဲ့ လူတယောက်အကြောင်း ပြောပြဖူးတယ်။ သူက ဝတ်ပြီးသား
ရှပ်အက်ျီကို ကောက်ယူလိုက်ပြီးတော့ တခြားအခန်းက သူ့မိန်းမ ကြားလောက်အောင် အသံကို မြှင့်ပြီးတော့ “ရှင်မရေ၊ ဒီ ရှပ်အက်ျီကပေနေပြီ လား?” လို့ မေးလိုက်တယ်။ အမျိုးသမီးက ခပ်အေးအေးလေးနဲ့ “ရှင်- စိတ်မသန့်ရင်တော့
ပေလို့ဖြစ်မှာပေါ့” လို့ ပြန်ဖြေတယ်။ ရောမ ၁၄း၂၃ က “ယုံသောစိတ်မရှိပဲ ကျင့်သမျှသော
အကျင့်တို့သည် အပြစ်ရှိကြ၏။” လို့ သတိပေးထားတယ်။
အသင်းတော်တခုတည်းမှာပဲ နှစ်ပေါင်း
၂၁ နှစ်လောက် သင်းအုပ်လုပ်ရတော့ လူပေါင်း ထောင်ချီပြီး အကြံဉာဏ် ပေးခဲ့ဖူးတယ်။
အဲဒီတုန်းက မေးကြတယ်။ “ဆရာ ကျွန်တော် အဲဒီ ကိစ္စလုပ်ရင် မှားမလား? ကျမ်းစာက ဒီကိစ္စကို အမှားအမှန် မပြောဖူး။ ကျွန်တော်တော့ တကယ်
မသိတော့ဘူးဆရာ” လို့ မေးကြတယ်။ အတော်များများကို ပြန်မေးမိတယ်။ “အဲဒီကိစ္စအတွက်
ခင်ဗျား သံသယ ရှိနေသလား?” “ဟုတ်ကဲ့” လို့ ဖြေကြတယ်။
ကျွန်တော် ရောမ ၁၄း ၅ ကို ပြပြီး၊ သံသယရဲ့ အကျိုးကို ဘုရားသခင်ထံ ပေးတာ
အကောင်းဆုံးပဲလို့ ရှင်းပြတယ်။ ကျွန်တော်အမြဲ အကြံပေးလေ့ရှိတာကတော့ မှန်တယ်လို့ အပြည့်အဝ မထင်ရင်၊ မခံစားမိရင် ဘာမှ မလုပ်ဖို့ပါပဲ။
ဒါနဲ့ တဆက်တည်း ကောလောသဲ ၃း၁၅
ကလည်း အထောက်အကူ ပေးတယ်။ “သင်တို့ စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း
အုပ်စိုးစေ။” အုပ်စိုး rule လို့ ဘာသာပြန်ထားတဲ့ စကားက to
govern အုပ်ချုပ်ဖို့ to prevail ထိန်းချုပ်ဖို့ လို့ ဆိုတယ်။
တနည်းပြောရရင် ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက အုပ်ချုပ်ပါစေ။ ငြိမ်သက်ခြင်းက
ဆုံးဖြတ်ပါစေ လို့ ပြောတာပါဘဲ။ စဉ်းစားရခက်တဲ့ ကိစ္စမှာ ငြိမ်သက်ခြင်း မခံစားရရင်
အဲဒီကိစ္စကို မလုပ်ပါနဲ့။
ကျွန်တော်ရဲ့အမှားဆုံး
ဆုံးဖြတ်ချက်တွေကတော့ ငြိမ်သက်ခြင်းမရတဲ့ အခါတွေမှာ ဖြစ်လေ့ရှိတယ်။ ကားတစီးဝယ်တာ
ကောင်းကောင်း မှတ်မိသေးတယ်။ ကားက လှတယ်။ သိပ်လိုချင်တယ်။ ဒါပေမယ့် ဝယ်ဖို့
လက်မှတ်ထိုးမယ်ကြံတော့ ငြိမ်သက်ခြင်း မရှိ ဘူး။ အဲလို စိတ်မသက်သာ ဖြစ်နေတာကို
အသာထားလိုက်ပြီးတော့ ကားကို ဝယ်ဖြစ်အောင် ဝယ်လိုက်တယ်။ အား- အဲဒါ တကယ့်အမှားပဲ။ ၃
လပဲ ရှိသေးတယ်။ ထပ်ကုန်တာက ဈေးရင်းထက်ကို မကတော့ဘူး။ ဇနီးသည်ကို “ငါ အဲဒီကားကို
ကြည့်တောင် မကြည့်ချင်တော့ဘူး” လို့ ခဏခဏ ပြောမိတယ်။ တကယ်လို့ ကောလောသဲ ၃း ၁၅ ရဲ့
သဘောတရားကို လိုက်နာမိရင် စိတ်ညစ်စရာတွေ ဝင်လာခဲ့မှာ မဟုတ်ဘူး။
ယုံကြည်သူမှာ
စဉ်းစားရခက်တဲ့ကိစ္စတခုကို ရင်ဆိုင်နေရရင် အပြည့်အဝ ငြိမ်သက်ခြင်း မခံစားရသေးဘဲနဲ့
ရှေ့မဆက်သင့်ဘူး။ ဘာမှ အမှားအယွင်း မရှိရင် ဘုရားသခင်က ငြိမ်သက်ခြင်း ပေးမှာပါ။
ကောလောသဲ ၃း ၁၅ ရဲ့ သဘောကို ချိုးဖေါက်တဲ့အခါတိုင်းမှာ စိတ်ညစ်ရမှာ သေချာတယ်။
စဉ်းစားရခက်တဲ့ ကိစ္စကို ဆုံးဖြတ်မယ်ဆိုရင် ငြိမ်သက်ခြင်း အပြည့်အဝ ခံစားနေရဖို့၊
မှန်တယ်လို့ ထင်ပြီး အပြည့်အဝ သဘောကျ နေရမယ်။
၁၁။ ကိုယ်သိတဲ့ အကောင်းဆုံး ခရစ်ယာန်တွေကလည်း မှန်တယ်လို့
သဘောတူကြရဲ့လား?
သုတ္တံ ၂၄း၆ ရဲ့ စကားတွေဟာ
တကယ်မင်္ဂလာရှိတဲ့ အကြံပေးစကားတွေပါ။ “အကြံပေးနိုင်သောသူ များစွာရှိလျှင်
ဘေးလွတ်တတ်၏။” ကျွန်တော့ဘဝမှာလည်း စဉ်းစားရခက်တဲ့ကိစ္စတွေ အများကြီး ကြုံဖူးတယ်။
အထက်က ပြောသွားတဲ့ လမ်းညွှန်ချက်တွေကို အကုန်သုံးပြီးနောက် စိတ်က မကြေနပ်သေးဘူး။ နောက်ဆုံး
အထောက်အကူတခုကတော့ ဘုရားဝတ်မွေ့လျော်တဲ့ ခရစ်ယာန်တွေထံမှာ အကြံဉာဏ်
တောင်းခံဖို့ပဲ။ “ကျွန်တော် ဒီလို- ဒီလို လုပ်မယ်ဆိုရင် ဘယ်လိုထင်သလဲ?”လို့ မေးကြည့်တယ်။ မြင်တဲ့အတိုင်းပဲ ပြောပါလို့ မေးတယ်။
အကြံပေးတဲ့သူတွေထံက အများကြီး ကျွန်တော် သင်ယူရဖူးတယ်။
အရေးကြီးတဲ့ကိစ္စတွေမှာ
ဘုရားဝတ်မှာ မွေ့လျော်တဲ့ ခရစ်ယာန်ကောင်းများစွာရဲ့ အကြံဉာဏ်၊ အထင်အမြင်တွေ
မတောင်းခံပဲ နဲ့ ဆုံးဖြတ်လေ့မရှိတာ ကျွန်တော့အကျင့် ဖြစ်နေပြီ။ “အကြံပေးနိုင်သောသူ
များစွာ ရှိလျှင် ဘေးလွတ်တတ်၏။” ဆိုတဲ့ အချက်ဟာ ကိုယ်တွေ့ ဖြစ်နေပြီ။ ပညာရှိတဲ့
ခရစ်ယာန်တွေဆီက အကြံဉာဏ်တောင်းခံလို့ ဘုရားက ကျွန်တော်ကို ကွယ်ကာတယ်လို့
ခံစားမိတယ်။
စဉ်းစားရခက်တဲ့ကိစ္စတခုကို
ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ခရစ်ယာန်များစွာထံ ကိုယ်တိုင် ချဉ်းကပ်ကြည့်ပါ။ သူတို့
အထင်အမြင်ကို ရယူပါ။ သူတို့ပေးတဲ့အကြံဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့
ကူညီရာမှာ အလွန်တန်ဖိုးရှိပါတယ်။ ။

No comments:
Post a Comment