ကောင်းကင်ဘုံ
ငယ်ငယ်တုန်းက တရားဟောဆရာတပါး
ကောင်းကင်အကြောင်းဟောတာ ကြားဖူးတယ်။ ခရစ်ယာန်တွေသေရင် ကောင်းကင်တက် သွားတယ်လို့
ပြောတယ်။ ညအိပ်ယာဝင်တိုင်း စဉ်းစားမိတယ်။ ကောင်းကင်ဆိုတာ တကယ်ရှိသလား? ရှိရင် ဘယ်နားမှာလဲ? ခရစ်ယာန်အဖြစ်နဲ့သေရင်
ကောင်းကင်ကို ချက်ခြင်းသွားရလား? သွားရမယ်ဆိုရင်
ဘယ်လောက်ကြာကြာ သွားရမလဲ? ကောင်းကင်ရောက်ရင်
သူငယ်ချင်းတွေကို သိပါဦးမလား? သူတို့ကကော ပြန်သိပါ့မလား?
ကောင်းကင်မှာ ကျွန်တော်က ဘယ်လိုပုံ ဖြစ်နေမလဲ? ကိုယ်ခန္ဓာရှိမလား? စားသောက်လို့ရလား? ချစ်ခင်သူတွေက သိကြမလား? ချစ်ခင်သူတွေကို ကျွန်တော်က
ပြန်သိပါ့မလား? ကောင်းကင်ရောက်နှင့်ပြီဖြစ်တဲ့
အဘိုးနဲ့အဖွားကို ကျွန်တော် သိပါ့မလား? ဒီလိုမေးခွန်းမျိုးတွေ
အများကြီးတွေးနေမိတယ်။ သေခြင်းနဲ့ကောင်းကင်ဆိုတာ ကျွန်တော့အတွက် နက်နဲလှတယ်။
ရှိပါတယ်။ ကောင်းကင်ဆိုတာ
တကယ်အတိအကျ ထုနဲ့ထည်နဲ့ကို ရှိတယ်လို့ ကျမ်းစာက သွန်သင်တယ်။ သခင်ယေရှုက ယောဟန် ၁၄:
၂-၃ မှာ “ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို
သင်တို့အား ငါမပြောဘဲမနေ။ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။
ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ
သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။”
တချို့က ကောင်းကင်ဆိုတာ စိတ်အထင်
တစ်ခုပါကွာလို့ ထင်တဲ့အတွက် တကယ်ရှိကြောင်း ပြောရတာပါ။ သခင်ယေရှုက “သံချေး၊ ပိုးရွ
ဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။
သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်း မဖောက်မခိုးယူရာ ကောင်းကင် ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။”
ကောင်းကင်ဟာ တကယ်အတိအကျ၊
ထုနဲ့ထည်နဲ့ရှိကြောင်း ပြောပြထားတယ်။ အချိန်ရလို့ ဗျာဒိတ်၂၁ နဲ့ ၂၂ ကို
ဖတ်ကြည့်မယ်ဆိုရင် ကယ်တင်ခြင်းရသူတွေရဲ့ ထာဝရနေအိမ်တော်ဖြစ်တဲ့ သန့်ရှင်းသော မြို့တော်
ယေရုရှလင်မြို့သစ်ရဲ့ အလှအပကို မြင်တွေ့လာမှာပါ။ အဲဒီကျမ်းပိုဒ်တွေအရ
ကောင်းကင်ဘုံမှာ အခြေခံ အုတ်မြစ်တွေရှိတယ်။ အဖိုးတန်ကျောက်တွေနဲ့ အလှဆင်ထားတယ်။
မြို့ရိုးက နဂါးသွဲ့ကျောက်လို့ ဆိုတယ်။ မြို့တံခါးက အရှေ့ သုံးပေါက်၊
အနောက်သုံးပေါက်၊ မြောက်သုံးပေါက်၊ တောင်းသုံးပေါက်ရှိပြီး၊ တံခါးတွေကို
ပုလဲနဲ့ပြုလုပ်ထားတယ်။ တံခါးတစ်ချပ်- ပုလဲတပြားပါဘဲ။
၁။ ပြောမပြနိုင်လောက်အောင် လှတဲ့၊
ဘုန်းအသရေ တောက်ပတဲ့နေရာပါ။ ၁ကော၂: ၉ မှာ “ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို
ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသော အရာကို
လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။” ကျမ်းစာက
လူ့စိတ်နဲ့ မကြံစည်ဘူးတဲ့ နေရာလို့ ဆိုတယ်။ ကောင်းကင်ရဲ့အလှကို
ပြောပြမှန်းဆနိုင်မှာ မဟုတ်ဘူး။ ဗျာဒိတ် ၂၁ နဲ့ ၂၂ ကိုဖတ်ကြည့်ပါ။
ကောင်းကင်ရဲ့အလှကို နည်းနည်းကလေး ရိပ်မိရုံဘဲရှိမှာပါ။
ကောင်းကင်ဟာ ပြောမပြနိုင်အောင်
လှတဲ့အရပ်၊ ဘုန်းအသရေ တောက်ပတဲ့နေရာ ဖြစ်တယ်။ ကောင်းကင်ဟာ အပြည့်အဝ အနား ယူရာ
နေရာလည်းဖြစ်တယ်။ ဗျာဒိတ် ၁၄: ၁၃ မှာ “တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍
သခင်ဘုရား၌သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊
ထိုသို့မှန်ပေ၏။ ထိုသူတို့သည်ပင်ပန်းခြင်း ငြိမ်းမည် အကြောင်း ရှိ၍၊ သူတို့၏
အကျင့်တို့ သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။”
လူအများစုက လုံးဝ နားတယ်ဆိုတာကို
သိပ်မသိ၊ သိပ်နားမလည်ကြဘူး။ စိုးရိမ်ခြင်း မရှိတော့ဘူး။ လုပ်ငန်းအချိန်ဇယားတွေ
မရှိဘူး။ မနက်စောစောထဖို့ နိုးစက်နာရီတွေ မရှိဘူးဆိုတဲ့ အနားယူခြင်းမျိုးကို လူတွေ
မခံစားဖူးကြဘူး။
အမေသေတော့ ကျွန်တော်က
သက်သေခံထွက်နေချိန်မှာ မိတ်ဆွေတချို့ ကျွန်တော့ကို လာရှာပြီး၊ အမေဆုံးပြီလို့
ပြောတယ်။ အိမ်ကို အမြန်ပြန်ပြီး အမေ နေမကောင်းတုန်းကနေတဲ့ အိပ်ခန်းရှိရာကို
ဝင်သွားလိုက်တယ်။ အိပ်ယာပေါ်မှာ အမေ့အလောင်းကို ပြင်ထားပြီ။ အမေ့ကို မြင်ရချိန်မှာ
ပထမဦးဆုံး ဝင်လာတဲ့ အတွေးက “ကျွန်တော့်ဘဝမှာ အမေ အနားယူတာကို ဒီတခါ ပထမဆုံး
မြင်ရတာပါလား အမေ” လို့ တွေးမိတယ်။ အမြဲတမ်း တစ်ခုခု လုပ်နေတတ်တဲ့ အမေဟာ အခု အနားယူနေပါပြီ။
အလုပ်တာဝန်တွေ ပြီးဆုံးပြီ။
ကောင်းကင်ဟာ
ပြောမပြနိုင်လောက်အောင်လှတဲ့ နေရာ၊ အပြည့်အဝနားတဲ့ နေရာဖြစ်တယ်။ ဒါပေမယ့်
ကောင်းကင်ဟာ အသိအမြင် စုံလင်ရာ နေရာလည်းဖြစ်တယ်။
“ကောင်းကင်ရောက်ရင် သခင်ဘုရားကို
မေးချင်တာတွေရှိတယ်။” လို့ ပြောကြတယ်။ အမှန်က ကောင်းကင်ရောက်ရင် သခင်ဘုရား သိသလို
သိလာလိမ့်မယ်။ ဘာမှမေးနေစရာမလိုတော့ဘူး။
ဒီလောကမှာ ရှင်းပြလို့မရနိုင်တာတွေ
အများကြီးရှိတယ်။ လူငယ်ဇနီးမောင်နှံ နှစ်ယောက်မှာ သားသမီး ၃ ယောက် ရှိတယ်။ ကလေး
တယောက် ဆုံးပါးသွားလို့ သင်္ဂြိုလ်ဖို့ ကျွန်တော့ကို ခေါ်တယ်။
နောက်လအနည်းငယ်ကြာတော့ ဒုတိယကလေး ထပ်ဆုံးပါးတယ်။ နောက်တနှစ် မပြည့်ခင်မှာဘဲ တတိယ ကလေး
ဆုံးပါးတယ်။ ရောဂါတမျိုးစီနဲ့ သေကြတာပါ။ ဖြစ်တောင့်ဖြစ်ခဲဆိုတော့ ကျွန်တော်လည်း
ရှင်းမပြတတ်ဘူး။ နောက်ဆုံး သေတဲ့ကလေးကို သင်္ဂြိုဟ်ပြီးအပြန်မှာ အမေဖြစ်သူက
ငိုပြီး ပြောတယ်။ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ရှင်းပြပါဆရာ။ သူများ မိသားစုတွေမှာ
ကလေး တယောက်မှ မသေဘဲ၊ ဘာကြောင့် ကျွန်မကလေးတွေအားလုံး အခေါ်ခံရလဲ?”
ငါ့နှလုံးသားက တွန့်ကြေ အက်ကြောင်းတွေနဲ့ပေါ့- - .
ဘုရားက သူ့အလုပ်သူ သိတယ်။
ဘုရားမြင်သလို ကျွန်တော်တို့ မမြင်တော့ အစစအရာရာကို ရှင်းပြနိုင်စွမ်း
မရှိဘူးပေါ့။ ဒါပေမယ့် ကောင်းကင်ရောက်ရင် သိလာလိမ့်မယ်။ ကောင်းကင်ဆိုတာ
ဖုံးအုပ်ခြင်း မဲ့တဲ့ အသိအမြင်စုံလင်ရာ အရပ် ဖြစ်တယ်။ အရာအားလုံးကို နားလည်လာမယ်။
၁ကော ၁၃: ၁၂ မှာ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျှက်သာ နေကြ၏။
ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါ့အသိအမြင်
မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။”
အင်္ဂလန်ပြည်က
လူငယ်လေးတစ်ယောက်အကြောင်း ဖတ်ရတယ်။ အဖေသေခါနီးလို့ ကျောင်းထွက်ပြီး မိသားစု
စားဝတ်နေရေးအတွက် အလုပ်လုပ်ရရှာတယ်။ မိသားစုအတွက်၊ အမေ့ကိုကူဖို့
သတင်းစာရောင်းရချိန်မှာ ၁၀နှစ်အရွယ်ပဲ ရှိသေးတယ်။ တနေ့ပြီးတနေ့
သတင်းစာရောင်းရင်းနဲ့ အိမ်အပြန်လမ်းမှာရှိတဲ့ ကစားစရာ အရုပ်စတိုးဆိုင်က လှလှပပဆေးရောင်ချယ်ထားတဲ့
စစ်သားရုပ် ကလေးတွေကို ပြတင်းပေါက်ကနေ ရပ်ပြီး ငေးကြည့်နေတတ်တယ်။ ဒါကို ဆိုင်ရှင်က
ရိပ်မိတယ်။
တနေ့ အဲဒီလူငယ်ကလေးကို
မတွေ့ရတဲ့အတွက် ဆိုင်ရှင်က လမ်းထဲကလူတွေကို “ဆိုင်မှာ စစ်သားရုပ်ကလေးတွေကို
လာရပ်ကြည့် တတ်တဲ့ သတင်းစာရောင်းတဲ့ ကလေးကို တွေ့မိကြလား?” လို့ စုံစမ်းတယ်။ တယောက်က “ဟာ၊ ခင်ဗျားမကြားဘူးလား? တနေ့က
ကားတိုက်လို့လေ။ ဆေးရုံပေါ်မှာ သတိမေ့နေတယ်။” လို့ ပြောတယ်။ ဆိုင်ရှင်က
စိတ်ထိခိုက်သွားတယ်။ စစ်သားရုပ်ကလေးတွေကို စုသိမ်းပြီး ဆေးရုံကို ယူသွားတယ်။
ကောင်ကလေးဟာ နေ့တိုင်း စစ်သားရုပ် ကလေးတွေကို မက်မက်မောမော လာလာကြည့်တဲ့ အကြောင်း
အမေဖြစ်သူကို ပြောပြပြီး၊ အရုပ်ကလေးတွေကို ပေးခွင့်ပြုဖို့ တောင်းဆိုတယ်။
ကောင်ကလေးက သတိလစ်တုန်းပါ။ ဒါနဲ့
ဆိုင်ရှင်က စစ်သားရုပ်လှလှကလေးတွေကို ကုတင် ခြေရင်းမှာ တန်းစီပြီး တင်ထားလိုက်တယ်။
ဒီလိုနဲ့ ရက်အတော်ကြာသွားတယ်။
ချက်ခြင်း ရောက်တယ်။ ကျမ်းစာက ၂ကော
၅: ၈ မှာ “ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့ သွား၍” ဆိုတာဟာ “သခင်ဘုရားထံတော်၌ နေမြဲနေခြင်း” လို့ ဆိုတယ်။
ခရစ်ယာန်တယောက်အတွက် နေစရာ ၂ ခု
ရှိတယ်။ ကိုယ်ခန္ဓာ၌ နေခြင်းနဲ့ သခင်ဘုရား ထံတော်၌ နေခြင်း တို့ဖြစ်တယ်။ ဖိလိပ္ပိ
၁: ၂၃ မှာ ရှင်ပေါလုက “ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည် ယခု ကျဉ်းမြောင်းစွာ
နေရ၏။ စုတေ့၍ ခရစ်တော်နှင့် အတူနေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန်ထူးမြတ်သော
အကျိုးဖြစ်၏။” သေပြီး၊ ခရစ်တော်နဲ့အတူနေရပါတယ်။ လူဆိုတာ ကိုယ်ခန္ဓာမဟုတ်ဘူး။
ဝိညာဉ်ဖြစ်တယ်။ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ခွင့်ရထားတယ်။ ကျမ်းစာက လူကို
ဘုရားသခင်ရဲ့ ပုံတော်နဲ့အတူ ဖန်ဆင်းထားတယ် လို့ ဆိုတယ်။ လူ့နှာခေါင်းထဲကို
အသက်မှုတ်သွင်း ပေးလို့ လူဟာ သက်ရှိဝိညာဉ် ဖြစ်လာတယ်။ (ကမ္ဘာ ၂: ရ)
ကျွန်တော့ကိုယ်ခန္ဓာဟာ ကျွန်တော်မဟုတ်ဘူး။ ကျွန်တော် ပိုင်ခွင့်ရထားတာသာ ဖြစ်တယ်။
ကျွန်တော်ပိုင်တဲ့အရာသာ ဖြစ်တယ်။ ကျွန်တော့ခေါင်းကို ကျွန်တော်ထုလိုက်ရင် “ငါ့ခေါင်းကို
ထုမိတယ်” လို့ ပြောတယ်။ ငါ့ခေါင်း၊ ငါ့လက်၊ ငါ့ခြေ၊ ငါ့နား . . စသည်ဖြင့်ပေါ့။
ဒါပေမယ့် ငါ့နာရီ၊ ငါ့အင်္ကျီ ဆိုတာလည်း ရှိပါတယ်။ ကျွန်တော့အင်္ကျီဟာ
ကျွန်တော်ပိုင်ဖြစ်သလို၊ ကျွန်တော့် ကိုယ်ခန္ဓာဟာလည်း ကျွန်တော်ပိုင် ဖြစ်တယ်။
ဒီကိုယ်ခန္ဓာဟာ ကျွန်တော်နေတဲ့ အိမ်ပါ။ ကျွန်တော်ကိုယ်၌ကတော့ အထဲမှာရှိတဲ့
စိတ်ဝိညာဉ်ဖြစ်တယ်။ ၁သက် ၅: ၂၃ မှာ ရှင်ပေါလုက “ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ၊
သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့်
ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။” လူသေရင် သူ့စိတ်နဲ့ဝိညာဉ်ဟာ
ကိုယ်ခန္ဓာကိုခွာပြီး ခရစ်တော်ထံ ချက်ခြင်း သွားတယ်။
သိလိမ့်မယ်လို့ ကျမ်းစာက ပြောတယ်။
“ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ် မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏
နိုင်ငံတော်ထဲသို့ ဝင်၍၊” ဆိုတော့ အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့ကို သိရလိမ့်မယ်။
သခင်ယေရှု အရောင်အဝါ
ပြောင်းလဲတော့၊ မောရှေနဲ့ဧလိယ ထင်ရှားလာတယ်။ မောရှေဆိုတာ ဧလိယ မမွေးခင်မတည်းက
အသက်ရှင်ပြီး၊ သေလွန်ခဲ့သူပါ။ ဒါပေမယ့် သခင်ယေရှု အရောင်အဝါ ပြောင်းလဲတဲ့
တောင်ပေါ်မှာ မောရှေက ဧလိယကို သိနေတယ်။ ဧလိယကလည်း မောရှေကို သိနေတယ်။ တယောက်နဲ့ တယောက်
သိရုံမျှမကဘူး။ နာမည်တွေကလည်း အရင်အတိုင်းပဲရှိနေတယ်။
တချို့က “နာမည်တွေက ကောင်းကင်မှာ
ဒီအတိုင်းဘဲရှိမှာလား?” လို့ မေးတယ်။ မသိပါဘူး။ မောရှေကိုတော့
မောရှေလိုပဲ ဆက်ခေါ်တယ်။ ဧလိယလည်း ဧလိယပါပဲ။ အာဗြဟံက အာဗြဟံ။ ဣဇာက်က ဣဇာက်။
ယာကုပ်က ယာကုပ် လို့ ဆက်ခေါ်တယ်။ အားလုံးလဲ ဒီအတိုင်းဘဲ ဖြစ်နေမှာပေါ့။
ကျွန်တော်လည်း Curtis Hutson ဘဲ ဆက်ဖြစ်နေနိုင်တယ်။
ကောင်းကင်မှာ တစ်ယောက်နဲ့တစ်ယောက်
သိကြမလား။ သိမှာပါ။ မောရှေက ဧလိယကို သိတယ်။ ဧလိယကလည်း မောရှေကို သိတယ်။ တကယ်တော့
မြေကြီးပေါ်မှာတုန်းက တယောက်နဲ့တယောက် တွေ့ဖူးကြတာမဟုတ်ဘူး။ အချင်းချင်း
သိကြရုံမျှမက နောင်မှာ ဘာဖြစ်မယ် ဆိုတာလည်း သိနေကြတယ်။ လုကာ ၉ မှာ သူတို့ဟာ
သခင်ယေရှု ယေရုရှလင်မြို့မှာ အသေခံမယ့်အကြောင်း ဆွေးနွေးခဲ့ကြတယ်။ ၁ကော ၁၃: ၁၂ မှာ
“ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျှက်သာ နေကြ၏။ ထိုအခါမူကား၊ သူတပါးသည်
ငါ့ကို သိသကဲ့သို့ ငါသိရလိမ့် မည်။”
ကိုယ်ခန္ဓာရှိမယ့်သဘော
ကျမ်းစာမှာတွေ့ရတယ်။ လုကာ ၁၆ မှာ လာဇရုသေတော့ ကောင်းကင်တမန်တွေက အာဗြဟံရင်ခွင်ကို
ပို့ပေးတယ်။ သဌေးကြီးက ချောက်ကြီးတဖက်ကနေ မြှော်ကြည့်တယ်။ အာဗြဟံရဲ့ရင်ခွင်မှာ
လာဇရုကို တွေ့တယ်။ အာဗြဟံနဲ့စကားပြောတဲ့အခါ လာဇရုရဲ့ လက်ဖျားကို ရေမှာနှစ်ပြီး လာတိုက်ဖို့
တောင်းဆိုတယ်။ ဒီအချက်ကြောင့် လာဇရုမှာ ကိုယ်ခန္ဓာရှိကြောင်း သိနိုင်တယ်။
၂ကော ၅: ၁ မှာ ရှင်ပေါလုက
“ယာယီတဲဖြစ်သောငါတို့ မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မလုပ်ဘဲ၊
ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရ အိမ်ရှိကြောင်းကို ငါတို့သိကြ၏။”
ကောင်းကင်မှာရမယ့် ကိုယ်ခန္ဓာကို ဒီလောကမှာကတည်းက တောင့်တနေရမယ်လို့ ပြောနေတာပါ။
ကျမ်းစာက သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ကိုယ်ခန္ဓာတမျိုးရှိမယ်လို့ ဆိုတယ်။ သခင်
ယေရှုကြွလာပြီး ကိုယ်ခန္ဓာမထမြောက်ခင် အချိန်အထိ ပိုင်ဆိုင်ရမယ့်
ခန္ဓာကိုယ်တမျိုးပါ။
သခင်ယေရှု ကြွလာမယ်။ ကြွလာတဲ့အခါ
ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေဟာ သေခြင်းမှ ထမြောက်လိမ့်မယ်။ ၁သက် ၄: ၁၆ မှာ
“သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏
တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော် မူ၍၊
ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” ခရစ်ယာန်တွေဟာ
သင်္ချိုင်းတွင်းက ထွက်လာရလိမ့်မယ်။
ကျမ်းစာက တမန် ၂၄: ၁၅ မှာ
“ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ
ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့ မြှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို
အမှီပြ၍ မြှော်လင့်ပါ၏။”
ယောဟန် ၅:၂၈-၂၉ မှာ သခင်ယေရှုက
“ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူ အပေါင်းတို့သည်
သားတော်၏ စကားသံကိုကြား၍၊ ထွက်ရမည့်အချိန် ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို
ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်း သို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို
ကျင့်သော သူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။”
ယောဘ ၁၉: ၂၅-၂၇ မှာ ယောဘက “ငါ့ကို
ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောက်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော် မူမည်
ဟူ၍၎င်း၊ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌
ဘုရားသခင်ကို မြင်မည်ဟူ၍၎င်း ငါသိ၏။ ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။
သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့ မြှော်လင့်၍
ငါ့ကျောက်ကပ်သည် ပျက်လျှက်ရှိ၏။”
လူသေရင် သူ့စိတ်ဝိညာဉ်ဟာ
ကိုယ်ခန္ဓာကိုခွာပြီး ခရစ်တော်ထံ ချက်ခြင်းရောက်သွားတယ်လို့ ကျမ်းစာက သွန်သင်တယ်။
၂ကော ၅ ကို အခြေပြုလိုက်ရင် သေခြင်းနဲ့ထမြောက်ခြင်းကြား၊ ထမြောက်ခြင်းကို
စောင့်ဆိုင်းနေချိန်မှာ စိတ်ဝိညာဉ်ဟာ ယာယီခန္ဓကိုယ်တစ်ခုကို ရထားတယ်။ ဒါကြောင့်
၂ကော ၅ က ခန္ဓာကိုယ်ဟာ သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ယုံကြည်သူရတဲ့
ယာယီကိုယ်ခန္ဓာတစ်ခု ဖြစ်တယ်။ ဒါပေမယ့် သခင်ယေရှု ကြွလာတဲ့အခါ ခရစ်တော်၌
သေလွန်သူတွေက အဦးဆုံးထမြောက် ကြမယ်။ ထမြောက်လာတဲ့အခါ၊ ခရစ်တော်နဲ့တူတဲ့
ကိုယ်ခန္ဓာရမယ်လို့ ဆိုတယ်။
၁ယော ၃: ၂မှာ “ချစ်သူတို့၊ ယခုတွင်
ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။
သို့သော်လည်း ကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသော အခါ၊ ငါတို့သည်
ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည် အတိုင်းကို
ငါတို့သည် မြင်ရကြလတံ့။”
ဖိလိပ္ပိ ၃: ၂၀-၂၁ မှာ “ငါတို့
ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျှက်ရှိ၏။ ကယ်တင်တော်မူသော၊
အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည်
မြှော်လင့်လျှက် နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌
နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏
ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူ
ဖြစ်စေခြင်းငှါ အသစ် ပြင်ဆင်တော်မူလတံ့။”
မြင်ယောင်ကြည့်လိုက်မယ်ဆိုရင်
ခရစ်ယာန်သေရင် စိတ်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ခွာပြီး ခရစ်တော်ထံ ချက်ခြင်း
ရောက်တယ်။ သူ့အလောင်းကို သင်္ဂြိုဟ်တယ်။ မြေမှုန့်ပြန်ဖြစ်သွားတယ်။ ခရစ်တော်မလာမှီ
အနှစ်တစ်ရာ (သို့) အနှစ်တထောင် ကြာနိုင်တယ်။ တဖက်ကလည်း တစ်နှစ် (သို့) တစ်ရက် ပဲလည်း
ဖြစ်နိုင်တယ်။ ဘယ်အချိန်လာမလဲ ဘယ်သူမှမသိနိုင်ဘူး။ သခင်ယေရှု ကြွလာတဲ့အခါ
ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို
မှုတ်ခြင်းနဲ့ ကြွလာပြီး ခရစ်တော်၌ သေလွန်သူတွေ အဦးဆုံး ထမြောက်ကြလိမ့်မယ်။
သေလွန်တဲ့ ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေ သေရာမှ ပြန်ထလာမယ်။ သေချိန်ကတည်းက
ခရစ်တော်ထံရောက်သွားတဲ့ စိတ်ဝိညာဉ်ဟာ တဖန် ပြန်ရောက်လာမယ်။
“ညီအကိုတို့၊ မြှော်လင့်ခြင်းမရှိသော
အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော
သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှ တဖန်
ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း၊
ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။” ၁သက် ၄: ၁၃-၁၄
သိနေမှာပါ။ ကျမ်းစာချက် ပြပါမယ်။
ကောင်းကင်ရောက်သူတွေဟာ သိမြင် သွားလာနေတယ်။ လူသေရင် အိပ်ပျော်ပြီး
ထမြောက်ခြင်းမရောက်မှီအထိ၊ ဘာမှမသိတော့ဘူး လို့ တချို့ ထင်ကြတယ်။ အိပ်ပျော်တယ်လို့
ကျမ်းစာက ပြောပေမယ့်၊ အိပ်ပျော်တယ်ဆိုတာ ကိုယ်ခန္ဓာကိုပဲ ရည်ညွှန်းတာပါ။
၁သက် ၄း၁၃ မှာ
“အိပ်ပျော်သောသူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။” ယောဟန် ၁၁
မှာ သခင်ယေရှုက လာဇရုအိပ်ပျော်တယ်လို့ ပြောတယ်။ ဒါပေမယ့် စိတ်ဝိညာဉ်ကို ပြောတာ မဟုတ်ဘူး။
ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က ဖြစ်ပျက်နေတာတွေကို သိနေ၊ မြင်နေကြတယ် ဆိုတဲ့
တခြားကျမ်းချက်တွေ ရှိသေးတယ်။
ကျမ်းစာကို အနက်ဖွင့်ရင်
လိုက်နာစရာကောင်းတဲ့ မူတခုရှိတယ်။ ရှင်းနေတဲ့ကျမ်းချက်ကို ရှုပ်အောင်၊ နားမလည်တဲ့ ကျမ်းချက်ကို
ဘယ်တော့မှ မသုံးပါနဲ့။ ကောင်းကင်ရောက်သူတွေ သိနေ၊ မြင်နေ သွားလာနေတယ်ဆိုတဲ့
ကျမ်းချက်တွေ ပြပါမယ်။
လူကာ ၁၅: ရ-၁၀ မှာ
နောင်တရစရာမရှိတဲ့ လူကိုးဆယ့်ကိုးယောက်ထက် နောင်တရတဲ့ အပြစ်သား တစ်ယောက်အပေါ်
ကောင်းကင်မှာ ပိုဝမ်းမြောက်ကြတယ်။ ဝမ်းမြောက်သူတွေဟာ ကောင်းကင်တမန်တွေမဟုတ်ဘူး။
ကောင်းကင်တမန်တွေက ကယ်တင်ခြင်းအကြောင်း မသိဘူး။ ကယ်တင်ခြင်းအကြောင်း သိသူတွေသာ
ဝမ်းမြောက်တာပါ။ သူတို့က ကောင်းကင်ကနေ မြေကြီးပေါ်ကို ငုံ့ကြည့်တယ်။ မိတ်ဆွေတွေ ချစ်ခင်သူတွေ
ခရစ်တော်ကို လက်ခံကြတာ မြင်တယ်။ ကယ်တင်ခြင်းရကြလို့ ဝမ်းသာကြတယ်။
ဗျာဒိတ် ၆: ၉-၁၀ မှာ
၅-ခုမြောက်တံဆိပ်ကို ဖွင့်တော့ “ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏
နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရသောသူတို့၏
ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ကလည်း၊ သန့်ရှင်း ဟုတ်မှန်၍
အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသောသူတို့သည် ငါတို့အသွေးကို
သွန်းကြသောအပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်းဟု
ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။”
ကောင်းကင်က အဲဒီလူတွေဟာ မာတုရအဖြစ်
အသတ်ခံရတဲ့သူတွေပါ။ သူတို့က အသံကျယ်ကြီးနဲ့ အော်ဟစ်ကြတယ်။ အိပ်မနေဘူးပေါ့။
သခင်ဘုရားကို စကားပြောကြတယ်။ သူတို့ကို သတ်တဲ့သူတွေအပေါ် တစ်ခုခုမလုပ်ဘဲ
ဘယ်လောက်ကြာနေအုံးမှာလဲလို့ မေးကြတယ်။
စဉ်းစားစရာ အချက်တွေရှိပါတယ်။
ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်ကို ငုံ့ကြည့်တယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေဟာ
အပြစ်ပေးမခံရဘဲ ကောင်းစားနေတယ်။ ဒါကြောင့် “ သူတို့ကလည်း - -
အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာ နေသောသူတို့သည် ငါတို့ အသွေးကို
သွန်းကြသောအပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်း”
လို့ မေးတယ်။
နောက်တချက်၊ အငယ် ၁၁ မှာ
သခင်ဘုရားက သူတို့ကို ပြန်ပြောတယ်။ “ထိုသူတို့၌ ဖြူသော ဝတ်လုံကို ပေးတော်မူ၏။
သူတို့နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည်
ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား
မိန့်တော်မူ၏။”
မူရင်းကျမ်းစာလိပ်တွေမှာ
အခန်းကြီး၊ အခန်းငယ်ခွဲထားခြင်း မရှိဘူး။ လူကခွဲ ပေးလိုက်တာပါ။ ကျမ်းစာကို
အခန်ကြီး၊ အခန်းငယ်ခွဲတဲ့ လူတွေကို Spurgeon က အပြစ်တင်တယ်။ သူအပြစ်ပြောတာ
ဟုတ်တယ်လို့ ကျွန်တော်ထင်တယ်။ ဟေဗြဲ ၁၁ အဆုံးမှာ ရပ်ထားလိုက်ရင်၊ ဟေဗြဲ ၁၂: ၁
မှာရှိတဲ့ သိပ် အရေးကြီးတဲ့ အကြောင်းအရာတစ်ခု လွတ်သွားနိုင်တယ်။ အဲဒီကျမ်းပိုဒ်မှာ
ကောင်းကင်ရောက်သူတွေဟာ မြေကြီးပေါ်က အဖြစ်အပျက်တွေကို သိနေတယ်လို့ သွန်သင်ထားတယ်။
သက်သေခံတွေအများကြီး ကျွန်တော်တို့ကို ဝိုင်းရံထားတာလို့ သွန်သင်ထားတယ်။
မြေကြီးပေါ်က အဖြစ်အပျက်တွေကို
ကောင်းကင်လူတွေ သိကြသလား? သိပါတယ်။ ဘယ်လောက်သိသလဲ? အပြစ်အားလုံး၊ ဒုက္ခအားလုံး၊ သိမသိ မသေချာဘူး။ လူသတ်မှုအားလုံး၊
ဆိုးညစ်မှုအားလုံး၊ သိသလားလို့ မသေချာဘူး။ ဒါပေမယ့် ကယ်တင်ခြင်း မရသူတွေ
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်အားကိုးတာကိုတော့ သိကြတာ သေချာတယ်။ အကြောင်းက လုကာ ၁၅:
၁၀ မှာ သူတို့ဟာ နောင်တရတဲ့အပြစ်သား တယောက်အတွက် ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ
ရှေ့မှာ ဝမ်းမြောက်ကြတယ် လို့ ပြောလို့ပါ။
လူ့ဘဝဖြစ်တည်မှုကို ယခုကာလ၊
ကြားကာလ၊ ထာဝရကာလ ဆိုပြီးသုံးပိုင်း ပိုင်းနိုင်တယ်။ ယခုကာလဆိုတာ မွေးဖွားချိန်မှ
သေဆုံးချိန်ထိ ဖြစ်တယ်။ ကြားကာလဆိုတာ သေဆုံးချိန်မှ ထမြောက်ချိန်ထိ ဖြစ်တယ်။
ထာဝရကာလဆိုတာ ထမြောက်ချိန်မှ ထာဝရကာလ တလျှောက်လုံးအထိ ဖြစ်တယ်။ လူဟာ ထမြောက်ပြီးချိန်မှစ၍
ထာဝရ တည်မြဲသွားပြီ။
ယခုကာလမှာ အသက်ရှင်နေတယ်။
သေသွားရင် စိတ်ဝိညာဉ်က ကိုယ်ခန္ဓာကို ခွာပြီး၊ ခရစ်တော်ထံ
ရောက်သွားတယ်။ အလောင်းကို သင်္ဂြိုဟ်မယ်။ သေခြင်းနဲ့ ထမြောက်ခြင်းကြားမှာ ခရစ်တော်
ကြွလာခြင်းကို စောင့်စားရင်း ကြားကာလကြုံမယ်။
ကျွန်တော်ငယ်ငယ်တုန်းက
“ကောင်းကင်ပေါ်ကို တက်မယ်” လို့ ပြောလေ့ရှိဖူးတယ်။ လူငယ်ဘဝရောက်တော့ တရုတ်ပြည်မှာ
သေပြီး အပေါ်တက်သွားရင် အမေရိကမှာ သေပြီး အပေါ်တက်မယ့် လူနဲ့
ဆန့်ကျင်ဘက်တွေဖြစ်လိမ့်မယ်လို့ လူတယောက်က သတိပေးတယ်။ ကမ္ဘာကြီးကလုံးပြီး
တရုတ်ပြည်ကလည်း တဖက်ခြမ်းမှာ ရှိတဲ့အတွက် သူ့ပြောစကားက ဟုတ်သလိုလို ထင်ရတယ်။
ဒါပေမယ့် ကျမ်းစာကို လေ့လာကြည့်တဲ့အခါ ကောင်းကင်ဟာ အမြင့်ဆုံးကြယ်တွေထက် ပိုဝေးတဲ့
မြောက်ဘက် အရပ်မှာ တည်တယ်လို့ ပြောတယ်။
စိတ်ဝင်စားစရာ ကျမ်းချက်တခုက
“အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင်။ ဘုရားသခင်သည်
စီရင်ပိုင်တော်မူ၏။ တယောက်ကို နှိမ့်ချ၍၊ တယောက်ကို ချီးမြှောက်တော်မူ၏။” ဆာလံ ရ၅:
၆-၇။ မြောက်အရပ် ဆိုတဲ့စကားမပါတာ အံ့ဩစရာဖြစ်တယ်။ ဘာကြောင့်လဲ? ကျေးဇူးပြုခြင်းဟာ မြောက်အရပ်က လာတဲ့အတွက် ဖြစ်တယ်။ ဘုရားသခင်ထံမှ လာတယ်။
“တစ်ယောက်ကို နှိမ့်ချ၍ တယောက်ကို ချီးမြှောက်တော်မူ၏။”
ဟေရှာယ ၁၄း၁၂-၁၇ မှာ
*စာတန်ဖြစ်လာတဲ့ လူစီဖာ အကြောင်း* တွေ့ရတယ်။ သူက “ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ
ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။” လို့ ပြောတယ်။ “မိုဃ်းတိမ်ထိပ်ပေါ်သို့
ငါတက်မည်။” “မြောက်မျက်နှာဘက် ဗျာဒိတ်တော်ပေါ်မှာ ငါထိုင်မည်။” လို့ ပြောတယ်။
ကောင်းကင်ဟာ မြောက်အရပ်ဘက်မှာ
ရှိတယ်။ ဟေရှာယ ၁၄ အရ အမြင့်ဆုံးကြယ်ရဲ့ အစွန်းတဖက်မှာ ရှိတယ်။ ဟေရှာယ ၁၄ မှာ
စာတန်က “ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို
ငါချီးမြှောက်မည်။” လို့ ဆိုတယ်။ တကယ်ကြယ်တွေကိုသာ ပြောလိုက်တာဆိုရင် ဒုတိယ ကောင်းကင်လို့ဆိုတဲ့
အရပ်ရဲ့ အပြင်ဘက်ကို ပြောတာပါ။
ကောင်းကင် သုံးထပ်ရှိတယ်။
ရှင်ပေါလုက ၂ကော ၁၂: ၂၊ ၄ မှာ “တစ်ဆယ့်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော
လူတယောက်ကို တတိယကောင်းကင်သို့ တိုင်အောင် ချီဆောင်သည် အကြောင်းကို ငါသိ၏။
ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။ ထိုသူသည်
ပရဒိသုဘုံသို့ ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြောနိုင်သော စကားကို ကြားသည် အကြောင်းကို
ငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။”
တတိယကောင်းကင်ရှိနေရင် ပထမနဲ့
ဒုတိယကောင်းကင်လည်း ရှိတယ်။ ပထမ ကောင်းကင်ဟာ ငှက်တွေပျံသန်းတဲ့ လေထု ကောင်ကင်
ဖြစ်တယ်။ ၂ပေ ၃: ၁၀ မှာ “မိုဃ်းကောင်းကင်သည် ကြီးစွာသောအသံနှင့်
ပျောက်သွားလိမ့်မည်။” လေထုကောင်းကင်ကို ပြောတာပါ။ ဆာလံ ၁၉း၁ မှာ
“မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍ …” ဒါက
ဒုတိယကောင်းကင်- ကြယ်တွေ၊ ဂြိုလ်တွေရှိတဲ့ ကောင်းကင်ကို ပြောတာပါ။
တတိယကောင်းကင်ကတော့ ခရစ်ယာန်တွေရောက်တဲ့ သခင်ယေရှုရှိရာအရပ်၊ ဘုရားသခင်ရဲ့
ပရဒိသုဘုံ ဖြစ်ပြီး၊ ကြယ်စင်တွေရဲ့အစွန်း၊ ဒုတိယကောင်းကင် (သို့) ကြယ်တာရာ
ကောင်းကင်ရဲ့ အစွန်းမှာရှိတယ်။
လူတွေမြင်နိုင်စွမ်းရှိတဲ့
အဝေးဆုံးကြယ်ဆိုတာ အားအကောင်းဆုံးတယ်လီစကုပ် နဲ့ကြည့်ရင် အလင်းနှစ်သန်းပေါင်း ၅၀၀
အကွာအဝေး မှာရှိတယ်လို့ သိရတယ်။ အလင်းဆိုတာက တစက္ကန့်ကို မိုင်ပေါင်း ၁၈၆,၀၀၀ အသွားနှုန်းရှိတယ်။ ရှိပါတယ်လို့ လူသိခွင့်ရတဲ့ အဝေးဆုံး ကြယ်ကို
ရောက်ဖို့ နှစ်ပေါင်းသန်း ၅၀၀ ကြာလိမ့်မယ်။ ကောင်းကင်ဆိုတာက အဲဒီထက်ပိုဝေးသေးတယ်။
ဟေရှာယ ၁၄ အရ မြောက်ဘက် အစွန်မှာ ရှိတယ်။
ကောင်းကင်ကို ဘယ်သူရောက်မလဲလို့
မေးမယ်ဆိုပါစို့။ ကျမ်းစာဖတ် ဆုတောင်းတဲ့သူတွေပေါ့ လို့ တချို့က ပြောလိမ့်မယ်။
တချို့က ကောင်းကောင်းနေပြီး ပညတ်တော် ၁၀ပါး စောင့်ထိန်းသူတွေ လို့ ပြောမယ်။
တချို့က ဘုရားကျောင်း မှန်မှန်တက်သူ (သို့) နှစ်ခြင်းခံပြီးသူလို့ ပြောကြမယ်။
တချို့ဆိုရင် လောကမှာ ဒုက္ခအပြည့်အဝခံသွားမှ သေရင် ကောင်းကင်ရောက်မယ်လို့
ပြောတာမျိုးတောင် ကြားဖူးတယ်။
ဒီလိုနည်းနဲ့ သေသူတွေအတွက်
ပြန်တွေ့ဖို့ အိမ်ပြန်ကြတဲ့အခါ
သူဆိုလိုချင်တာက မီးထဲမှာ
ဒုက္ခခံစားကြရတဲ့အတွက် ကောင်းကင်ရောက်ကြလိမ့်မယ်လို့ ပြောတာပါ။ ကောင်းကင်သွားဖို့
အယူအဆတွေ အမျိုးမျိုးရှိတတ်ကြတယ်။
ကျွန်တော် စာတိုက်ရုံးမှာ
အလုပ်လုပ်တော့ အမျိုးသမီးကြီး တစ်ယောက်က “ကောင်းကင် ဆိုတာလဲ အခု အလုပ်လိုပါဘဲ။
ဒီမနက် စာတိုက်ရုံးကို အားလုံး ရောက်လာကြတယ်။ ရှင်က ကော်ဗင်တန် လမ်းမကြီးက လာပြီး
ကင်တလာလမ်းက ဖြတ်တော့ ရုံးကိုရောက်တယ်။ တခြားတစ်ယောက်ကတော့ ပင်သာဗေးလ်က လာပြီး
ရုံးကိုရောက်တယ်။ ကျွန်မကတော့ အရှေ့ကန်သာပန်းခြံလမ်းကလာပြီး၊ ရုံးကို ရောက်တယ်။
အဲဒီလိုနဲ့ တခြားလူတွေအားလုံး စာတိုက်ရုံးကြီးကို ဘယ်လိုရောက်လာကြတယ်ဆိုတာ ပြောတယ်။
တလမ်းတည်း မလာဘူးပေါ့။ ဒါနဲ့သူက “ကောင်းကင်ဆိုတာလည်း ဒီလိုဘဲပေါ့။
ကျွန်မတို့အားလုံး တစ်ခုတည်းသော အရာအတွက်ဘဲ ကြိုးစားကြတာပဲ။ ရိုးသားမယ်ဆိုရင်၊
သေရင်အားလုံး ကောင်းကင် ရောက်မှာပေါ့ ရှင်ဘယ်လိုထင်သလဲ?” လို့ မေးတယ်။ ကျွန်တော်က “တစ်ခုပဲ မှားတာပါ။ ကျွန်တော်တို့တတွေ သေရင်
စာတိုက်ကြီးကို လာကြရမှာမဟုတ်ဘူး။” လို့ ပြန်ဖြေခဲ့တယ်။
စာတိုက်ကြီးရောက်ဖို့
လမ်းတွေအများကြီးရှိပေမယ့်၊ ကောင်းကင်သွားဖို့ တလမ်းပဲရှိတယ်။ ယောဟန် ၁၄: ၆ မှာ
“ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင်
အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” တမန်၄: ၁၂ မှာ “ထိုသခင်၏ နာမတော်မှတပါး
ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။”
ကဲ၊ ကောင်းကင်ကိုဘယ်သူရောက်မလဲ? ကျမ်းစာပြောတာကို နားထောင်ကြည့်ပါ။ ဗျာဒိတ် ရ မှာ ကောင်းကင်မြင်ကွင်းကို
တွေ့ရတယ်။ မရေမတွက်နိုင်လောက်တဲ့ များစွာသောသူတွေဟာ ဖြူစင်သော ဝတ်ရုံတွေ
ဝတ်ဆင်ထားတယ်။ ဗျာဒိတ် ရး၁၃ မှာ “အသက်ကြီးသူတပါးကလည်း ဖြူသောဝတ်လုံကို ဝတ်ဆင်သော
ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါ့အားမေးမြန်းလျှင်”
အသက်ကြီးသူက “သူတို့ ဘယ်လိုရောက်လာလဲ? ဘယ်ကဘာကြသလဲ?” လို့ မေးတာပါ။ ယောဟန်က အငယ်၁၄ မှာ
“သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော
ဒုက္ခဆင်းရဲအထဲက ထွက်မြောက်၍ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍
ဖြူစေသောသူ ဖြစ်ကြသတည်း။” လို့ ဖြေထားတယ်။ ကောင်းကင်ရောက်သူတွေဟာ သူတို့အဝတ်ကို
သိုးသငယ်အသွေးမှာ ဆေးကြောဖြူစင် စေခဲ့လို့ ရောက်ရတာပါ။ အသွေးတော်မှာ
ဆေးကြောပြီးသူတွေသာ ကောင်းကင်ရောက်ရတယ်။ ဒါပေမယ့် အသွေးတော်မှာ ဆေးလျှော်တယ်ဆိုတာက
ဘာလဲ? သခင်ယေရှုရဲ့ အသွေးကို ယူပြီး အင်တုံထဲမှာထည့်၊
လက်ဆေးဖို့ပြောတာမဟုတ်ဘူး။ အသွေးတော်ကိုလည်း မြင်ဖူးကြတာ မဟုတ်ဘူး။
နည်းနည်း ရှင်းပြပါမယ်။
အားလုံးဟာ အပြစ်သားတွေလို့
ကျမ်းစာကဆိုတယ်။ ရောမ ၃: ၂၃မှာ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍
ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” ရောမ ၃: ၁၀ မှာ “ကျမ်းစာလာသည်ကား၊
ဖြောင့်မတ်သောသူမရှိ တယောက်မျှမရှိ၊ ပြုမိတဲ့အပြစ်ချင်းမတူ၊ အပြစ်အနည်းအများ
မတူကြပေမယ့်၊ အားလုံးအပြစ်ပြုတယ်။ အားလုံးအပြစ်သားဖြစ်လို့ အပြစ်ကြွေးတွေ
ကိုယ်စီတင်နေတယ်။ အပြစ်က အခကို တောင်းတယ်။ ယေဇကျေလ ၁၈း၄ မှာ “ပြစ်မှားသော
ဝိညာဉ်သည် အသက်သေရမည်” ရောမ ၆: ၂၃ မှာ “အပြစ်တရား၏အခကား သေခြင်း ပေတည်း” ။ ယာကုပ်
၁: ၁၅ ဒုစရိုက်သည်လည်း ပြည့်လျှင် သေခြင်းကို ဘွားတတ်၏။”
ကဲ- မြင်ယောင်ကြည့်ပါ။ ကျွန်တော်က
အပြစ်သား။ အပြစ်ပြုခဲ့မိပြီဆိုတော့ အပြစ်ကြွေး တင်နေပြီ။ အပြစ်အတွက်အခဟာ သေခြင်း။
ဒါပေမယ့် အဲဒီသေခြင်းဟာ သေနတ်ဒဏ်ရာ (သို့) ကင်ဆာရောဂါ နဲ့ သေရတာထက် ပိုတယ်။ ဒါကို ကျမ်းစာက
ဒုတိယသေခြင်း၊ ငရဲမီးအိုင်လို့ ခေါ်တယ်။ ဗျာဒိတ် ၂၀: ၁၄ မှာ “ထိုအခါ မရဏာနှင့်
မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။” အပြစ်သားတယောက်အနေနဲ့ အပြစ်ကြွေးကို ပေးဆပ်ရမယ်ဆိုရင် ငရဲသွားပြီး အဲဒီမှာ
ထာဝရနေဖို့ပဲ ရှိတော့တယ်။
ဝမ်းမြောက်စရာအကြောင်းတရား
တခုလည်းရှိသေးတယ်။ ကျွန်တော်တို့ လွန်ကျူးခဲ့၊ နောင်လည်း လွန်ကျူးမိဦးမယ့်
အပြစ်ရှိသမျှကို လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်တုန်းက၊ သခင်ယေရှုရဲ့အပေါ်မှာ
ဘုရားသခင်က ယူတင်ပေးလိုက်ပြီ။ ဒါက တရားဟောဆရာက ပြောတာမဟုတ်ဘူး။ သမ္မာကျမ်းစာက
အတိအကျ ပြောတာပါ။ ဟေရှာယ ၅၃: ၆ မှာ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏
အပြစ်များကို သူ့အပေါ်၌ တင်တော် မူ၏။” လွန်ခဲ့တဲ့ အနှစ်- နှစ်ထောင်တုန်းက
ဘုရားသခင်က အချိန်ဆိုတဲ့ မှန်ပြောင်းနဲ့ လှမ်းကြည့်တဲ့အခါ ကျွန်တော်တို့ လွန်ကျူးကြမယ့်
အပြစ်တွေအားလုံးကို မြင်လိုက်တယ်။ အဲဒီအပြစ်တွေကို ယူပြီး သခင်ယေရှုအပေါ်မှာ
တခုချင်း တင်ပေးတယ်။ ၁ပေ ၂: ၂၄ မှာ “ငါတို့အပြစ်များကို ကိုယ်တော်တိုင်
သစ်တိုင်မှာ ခံတော်မူပြီ။” ၂ကော ၅:၂၀ မှာလည်း “ဘုရားသခင်သည် အပြစ်နှင့်
ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊
ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ
ဖြစ်မည့်အကြောင်းတည်း။”
ကျွန်တော်တို့ လွန်ကျူးခဲ့တဲ့
အပြစ်တွေအားလုံး၊ နောင်အနှစ်တစ်ထောင် အသက်ရှင် ရရင်လည်း လွန်ကျူးမိဦးမယ့် အပြစ်တွေ
အားလုံးကို ဘုရားသခင်ယူပြီး လွန်ခဲ့တဲ့အနှစ်-နှစ်ထောင်မှာ သခင်ယေရှုအပေါ်ကို
တင်ပေးခဲ့တဲ့ဖြစ်ရပ်ကို ပြောင်းလဲပစ်ချင်လို့ မရဘူး။ သခင်ယေရှုက
သူ့ရဲ့ကိုယ်ခန္ဓာမှာ ကျွန်တော်တို့ အပြစ်တွေကို ယူဆောင်ချိန်မှာ ဘုရားသခင်က သူ့ကို
ကျွန်တော်တို့ ကိုယ်စား အပြစ်ကြွေးဆပ်ဖို့ ဒဏ်ခတ်လိုက်ပြီ။
တချို့က ယုဒလူတွေ သတ်တာလို့ ဆိုတယ်။
မဟုတ်ဘူး။ တချို့ကတော့ ရောမစစ်သားတွေ သတ်တာလို့ ဆိုတယ်။ မှားတယ်။ ကျမ်းစာက
“ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင်
လောကီသားတို့ကို ချစ်တော်မူ၏။” ရောမ ၈: ၃၂ မှာ “မိမိသားတော်ရင်းကို မနှမြောဘဲ၊
ငါတို့ရှိသမျှ အဘို့အလို့ငှါ၊ စွန့်တော်မူသောသူသည်”။ ကျွန်တော်တို့ကိုယ်စား
အပြစ်ကြွေးဆပ်ဖို့ သခင်ယေရှုကို ဘုရားသခင်က အပြစ်ပေးလိုက်တာပါ။ ဒါကြောင့်
ကျွန်တော်တို့သေရင် အပြစ်ကြွေး ဆပ်စရာ မလိုတော့ဘူး။
ဒါဆိုရင်
လူတိုင်းကယ်တင်ခြင်းရမသွားဘူးလား? လူတိုင်းအတွက် အသေခံပေးတာဆိုတော့၊ လူတိုင်း
ကောင်းကင်မရောက်ဘူးလား? မရောက်ပါဘူး။ ယေရှုခရစ် ကားတိုင်မှာ
အသေခံပေးခြင်းဟာ အားလုံးအတွက် လုံလောက်ပေမယ့် ယုံကြည်သောသူတွေအတွက်သာ
ထိရောက်မှုရှိတယ်။
ဟေဗြဲ ၉: ၂၂ မှာ
“အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ။” သခင်ယေရှု ကိုယ်စား အသေခံပေးချိန်မှာ
အသွေးသွန်းခဲ့တယ်။ “မိမိတို့ ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ ဖြူစေသောသူ” လို့
ဆိုတာ ဒီသဘောပါပဲ။ သူတို့က ယေရှုခရစ် အသေခံပေးတာ၊ အပြစ်ကြွေးတွေ ဆပ်ပေးတာကို
ယုံကြည်တယ်။ ကယ်တင်ရှင်အဖြစ် အားကိုးကြတယ် လို့ ဆိုလိုတာပါ။
အတိုချုပ်ပြန်ပြောရရင်
ကျွန်တော်တို့ဟာ အပြစ်သားတွေပါ။ အပြစ်ကြွေးတင်နေတယ်။ အဲဒီအပြစ်တွေကို ဘုရားသခင်က
သခင်ယေရှု အပေါ်ကို လွဲပြောင်းတင်လိုက်တယ်။ သခင်ယေရှု အသွေးသွန်း ရတယ်။
ကားတိုင်မှာ အသေခံတယ်။ အပြစ်ကြွေးကို ဆပ်ပေးတယ်။ ဒါကြောင့် ကားတိုင်မှာ
“အမှုပြီးပြီ” လို့ ကြွေးကြော်တယ်။ အသွေးတော်မှာ ဆေးလျှော်ဖို့ (သို့) အပြစ်ကြွေး
ဆပ်ပေးတာကို လက်ခံဖို့ဆိုရင် ယုံကြည်ခြင်းအားဖြင့် ရနိုင်တယ်။ ယောဟန် ၃: ၁၆ မှာ
“ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊
ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို
စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”
အရေးကြီးတာက “ယုံကြည်”
ဆိုတဲ့စကားလုံးလေး ဖြစ်တယ်။ “ငါခရစ်တော်ကို ယုံတာပဲ၊ ဘုရားမဲ့ မဟုတ်ဘူး” လို့
လူတိုင်း ပြောတတ်ကြတယ်။ ဒါပေမယ့် ကျမ်းစာထဲက “ယုံကြည်တယ်” ဆိုတဲ့ စကားဟာ
သခင်ယေရှုလာပြီး အသေခံခဲ့တယ်ဆိုတဲ့အချက်ကို သမိုင်းအရ လက်ခံတာမျိုးမဟုတ်ဘူး။
“ယုံကြည်တယ်” ဆိုတာဟာ ကိုးစားတယ်၊ မှီခိုတယ်၊ အမှီပြုတယ်လို့ ဆိုလိုတယ်။
ဒါပေမယ့် ကျွန်တော်လိုက်မသွားဘူး။
လေယာဉ်ပျံဖြစ်တယ်။ ပျံနိုင်တယ်။ ကယ်လီဖိုးနီးယား အထိ ရောက်မယ်လို့ ယုံရုံနဲ့မရဘူး။
အချိန်မှီ လာ၊ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအသက်အတွက်၊ လေယာဉ်ပျံနဲ့ လေယာဉ် မောင်းသူအပေါ်
လုံးဝအားကိုးမလား- ဆုံးဖြတ်ရမယ်။ လေယာဉ်ပျံပေါ် လိုက်ပါလာပြီ ဆိုရင်တော့
ကယ်လီဖိုးနီးယား ရောက်ဖို့ လေယာဉ်ပျံမောင်းတဲ့သူကို အားကိုးနေရတာပေါ့။
ကျွန်တော့အသက်က သူ့လက်ထဲမှာ ရှိတယ်။
ခရစ်တော်ကို ယုံကြည်တယ်ဆိုတာလည်း
ဒီလိုပါဘဲ။ အပြစ်သားဖြစ်တာကို ဝန်ခံ၊ အပြစ်ကြွေး ရှိတာကို လက်ခံ၊ ယေရှုခရစ်တော်
အသေခံပေးတာ အပြစ်ကြွေးတွေဆပ်ပေးတာကို လက်ခံ။ ကောင်းကင် ရောက်ဖို့ သူ့ကို လုံးလုံး
အားကိုးဖို့လိုတယ်။ လိုရာခရီးရောက်ဖို့ ကိုယ်ခန္ဓာအသက်ကို လေယာဉ်မောင်းတဲ့သူ လက်ထဲ
ထည့်ထားရသလို၊ ကောင်းကင်ရောက်ဖို့ ထာဝရနဲ့ဆိုင်တဲ့ အသက်ကို သခင်ယေရှုလက်ထဲ
ထည့်ထားရမယ်။
အခုဆုတောင်းချက်ကလေးကို ရိုးသားစွာ
လိုက်တောင်းလိုက်မယ်ဆိုရင်- သေရင် ကောင်းကင် ရောက်ဖို့၊ ဂတိတော်ရှိတယ်။
“သခင်ယေရှုဘုရား၊ ကျွန်တော်အပြစ်သားပါ။ ကျွန်တော့အတွက် အသေခံပေးတာ ယုံပါတယ်။ အခု
ကယ်တင်ရှင်အဖြစ် အားကိုးပါပြီ။ အခုချိန်ကစပြီး ကောင်းကင်ရောက်ဖို့ ကိုယ်တော်ကို
လုံးလုံးအားကိုးပါပြီ။”
ကိုယ်တော်ကို အားကိုးလိုက်ရင်
ထာဝရအသက်ရတယ်။ သေရင် ကောင်းကင်ရောက်မယ်လို့ သိနိုင်တယ်။ ဘယ်လိုလုပ် သိနိုင်သလဲ? ယောဟန် ၃: ၃၆ မှာ သခင်ယေရှုက “သားတော်ကို ယုံကြည်သော သူသည် ထာဝရအသက်ကို
ရ၏။” ဘုရားသခင် ပြောတာပါ။ ဘုရားသခင် မညာဘူး။ ဟေဗြဲ ၆: ၁၈ မှာ ဘုရားသခင် ညာလို့ မရဘူးလို့
ဆိုတယ်။ ကယ်တင်ခြင်းရဖို့၊ ကိုယ်တော်ကို အပြည့်အဝအားကိုးရင် ထာဝရအသက် ရတယ်။
ကျမ်းစာကဒီလိုဘဲ ပြောထားပါတယ်။ ။
No comments:
Post a Comment