![]() |
| Dr. Curtis Hutson |
ဒုတိယ
ကြွလာခြင်း
ကြွလာမယ့် ကတိတော်
ကြွလာမယ့်သူ
ကြွလာမယ့် အစီအစဉ်
ကြွလာခြင်းအတွက် ပြင်ဆင်ခြင်းများ
“ညီအစ်ကိုတို့၊ မြှော်လင့်ခြင်းမရှိသော
အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော
သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှတဖန်
ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊
ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်။ သခင်ဘုရား၏ဗျာဒိတ်တော်အားဖြင့်
တဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော
ငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။ သခင်ဘုရားသည်
ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏
တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊
ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍
ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊
ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကို ခံရသောအားဖြင့်
သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရ ကြလိမ့်မည်။ သို့ဖြစ်၍၊ ဤစကားများအားဖြင့်
အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။” ၁သက် ၄း၁၃-၁၈။
ဟိုတုန်းက တရားဟောဆရာတစ်ယောက်
ရေဒီယိုမှာ ပရောဖက်ပြုခြင်းနဲ့ ဆိုင်တဲ့ တရားဟောချက်တွေ အခန်းဆက် ဟောတယ်။
အဲဒီအတောအတွင်းမှာ ပရောဖက်ပြုခြင်းအကြောင်းပဲ ဆက်တိုက်ဟောတယ်။
တနေ့မှာ အမျိုးသမီးတစ်ယောက်က
လမ်းသွားရင်း သူ့ကိုမှတ်မိပြီး “ဆရာ- ဆရာဟောတဲ့ ‘pathetic’ (သနားစရာ)
ဒေသနာတွေ ကျွန်မအရမ်း သဘောကျတယ်။” လို့ ပြေး ပြောတယ်။
ပရောဖက်ပြုခြင်းနဲ့ဆိုင်တဲ့ ‘prophetic’ ဒေသနာတွေဟာ ‘pathetic’ သနားစရာဒေသနာတွေ ဖြစ်သွားတယ်။
ခရစ်တော်ကြွလာမယ့်နေ့ရက်၊ နာရီအတိအကျကို တွက်ချက်ပြဖို့ ကြိုးစားတဲ့အခါ အထူးသဖြင့်
သနားစရာ ဖြစ်သွားတယ်။
ကျမ်းစာရဲ့ ပရောဖက်ပြုချက်တွေကို
တစ်ခုချင်း အသေးစိတ် တွက်ချက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အတွက် ခက်ပါတယ်။
အကောင်းဆုံးကတော့ အကြမ်းဖျင်းသုံးသပ်ရုံပဲ ရတယ်။
ဥပမာ- နိုးထမှု စည်းဝေးတစ်ခုက
အပြန်မှာ အဲဒီအသင်းတော်အကြောင်းကို ဇနီးသည်က မေးတယ်။ အုတ်ကျောင်း တစ်ကျောင်းလို့
ကျွန်တော်ဖြေတယ်။ “ဘယ်လိုအုတ်မျိုးလဲ?”။ “မသိဘူး။ မှတ်မိတာ အနီရောင်အုတ်ပဲ။ ရိုးရိုးအုတ်လား၊
ဆန်းဆန်းအုတ်လား မပြောတတ်ဘူး။”
“ကျောင်းဝိုင်းထဲမှာ သစ်ပင်တွေ ရှိလား။”
“အေးရှိတယ်၊ ရှိတယ်”။ “ဘယ်လောက်များလဲ?”။ “မမှတ်မိဘူး။”။ “ဘာပင်တွေလဲ?” ။ “ဒါလည်း မမှတ်မိဘူး။ အပင်ကြီးတွေဆိုတာပဲ သိတယ်။” အသေးစိတ် မပြောတတ်ဘူး။ အကြမ်းဖျင်းပဲ
ပြောတတ်တယ်။ ဘုရားကျောင်း ဘယ်လိုပုံလဲဆိုတာတော့ သိတယ်။ ဒါပေမယ့် အသေးစိတ်
အတိအကျမပြောနိုင်ဘူး။
ကျမ်းစာထဲက
ပရောဖက်ပြုချက်တွေဟာလည်း ဒီလိုပါပဲ။ အားလုံးကို အတိအကျပြောဖို့ ကြိုးစားမယ်ဆိုရင်
များသွားလိမ့်မယ်။ သခင်ဘုရား ကြွလာမယ့်နေ့ရက်ကို အတိအကျ သတ်မှတ်ပြမယ်ဆိုရင် မှားမယ်။
ဟိုးတုန်းက တရားဟောဆရာတစ်ယောက်က သခင်ဘုရား ၁၉၈၀ မတိုင်ခင်ကြွလာမယ်။ ကြွမလာရင်
အမှုတော်ထဲက နှုတ်ထွက်မယ်လို့ ပြောတာကြားဖူးတယ်။ ကြွမလာတဲ့အခါ တကယ် ထွက်သလားတော့
မသိဘူး။ နေ့ရက် အတိအကျနဲ့ ပြောတာကတော့ မှားတာပေါ့။
တချို့သူတွေက အန္တိခရစ်ဟာ
ဘယ်သူဘယ်ဝါလို့ ပြောတာကြားဖူးတယ်။ ဒါလည်း လွဲနေတယ်။ ကျမ်းစာကို နားလည်ရင်
အသင်းတော်ကို မချီဆောင်သေးမှီအထိတော့ အန္တိခရစ်ဟာ သိသာ မြင်သာဦးမှာ မဟုတ်ဘူး။
ဒါကြောင့် ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းရဲ့ ပထမအပိုင်း မပြီးမချင်း အန္တိခရစ်ကို
မသိနိုင်သေးဘူး။ ၂သက် ၂း၃-၈။
အသေးစိတ်မသိနိုင်ဘူး။
ကြွလာမယ်လို့တော့ သိတယ်။ အကြမ်းဖျင်းပြောလို့ ရတယ်။ ဒီအကြောင်းကို “ကြွလာမယ့်
အစီအစဉ်” အကြောင်းမှာ အကျယ်ရှင်းပြမယ်။ အခု တရားဒေသနာမှာ ၄ ချက် ရှိတယ်။
၁။ ကြွလာမယ့် ကတိတော် - The promise of His coming
ပထမကြွလာခြင်းထက် ဒုတိယကြွလာခြင်း
အကြောင်းဟာ ဓမ္မဟောင်းမှာ အဆ ၂၀ ပို တွေ့ရတယ်။ ရှင်ပေါလုရဲ့ ဩဝါဒစာတွေမှာ
နှစ်ခြင်းအကြောင်း ၁၃ ကြိမ်ပြောရင်၊ ဒုတိယကြွလာခြင်းကို အကြိမ် ၅၀ ပြောတယ်။
ဒီလောကထဲက ထွက်ခွါခါနီး သခင်ယေရှု ပြောတဲ့ နောက်ဆုံး စကားတွေထဲမှာ “တဖန်တုံ
ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။
ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင်
မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ၊
ငါသွားရ၏။ ငါသည်သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊
ငါရှိရအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” ယော
၁၄း၁-၃။
ကောင်းကင်တက်ကြွတဲ့အခါ တမန် ၁း၁၀
မှာ “လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျှက် တမန်တော်တို့အနားမှာ
ပေါ်လာ၍” အငယ် ၁၁မှာ သူတို့ပြောတဲ့စကား “ဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့
ကြည့်မျှော်လျှက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော
ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည် နည်းတူ တဖန်
ကြွလာတော်မူလတံ့ ဟု ပြောဆို၏။”
ဖြူစင်တဲ့အဝတ်နဲ့လာသူတွေဟာ
ကောင်းကင်တမန်တွေလို့ ယုံကြည်ရတယ်။ သူတို့က “ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ
တဖန်ကြွလာတော်မူလတံ့။”လို့ ပြောတယ်။ ဘယ်လို ကြွသွားလဲ? မျက်မြင်ထင်ရှား ကြွတယ်။ မျက်မြင်ထင်ရှား ပြန်ကြွလာလိမ့်မယ်။
ကိုယ်ခန္ဓာနဲ့ ကြွတယ်။ ကိုယ်ခန္ဓာနဲ့ ပြန်လာမယ်။ သံလွင်တောင်က ကြွတယ်။
သံလွင်တောင်ကိုပဲ ပြန်လာလိမ့်မယ်။ တမန်၁း၁၂၊ ဇာခရိ ၁၄း၄။
ဖိလိပ္ပိ ၃း၂၀မှာ
“ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျှက်ရှိ၏။
ကယ်တင်တော်မူသော အရှင််သခင် ယေရှုခရစ် သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု
ငါတို့သည် မြော်လင့်လျက်နေကြ၏။” ဟေဗြဲ ၉း၂၈။ “အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူ
လတံ့။”
ကျမ်းစာထဲမှာ
သခင်ယေရှုကြွလာမယ့်အကြောင်း ကတိတော် အများကြီး ရှိတယ်။ ဗျာဒိတ်၂၂ မှာ အငယ် ရ၊ ၁၂
နဲ့ ၂၀ မှာ “ငါသည် အလျင်အမြန်လာမည်။” လို့ တကြိမ်စီ ပြောတယ်။ ကျမ်းစာရဲ့
နောက်ဆုံးပိတ် စကားက “ သခင်ယေရှုကြွလာတော်မူပါ။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်
သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်း။” ဗျာဒိတ် ၂၂း၂၀-၂၁။ ဓမ္မသစ်ကျမ်းရဲ့
အပိုဒ်ငယ် ၃၀ တိုင်းမှာ တပိုဒ်ဟာ ဒုတိယကြွလာခြင်းအကြောင်း ဖြစ်တယ်။ ကျမ်းစာကို
ဦးထိပ်ထားတဲ့ တရားဟောဆရာ တစ်ယောက်က ဒုတိယကြွလာခြင်းအကြောင်း၊ သိပ်ကောင်းတဲ့ တရား
တစ်ပုဒ် ဟောဖူးတယ်။ ဟောပြီးတဲ့အခါ ခေတ်ပေါ်အယူ-ယူတဲ့၊ ခပ်ပျော့ပျော့၊ ခပ်ညံ့ညံ့၊
အစွမ်းမရှိ အစမရှိ ဆရာတယောက်က “ဒီအကြောင်းကို ဓမ္မသစ်ထဲက ထုတ်ယူလို့ မရဘူး။” လို့
ပြောလာတယ်။ ပညာရှိတရားဟောဆရာကြီးက “ဘယ်ထုတ်ရမလဲကွ၊ ကျမ်းစာထဲမှာပဲ ရှိနေမှာပေါ့”
လို့ ဖြေတယ်။ ဟုတ်ပါတယ်။ ဒုတိယကြွလာမယ့် ကတိတော်တွေဟာ ကျမ်းစာထဲမှာ ရှိနေတယ်။
ဓမ္မသစ်မှာ ၂၅၉ ခန်း၊ ဓမ္မဟောင်းမှာ အခန်း ၃၀၀ ပါတယ်။ နောက်တစ်ခုက - -
၂။ ကြွလာမယ့်သူ - The Person of His Coming
ဒုတိယကြွလာခြင်းမှာ အယူအဆ ကွဲပြားမှုတွေ
ရှိတယ်။ တချို့က သေခြင်းလို့ ဆိုတယ်။ အသုဘတွေမှာ တချို့ဆရာတွေက သေသူအတွက်
သခင်ယေရှုလာသွားတယ်လို့ ဆိုတယ်။ ဒါပေမယ့် လူသေရင် အဲဒီလို မဟုတ်ဘူး။ သေတဲ့သူကသာ
ခရစ်တော်နဲ့နေဖို့ သွားတယ်။ ၂ကော ၅း၈မှာ “ကိုယ်ခန္ဓာနှင့် ကွာဝေးရာ အရပ်သို့သွား၍၊
သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှါ” ရှင်ပေါလုက ဖိလိပ္ပိ ၁း၂၃ မှာ
“ထိုအကျိုး နှစ်ပါး၏အကြား၌ ငါသည် ယခု ကျဉ်းမြောင်းစွာနေရ၏။ စုတေ့၍
ခရစ်တော်နှင့်အတူနေခြင်းငှါ တောင့်တ လိုချင်သော စိတ်ရှိ၏။ သာ၍အလွန် ထူးမြတ်သော
အကျိုးဖြစ်၏။” ဒါကြောင့် ဒုတိယကြွလာခြင်းဟာ ယုံကြည်သူရဲ့ သေခြင်းမဟုတ်ဘူး။
ခရစ်ယာန်သေရင် ဝိညာဉ်ဟာ ကိုယ်ခန္ဓာထဲကထွက်ပြီး ခရစ်တော်ထံသို့ ချက်ခြင်းသွားတယ်။
ကိုယ်ခန္ဓာနဲ့ကွာပြီး ခရစ်တော်နဲ့အတူ နေတယ်။ ၂ကော ၅း၈။
တချို့က ဒုတိယကြွလာခြင်းကို
ဝိညာဉ်သဘောလို့ ခံယူတယ်။ စိတ်နှလုံးထဲကို ခရစ်တော် ဝင်လာပြီး၊ ကယ်တင်ခြင်းရတာဟာ
ဒုတိယကြွလာခြင်းလို့ ဆိုတယ်။ အဲဒီလိုသွန်သင်တဲ့ ဆရာတစ်ယောက်နဲ့ သိခဲ့ဖူးတယ်။ သူက
ကယ်တင်ခြင်းရချိန်မှာ စိတ်နှလုံးထဲ သခင်ယေရှု ဝင်လာတာ ဟာ ဒုတိယကြွလာခြင်းလို့
ဆိုတယ်။ ကျမ်းစာက အဲဒီလို မပြောဘူး။ ၁သက် ၄း၁၆ မှာ “သခင်ဘုရား၏ ကြွေးကြော်ခြင်း၊
ကောင်းကင် တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊
ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည်
အဦးထမြောက် ကြလိမ့်မည်။”
စိတ်နှလုံးထဲကို
သခင်ယေရှုခရစ်ဝင်ရောက်လာတဲ့အခါ မကြွေးကြော်ဘူး။ ကောင်းကင်တမန် မင်း အသံမပေးဘူး။
ဘုရားသခင်ရဲ့ တံပိုးတော်ကိုမမှုတ်။ သေလွန်တဲ့ ခရစ်ယာန်တွေလည်း မထမြောက်။
စိတ်နှလုံးထဲ သခင်ယေရှု ဝင်ရောက်လာတာနဲ့ ဒုတိယကြွလာခြင်းဟာ တခြားစီပါ။
ယေရှုခရစ်ကို ကယ်တင်ရှင် အဖြစ် လက်ခံတဲ့အခါ ကိုယ်ခန္ဓာနဲ့တကွ ကြွလာတာမဟုတ်ဘူး။
ဝိညာဉ်တော်က အမြဲနေဖို့ ကြွလာတာပါ။ သခင်ယေရှုက ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တာပါ။
ကိုယ်တိုင်ကတော့ ကောင်းကင်ရှိ ခမည်းတော်ရဲ့ လက်ကျာ်ဘက်မှာ ထိုင်ပါတယ်။ “ငါသည်
အောင်မြင်၍၊ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့် အတူ ထိုင်နေသကဲ့သို့၊
အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပေးမည်။”
ဗျာဒိတ် ၃း၂၁။
သခင်ယေရှုက အခုကောင်းကင်ရှိ
ခမည်းတော်ရဲ့ လကျာ်ဘက်မှာ ထိုင်တော်မူတယ်။ စိတ်နှလုံးမှာ ဝိညာဉ်တော်အားဖြင့်
ကျိန်းဝပ်တာပါ။ ရောမ ၈း၉မှာ “သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌
ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိ ပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌
ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။” ၁ကော ၆း၁၉ မှာ
“အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊
သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊
မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။” သန့်ရှင်းသော ဝိညာဉ်တော်က
ယုံကြည်သူထဲမှာ ကျိန်းဝပ်တယ်။ ဒါကြောင့် ဒုတိယကြွလာခြင်းဟာ သေခြင်းမဟုတ်ဘူး။
အသစ်မွေးဖွားခြင်းလည်း မဟုတ်ဘူး။
ဒုတိယကြွလာခြင်းဟာ
သခင်ယေရှုကိုယ်တိုင် ကိုယ်ခန္ဓာသစ်နဲ့ ကြွလာခြင်းဖြစ်တယ်။ ယော ၁၄း၃ မှာ
“ငါသည်သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍”၊ ပြီးတော့
“သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။”ခေတ်ပေါ်အယူ ယူတဲ့
တရားဟောဆရာတွေက ဒုတိယ ကြွလာခြင်းကို ငြင်းပယ်တဲ့အခါ “သို့မဟုတ်လျှင်
မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။” ဆိုတဲ့ စကားကို ပြန်ကြားယောင်မိတယ်။
သခင်ယေရှု ကြွလာမှာပါ။ တမန် ၁း၁၁ မှာ ကောင်းကင်တမန်တွေက ထိုသခင်ယေရှုသည် ကြွသွားတဲ့
နည်းတူ လို့ ပြောတယ်။ ဝိညာဉ်အားဖြင့် မဟုတ်ဘူး။ ကောင်းကင်တမန် တပါးလည်း မဟုတ်ဘူး။
သခင်ယေရှုကိုယ်တိုင် ဖြစ်တယ်။
လွန်ခဲ့တဲ့ အနှစ်၂၀၀၀ လောက်က
မြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ခဲ့ဘူးတဲ့ ခရစ်တော် ကိုယ်တိုင် ကြွလာမယ်။ အနာရောဂါ
ငြိမ်းပေးတဲ့၊ နားတွေကိုကြားစေတဲ့၊ သေသူကိုရှင်စေတဲ့၊ အသေခံပြီး သင်္ဂြိုဟ်ပြီးမှ
ရှင်ပြန်ထမြောက်တဲ့ ခရစ်တော်ကိုယ်တိုင် ကြွလာမယ်။ ကိုယ်ခန္ဓာနဲ့တကွ ကြွလာမယ်။ ၁သက်
၄း၁၆မှာ “ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍- - ”။
၃။ ကြွလာမယ့် အစီအစဉ် - The Program of His Coming
ကြွလာမယ့် အစီအစဉ်အကြောင်း ပြောပြပါမယ်။
ဒီအကြောင်းလေ့လာစတုန်းက
ကျမ်းပိုဒ်တွေဟာ တပိုဒ်နဲ့တပိုဒ် ဆန့်ကျင်နေသယောင် ထင်မိတယ်။ “ထင်မိတယ်” လို့
ပြောတာပါ။ တကယ်တော့ ကျမ်းစာဟာ တချက်နဲ့တချက် ဆန့်ကျင်မှု လုံးဝ မရှိဘူး။
ဘုရားမှုတ်သွင်းတဲ့ အမှားမရှိ၊ မရွေ့လျော့ မပြောင်းလဲတဲ့ စကားတော်တွေပါ။
ကွဲလွဲဟန်ရှိတဲ့ ကျမ်းချက် နှစ်ချက် ပြပါမယ်။ ဗျာဒိတ် ၁းရမှာ “ကြည့်ရှုလော့။
မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊- ရှိသမျှသောသူတို့သည် ကိုယ်တော် ကို
ရှုမြင်ရကြလိမ့်မည်။” ဒါပေမယ့် ဗျာဒိတ် ၁၆း၁၆ မှာတော့ “သူခိုးကဲ့သို့ ငါလာ၏။
ကိုယ်အဝတ်ကိုစောင့်သော သူသည် မင်္ဂလာရှိ၏။” ဗျာဒိတ် ၁းရ မှာ ပြောသလို
မိုးတိမ်စီးပြီး ကြွလာတာကို လူတိုင်းမြင်ကြရမှာလား? သူခိုးလိုပဲ
ကြွလာမှာလား? သူခိုးလိုလာရင်၊ ဘယ်သူမှ မြင်ရမှာ မဟုတ်ဘူး။
မကြာသေးခင်က ကျွန်တော့အိမ်နားက
အိမ်အတော်များများ သူခိုး အခိုးခံရတယ်။ ဒါပေမယ့် သူခိုးကို ဘယ်သူမှ
မမြင်လိုက်ရဘူး။ သူခိုးကို လူမမြင်ဘူး။ အမှတ်မထင် ရောက်လာတာပါ။ ယူချင်တာ ယူပြီးရင်၊
ထွက်သွားတယ်။ ဗျာဒိတ် ၁၆း၁၆ က သခင်ယေရှုဟာ သူခိုးလိုကြွလာမယ်လို့ ပြောတယ်။ ဗျာဒိတ်
၁းရ မှာတော့ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊--
ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင် ရကြလိမ့်မည်။”
နောက်ကွဲလွဲဟန်ရှိနေတဲ့ ကျမ်းချက်က
၁သက် ၃း၁၂ မှာ “ထိုသခင်သည် မိမိသန့်ရှင်းသူ အပေါင်းတို့နှင့်အတူ
ကြွလာတော်မူသောအခါ၊ ငါတို့အဘတည်းဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော
သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြံ ခိုင်ခံ့စိမ့်
သောငှါ ……. ပြုတော်မူပါစေသော။” နောက်တခန်းမှာတော့ သန့်ရှင်းသူတွေကို
အတူခေါ်လာမယ့်အကြောင်း ပြောရာမှာ ထမြောက်တဲ့ သန့်ရှင်းသူတွေကို အာကာသကောင်းကင်သို့
ချီဆောင်သိမ်းဆည်းမယ်လို့ ပြောတယ်။ သန့်ရှင်းသူတွေကို ခေါ်ပြီးကြွလာမယ်လို့
ပြောပြီး၊ တခါ အာကာသထဲ ချီဆောင်ဦးမယ် လို့ ပြောတာဟာ ဘယ်လိုဖြစ်နိုင်ပါမလဲ?
ကြွလာမယ့်အစီအစဉ်ကို နားလည်မှ
ဒီကျမ်းချက်တွေကိုနားလည်မှာ ဖြစ်တယ်။ ကြွလာခြင်း နှစ်ပိုင်းရှိတယ်။ ပထမပိုင်းက
ယုံကြည်သူတွေအတွက် ကြွလာတာပါ။ (၁သက် ၄း၁၃-၁၈) နောက်ပိုင်းမှာ ဒါဝိဒ်နဲ့
အာဗြဟံတို့အပေါ် ထားတဲ့ ဂတိတော်တွေပြည့်စုံဖို့ ယုံကြည်သူတွေနဲ့အတူ ကြွလာမယ်။
ယေရုရှလင်မြို့မှာ နန်းထိုင်ပြီး၊ တိုင်းနိုင်ငံတွေကို သံလှံတံနဲ့
အုပ်စိုးမှာဖြစ်တယ်။
ကြွလာခြင်းပထမပိုင်းက အသင်းတော်ကို
ချီဆောင်ခြင်း လို့ ခေါ်တယ်။ ဒုတိယပိုင်းက ထင်ရှားတော်မူခြင်း
လို့ခေါ်တယ်။ အသင်းတော် အတွက် ကြွလာရာမှာ သူခိုးလိုလာမယ်။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့
အသစ်မွေးဖွားပြီး ယုံကြည်သူတွေကိုခေါ်ပြီး ထွက်သွားမယ်။
ထင်ရှားတော်မူခြင်းမှာတော့
ယုံကြည်သူတွေနဲ့အတူ ကြွလာမယ်။ အားလုံး မြင်တွေ့ခွင့် ရလိမ့်မယ်။ ဗျာဒိတ် ၁းရ
“ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊--- ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ကြရလိမ့်မည်။”
အစီအစဉ်ကတော့ ပထမ- ယုံကြည်သူတွေအတွက်
ကြွလာမယ်။ ဒါက ချီဆောင်ခြင်းပါ။ နောက်တော့ အာဗြဟံ၊ ဒါဝိဒ်တို့အပေါ်ထားတဲ့
ဂတိတော်တွေ ပြည့်စုံဖို့ ယုံကြည်သူတွေနဲ့အတူ ပြန်ကြွလာမယ်။
ဒါဝိဒ်ရဲ့ပလ္လင်မှာထိုင်ပြီး တိုင်းနိုင်ငံတွေကို သံလှံတံနဲ့ အုပ်စိုးမယ်။
ယုံကြည်သူတွေအတွက် ကြွလာတဲ့ ချီဆောင်ခြင်းပါ။ ဒုတိယပိုင်းက ယုံကြည်သူတွေနဲ့အတူ
ကြွလာတဲ့ ထင်ရှားခြင်းပါ။
A. အသင်းတော်ကို ချီဆောင်ခြင်း The
Rapture of the Church
“ချီဆောင်ခြင်း rapture” ဆိုတဲ့ စကားဟာ ကျမ်းစာထဲမှာတော့ မတွေ့ရဘူး။ ဒါပေမယ့် ကျမ်းစာပညာအရ
ပြောတာဖြစ်တယ်။ ၁သက် ၄း၁၃-၁၈ မှာ “ညီအကိုတို့၊ မြော်လင့်ခြင်းမရှိသော
အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည့်အကြောင်း၊
အိပ်ပျော်သောသူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ၊ ငါတို့အလိုမရှိ။
ယေရှုသည်သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌
အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။
သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန်ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာ
တော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦး
နေရာရ ကြမည် မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊
ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ
ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန် သော သူတို့သည် အဦးထမြောက်လိမ့်မည်။
ထိုအခါ အသက်ရှင်၍၊ ကျန်ကြွင်းသောငါတို့သည် တိမ်ပေါ်သို့ ချီဆောင်ခြင်းကို
ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ သို့ဖြစ်၍၊
ဤုစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။”
ယုံကြည်သူတွေအတွက် ကြွလာမှုဟာ
အချိန်မရွေး ဖြစ်လာနိုင်တယ်။ ကြွလာဖို့အတွက် အကြို နိမိတ်လက္ခဏာတွေ မရှိဘူး။
နိမိတ် လက္ခဏာတွေ စောင့်ကြည့်ဖို့ ကျမ်းစာက မပြောဘူး။ ကယ်တင်ရှင်ကိုသာ
စောင့်မြော်ရမှာပါ။
ဥပမာ ဖိလိပ္ပိ၃း၂၀ မှာ
“ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျှက်ရှိ၏။
ကယ်တင်တော်မူသော အရှင်သခင် ယေရှု ခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု
ငါတို့သည် မြော်လင့်လျှက်နေကြ၏။” နိမိတ်လက္ခဏာတွေကို မြော်လင့်ဖို့ မဟုတ်ဘူး။
ကယ်တင်ရှင်ကိုသာ မြော်လင့် နေရမယ်။ တိတု ၂း၁၃ မှာ “ငါတို့ကိုကယ်တင်တော်မူသောအရှင်
သခင်ယေရှု၏ ဘုန်းအသရေတော် ထင်ရှား ပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည်
မြော်လင့်လျှက်။” နိမိတ်လက္ခဏာကို မမြော်ပါဘူး။ ကယ်တင်ရှင်ကိုပဲ မြော်ပါတယ်။ ဟေဗြဲ
၉း၂၈ မှာ “ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်း
ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်် ထိုသခင်ကို မြော်လင့်လျှက်နေသောသူတို့ကို
ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” နိမိတ်
လက္ခဏာတွေကို မရှာရဘူး။ သားတော်ဘုရားသခင်ကို ရှာပါ။
ယုံကြည်သူအတွက် ကြွလာရာမှာ
အကြိုနိမိတ်လက္ခဏာမပြဘူး။ ရုတ်တရက် ကြွလာမှာ ဖြစ်တယ်။ ဓမ္မသစ်ကျမ်း ကာလကတည်းက
စပြီး မြော်လင့်ကြရတယ်။ ရှင်ပေါလုက သူ့ခေတ်မှာ ကြွလာဖို့ မြော်လင့်ခဲ့ဖူးတယ်။ ၁သက်
၄း၁၇ မှာ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် - - ” ရှင်ပေါလုက
သူအသက်ရှင်စဉ်မှာ သခင်ယေရှုကြွလာမယ်လို့ ထင်ခဲ့တယ်။
ကျမ်းစာကို ယုံကြည်တဲ့
ခရစ်ယာန်တိုင်း ခရစ်တော်ကြွလာခြင်းကို အသက်ရှင်လျက်နဲ့ ကြုံရမယ် လို့
မြော်လင့်ကြတယ်။ ဒီတပတ် ကျွန်တော့ရုံးခန်းကို အသက် ၈၄ နှစ်အရွယ် အဘိုးအိုတစ်ယောက်၊
မိုင် ၃၀၀ ခရီးကနေ လာလည်တယ်။ ထိုင်ရင်းနဲ့ သူက မျက်စိကို ဖျက်ခနဲ မှိတ်လိုက်ပြီး
ပြန်ဖွင့်လိုက်တယ်။ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်လာတယ်။ နှလုံးရောဂါ ရှိပုံရတယ်။
ကျွန်တော့ရုံးခန်းထဲမှာပဲ သေတော့မယ် လို့ ထင်မိတယ်။ ခဏကြာ သက်သာလာတော့ သူပြုံးတယ်။
“ချီဆောင်ခြင်းအထိ အသက်ရှင်ရမယ်လို့ ထင်တာ။ ဒါပေမယ့် သခင်ဘုရား က အိမ်ပြန်ဖို့
ခေါ်နေပြီပဲ။” လို့ ဆိုတယ်။ သူက ဆရာဝန်မခေါ်ခိုင်းဘူး။ နေ့လည်ခင်းမှာ
ချွေးမဖြစ်သူက အိမ်ပြန်ပို့ပေးတယ်။ နောက်တနေ့မနက် စောစောမှာ သူ့သားက “မနေ့က အဖေ
လာလည်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ညက ခေါ်တော်မူခြင်းခံရပါပြီ။” လို့ ဖုန်းဆက်တယ်။
အသက် ၈၄ နှစ်အရွယ်
အဘိုးအိုတစ်ယောက်ပင်လျှင် ကြွလာခြင်းကို အသက်ရှင်လျှက်နဲ့ ကြုံရမယ်လို့
ထင်နေခဲ့တယ်။ Dr. Rice ဘုန်းတော်ဝင်စားချိန်မှာ ပေးစာ ၁၀၀
လောက် ကျွန်တော်ရတယ်။ အများစုက “Dr. Rice သေမယ်လို့
မထင်ဘူးဗျာ။ သခင်ယေရှုကြွလာချိန်မှာ သူရှိနေအုံးမယ် လို့ ထင်မိတာ” လို့ ဆိုကြတယ်။
ဟုတ်တယ်။ ရိုးသားစွာဝန်ခံရရင် ကျွန်တော်လည်း အဲဒီလိုပဲ ထင်မိတယ်။
ရှင်ပေါလုက သူ့ခေတ်မှာ
သခင်ယေရှုကြွလာမယ်လို့ ထင်ခဲ့တယ်။ “- - အသက်ရှင်လျှက် ကျန်ကြွင်းသော ငါတို့သည် - -
” လို့ ဆိုတယ်။
ယုံကြည်သူများအတွက် ကြွလာခြင်းဟာ
မကြာခင်ဖြစ်လာမယ်။ အချိန်မရွေး ဖြစ်လာနိုင်တယ်။ နိမိတ်လက္ခဏာတွေ ပြည့်စုံနေဖို့
မလိုဘူး။ မနေ့တနေ့ကလည်း ကြွလာနိုင်တာပဲ။ မနှစ်ကလည်း ကြွလာနိုင်တာပဲ။
ရှင်ပေါလုခေတ်ကလည်း ကြွလာနိုင်တာပဲ။ ဒီနေ့လည်း ကြွလာနိုင်တယ်။ ကြွလာခြင်းကို အမြဲ မြော်လင့်ပြီး
အသက်ရှင်ဖို့ လိုတယ်။
ဟိုတုန်းက တရားဟောဆရာကြီး Robert Murray
McCheyne က တရားဟောဆရာ ၅ ယောက်နဲ့ စကားပြောရင်း တစ်ယောက်ကို
ကြည့်ပြီးတော့ “သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?” လို့
မေးတယ်။ “မထင်ဘူး” လို့ ဖြေတယ်။
“သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?”
လို့ နောက်တစ်ယောက်ကို မေးတယ်။ “မထင်ဘူး” လို့ပဲ ဖြေတယ်။
“သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?”
လို့ တတိယဆရာကို မေးတယ်။ “မထင်ဘူး” လို့ ပြန်ဖြေတယ်။
“သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?”
လို့ စတုတ္တဆရာကို မေးတယ်။ “မထင်ဘူး” လို့ သူကလည်း ဖြေတယ်။
“သခင်ယေရှု ဒီနေ့ကြွလာမယ်လို့ ထင်သလား?”
လို့ နောက်ဆုံးတယောက်ကို မေးတယ်။ သူလည်း “မထင်ဘူး” လို့ပဲ ဖြေတယ်။
အဲဒီအခါမှာ McCheyne က မဿ၂၄း၄၄ ကို ဖွင့်ဖတ်ပြတယ်။ “ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျှက်
နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။”
ဒီနေ့ကြွလာနိုင်တယ်။ ကြွလာတဲ့အခါ
တံပိုးခရာမှုတ်မယ်။ ကောင်းကင်တမန်မင်း အသံပေးမယ်။ ခရစ်တော်၌ သေလွန်သူတွေ အဦး
ထမြောက်မယ်။ အသက်ရှင်လျှက်ရှိတဲ့ ကျွန်တော်တို့က သူတို့နောက်မှ မိုးတိမ်နဲ့
ချီဆောင်ခံရပြီး အာကာသထဲမှာ သခင်ဘုရားနဲ့အတူ တွေ့ဆုံကြရမယ်။
ယုံကြည်သူတိုင်း စီးစရာ
တိမ်တစ်ခုစီရမယ်လို့ ပြောတာမဟုတ်ဘူး။ “မိုးတိမ်အားဖြင့် ချီဆောင်တယ်” ဆိုရာမှာ
လူစု၊ လူဝေးကြီးလို့ ဆိုလိုတယ်။ ဗျာဒိတ် ၁းရ မှာ “ကြည့်ရှုလော့။
မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊” ဟေဗြဲ ၁၂း၁ မှာ “ဤမျှလောက်များစွာသော
သက်သေအပေါင်း တို့သည် ( a cloud of witnesses) ငါတို့ကို
ဝန်းရံလျှက်ရှိကြသည်ဖြစ်၍- ” ငှက်တွေ တောင်အရပ်ကို ရွှေ့ပြောင်းသွားတာ
သတိထားမိကြရဲ့လား? အုပ်စုဖွဲ့ပျံသွားတဲ့အခါ အကောင်ရေ
ထောင်ချီတယ်။ ဒါကို “ငှက်အုပ်ကြီးဟေ့” (a great, cloud of birds) လို့ ပြောတတ်တယ်။
သခင်ယေရှုကြွလာတဲ့အခါ သေလွန်သူတွေ
ထမြောက်မယ်။ ယုံကြည်သူတွေ မျက်စိတမှိတ် တခဏချင်းမှာ ပြောင်းလဲမယ်။ ယုံကြည်သူ
အစုအဝေးကြီးဟာ Tennessee ပြည်နယ် Murfreesboro မြို့ကနေ ထွက်ခွာလာမယ်။ Illinois ပြည်နယ် Chicago
မြို့ကလည်း အများကြီး ထွက်လာမယ်။ New York မြို့
Atlanta၊ Georgia စတဲ့-စတဲ့
ဒေသတွေထဲကလည်း အုပ်စုဖွဲ့ ထွက်လာကြမယ်။ ကမ္ဘာအရပ်ရပ်က (great clouds of
believers) ယုံကြည်သူ အစုအဝေးကြီးတွေကို ချီဆောင်လိမ့်မယ်။
တံပိုးခရာမှုတ်မယ်။ သေလွန်တဲ့ ခရစ်ယာန်တွေ ထမြောက်မယ်။ အသက်ရှင်ကျန်ကြွင်းတဲ့
သူတွေဟာ အာကာသမှာ သခင်ဘုရားနဲ့တွေ့ဖို့ အုပ်စုလိုက်၊ အုပ်စုလိုက် ချီဆောင်ခံရမယ်။
ကြွလာတဲ့အခါ သေလွန်တဲ့ခရစ်ယာန်တွေ
ထမြောက်ပြီး ရှင်နေတဲ့သန့်ရှင်းသူတွေ ပြောင်းလဲမယ်။ ရှင်ပေါလုက ၁ကော ၁၅း၅၁-၅၂ မှာ
“နက်နဲသောအရာတခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။
သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည်
ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။”
အိပ်ပျော်သူတွေ ထမြောက်ပြီး
အသက်ရှင်သူတွေ ပြောင်းလဲရခြင်းဟာ မျက်စိတမှိတ်အတွင်း တခဏချင်းမှာ ဖြစ်ပျက်မှာပါ။ “moment” တခဏချင်းဆိုတဲ့စကားဟာ atom (အက်တမ်) ဆိုတဲ့စကားနဲ့
စဆင်းသက်တဲ့ မူရင်းစကားချင်း တူတယ်။ ထပ်ခွဲလို့မရလောက်အောင် သိပ်သေးငယ်တဲ့
အချိန်အတိုင်းအတာ လေး လို့ ဆိုလိုတယ်။ သိပ်မြန်တယ်ပေါ့။ မျက်စိတမှိတ် ဆိုတဲ့စကားဟာ
မျက်စိမှိတ်လိုက် ဖွင့်လိုက် လုပ်တာထက် ပိုမြန်တယ်။ တခဏချင်း၊
မျက်တောင်တခတ်အတွင်းမှာ ပြောင်းလဲကြမယ်။
၁ကော ၁၅း ၅၅ မှာ “အိုသေမင်း၊
သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာ
ရှိသနည်း။” သန့်ရှင်းသူတွေ မျက်စိတမှိတ် လျပ်တပြက်အတွင်း ပြောင်းလဲကြတဲ့အခါ
“အိုသေမင်း သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။” လို့ ချီဆောင်ခြင်းမှာ ပါသွားရင်း
အော်ကြလိမ့်မယ်။ သခင်ယေရှုကြွလာချိန်မှာ အသက်ရှင်နေသူတွေ ဖြစ်တယ်။ ခရစ်တော်၌
သေလွန်သူတွေ ဖြစ်တယ်။ ခရစ်တော်၌ သေလွန်သူတွေ ထမြောက်တဲ့အခါမှာတော့ “အိုမရဏာနိုင်ငံ
သင်၏အောင်မြင်ခြင်းသည် အဘယ်မှာရှိသနည်း” လို့ ကြွေးကြော်လိမ့်မယ်။ တချို့ဆိုရင်
သင်္ချိုင်းထဲမှာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ။ ဒါပေမယ့် တနေ့ ထမြောက်လိမ့်မယ်။
ဘုရားသားသမီး တွေအပေါ်မှာ အမြဲ အနိုင်ယူထား လို့ မရဘူး။
သခင်ယေရှုက ယောဟန် ၁၁း၂၅း၂၆ မှာ
“ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို
ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံ၍ အသက်ရှင်သောသူ
ရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွှတ်ကြလိမ့် မည်။” အုပ်စုနှစ်ခု ရှိတယ်။
“ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။”-
သေလွန်တဲ့သန့်ရှင်းသူတွေပါ။
ထမြောက်တဲ့အခါ
ဒုတိယကြွလာခြင်းမတိုင်မှီ ခရစ်တော်ထံ ဝင်စားရတယ်။ “ငါ့ကိုယုံ၍ အသက်ရှင်သောသူ
ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြက် ကင်းလွတ်ကြလိမ့်မည်။” ကြွလာချိန်မှာ
အသက်ရှင်နေသူများဟာ ကယ်တင်ရှင်အဖြစ် အားကိုးခဲ့သူတွေ ဖြစ်တယ်။
ဘုရားသခင်ရဲ့
ကြိုတင်ပရောဖက်ပြုထားတဲ့ ဖြစ်ရပ်တွေဟာ အစီအစဉ်ကျတယ်။ ယုံကြည်သူ အတွက် ကြွလာခြင်းဟာ
အသင်းတော်ကို ချီဆောင်ခြင်းပါ။ အန္တိခရစ်ဟာ မြေကြီးပေါ်မှာ ပေါ်ပေါက်လာပြီး၊
ခုနှစ်နှစ် အောင်မြင်စွာ အုပ်ချုပ်မယ်။ ဒါကို “ဒံယေလရဲ့ ခုနှစ်ဆယ်မြောက် သတင်းပတ်”
“ယာကုပ်အမျိုး အမှုရောက်သောနေ့” (သို့) ဘေးဒဏ်ကြီးကာလလို့ ခေါ်တယ်။ မြေကြီးပေါ်မှာ
ဘေးဒဏ်ကြီးကာလ ဖြစ်နေချိန်မှာ သန့်ရှင်းသူတွေဟာ ခရစ်တော်ရဲ့တရားပလ္လင်ရှေ့မှာ
ရပ်ရကြမယ်။ အဲဒီနောက် သိုးသငယ်နဲ့ မင်္ဂလာဆောင်တယ်။ ကျမ်းစာက
“သိုးသငယ်မင်္ဂလာဆောင်ပွဲ” လို့ ခေါ်တယ်။ (ဗျာဒိတ် ၁၉းရ-၉) ဘေးဒဏ်ကြီး ကာလအပြီးမှာ
သန့်ရှင်းသူတွေဟာ ခရစ်တော်နဲ့အတူ မြေကြီးပေါ် ပြန်လာကြမယ်။ သခင်ယေရှုက
ဒါဝိဒ်ရဲ့ပလ္လင်ပေါ်မှာ ထိုင်ပြီး တိုင်းနိုင်ငံကို သံလှံတံနဲ့ အုပ်စိုးမယ်။
B. ထင်ရှားတော်မူခြင်း The
Revelation
အာဗြဟံနဲ့ပြုတဲ့
ဘုရားသခင်ရဲ့ပဋိညာဉ်အကြောင်း ဆက်ပြောပါမယ်။ တိုင်းပြည်၊ လူမျိုးတော်တို့ နဲ့
ဆိုင်တယ်။ ဒါဝိဒ်နဲ့ပြုတဲ့ ပဋိညာဉ် ကတော့ ပလ္လင်နဲ့ဆိုင်တယ်။ ဆာလံ ၁၃၂း၁၁ မှာ
“ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန် ကျိန်ဆိုခြင်းကိုပြု၍၊
သစ္စာဖျက်တော်မမူသောစကားဟူမူကား၊ သင်၏ အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ
ငါတင်မည်။” ဒါကို တချိုက ဝိညာဉ်ရေး ပလ္လင်လို့ ဆိုတယ်။ ဒါပေမယ့် ဒါဝိဒ်ဟာ
ဝိညာဉ်ရေးပလ္လင်ပေါ်မှာ တခါမှ မထိုင်ခဲ့ဘူး။ သူဟာ ဣသရေလ ပြည်မှာ ရှင်ဘုရင်အဖြစ်
အမှန်တကယ် ကိုယ်တိုင်စိုးစံခဲ့တာပါ။ ဘေးဒဏ်ကြီးကာလအပြီးမှာ ယေရှုခရစ်တော်ဟာ သန့်ရှင်းသူ
တို့နဲ့တကွ ကြွလာတဲ့အခါ ယေရုရှလင်မြို့ရှိ ဒါဝိဒ်ရဲ့ ပလ္လင်တော်ပေါ်မှာ အမှန်တကယ်
ကိုယ်တိုင် ထိုင်တော်မူမှာ ဖြစ်တယ်။
ကတိတော်စကားကို ဆင်ခြင်ကြည့်ပါ။
“ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန် ကျိန်ဆိုခြင်းကို ပြု၍” ဒီစကားဟာ ခိုင်မာတဲ့
စကားဖြစ်တယ်။ ဒါပေမယ့် “သစ္စာဖျက်တော်မမူသော” လို့ ဆက်ဖြည့်ထားတယ်။ ဘယ်သူတွေ
ဘာပြောပြော ကတိတော် ပျက်မသွားဘူး။ “သင်၏ အမျိုးအနွယ်ကို သင်၏ပလ္လင်တော်ပေါ်မှာ
ငါတင်မည်။”
အာဗြဟံကိုလည်း ကတိပေးခဲ့တယ်။
“ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ ပြည်နှင့်တကွ၊ အမျိုးသားချင်း
ပေါက်ဘော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သောပြည်သို့ သွားလော့။ ငါသည် သင့်ကို
လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည်
ကောင်းကြီး ခံရသော သူ ဖြစ်လိမ့်မည်။” ကမ္ဘာ ၁၂း၁-၃။ ဘုရားသခင်က အာဗြံနဲ့
သူ့ရဲ့အမျိုးတွေကို လူမျိုးကြီးဖြစ်စေပြီး၊ ကောင်းကြီးပေးမယ့် ပြည်တော်မှာ
နေရာချဖို့ ခေါ်ပါတယ်။ ဒီပဋိညာဉ်ကို ကမ္ဘာ ၁၃း၁၄-၁၅ မှာ ထပ်အတည်ပြု ထားတယ်။
“လောတသည် အာဗြံနှင့်ခွါ၍ သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က
တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မြှော်ကြည့်လော့။ သင်မြင်သော မြေတပြင်လုံးကို
သင်နှင့် သင်၏ အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ်အမြဲပေးမည်။”
ဒီပဋိညာဉ်မှာ ပါတဲ့အချက်တွေက (၁)
“လူမျိုးကြီးဖြစ်စေမယ်” ဣသရေလလူမျိုး (၂) “ကောင်းကြီးပေးမယ်”-
ယာယီကောင်းကြီးနဲ့ ဝိညာဉ်ရေးရာကောင်းကြီး (၃) “သင်၏နာမကို ကြီးမြတ်စေမည်”-
အာဗြဟံ နာမည်ဟာ ကမ္ဘာတဝှမ်း ထင်ရှားတဲ့နာမည်ပါ။ (၄) “ကောင်းကြီးခံရသောသူ
ဖြစ်မည်”
ဂလာတိ ၃း၁၃-၁၄ မှာ “ထို့ကြောင့်
သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု
ကျမ်းစာလာသည် နှင့်အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူ ဖြစ်၍၊
ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။ အကြောင်းမူကား၊ အာဗြဟံ ခံရသောကောင်းကြီးမင်္ဂလာသည်
ယေရှုခရစ်အားဖြင့် တပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည်
ဂတိတော်နှင့်ယှဉ်သော ဝိညာဉ်တော် ကို ယုံကြည်ခြင်းအားဖြင့် ခံရကြမည်အကြောင်းတည်း။”
“သင့်ကိုကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်” လို့ ဆက်ပြောသလို “သင့်ကို
ကျိန်ဆဲ သောသူကို ကျိန်ဆဲမယ်” လို့ ထပ်ဖြည့် ထားသေးတယ်။ ကမ္ဘာဦး ၁၂း၃ မှာလည်း
“သင်အားဖြင့်လည်း လူမျိုးအပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု
မိန့်တော်မူ၏။” ဒီကတိတော်တွေဟာ အားလုံး မပြည့်စုံသေးဘူး။
၆-ရက် စစ်ပွဲအပြီးမှာ
ကျမ်းစာလေ့လာသူများစွာက သခင်ယေရှုဟာရက်ပိုင်းအတွင်း (သို့) သီတင်းပတ်များအတွင်း
ကြွလာမယ်လို့ ထင်ကြတယ်။ ကြွလာခါနီးပြီလို့ တရားဟောဆရာတွေ ဟောတာ ကြားရတယ်။
တစ်ယောက်ကဆိုရင် ရက်အတိအကျကြီး ပြောလာတယ်။ ဒါပေမယ့် ခဏစဉ်းစားကြည့်ပါ။
ကြွလာခြင်းဟာ အချိန်မရွေးဖြစ်နိုင်တယ်။ ဒီနေ့လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် လူတွေက
အာဗြဟံနဲ့ပြုတဲ့ ပဋိညာဉ်ကို နားမလည်ကြဘူး။ ဒီပဋိညာဉ်မှာ ပါတဲ့အချက်တွေကို
စဉ်းစားကြည့်ပါ။
အာဗြဟံနဲ့ သူ့အမျိုးအနွယ်ကို
ခါနန်ပြည်တပြည်လုံးကို နေရာယူဖို့ ခေါ်တယ်။ “သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့်
သင်၏ အမျိုးအနွယ်အား ငါသည်ကာလ အစဉ်အမြဲပေးမည်။” ၆ ရက် စစ်ပွဲအပြီးမှာ
ဂျူးလူမျိုးတွေဟာ တပြည်လုံးကို မပိုင်ရသေးဘူး။ တိုင်းပြည်နယ်နိမိတ်ကို ပေးထားတယ်။ (ကမ္ဘာ ၁၅း၁၈၊ ယေဇ ၄၇း၁၉။ ၄၈း၁) အနောက်ဘက်မှာ
အီဂျစ်ပြည်ရဲ့မြစ်၊ အရှေ့ဖက်မှာ ဥဖရမြစ်၊ မြောက်ဘက်မှာ ဟာမက်၊ တောင်ဘက်မှာ ကာဒေရှ
အထိ ဖြစ်တယ်။ ဂျူးလူမျိုးတွေ တပြည်လုံး မပိုင်သေးဘူး။ ဒီနေ့အထိ မရသေးဘူး။
တပြည်လုံးကို မရမချင်း၊ အာဗြဟံကို ပေးတဲ့ ဂတိတော် မပြည့်စုံသေးဘူး။
အာဗြဟံကိုပေးတဲ့ ဂတိတော် ပြည့်စုံချိန်မှာ ဂျူးလူမျိုးအားလုံး ပြည်တော်ပြန်
ရလိမ့်မယ်။ ဒီနေ့အထိတော့အားလုံး မပြန်ကြသေးဘူး။ ဒါကြောင့် ဂတိထားတဲ့ပြည်တော်ကို
အားလုံးမပိုင်ရသေးဘူး။ အားလုံးလည်း ပြန်မလာသေးဘူး။ ဣသရေလ လူမျိုးတွေရဲ့
ပြန်စုဝေးခြင်း အကြောင်းကို ပြောတဲ့အခါ၊ နှလုံးသားအသစ်ကို ပေးတဲ့အကြောင်းလည်း
ပြောတယ်။ ဒါကြောင့် သူတို့ အားလုံး မပြောင်းလဲကြသေးဘူး။ ကျမ်းစာက တိုင်းပြည်
တစ်ခုအဖြစ် တနေ့ချင်း မွေးဖွားလာတဲ့အကြောင်း ပြောတယ်။ တပြည်လုံး
ကယ်တင်ခြင်းရလိမ့်မယ်။ ဒါတွေ အခုမဖြစ်သေးဘူး။
ဒါပေမယ့် ဘုရားကယ်တာက
တိုင်းပြည်အလိုက် မဟုတ်ဘူး။ ခရစ်တော်ကို ကယ်တင်ရှင် အဖြစ်နဲ့ အားကိုးသူ
တစ်ယောက်ချင်းစီအတွက် ဖြစ်တယ်။ သူတို့ ထိုးဖောက်တဲ့သူကို သူတို့မြင်ရကြလိမ့်မယ်။
စစ်မှန်တဲ့ မေရှိယသခင်ကို ငြင်းပယ်ခဲ့တာကိုလည်း သဘောပေါက်လာလိမ့်မယ်။ ဒါနဲ့
သခင်ယေရှုကို ကယ်တင်ရှင် အဖြစ်နဲ့ အားကိုးပြီး တစ်နေ့ခြင်းမှာ တတိုင်းပြည်လုံး
မွေးဖွားလာလိမ့်မယ်။
၆ရက် စစ်ပွဲအပြီးမှာ -
တပြည်လုံးကို မပိုင်ရသေးဘူး။ အားလုံး ပြန်မလာသေးဘူး။ ကျမ်းစာရဲ့ ကတိတော်အတိုင်း
အားလုံးမပြောင်းလဲသေးဘူး။
အာဗြဟံ ကိုယ်တိုင်ကိုလည်း
ပြည်တော်ပေးမယ်လို့ ကတိရှိတယ်။ “သင်နှင့်သင်၏ အမျိုးအနွယ်အား၊ ငါသည်
ကာလအစဉ်အမြဲပေးမည်။” (ကမ္ဘာ ၁၃း၁၅) ၆ ရက် စစ်ပွဲအပြီးမှာ ပြည်တော်ကို အာဗြဟံ
ပြန်မလာသေးဘူး။ ဂတိတော်ပြည့်စုံချိန်မှာတော့ ပြည်တော်ကို အာဗြဟံကိုယ်တိုင် ပြန်လာ
လိမ့်မယ်။ သခင်ခရစ်တော်လည်း အာဗြဟံနဲ့အတူ ပြည်တော်မှာ ရှိပါလိမ့်မယ်။ ကမ္ဘာ၁၃း၁၅မှာ
“သင်၏အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ် အမြဲပေးမည်။” ဂလာတိ ၃း၁၆ မှာ “ဂတိတော်တို့ကို
အာဗြဟံနှင့်သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူတို့ကို
ရည်မှတ်၍ မိန့်တော်မူမည်မဟုတ်။ သင်၏ အမျိုးအနွယ် ဟု တယောက်သောသူကို ရည်မှတ်၍
မိန့်တော်မူ၏။ ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။”
အာဗြဟံကိုပေးတဲ့ ဂတိတော်
ပြည့်စုံချိန်မှာ အချက်(၅)ချက် ပြည့်စုံရလိမ့်မယ်။
(၁) ဂျူးလူမျိုးတွေဟာ တပြည်လုံးကို- တစ်လက်မမျှမကျန်-
ဂတိတော်အတိုင်း ရလိမ့်မယ်။
(၂) ဂျူးလူမျိုးအားလုံး ပြည်တော်ပြန်ကြလိမ့်မယ်။
(၃) အားလုံးပြောင်းလဲကြမယ်။
(၄) အာဗြဟံကိုယ်တိုင် ပြည်တော်မှာ ရှိုနေမယ်။
(၅) ခရစ်တော်လည်း ပြည်တော်မှာ အာဗြဟံနဲ့အတူ ရှိနေမယ်။
အာဗြဟံနဲ့ ပြုတဲ့ပဋိညာဉ်ဟာ
မပြည့်စုံသေးဘူး။ ဘေးဒဏ်ကြီးကာလ ယေရှုခရစ် မကြွ မလာမချင်း၊ မပြည့်စုံနိုင်ဘူး။
အဲဒီအချိန် ရောက်ရင်တော့ ဣသရေလအမျိုးသားတို့ကို စုစည်းပြီး အာဗြဟံနဲ့
ဒါဝိဒ်တို့အပေါ်ထားတဲ့ ဂတိတော်များ ပြည့်စုံလိမ့်မယ်။
ဣသရေလအမျိုးသားတို့
ပြန်စုဝေးခြင်းဟာ သူတို့လူမျိုး အကျန်အကြွင်းအားလုံး ပြောင်းလဲခြင်း၊
ခရစ်တော်အုပ်စိုးခြင်း အစပိုင်းတို့နဲ့ ဆက်နွယ်နေကြောင်း ခဏခဏတွေ့ရတယ်။ (ဟေရှာ
၁၁း၁-၁၂၊ ယေဇ ၃၄း၁၂-၁၄၊ ယေရမိ ၂၃း၃-၆ အခန်း ၃၃း၁၄-၁၇၊ မဿဲ ၂၄း၂၉-၃၁)
မဿဲ ၂၄း၂၉-၃၁ ရဲ့ အစီအစဉ်ကို
လေ့လာကြည့်ပါ။ “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည် မိုက်လိမ့်မည်။ လသည်
အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည်
တုန်လှုပ်ကြလိမ့်မည်။ ထိုအခါလူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။
မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော
ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍
ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကို စေလွှတ်၍
တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ် တော်မူသောသူတို့ကို
အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးကြလတံ့။”
ဗျာဒိတ် ၁းရ မှာ “ကြည့်ရှုလော့။
မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့်
ရှိသမျှသော သူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုး ရှိသမျှတို့သည်
ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” ထင်ရှားခြင်း အကြောင်း
ပြောနေတာပါ။ သူခိုးလို လာခြင်းအကြောင်း မပြောသေးဘူး။ မိုဃ်းတိမ်နဲ့ ကြွလာတာကို
အားလုံးမြင်ရမယ့်အကြောင်း ပြောတာပါ။ “လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍
တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့် သူတို့သည် ရွေးချယ်တော်မူသောသူတို့ကို
အရပ်လေးမျက်နှာ၊ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးကြလတံ့။”
(၁) ဘေးဒဏ်ကြီးကာလရှိတယ်။ “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်-” အငယ် ၂၉။
(၂) ဒုတိယကြွလာခြင်း၊ ထင်ရှားခြင်း။ “ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည်
ကောင်းကင်၌ ထင်ရှားလိမ့်မည်” အငယ် ၃၀။
(၃) ဂျူးလူမျိုးတို့ ပြန်စုဝေးခြင်း။ “လူသားသည် မိမိတမန်တို့ကို
စေလွှတ်၍ တံပိုးခရာကို ပြင်းစွာ မှုတ်စေတော် မူသဖြင့်၊ သူတို့သည်
ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက် ထက်ဝန်းကျင် တို့မှ
ခေါ်၍ စုရုံးကြလတံ့။” အငယ် ၃၁။
ဘေးဒဏ်ကြီးကာလအပြီး
သခင်ယေရှုကြွလာမှသာ အာဗြဟံအပေါ်ထားတဲ့ ဂတိတော် ပြည့်စုံလိမ့်မယ်။ ဂျူးလူမျိုးတွေ
ပြည်တော်ပြန်မယ်။ အားလုံး ကယ်တင်ခြင်းရပြီး၊ တိုင်းပြည်တစ်ခု တစ်နေ့ချင်း
မွေးဖွားမယ်။ တပြည်လုံးကို ပိုင်ရမယ်။ အာဗြဟံလည်း ရှိနေမယ်။ အာဗြဟံနဲ့အတူ
ခရစ်တော်လည်း ရှိနေမယ်။
ကိုယ်ခန္ဓာနဲ့တကွ
မျက်မြင်ထင်ရှားကြွလာခြင်းဟာ အာဗြဟံနဲ့ ဒါဝိဒ်တို့အပေါ်ထားတဲ့ ဂတိတော် နှစ်ခုလုံး
ပြည့်စုံဖို့ ဖြစ်တယ်။ ဆာလံ၁၃၂း၁၁မှာ “ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန် ကျိန်ဆိုခြင်း
ကို ပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ
ငါတင်မည်။” ခရစ်တော်အုပ်စိုးခြင်း အနှစ် ၁,၀၀၀ နိုင်ငံတော်လို့လည်း ခေါ်တယ်။ အနှစ်
တစ်ထောင်ကြာလို့ ဖြစ်တယ်။
ဗျာဒိတ်၂၀း၄-၈ မှာ
“ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရား စီရင်ရသော
အခွင့်ကိုရကြ၏။ သားရဲနှင့်သူ၏ ရုပ်တုကိုမကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌
မခံ၊ လက်၌ မခံဘဲနေ၍၊ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏
နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်း ဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကို ငါမြင်၏။
သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။
ကြွင်းသောလူသေတို့သည် ထိုအနှစ်တထောင်မကုန်မှီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊
ပဌမထမြောက်ခြင်း ဖြစ်သတည်း။ ပဌမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊
သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏လက်နှင့် ကင်းလွတ်လျှက်၊
ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပရောဟိတ်ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး
ခရစ်တော်နှင့် အတူ စိုးစံရကြလိမ့်မည်။ ထိုအနှစ်တထောင်ကုန်ပြီးမှ၊ စာတန်သည်
ထောင်ထဲက လွတ်သောအခွင့်ကိုရ၍ အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော
ဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာ ပေါ်မှာ နေသောလူအမျိုးမျိုးတို့ကို
လှည့်ဖြားအံ့သောငှါ၎င်း၊ စစ်တိုက်ဖို့ စည်းဝေးစေခြင်းငှါ၎င်း တက်လိမ့်မည်။” ခရစ်တော်အုပ်စိုးတဲ့
အနှစ် ၁,၀၀၀ နိုင်ငံတော်လို့ ခေါ်တယ်။ ကျွန်တော်တို့ ယုံကြည်တဲ့ Premillennial
(အနှစ်တစ်ထောင် မတိုင်မှီ) ဆိုတဲ့ သဘောဟာ အနှစ်တစ်ထောင် မတိုင်မှီ
ယုံကြည်သူတွေကို သိမ်းဆည်းဖို့ လာခြင်းဖြစ်တယ်။ ဒါကို Premillennial လို့ ခေါ်တယ်။
မပြည့်စုံသေးတဲ့ ပရောဖက်ပြုချက်ဟာ
အတိအကျဖြစ်လိမ့်မယ်လို့ မှတ်ယူသင့်တယ်။ ပရောဖက်ပြုချက်တို့ ထုံးစံဟာ အပြည့်အဝ
အတိအကျ ပြည့်စုံလေ့ရှိတယ်။ ဥပမာ- ဟေရှာ ၉း၆-၇ မှာ “ငါတို့အဘို့ သူငယ်ကို
ဘွားမြင်၏။” ဒီစကားဟာ အတိအကျ ပြည့်စုံခဲ့ပါပြီ။ “ငါတို့အား သားကို ပေးသနား တော်မူ၏။”
ဒီစကားအတိအကျ ပြည့်စုံခဲ့ပါပြီ။ “ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊
တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက် ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို
ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာ ထိုင်၍၊ နိုင်ငံတော်ကို
နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍
အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည်
နိစ္စအမြဲ ရှိလိမ့်မည်။ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊
ထိုအမှုကို ပြီးစီး စေတော်မူလိမ့်မည်။”
ဒီကျမ်းပိုဒ်ရဲ့ အစပိုင်းကို
အတိအကျခံယူရင် အဆုံးပိုင်းတွေကိုလည်း အတိအကျ ခံယူသင့်တယ်။ သားမွေးဖွားတဲ့
ပရောဖက်စကား အတိအကျပြည့်စုံရင် ကျန်တဲ့အပိုင်းကိုလည်း အတိအကျ ပြည့်စုံမယ်လို့
ယုံကြည်သင့်ပါတယ်။ သခင်ယေရှုဟာ အမှန်တကယ် အတိအကျ၊ ကိုယ်ခန္ဓာနဲ့ ကြွလာလိမ့်မယ်။
ဒါဝိဒ်ရဲ့ပလ္လင်ပေါ်မှာ ထိုင်မယ်။ နှစ်ပေါင်းများစွာ ကြံစည်မျှော်လင့်ခဲ့တဲ့ တိုင်းနိုင်ငံတစ်ခု
လက်တွေ့ ပေါ်ပေါက်လာမယ်။ အပြစ်ကြောင့် သဘာဝတရားအပေါ် ကျိန်ခြင်းခံရတာ
ကွယ်ပျောက်သွားလိမ့်မယ်။ စစ်တိုက်ခြင်း မရှိတော့ဘူး။ တကမ္ဘာလုံးကို
ဖြောင့်မတ်ခြင်းတရား ပြန့်နှံ့သွားပြီ။ တကမ္ဘာလုံး ပျော်နေပြီ။
ခရစ်တော်အုပ်စိုးဖို့ ကြွလာတဲ့အခါ ဖြစ်ပျက်မယ့်အရာတွေက - - -
(၁) အပြစ်ကြောင့် ကမ္ဘာမြေကြီးကျိန်ခြင်းခံရတာ ပြေပျောက်လိမ့်မယ်။
ရောမ ၈း၂၂-၂၃။ “ဤလောက တနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်တွား၍
ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို့ သိကြ၏။ ထိုမျှမက ဝိညာဉ်တော်၏
ကျေးဇူးတော်အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်း
အကြောင်းတည်းဟူသော ကိုယ်ခန္ဓာရွေးနှုတ်ခြင်း ချမ်းသာကို မြော်လင့်၍ စိတ်နှလုံးအထဲ၌
ညည်းတွားလျှက် နေကြ၏။” အာဒံအပြစ်ပြုတော့ မြေကြီး အကျိန်ခံရတယ်။ လူ အကျိန်ခံရတယ်။
တိရိစ္ဆာန်တွေ အကျိန်ခံရတယ်။ သခင်ယေရှုကြွလာရင် ကျိန်းခြင်းက လွတ်သွားလိမ့်မယ်။
ဟေရှာ ၃၅း ၁-၂ - “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း
ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ အလွန်ပွင့်လန်း၍
ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးတူးလိမ့်မည်။ လေဗနုန်တောင်၏
ဘုန်းနှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်းအသရေနှင့်၎င်း
ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ဘုရားသခင်၏
တန်ခိုးအာနုဘော်တော်ကို၎င်း မြင်ရလိမ့်မည်။”
(၂) တိရိစ္ဆာန်များ ကျိန်ခြင်းမှ လွတ်လိမ့်မယ်။
ဟေရှာယ ၁၁း၆-၉ “တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်။
ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင် ကျွေးသော
အကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ နွားမနှင့် ဝံမသည်
အတူကျက်စား၍၊ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့
မြက်ကို စားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။
နို့ကွာသော သူငယ် သည်လည်း၊ မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။ ငါ၏
သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။
အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရ
ဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။”
ဒီနေ့အချိန်မှာ ကျားသစ်တစ်ကောင်နဲ့
ကလေးတစ်ယောက်ကို အတူထားကြည့်ပါ။ ဘာဖြစ်သွားမလဲ? ဒါပေမယ့်
ခရစ်တော်အုပ်စိုးချိန်မှာ ကျားသစ်နဲ့ ကလေးဟာ အတူလဲလျောင်း နေလိမ့်မယ်။ တောခွေးနဲ့
သိုးသငယ်ဟာ အတူနေလိမ့်မယ်။ နွားသငယ်နဲ့ခြင်္သေ့ပျိုဟာ အတူအစာစားလိမ့်မယ်။
သူတို့ကို လူသူငယ်ကလေးက ဦးဆောင်လမ်းပြလိမ့်မယ်။ ခြသေ့်၊ ကျားတို့လို တောရိုင်း
တိရိစ္ဆာန်တွေဟာ အိမ်မွေးတဲ့ ကြောင်ကလေးတွေလို အနှစ်တစ်ထောင်ကာလမှာ ဖြစ်လိမ့်မယ်။
(၃) “ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည်
ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။”
(၄) လူ့ကိုယ်ခန္ဓာပေါ်က ကျိန်ခြင်း ကွယ်ပျောက်လိမ့်မယ်။ ဟေရှာယ
၃၅း၅-၆ မှာ “ထိုအခါ မျက်စိကန်းသော သူတို့သည် မျက်စိပွင့်လင်း ကြလိမ့်မည်။
နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည်
ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့ သည် သီချင်းဆိုကြလိမ့်မည်။
အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်။” ဟေရှာယ
၆၅း၂၀ မှာ လူတွေဟာ အနှစ်တစ်ထောင် အသက်ရှင်လိမ့်မယ်။ “ထိုမြို့၌ အသက်ငယ်သော
သူငယ်မရှိရ။ အသက်မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တရာရှိလျှက် သေသောသူကို
သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက် တရာရှိလျှက် သေလျှင်၊ ကျိန်ခြင်းကို
ခံရသောသူဟူ၍ မှတ်ရ၏။” အသက်တစ်ရာလောက်နဲ့ သေရင် သူ့ကို ကလေးလိုပဲ သဘောထားလိမ့်မယ်။
လူတွေ အလွန် အသက်ရှည်လိမ့်မယ်။
(၅) ဆင်းရဲခြင်း မရှိတော့ဘူး။ ဟေရှာ ၆၅း၂၀-၂၁ “ထိုမြို့၌ အသက်ငယ်သော
သူငယ်မရှိရ။ အသက် မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တရာရှိလျှက် သေသောသူကို
သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသော သူသည် အသက်တရာရှိလျှက် သေလျှင်၊
ကျိန်ခြင်းကိုခံရသောသူဟူ၍ မှတ်ရ၏။ ထိုသူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်။
ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။” မိက္ခာ ၄း၄ မှာ
“လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ
ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင်
ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။” သခင်ယေရှု ဒီလောကကို ပြန်ကြွလာပြီး
ဒါဝိဒ်ရဲ့ပလ္လင်ပေါ်မှာထိုင်ကာ တိုင်းနိုင်ငံတွေကို သံလှံတံနဲ့
အုပ်စိုးတဲ့အချိန်တွေဟာ မင်္ဂလာရှိတဲ့ အချိန်တွေဖြစ်တယ်။
(၆) စာတန်ကို အနှစ်တစ်ထောင် ချီနှောင်ထားလိမ့်မယ်။ ဗျာဒိတ်၂၀း၁-၃-
“တဖန် ကောင်းကင်တမန်သည် အနက်ဆုံးသော တွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျှက်
ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော
နဂါးကိုကိုင်ဘမ်း၍၊ အနှစ် တစ်ထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်
မကုန်မှီတိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည့်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့
ချပစ် လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တဖန်ခဏလွတ်ရဦးမည်။”
တချို့က စာတန်ကို ချီနှောင်ထားပြီးပြီလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော့မိတ်ဆွေ
ပညာရှိတဲ့သူ တစ်ယောက်က “စာတန်ကို ချီနှောင် ထားပြီဆိုရင် ငါနဲ့ တွဲချီထားတာပဲ
ဖြစ်လိမ့်မယ်။” တစ်ခြား တစ်ယောက် ကတော့ “စာတန်ကိုချီနှောင်ထားပြီးပြီလို့
ပြောတဲ့အခါ- ချီထားတယ်ဆိုရင် ကြိုးက ကြောက်စရာကောင်း လောက်အောင် ရှည်နေပုံရတယ်”
လို့ ပြောဖူးတယ်။ မဟုတ်ပါဘူး။ စာတန်ကို မချီနှောင်ရသေးဘူး။ သူဟာ ဒီလောကရဲ့ဘုရားပါ။
၂ကော ၄း၄။ သခင်ယေရှုကြွလာတဲ့အခါ စာတန်ကို ချီနှောင်ပြီး အနက်ဆုံးတွင်း ထဲသို့
ချလိမ့်မယ်။ တံဆိပ်လည်းခတ်ထားမယ်။ အနှစ်တစ်ထောင်လုံးလုံး တိုင်းနိုင်ငံတွေကို
လှည့်ဖြားခွင့် မရတော့ဘူး။
အနှစ်တစ်ထောင်ကာလအတွင်း တခြားအရာတွေ ဖြစ်ဖို့ရှိပါသေးတယ်။
ပြောပြရုံဘဲ ပြောပြပါမယ်။
(၇) ယေရုရှလင်မြို့ဟာ တကမ္ဘာလုံးရဲ့ ဝတ်ပြုခြင်းနဲ့ အသိပညာအတွက်
ဗဟိုဌာနဖြစ်လိမ့်မယ်။ မိက္ခာ ၄း၁-၂။
(၈) စစ်ပွဲမရှိတော့ဘူး။ ဓါးတွေကို ထွန်သွားအဖြစ် ထုလုပ်ကြလိမ့်မယ်။
မိက္ခာ ၄း၃။
(၉) ဣသရေလလူမျိုးအားလုံး ထာဝရဘုရားကို သိကြလိမ့်မယ်။ ရောမ ၁၁း၂၆။
(၁၀) ခရစ်တော်က ဒါဝိဒ်ရဲ့ပလ္လင်မှာ အမှန်တကယ် အတိအကျ
ထိုင်ပြီးအုပ်စိုးမယ်။
(၁၁) သခင်ယေရှုနဲ့အတူ ခရစ်ယာန်တွေအုပ်စိုးခွင့် ရကြလိမ့်မယ်။
ဗျာဒိတ် ၃း၂၁ မှာ “ငါသည်အောင်မြင်၍၊ ငါ့ခမည်းတော်၏ ပလ္လင်ပေါ်မှာ
ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ
ငါနှင့်အတူ ထိုင်နေရသောအခွင့်ကို ငါပေးမည်။”
၄။ ကြွလာခြင်းအတွက် ပြင်ဆင်ခြင်းများ The Preparations
for His Coming
ယုံကြည်သူတွေအတွက် ခရစ်တော် အချိန်မရွေး ကြွလာနိုင်တဲ့အတွက်၊
အချက်၂-ချက် ပြောပြချင်တယ်။
(၁) ယေရှုခရစ်တော်ကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ် လက်မခံရသေးရင်
ဒီနေ့ပဲ ကိုယ်တော်ကို အားကိုးပါ။ လောကမှာ လူ ၂ စု ရှိတယ်။ ကယ်တင်ခြင်းရသူနဲ့ မရသူ
ဖြစ်တယ်။ နောက် ၅ မိနစ်အတွင်း သခင်ယေရှု ကြွလာခဲ့ရင် ခရစ်တော်ကို
ကယ်တင်ရှင်အဖြစ်နဲ့ အားကိုးပြီးသူတိုင်း ကမ္ဘာမြေပေါ်မှ သိမ်းယူတော်မူလိမ့်မယ်။
လုကာ ၁၇း၃၄-၃၆ မှာ “ငါဆိုသည်ကား၊
ထိုနေ့ညဉ့်တွင် အိပ်ရာတခု၌ရှိသောသူ နှစ်ယောက်တို့ တွင် တစ်ယောက်ကို သိမ်းယူ၍
တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူ နှစ်ယောက်တို့တွင် တစ်ယောက်ကို
သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ လယ်၌ ရှိသောသူ နှစ်ယောက်တို့တွင် တယောက်ကို
သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်”
ဒါဟာ ဝိညာဉ်သဘောနဲ့ပြောတာ
မဟုတ်ဘူး။ တကယ်အတိအကျ ပြောတာပါ။ ကြိတ်ခွဲတဲ့ စက်ရုံမှာ အလုပ်လုပ်တဲ့
လူနှစ်ယောက်မှာ တယောက်က ချီဆောင်ခံရပြီး တယောက်က ကျန်ခဲ့မယ်။ လယ်ကွင်းပြင်မှာ
အလုပ်လုပ်သူ နှစ်ယောက်မှာ တယောက်ပါသွားပြီး တယောက် ကျန်ခဲ့မယ်။ ဒီကျမ်းပိုဒ်ကို
ဝိညာဉ်သဘောနဲ့ ပြောတာ ကြားဖူးတယ်။ အတွင်းလူသစ်က ချီဆောင်ခံရပြီး လူဟောင်း ခန္ဓာကိုယ်က
ကျန်ခဲ့မယ့် သဘော ပြောကြတယ်။ ဒါပေမယ့် ယုံကြည်သူတွေရဲ့ ခန္ဓာကိုယ်တွေ
ကျန်ခဲ့မယ်လို့ ကျမ်းစာက မသွန်သင်ဘူး။ ကိုယ်ခန္ဓာပြောင်းလဲမယ်လို့သာ ပြောပါတယ်။
ဖိလိပ္ပိ ၃း၂၀-၂၁ မှာ “ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့်
စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ
ကြွလာတော်မူ မည်ဟု ငါတို့သည် မြော်လင့်လျှက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသော အရာကိုပင်
မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော
ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာတော်၏
နည်းတူဖြစ်စေခြင်းငှါ အသစ် ပြင်ဆင်တော်မူလတံ့။” ကိုယ်ခန္ဓာ အသစ်ရပြီး
အဟောင်းကျန်မယ်လို့ မပြောဘူး။ ဒီယုတ်ညံ့တဲ့ကိုယ်ခန္ဓာ ပြောင်းလဲမယ်လို့ ပြောတာပါ။
ကျွန်တော်တို့ရဲ့ခံယူချက်ဟာ ကြားဖူးထားတဲ့ သီချင်းလေးအပေါ်မှာ အခြေခံ သွားမိမှာ
စိုးရိမ်ပါတယ်။ အဲဒီသီချင်းလေးကတော့-
ခန္ဓာ ဝတ်ရုံပြုတ်ကျပြီး
ထာဝရဆုရဖို့ ထမြောက်တဲ့အခါ - - - လို့ ဆိုတယ်။
ဒါပေမယ့် ခန္ဓာဝတ်ရုံက ပြုတ်မကျဘူး။ မျက်စိတမှိတ်၊ တခဏချင်းမှာ
ပြောင်းလဲသွားမှာပါ။ သခင်ယေရှုရဲ့ ကိုယ်ခန္ဓာနဲ့တူရမှာပါ။ ၁ ယော ၃း၂ မှာ
“ချစ်သူတို့၊ ယခုတွင် ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူ
ဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊
ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊
ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည်မြင်ရကြလတံ့။” ဒါကြောင့် ကျမ်းစာက
“လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍၊ တစ်ယောက်မူကား နေရစ်ရ လတံ့။”လို့
ပြောတာဟာ- အတွင်းဝိညာဉ်လူကို သိမ်းယူပြီး ကိုယ်ခန္ဓာ ကျန်ရစ်ရတယ်လို့ မဆိုလိုဘူး။ လယ်ထဲမှာ
နှစ်ယောက်ရှိမယ်။ တစ်ယောက်ကိုသိမ်းပြီး၊ တစ်ယောက်ကျန်မယ်လို့ အတိအကျ ဆိုလိုတယ်။
တံပိုးခရာမှုတ်ချိန်မှာ
ကယ်တင်ခြင်းရသူတွေကို သခင်ဘုရားနဲ့တွေ့ဖို့ အာကာသထဲကို ချီဆောင်မယ်။
ကယ်တင်ခြင်းမရသူ ကျန်ခဲ့မယ်။ ကျန်ခဲ့တဲ့ ကယ်တင်ခြင်း မရသူတွေကို
နှစ်ပိုင်းခွဲနိုင်တယ်။ ကယ်တင်ခြင်းတရား ကြားဖူးပြီး ကယ်တင်ခြင်းရဖို့ အခွင့်ကြုံခဲ့ဖူးသူနဲ့
တခါမှမကြားဖူး အခွင့် မရဖူးသူတို့ ဖြစ်တယ်။ ကယ်တင်ခြင်းတရား ကြားရပါလျှက်၊
ကယ်တင်ရှင်ကို အားကိုးနိုင်ပါလျှက်၊ ငြင်းပယ်ခဲ့သူတွေဟာ သူတို့ဘဝလားရာက
ပြောင်းတော့မှာ မဟုတ်ဘူး။ ချီဆောင်ခြင်းမတိုင်ခင် ကယ်တင်ခြင်းတရားကြားဖူးပြီး၊
ကယ်တင်ခံရဖို့ အခွင့်အရေး ရခဲ့ဖူးသူတွေဟာ ချီဆောင်ခြင်းအပြီးမှာ အခွင့်အရေး
ထပ်မရတော့ဘူး။ မကြား ရဖူးသူတွေကတော့ အခွင့်အရေးရအုံးမှာပါ။
၂ သက် ၂းရ-၈ မှာ
“အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျှက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။
သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မှီတိုင်အောင်
ဆီးတားလိမ့်မည်။ ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။
ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊
ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။” အငယ် ၁၀ မှာ
“ပျက်စီးခြင်းသို့ရောက်သောသူတို့သည်၊ မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း
လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ
သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံမယူကြ။”
ဘာကြောင့်ပျက်စီးရသလဲ? ကယ်တင်ခြင်းရောက်ဖို့ သမ္မာတရားကို မွေ့လျော်သောစိတ်နဲ့ မခံယူလို့
ဖြစ်တယ်။ အငယ် ၁၁-၁၂ မှာ “ထို့ကြောင့်၊ သမ္မာတရားကိုမယုံဘဲ၊
မတရားသောအမှု၌ မွေ့လျော်သော သူအပေါင်းတို့သည်၊ တရားရှုံးခြင်းသို့
ရောက်မည်အကြောင်း၊ မုသာစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဋ္ဌိ
ပြုပြင်အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။”
ကယ်တင်ခြင်းတရား ကြားရပေမယ့် ကယ်တင်ခြင်းရဖို့ သမ္မာတရားကိုမွေ့လျော်သောစိတ်နဲ့
မခံယူသူတွေအပေါ် မိစ္ဆာဒိဋ္ဌိ ပြုပြင်အားထုတ်ခြင်း အခွင့်ကို လွှတ်မယ်လို့ ဆိုတယ်။
မုသာစကားကိုယုံဖို့ သမ္မာတရားကို မယုံဘဲ ဖျက်ဆီးဖို့၊ မတရားမှုမှာ
မွေ့လျော်နေဖို့၊ အားကြီးတဲ့လှည့်ဖြားခြင်းကို ခံရမယ်လို့ ဆိုတယ်။
အဲဒီအချိန် လောကမှာ လူနှစ်စုရှိတယ်။
ကယ်တင်ခြင်းရသူနဲ့ မရသူပါ။ နောက် ၅ မိနစ်အတွင်း သခင်ယေရှုကြွလာရင် ကယ်တင်ခြင်း
ရသူတွေ ချီဆောင်ခံရမယ်။ မရသူတွေ ကျန်ခဲ့မယ်။ ကယ်တင်ခြင်းတရား ကြားဖူးပြီး
အခွင့်အရေးရဖူးပေမယ့် ကယ်တင်ခြင်းမရခဲ့သူတွေဟာ အကြီးအကျယ် လှည့်ဖြားခံရလိမ့်မယ်။
မုသာစကားကို ယုံလိမ့်မယ်။ သမ္မာတရားကို မွေ့လျော်သောစိတ်နဲ့ မခံယူဘူး။ မတရားမှုမှာ
ပျော်နေလိမ့်မယ်။ ခရစ်တော်ကို အားကိုးဖို့ အခွင့်အရေးရပါလျှက်နဲ့ ငြင်းပယ်ခဲ့တယ်။
ဒါကြောင့် ကျမ်းစာက သူတို့ဘဝ ဦးတည်ရာကို တံဆိပ်ခတ်လိုက်တယ်။ တဖက်မှာတော့
ကယ်တင်ခြင်း တရား မကြားရ၊ အကယ်ခံရဖို့ အခွင့်အရေး မရဖူးသူတွေဟာ
ဘေးဒဏ်ကြီးကာလအတွင်းမှာ အခွင့်အရေးတစ်ခု ထပ်ရပါလိမ့်မယ်။
ဒါကို ဒုတိယမြောက်အခွင့်အရေး (Second chance)
လို့ မခေါ်ပါဘူး။ အခွင့်အရေးတစ်ခါမှ မရဖူးလို့ပေးတာပါ။
ဘေးဒဏ်ကြီးကာလ အတွင်းမှာ အသစ်မွေးပြီးသော (Born Again) အသွေးတော်နဲ့
ဆေးပြီးသော သာသနာပြုဆရာ ၁၄၄,၀၀၀ က ကမ္ဘာအနှံ့ ဧဝံဂေလိတရားဟောလိမ့်မယ်။
လူများစွာ ကယ်တင်ခြင်း ရလိမ့်မယ်။ ဗျာဒိတ် ရး၁၄-မှာ “ကြီးစွာသော ဆင်းရဲဒုက္ခအထဲက
လွတ်မြောက်၍၊ မိမိတို့ ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း။”
လို့ ကျမ်းစာက သူတို့အကြောင်းကို ပြောပြတယ်။ ဘေးဒဏ်ကြီးကာလအတွင်း ခရစ်တော်ကို
အားကိုးတဲ့ ဘေးဒဏ်ကြီးကာလ သန့်ရှင်းသူတွေ ဖြစ်တယ်။
ကယ်တင်ခြင်းတရားကြားရပြီး ခရစ်တော်ကိုအားကိုးဖို့ အခွင့်အရေး တကြိမ်ရဖူးရင် အသင်းတော်ကို ချီဆောင်ပြီး နောက်ပိုင်းမှာ အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ဘူး။ ခရစ်တော်ကို ကယ်တင်ရှင် အဖြစ် တစ်ခါမှ အားမကိုးရသေးရင်တော့ ဒီနေ့ပဲ ကိုယ်တော်ကို အားကိုးလိုက်ပါ။ မဿဲ၂၄း၄၄ မှာ “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျှက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” ဒီနေ့လည်း ဖြစ်နိုင်တယ်။ ခရစ်ယာန်ဖြစ်ပြီဆိုရင်တော့ ၁ ယော ၂း၂၈ အရ “ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ရောက်လျှင်၊ ရဲရင့်ရသောအခွင့်ရှိ၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌ တည်နေကြလော့။” ခရစ်တော်နဲ့ တွေ့တဲ့အခါ၊ မရှက်မကြောက် ရဲရဲဝံ့ဝံ့ ရှိနေဖို့ ခရစ်တော်အတွက် အသက်ရှင်ကြပါစို့။ ။

No comments:
Post a Comment