Saturday, September 21, 2013

17. The Believer’s Threefold Judgment ယုံကြည်သူကို တရားစီရင်ပုံ သုံးမျိုး by Dr. Curtis Hutson

အခန်း ၁၇

Dr. Curtis Hutson

ယုံကြည်သူကို တရားစီရင်ပုံ ၃ မျိုး

အပြစ်သားအဖြစ် ယခင်ကစီရင်ခဲ့ခြင်း
သားအဖြစ် ယခုစီရင်ခြင်း
အစေခံကျွန်အဖြစ် နောင်ကာလစီရင်ခြင်း

ယုံကြည်သူကို တရားစီရင်ပုံ ယခင်၊ ယခု၊ နောင်ဆိုပြီး သုံးမျိုးရှိတယ်။ ယုံကြည်သူကို ယခင်က စီရင်ခြင်းဟာ အပြစ်အတွက် ဖြစ်တယ်။ ယခုစီရင်ခြင်းက သားတစ်ယောက်လို စီရင်တယ်။ ကိုယ့်ကိုကိုယ် ပြန်စီရင်ရခြင်း ဖြစ်တယ်။ နောင်ကာလစီရင်ခြင်းကတော့ အစေခံကျွန်လို အစစ်ခံရခြင်း ဖြစ်တယ်။ ခရစ်ယာန် အားလုံးဟာ မိမိတို့လုပ်ဆောင်သမျှအတွက် ခရစ်တော်တရားပလ္လင်ရှေ့မှာ မီးနဲ့ အစစ်ခံရတယ်လို့ ၁ကော ၃း၁၁-၁၅ အရ သိနိုင်တယ်။

၁။ အပြစ်သားအဖြစ် ယခင်ကစီရင်ခဲ့ခြင်း
  The Believer’s Past Judgment: As a Sinner

ကျွန်တော်တို့ လွန်ကျူးသမျှ ယခင်၊ ယခုနဲ့ နောင်ကာလ အပြစ်အားလုံးကို လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ က ခရစ်တော်အပေါ်မှာ တင်ခဲ့ပြီလို့ ကျမ်းစာက ဆိုတယ်။

ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” ဟေရှာ ၅၃း၆။

ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့်

အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း။” ၂ကော ၅း၂၁။

ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။” ၁ပေ ၂း၂၄ (က)

ကိုယ်လွန်ကျူးသမျှအပြစ် (သို့) မှားမိဦးမယ့် အပြစ်ရှိသမျှကို လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်က ခရစ်တော်အပေါ်မှာ ဘုရားသခင် တင်ပေးခဲ့ပြီ။ ကျွန်တော့ ကျမ်းစာအုပ်အပေါ်မှာ ခဲတံကို ဟောဒီလို တင်လိုက်သလိုလေး တင်ပေးခဲ့တာပါ။ ဟေရှာယ ၅၃း၆ မှာ “ထာဝရဘုရား သည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ် (သခင်ယေရှု) ၌ တင်တော်မူ၏။

နောင်လုပ်မယ့် အပြစ်တွေအတွက်တောင် သခင်ယေရှုအသေခံပေးတယ်ဆိုတာ နားလည်ရ ခက်တတ်တယ်။ ဒါပေမယ့် အသေခံချိန်မှာ ကျွန်တော်တို့အပြစ်အားလုံးဟာ အနာဂတ်ကာလမှာပဲ  ရှိသေးတယ်။ ကျွန်တော်တို့ကျူးလွန်မယ့် အပြစ်အားလုံးကို ဘုရားသခင်က အချိန်ဆိုတဲ့ မှန်ပြောင်းကနေ မျှော်ကြည့်ပြီး အဲဒီအပြစ်တွေကို ထုပ်ပိုးကာ ခရစ်တော်အပေါ်မှာ တင်လိုက်တာပါ။ ဒါကြောင့် ခရစ်တော်က အပြစ်ရှိသလို ဖြစ်သွားတယ်။ အပြစ်သား မဟုတ်ပေမယ့်၊ ကျွန်တော်တို့ အပြစ်တွေကို ကိုယ်ပေါ်မှာ တင်ဆောင် ထားရတယ်။ အပြစ်တွေထမ်းပြီး ကားတိုင်မှာ အသေခံပေးတာဟာ လူတွေအတွက် ဘုရားသခင်ထံ တုန့်ပြန်ပေးတာပါ။ ဘုရားသခင်ကလည်း သခင်ယေရှုကို ကားတိုင်ပေါ်မှာ အပြစ်ရှိတဲ့သူ တစ်ယောက်လို သဘောထားလိုက်တယ်။

လုကာ ၁၆ က မရဏာနိုင်ငံရှိ သဌေးကြီးအကြောင်းကို ဖတ်ပြီး ခရစ်တော် ကားတိုင်မှာ အသေခံကြောင်း ဆက်ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်။ ဖတ်ကြည့်တဲ့အခါ၊ မရဏာနိုင်ငံက သဌေးကြီးရဲ့ ခံစားရတဲ့ ဝေဒနာတွေဟာ ကာရာနီရဲ့ရှေ့ပြေးဖြစ်သလို ကာရာနီဟာလည်း မရဏာနိုင်ငံရဲ့ ရှေ့ပြေး နိမိတ်ဖြစ်တာ တွေ့ရတယ်။ တနည်းပြောရရင် သခင်ယေရှုကားတိုင်မှာ ခံစားရသမျှ ဝေဒနာတွေဟာ ခရစ်တော်မပါဘဲ သေပြီး၊ မရဏာမှာ ထာဝရနေရမယ့် သူတိုင်းခံစားရမယ့် ဝေဒနာတွေပဲ ဖြစ်တယ်။

ဥပမာ- မရဏာနိုင်းငံရှိ သဌေးကြီးဟာ စွန့်ပစ်တဲ့ဝေဒနာကို ခံစားရတယ်။ အာဗြဟံက သူ့ကို “ငါတို့နှင့် သင်တို့စပ်ကြား၌ အလွန်နက်လှ သော ချောက်ကြီး တည်လျှက်ရှိ၏။ ထို့ကြောင့် ဤအရပ်မှ သင်တို့ရှိရာသို့ ကူးချင်သောသူ မကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်သောသူလည်း မကူးနိုင်။” လို့ ဆိုတယ်။

ကားတိုင်ပေါ်မှာ သခင်ယေရှုဟာ ဘုရားရဲ့စွန့်ပစ်ခြင်းဝေဒနာကို ခံစားရတယ်။ ကားတိုင်ပေါ်မှာ စကားကြီး ခုနှစ်ခွန်း ပြောခဲ့တယ်။ မမှောင်ခင် သုံးခွန်း၊ မှောင်ပြီးမှ သုံးခွန်းနဲ့ မှောင်နေချိန်မှာ တစ်ခွန်း ပြောတယ်။ မှောင်နေချိန်မှာ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။” လို့ မေးခဲ့တာပါ။ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတယ်။ သဌေးကြီးဟာ စွန့်ပစ်တဲ့ဝေဒနာကို ခံရရုံ မဟုတ်ဘဲ၊ ရေငတ်ခြင်းကိုပါ ခံရတယ်။ အကျွန်ုပ်သည် ဤမီးလျံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍၊ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ၊ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါ။” လို့ အော်ဟစ်တောင်းပန်တယ်။

သခင်ယေရှုဟာ ကားတိုင်ပေါ်မှာ ရေငတ် ခံခဲ့ရတယ်။ ငါးခွန်းမြောက်စကားကြီးဟာ “ရေငတ်သည်” လို့ ပြောတယ်။ မရဏာနိုင်ငံက လူဟာ မှောင်တဲ့ဒုက္ခကို ခံစားရတယ်။ မဿဲ၂၂း၁၃ မှာ လူဆိုးတွေအကြောင်း ပြောတော့ ထိုသူ၏လက်ခြေကို တုတ်နှောင်လော့။ ငိုကြွေးခြင်း အံသွား ခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြ။” လို့ ဆိုတယ်။

ကားတိုင်မှာ သခင်ယေရှုဟာ မရဏာနိုင်ငံရဲ့  အမှာင်ဒဏ်တွေကို ခံစားရတယ်။ နေ့ခင်း ၁၂နာရီနဲ့ ၃နာရီ ကြားမှာ အဲဂုတ္ထုပြည်ရဲ့ အမှောင်လို လက်နဲ့စမ်းရလောက်တဲ့ အမှောင်မျိုး ဖြစ်တယ်။ ခရစ်တော်မပါဘဲသေပြီး မရဏာနိုင်ငံကို သွားရမယ့်သူတိုင်း ခံစားရမယ့် ဝေဒနာ တွေကို ယေရှုခရစ်က ကားတိုင်ပေါ်မှာ ခံစားရတယ်။ တနည်းပြောရရင် ကျွန်တော်တို့အပြစ်ကြွေးတွေ မကျေသေးလို့ ဆပ်ပေးလိုက်တာပါ။

ရေငတ်တယ်” ၊ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။” လို့ ပြောရုံတင်မက “အမှုပြီးပြီ” လို့ အော်ဟစ်တယ်။ ထပ်ဖြည့်စရာမလိုဘူး။ ထပ်နှုတ်စရာ မလိုဘူး။ ပြည့်စုံပြီလို့ ဆိုလိုတယ်။ ကားတိုင်မှာ အသေခံပေးခြင်းဟာ ယုံကြည်သူရဲ့ အပြစ်ကို အကြေအလည် ပေးဆပ်တာပါ။ ကျွန်တော်တို့ ခံစားရမယ့် ဝေဒနာတွေကို အကုန်ခံစားခဲ့တယ်။ သန့်ရှင်းတဲ့ ဘုရားရဲ့တရားသဖြင့် တောင်းဆိုမှုကို ကျေနပ်စေတယ်။ အပြစ်သားတွေတင်တဲ့ အကြွေးကို အကျေ ပေးဆပ်လိုက်တယ်။

သခင်ယေရှုကားတိုင်မှာ ဝေဒနာ ဘယ်လောက် ခံစားရတယ်ဆိုတာကို ငရဲကျသူတွေမှတပါး၊ ဘယ်သူမှ အပြည့်အဝ မသိနိုင်ဘူးလို့ လူတစ်ယောက်က ပြောဖူးတယ်။ ဒီစကားဟာ သိပ်ဖြစ်နိုင်တယ်။ ကျွန်တော်တော့ ယုံတယ်။ ဒါပေမယ့် နှစ်အတော်ကြာလာတော့ ကျွန်တော့ သဘောထား ပြောင်းလာတယ်။ ငရဲကျသူတွေဟာ ခရစ်တော်ကားတိုင်မှာ ခံစားရတဲ့ ဝေဒနာကို အပြည့်အဝ သိမှာမဟုတ်ဘူး။ ရှင်းပြပါမယ်။

သခင်ယေရှုခံရတဲ့ ဝေဒနာတွေဟာ အပြစ်သားအားလုံးရဲ့ အပြစ်ကြွေးကိုပေးဆပ်ရတာပါ။ ကျေလို့သာ “အမှုပြီးပြီ” လို့ အော်ဟစ်နိုင်တာပါ။ ငရဲကျတဲ့လူဟာ အပြစ်ကြွေးကို ထာဝရပေးဆပ် နေရပေမယ့် ကျေတယ် လို့ မရှိဘူး။ ငရဲကျတဲ့လူတွေဟာ “အမှုပြီးပြီ” လို့ မကြွေးကြော်နိုင်ဘူး။ ဘယ်တော့မှလည်း ပြီးမှာ မဟုတ်ဘူး။

ယောဟန် ၃း၃၆ မှာ “သားတော်ကို မယုံကြည်သောသူမူကား၊ အသက်ကို မတွေ့ရ။ ဘုရားသခင်၏ အမျက်တော်သည် ထိုသူအပေါ်၌  တည်နေ၏။ ” အမျက်တော်တည်နေတယ်”ဆိုတာ ချုပ်ငြိမ်း ပျောက်ကွယ် သွားတာမျိုး မဟုတ်ဘူး။ ငရဲကျသူတွေဟာ အပြစ်ကြွေးကို ထာဝရကာလ အဆက်ဆက် ပေးဆပ်နေရတယ်။ ကျေတယ်လို့ မရှိဘူး။

အပြစ်သားရဲ့အကြွေးကို ယေရှုခရစ်တော်က ကားတိုင်မှာ အပြည့်အဝပေးဆပ်တယ်။ ဟေဗြဲ ၉း၂၆ မှာ “ယခုမူကား၊ ဤကပ်ကာလ အဆုံး၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင် ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။” အပြစ်အတွက် သခင်ယေရှု အသေခံပေးတဲ့ အတွက် ဘုရားသခင်ရှေ့မှာ ယုံကြည်သူဟာ အပြစ်အတွက် စစ်ကြောစီရင်ခံရဖို့ မလိုတော့ဘူး။ ကျွန်တော်တို့ကို အပြစ်သားလို သဘော မထားတော့ဘူး။ သားလိုပဲ သဘောထားတော့တယ်။

ဒါပေမယ့် တရားစီရင်ဦးမှာ မဟုတ်လား?” လို့မေးရင် ဟုတ်ပါတယ်။ စီရင်ဦးမှာပါ။ ၂ကော ၅း၁၀ မှာ “ခရစ်တော်၏ တရားပလ္လင် ရှေ့၌ ပေါ်လာရကြမည်။” ဟုတ်ပါတယ်။ အစစ်ခံရအုံးမှာပါ။ ဒါပေမယ့် အပြစ်အတွက် မဟုတ်ဘူး။ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးလိုက်တာနဲ့ တပြိုင်နက် ဖြောင့်မတ်သွားပြီ။ ရောမ ၅း၁ မှာ “ထို့ကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင် ငါတို့သခင်ယေရှုအားဖြင့် ဘုရားသခင် ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။

ဒီကျမ်းပိုဒ်က ဘုရားသခင် ကျွန်တော်တို့ကို သင်ပုန်းချေပေးတယ်လို့ ပြောတာပါ။ ဘုရားသခင်ရှေ့မှာ အပြစ်တစ်ခါမှ မပြုဖူးသူလို ရပ်ခွင့် ရသွားတယ်။ သေပြီး ကောင်းကင်ရောက်လို့ ပြုမိတဲ့ အပြစ်တွေကို သတိရနေရင်တောင် ဘုရားသခင်က “ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ ဒုစရိုက်အမှုတို့ကို မအောက်မေ့။” (ဟေရှာ ၄၃း၂၅) လို့ သတိပေးတော်မူမှာပါ။ ကျွန်တော်တို့ အပြစ်တွေကို ဘုရားသခင် မေ့ပစ်လိုက်ပါပြီ။

ခရစ်တော်ကို အားကိုးရင် အပြစ်ရှိတဲ့ပြဿနာဟာ ထာဝရ ပြေလည်သွားပြီ။ ယေရှုခရစ်က ကျွန်တော်တို့ အပြစ်တွေကို ကိုယ်ခန္ဓာပေါ်မှ ယူဆောင်သွားတယ်။ လူစားထိုးပြီး ဒဏ်ခံခဲ့တယ်။ ဒီစီရင်ခြင်းရဲ့ အကျိုးက ယေရှုခရစ်က သေရပြီး၊ ယုံကြည်သူတွေ ဖြောင့်မတ်ရတယ်။ အပြစ်အတွက် စီရင်ခြင်းဟာ ပြီးခဲ့ပြီ။

တချို့က “ဒါပေမယ့် ကယ်တင်ခြင်းရပြီးမှ အပြစ်လုပ်ရင် ပေးဆပ်ရဦးမယ်မဟုတ်လား?” လို့ ဆင်ခြေ တက်တတ်ကြတယ်။ ကျူးလွန်သမျှ ပေးဆပ်ရမယ်ဆိုရင် အပြစ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ငရဲမှာ ထာဝရ ကျနေဖို့ပဲ ရှိတယ်။ အပြစ်အတွက်ပေးဆပ်ရမှုဟာ တခုတည်းပဲ ရှိတယ်။ ကမ္ဘာ၂း၁၇ မှာ အာဒံကို “စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ယေဇ ၁၈း၄ မှာ “ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်။” ရောမ ၆း၂၃မှာ “အပြစ်တရား၏ အခကား သေခြင်းပေတည်း။” အပြစ်အတွက် ဘုရားကိုပေးဆပ်ဖို့က သေခြင်းပဲ ရှိတယ်။ ဘယ်လောက်သေးမွှားတဲ့ အပြစ်ပဲ ဖြစ်ပါစေ၊ ငရဲမှာ ထာဝရကျဖို့ပဲ ရှိတယ်။ ဒါဟာ အပြစ်ရဲ့အခပါ။ ဒီအခကို ဘုရားသခင်က ဘယ်တော့မှ မပြောင်းလဲဘူး။ ပြောင်းလဲခြင်းမရှိတဲ့ ဘုရားဖြစ်တဲ့ အတွက် အပြစ်ရဲ့အခဟာ ပြောင်းလဲလေ့မရှိဘူး။

ကယ်တင်ခြင်းရပြီးမှ အပြစ်လုပ်ရင် မဆုံးမဘူးလား?” လို့ မေးနိုင်ပါတယ်။ ဆုံးမတယ်။ ဟေဗြဲ ၁၂း၆ မှာ “ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူ၏။” ဒါပေမယ့် ဆုံးမခြင်းဟာ အပြစ်အတွက် ပေးဆပ်ရတာ မဟုတ်ဘူး။

ပြတင်းပေါက်ခွဲလို့ သားကိုရိုက်ရင် ရိုက်တာဟာ ဆုံးမတာပါ။ ပြတင်းပေါက်ဖိုး တောင်းတာ မဟုတ်ဘူး။ ရိုက်ပြီးမှ ကိုယ့်အိပ်ကပ်ထဲက ပိုက်ဆံထုတ်ပြီး၊ ပြတင်းမှန်အသစ် ဝယ်တပ်ရတယ်။ ဘုရားက ဆုံးမတယ်။ အပြစ်အတွက် ပေးရတာ မဟုတ်ဘူး။ အပြစ်အတွက်က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကတည်းက ကာရာနီမှာ ယေရှုခရစ် အကျေအလည် ပေးဆပ်ပြီးပြီ။ ယုံကြည်သူဟာ အပြစ်အတွက် ပြစ်ဒဏ် ခံစရာ မလိုတော့ဘူး။ ဆုံးမပါတယ်။ ဒါပေမယ့် ဆုံးမခြင်းဟာ သားသမီးကို သွန်သင်ပေးတာပါ။ အပြစ်ရဲ့အခ အဖြစ် တောင်းဆိုတာ မဟုတ်ဘူး။

၂။ သားအဖြစ်ယခု စီရင်ခြင်း
  The Believer’s Present Judgment: As a Son

အပြစ်အတွက် ယုံကြည်သူကို စီရင်မှုက ပြီးခဲ့ပြီဆိုတော့ အပြစ်ပြုပြီး ပရမ်းပတာ၊ ကိုးယိုး ကားယား နေရင် ဖြစ်သလား? မဖြစ်ပါဘူး။ ယုံကြည်သူအတွက် ဒုတိယစီရင်ခြင်း တမျိုးရှိသေးတယ်။ သားအဖြစ် စီရင်ခြင်း၊ ယခုကာလစီရင်ခြင်း၊ ကိုယ့်ကိုကိုယ်စီရင်ခြင်းလို့ ဆိုနိုင်တယ်။ ၁ကော ၁၁း၃၁-၃၂ ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွှတ်ကြလိမ့်မည်။ စစ်ကြော စီရင်တော်မူခြင်းကို ခံရသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွှတ်မည် အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။

ကိုယ့်ကိုကိုယ် စစ်ကြောစီရင်ရင် စစ်ကြောစီရင်ခြင်းနဲ့ လွတ်တယ်။ ကိုယ့်ကိုကိုယ် မစစ်ကြောရင် ဘုရားသခင်က စစ်တယ်။ လောကီသားတွေနဲ့အတူ ဒဏ်မခံရဖို့ ဆုံးမတယ်။ ကိုယ့်ဘဝမှာ ဘာမှားနေသလဲ လို့ ယုံကြည်သူတိုင်း အမြဲသတိထားသင့်တယ်။ အပြစ်တွေ့ရင် ဝန်ခံလိုက်။ ခွင့်လွတ်ခြင်းနဲ့ ဆေးကြောခြင်းကို ခံယူလိုက်။ ဒါဝိဒ်က ဆာလံ ၁၃၉း၂၃-၂၄ မှာ “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏ နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။” “စစ်ကြော” ဆိုတဲ့ စကားက စကင်ဒီနေဘီယန်း စကားနဲ့ဆိုရင်၊ အသေးစိတ် မွှေနှောက်ရှာဖွေ တယ်လို့ ဆိုလိုတယ်။ ဒါဝိဒ်က “ကျွန်တော့ စိတ်နှလုံးကို မွှေနှောက်ရှာဖွေပါ။ ချောင်ကြို၊ ချောင်ကြားအထိ ရှာဖွေပါ။ အန်ထိုး၊ အန်ဝှက်တွေ ကြားလည်း ဆွဲထုတ်ရှာပါ။ ကျွန်တော့် စိတ်နှလုံးထဲမှာ ဝှက်ထားတဲ့အပြစ်ရှိသလား? (သို့) မကောင်းတဲ့အကြံ တွေရှိသလား? ကြည့်ပေးပါ။” လို့ ပြောလိုက်တာပါ။

ယုံကြည်သူဟာ ကိုယ့်ကိုကိုယ် အမြဲဆန်းစစ်နေရမယ်။ “လူတိုင်းကိုယ်ကိုကိုယ် စစ်ကြောပြီးမှ” (၁ကော ၁၁း၂၈) ကိုယ့်ကိုကိုယ် စစ်ရခြင်းဟာ အပြစ်ကိုရှာပြီး ဝန်ခံဖို့ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို တောင်းဆိုဖို့ ဖြစ်တယ်။ “ချစ်သားတို့ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကို ပြုမိလျှင် ဖြောင့်မတ်တော်မူသော အရှင်ယေရှု တည်းဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။၁ယော ၂း၁-၂။ အပြစ်မပြုဖို့ တားတယ်။ ပြုမိရင်တော့ ရှေ့နေ ယေရှုခရစ် ရှိပါတယ်။ 

ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ့်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ၊ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန် လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ၁ယော ၁း ၈-၉။

ယုံကြည်သူတွေမှာ အခက်ဆုံး တစ်ခုက အပြစ်ကို ရှိးသားစွာ ရင်မဆိုင်ခြင်းပဲ။ ကျမ်းစာကို ဖတ်ကြည့်တဲ့အခါ ခရစ်ယာန်တွေဟာ အပြစ်နဲ့ပတ်သက်ပြီး လေးမျိုးလောက် လုပ်တတ်တယ်။ (၁) သူတပါးကို အပြစ်ပုံချတယ်။ အစအဦးမှာ အာဒံကို တားမြစ်ချက် တစ်ခုပဲ ပေးတယ်။ “ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကို သင်သည် စားရသော အခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်ဟု လူကို ပညတ်ထားတော်မူ၏။” ကမ္ဘာ- ၂း၁၆-၁၇။

အာဒံအပြစ်လုပ်တဲ့အခါ ဘုရားသခင်က “အာဒံ၊ ငါတားမြစ်ထားတဲ့ အပင်ရဲ့အသီးကို မင်းစားလိုက်ပြီလား?” လို့ မေးတော့၊ အာဒံက ချက်ခြင်း ပြန်ဖြေတယ်။ “ကိုယ်တော်ပေးတဲ့ မိန်းမက လာကျွေးတယ်။ ကျွန်တော်လည်း စားမိတယ်။” အာဒံဟာ ကမ္ဘာ့ပထမဦးဆုံး ခေါင်းရှောင်သူလို့ လူတစ်ယောက်က မှန်မှန်ကန်ကန် ဝေဖန်ဖူးတယ်။ “ကျွန်တော်မဟုတ်ဘူး။ ကိုယ်တော်ပေးတဲ့ မိန်းမပါ။ သူ့အပြစ်ကို မယားဧဝအပေါ် ပုံချဖို့ ကြိုးစားတယ်။ တကယ်တော့ ဘုရားကိုလဲ အပြစ်တင်လိုက်တာပါ။ “ကိုယ်တော်ပေးတဲ့ မိန်းမ” လို့ ဆိုတယ်။ အပြစ်လုပ်မိရင် သူတပါးကို အပြစ် ပုံချဖို့ဆိုတာ သိပ်လွယ်တယ်။

တခါက အသင်းတော်ငယ်တပါးမှာ ကျွန်တော်တရားဟောတယ်။ ဇနီးသည်လည်း အတူပါတယ်။ စည်းဝေးပြီးတော့ ကားသော့ ပျောက်နေတယ်။ “ကားသော့ မင်းဆီမှာလား?” လို့ ဇနီးသည်ကို မေးတယ်။

ဟင့်အင်း၊ ရှင့်ကို ကျွန်မပေးလိုက်တာပဲ” ကျွန်တော့ကို ပေးလိုက်တယ်လို့ပဲ အခိုင်အမာ သူပြောတယ်။ မပေးဘူးလို့ ကျွန်တော်က တွင်တွင်ငြင်းတယ်။ အဲဒီလိုအပြန်အလှန် အတော်ကြာအောင် ငြင်းကြတယ်။ ခဏကြာတော့ ကျွန်တော်ကားထဲက ထွက်လိုက်ပြီး လှည့်ပတ် ကြည့်တဲ့အခါ၊ ကားတံခါးဝမှာ သော့ကို တအံ့တဩ တွေ့လိုက်ရတယ်။ ကားတံခါးကို မပိတ်ဘဲ ထားခဲ့မိတာပါ။ ကျွန်တော် ရှက်သွားတယ်။ ကားသော့ရတာနဲ့ ကားသော့ကို သူ့ပိုက်ဆံအိတ်ထဲ ထည့်ပြီး၊ သူအထား မှားတာလို့ အပြစ်ပုံချတယ်။ ကိုယ့်အမှားလို့ ဝန်ခံရမှာ ရှက်နေတယ်။

ကျွန်တော်မှားတယ်။ အပြစ်ပြုမိတယ်။” လို့ ပြောဖို့ရာ ခက်ပါတယ်။ ကျမ်းစာထဲမှာ တချို့က အပြစ်ပုံချတယ်။ တချို့က ဆင်ခြေပေးတယ်။ ရှောလုအကြောင်း စဉ်းစားကြည့်ပါ။ လုံးဝဖျက်ဆီးဖို့ သူ့ကို အမိန့်ပေးပြီးသားပါ။ စစ်ပွဲကပြန်လာတော့ သိုးနွားတွေကို ဆုအဖြစ်ယူလာပြီး၊ ရန်သူရှင်ဘုရင်ကိုလည်း လွတ်ငြိမ်းခွင့် ပေးလိုက်တယ်။ ဘုရားသခင်ရဲ့ လူက “သင်ဟာ ဘုရားသခင်စကားကို နားထောင်သလား?” လို့ မေးတဲ့အခါ “ဟုတ်ကဲ့၊ နားထောင်ပါတယ်” လို့ ရှောလုက ဖြေတယ်။ ဒါနဲ့ သိုးနွားတွေ အော်မြည်လာတဲ့အခါ၊ ပရောဖက်က “ငါကြားရတဲ့ သိုး၊ နွားသံ တွေက ဘာသဘောပါလိမ့်?” လို့ မေးတယ်။ ရှောလုက ဆင်ခြေပေးဖို့ ကြိုးစားတယ်။ “လူတွေက သိုး၊ နွားတွေကို နှမြောတဲ့အတွက် ဘုရားသခင်ကို ပူဇော်ဖို့ပါ” လို့ ပြောတယ်။

အမျိုးသမီးတစ်ယောက် တရားဟောဆရာထံ သွားတယ်။ “ကျွန်မအတွက် ဆုတောင်းပေးပါ ဆရာ။ ကျွန်မဝန်ထုပ်တွေ ထမ်းနေရ တယ်။” ဘာဝန်ထုပ်လဲ” လို့ မေးတော့- “သည်းမခံနိုင်တဲ့ စိတ်ပါ” လို့ ဖြေတယ်။ “မဖြစ်နိုင်တာ။ ခင်ဗျား ဝန်ထုပ်မထမ်းရဘူး။ အပြစ်ရှိတာပါ။ ခင်ဗျား ယောက်ျားကသာ ဝန်ထုပ် ထမ်းနေရတာ။” လို့ ဖြေတယ်။ အဲဒီဆရာ ပြောတာ မှန်တယ်။ အပြစ်ပုံချတတ်သူတွေ ရှိသလို၊ ဆင်ခြေ ပေးတတ်သူလည်း ရှိတယ်။ နောက်.. အပြစ်ကိုဖုံးကွယ်ဖို့ ကြိုးစားသူလည်း ရှိတယ်။ “မိမိအပြစ်ကို ဝှက်ထားသော သူသည် ချမ်းသာမရ။” (သုတ္တံ ၂၈း၁၃)

အပြစ်ကို ဖုံးကွယ်ဖို့ အတော်များများ ကြိုးစားကြတယ်။ သိပ်မကြာသေးခင်က တောင်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ်က အသင်းတော်တပါးကို ရောက်ခဲ့တယ်။ အဲဒီက သင်းအုပ် ဆရာက  ရယ်စရာဖြစ်ရပ်ကလေးတစ်ခု ပြောပြတယ်။ လူတစ်ယောက် သူ့အိမ်ကို ပြင်နေတယ်။ ရေချိုးခန်းမှာ ယာယီထရံပါး တစ်ခုရှိတယ်။ တနေ့ သူ့သားတွေ နပန်းလုံးကြတယ်။ တယောက်က ထရံပေါ်လဲကျပြီး၊ အပေါက် ကြီးတပေါက် ပေါက်သွားတာ ကလေးတစ်ယောက်တောင် ဖြတ်လျှောက်သွားလို့ ရတယ်။ သူအိမ်ပြန်လာတဲ့အခါ နံရံက အပေါက်ကိုတွေ့တော့ သားတွေကို တန်းစီပြီးမေးတယ်။ “ထရံက အပေါက်ဟာ မင်းကြောင့်လား?” ဟင့်အင်း၊ မဟုတ်ဘူး” လို့ ပထမသားက ဖြေတယ်။ “ထရံက အပေါက်ဟာ မင်းကြောင့်လား?” လို့ ဒုတိယသားကို မေးတော့ “မဟုတ်ဘူး” လို့ ငြင်းတယ်။ ဒါနဲ့ တခြားကလေးတွေကို ဆက်မေးတော့ အငယ်ဆုံးကလေးအလှည့်မှာ “သား.. ထရံက အပေါက်ဟာ မင်းကြောင့်လား?” အသက် ၂ နှစ်၊ ၃ နှစ် တောင်မကျော်သေးတဲ့ သားငယ်က “ဘာအပေါက်လဲ” လို့ မေးတယ်။ တကယ်တော့ အဲဒီအပေါက်ဟာ ရေချိုး ကန်ထဲအရောက် ဖြတ်ပြီး ခုန်ချလို့ ရလောက်အောင်ကို ကြီးပါတယ်။ ဒါပေမယ့် ကလေးက ဖုံးကွယ်ဖို့ ကြိုစားတယ်။

ငယ်ငယ်က မျက်လုံးတွေကို မှိတ်ထားရင် ကျွန်တော့ကို ဘယ်သူမှ မမြင်ဘူးလို့ ထင်ဖူးတယ်။ ကိုယ့်ကိုကိုယ် မမြင်တာနဲ့ဘဲ ဘယ်သူမှ မမြင်ဘူးလို့ ထင်ပစ်လိုက်တာပါ။ မျက်စိတော့ မှိတ်ထားလို့ ရမှာပေါ့။ အပြစ်တော့ ဖုံးထားလို့ မရပါဘူး။

အပြစ်နဲ့ ပတ်သက်ပြီး နောက်တမျိုး လုပ်နိုင်တာက ဝန်ခံလိုက်တာပါဘဲ။ “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်ရှိသမျှကို လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ၁ယော ၁း ၉။

အပြစ်ကို ရိုးသားစွာရင်ဆိုင်ပြီး ဝန်ခံဖို့လိုတယ်။ ပေါ့ရော့တဲ့အပြစ်ပဲ ဖြစ်ပါစေ၊ ဝန်ခံဖို့လိုတယ်။ “ ကိုယ်တော် ကျွန်တော် ကျမ်းစာဖတ် သင့်သလောက်မဖတ်ဖြစ်ဘူး။ တောင်းပန်ရင် ခွင့်လွတ်မယ်လို့ ကတိထားတဲ့အတိုင်း ခွင့်လွှတ်ဆေးကြောပေးပါ” လို့ ကျွန်တော်ဆုတောင်းတတ်တယ်။ ဒါဟာဝန်ခံပြီး ကျမ်းစာထဲမှာရှိတဲ့ ဘုရားဂတိတော်ကို ကိုင်စွဲပြီး ခွင့်လွတ်ခြင်းနဲ့ ဆေးကြောခြင်းကို တောင်းဆိုတာပါ။

တောင်းပန်ရင် ခွင့်လွတ်ရုံမျှမက ဆေးကြောပေးတယ်။ တနည်းပြောရရင် အပြစ်တွေကို ဖယ်ရှားပေးတယ်။ ရွှံ့ဗွက်ထဲ လဲတဲ့ကလေး ကို ခွင့်လွှတ်တာက တပိုင်းပါ။ ရေချိုးပေးပြီး၊ မလဲခင်က ပုံစံအတိုင်း ပြန်ဝတ်ဆင်ပေးတာက တပိုင်းပါ။ ဒါဟာ ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောပေးခြင်းတို့ပဲ ဖြစ်တယ်။

တောင်းပန်ရင် ခွင့်လွှတ်ရုံမက ဆေးကြောပေးတယ်။ “ငါတို့အပြစ်ရှိသမျှကို ခွင့်လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ --- ဖြောင့်မတ်ခြင်းတရားနှင့်----  ပြည့်စုံစေသောမူ၏။ ” လို့ ကျမ်းစာက ပြောတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂,၀၀၀ မှာ အပြစ်တွေကို ယူတင်ခဲ့တဲ့အတွက် ခွင့်လွှတ်မယ်ဆိုရင် တရားတယ်၊ ဖြောင့်မတ်တယ်လို့ ဆိုနိုင်တယ်။ အပြစ်တွေကို ခွင့်လွှတ်ပေးရာမှာ ဘုရားရဲ့တရားခြင်း ဂုဏ်တော်ကို မထိခိုက်ဘူး။ ကာရာနီမှာ အသေခံပေးတဲ့အတွက် တရားမျှတမှု ရှိပါတယ်။

ခွင့်လွှတ်ခြင်း” “forgiveness” ဆိုတဲ့စကားက အတိအကျအားဖြင့် ဆိုရရင် ဝန်ထုပ် ထမ်းပေးခြင်း လို့ အဓိပ္ပါယ်ရတယ်။ အကြွေးဒေါ်လာ ၁,၀၀၀ တင်နေလို့၊ အကြွေးကို လွှတ်လိုက်ရင် ဝန်ထုပ် ထမ်းပေးရာ ရောက်တယ်။ ယေရှုခရစ်က အပြစ်ခွင့်လွှတ်တဲ့အခါ ဝန်ထုပ်ထမ်းပေးတယ်။ မနက်ဖန်မှာ ပြုမိမယ့် အပြစ်တွေအတွက်လည်း အသေခံပေးတယ်။ ကယ်တင်ခြင်းရပြီးမှ အပြစ်ပြုမိရင်၊ သားအရာတော့ မပျက်ဘူး။ မိတ်ဿဟာယပဲ ပျက်တယ်။ “ဘုရားသခင်သည် အလင်း၌ ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယ ဖွဲ့ခြင်း ရှိသည်ဖြစ်၍၊ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” ၁ယော ၁းရ။ အပြစ်တွေအတွက် တောင်းပန်နေရင်၊ မိတ်မပျက် ဆက်ရှိနေမှာပါ။

မာတင်လူသာက “ဘုရားသခင်နဲ့ လက်ငင်းရှင်းပါ” လို့ ပြောဖူးတယ်။ ဘဝမှာ အပြစ်တွေ တောင်လိုပုံမနေစေနဲ့ လို့ ဆိုလိုတာပါ။ အပြစ်ကို သိလျက်နဲ့ ဝန်မခံပဲ ခွင့်လွှတ်ခြင်း၊ ဆေးကြောခြင်းကို မရယူပဲ၊ တနေ မကုန်ပါစေနဲ့။

အပြစ်ဝန်မချဘဲ ည-ည အိပ်ယာဝင်ရင် ဘဝမှာအပြစ်တွေဟာ အမှိုက်ပုံလို စုပြုံနေတော့မှာပဲ။ တခါ ဆုတောင်းရုံနဲ့ လှဲကျင်း၊ သန့်ရှင်းဖို့ သိပ်မလွယ်ဘူး။ ဘုရားရဲ့ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို ရဖို့က-
(၁) အပြစ်အတွက် ဘုရားသခင်ရှေ့မှာ ရိုးသားပါ။
(၂) ဝန်ခံလိုက်ပါ။
(၃) ဂတိတော်အရ - ခွင့်လွှတ်ခြင်းနဲ့ ဆေးကြောခြင်းကို တောင်းယူပါ။ (၁ယော ၁း၉.
)
(၄) တောင်းပန်တဲ့ အပြစ်တွေဟာ ခွင့်လွှတ်ခံရပြီ၊ ဆေးကြောပေးပြီလို့ စိတ်ချလက်ချ အနားယူပါ။ ဘုရားသခင် မညာပါဘူး။ (ဟေဗြဲ ၆း၁၈
)

ကိုယ့်ကိုကိုယ် မစီရင်-ရင် ဘာဖြစ်သလဲ? ၁ကော ၁၁း၃၁-၃၂ မှာ “ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင် တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။” ဆုံးမခြင်းအကြောင်းပြောဖို့ ကျွန်တော့်မှာ အချိန် သိပ်မရပါဘူး။ ဒါပေမယ့် ကျမ်းစာက ကိုယ်ကိုကိုယ် မစစ်ကြောရင်၊ ဘုရားက စစ်ကြောတယ်။ လောကီသားတွေနဲ့အတူ အစစ်မခံရဖို့ ဆုံးမတယ်လို့ ဆိုတယ်။ အရှင်းဆုံးပြောရရင် ဆုံးမခြင်းဟာ တခါတရံမှာ မကျန်းမမာ ဖြစ်စေတယ်။ ဒါပေမယ့် မကျန်းမာတိုင်း အပြစ်ကြောင့် မဟုတ်ဘူး။ တခါတရံမှာတော့ ၁ကော ၁၁း၃၀ လို အပြစ်ကြောင့် ဖြစ်ရတယ်။ တခါတရံမှာတော့ ယော ၉း၁-၃ က မျက်မမြင်လူငယ်လိုပဲ အပြစ်ကြောင့်ဖြစ်ရတာ မဟုတ်ဘူး။ ဆုံးမခြင်းဟာ တခါတရံမှာ စီးပွါးရေး ထိခိုက်စေတယ်။ ချစ်ခင်သူတွေ ဆုံးရှုံးရတယ်။ ဒါဝိဒ်မင်းဟာ ဗာသရှေဘနဲ့ မှားယွင်းတဲ့အခါ၊ သားလေး သေတယ်။ တခြားသားသမီးတွေလည်း နောက်ပိုင်းမှာ ပြဿနာတွေကြုံရတယ်။

ဆုံးမပုံ အမျိုးမျိုးရှိတယ်။ စိတ်လိုလက်ရ- စွဲစွဲမြဲမြဲ အပြစ်ထဲမှာ နစ်နေရင် အချိန်မတန်မှီ သေတတ်သလို၊ လေလည်း ဖြတ်တတ်တယ်။ (၁ကော ၁၁း၃၀၊ ၁ကော ၅း၅) ဘုရားက ပါးစပ်နဲ့ ပြောတယ်။ ရိုက်တယ်၊ အိမ်ပြန်ခေါ်တယ်လို့ မှတ်ယူစရာ ရှိပါတယ်။
 (၃) အစေခံကျွန်အဖြစ် နောင်ကာလစီရင်ခြင်း The Believer’s Future Judgment as a Servant

ယုံကြည်သူကို အပြစ်သားအဖြစ် ယခင်က တရားစီရင်ခဲ့ပြီးပြီ။ အကျိုးကတော့ ယေရှုခရစ် အသေခံရပြီး၊ ယုံကြည်သူက ဖြောင့်မတ်လာတယ်။ သားအဖြစ်စီရင်ခြင်းကတော့ အခုကာလမှာ- ကိုယ့်ကိုကိုယ် စီရင်ခြင်းပါ။ အကျိုးကတော့ အပြစ်တွေအတွက် တောင်းပန်ရင် ခွင့်လွတ်ပေး၊ ဆေးကြောပေးတယ်။ မတောင်းပန်ရင် ဘုရားသခင် စီရင်ဆုံးမတယ်။

တတိယ စီရင်ခြင်းကတော့ နောင်ကာလမှာပါ။ ကျွန်အဖြစ်စီရင်ခံရတာပါ။ ၁ကော ၃း၁၁-၁၅ မှာ “ အကြောင်းမူကား၊ ယေရှုခရစ် တည်းဟူသော၊ ချထားလျှက်ရှိသောတိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှမချနိုင်။ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊ အသီးအသီးလုပ်သော အလုပ်သည် ထင်ရှားစေလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဘော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်း လိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏၊ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏ အလုပ်သည် ကျွမ်းလောင်၏။ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။

ဒီကျမ်းပိုဒ်ကို သတိထား လေ့လာကြည့်ပါ။ အပြစ်အတွက် စစ်ကြောခံရမယ့်အကြောင်း ကျမ်းစာက ပြောနေတာ မဟုတ်ဘူး။ အငယ်  ၁၃ မှာ “အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။” အပြစ်မဟုတ်ဘူး။ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ်အားကိုးရင် အပြစ်နဲ့ ပတ်သက်တဲ့ ပြဿနာ မရှိတော့ဘူး။ နောင်ကာလစီရင်ခြင်းဟာ အလုပ်အတွက် ဖြစ်တယ်။ အမှုတော်ဆောင်သမျှအတွက် ဖြစ်တယ်။ အစေခံကျွန် အဖြစ် စီရင်ခံရတာပါ။ အသီးသီး လုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။” “ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည် မြဲ၏။” အငယ်၁၄ “အကြင်သူ၏ အလုပ်သည် လောင်ကျွမ်း၏။ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ” အငယ် ၁၅။ ကယ်တင်ခြင်းရဖို့ လုပ်ကြရတာလား?” မဟုတ်ပါဘူး။ D. L. Moody က …

ကယ်တင်ခြင်းရဖို့ မကျင့်ပါ။
သခင်ဘုရား လုပ်ပေးပြီးသားပါ။
သားတော်ကို ချစ်တဲ့စိတ်နဲ့တော့
ကျွန်ကလေးလို ကျင့်မှာပေါ့။

ဧဖက်၂း ၁၀ မှာ “ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။” ယုံကြည်သူတွေ အလုပ်လုပ်ဖို့ ဘုရားအလိုတော်ရှိတယ်။ ခရစ်တော်ရဲ့ အမှုကို ဆောင်ရတယ်။ ရတဲ့အခွင့်အလမ်းတွေတော့ မတူဘူး။ ဒါပေမယ့် တခုခုတော့ လုပ်ဖို့ဘုရားသခင် မြော်လင့်နေတယ်။ နံရံကပ်စာတန်းတခု ဖတ်ရဖူးတယ်။ - -
ငါဟာတယောက်တည်းပါ။ ဒါပေမယ့် တယောက်အပြည့်ပေါ့။
အားလုံးတော့ ငါမတတ်နိုင်ပေမယ့် တခုခုတော့ လုပ်နိုင်မှာပေါ့။
ငါလုပ်နိုင်တာ ငါလုပ်သင့်တယ်။
ငါလုပ်သင့်တာကို ဘုရားကျေးဇူးတော်အားဖြင့် ငါလုပ်လိုက်မယ်။

ကျွန်တော်ကယ်တင်ခြင်း အကြောင်းပြောဖို့ လက်လှမ်းမမှီသူတွေကို မိတ်ဆွေတို့အနေနဲ့ လက်လှမ်းမှီချင် မှီနိုင်မှာပါ။ ခရစ်ယာန် အသက်တာ အမှုတော်ဆောင်းခြင်း တိုင်းတာပုံလေးကို မာကု ၁၄း၈ မှာ တွေ့ရတယ်။ ဗေသနိရွာသူ မာရိကို “တတ်နိုင်သမျှ ပြုပြီ” လို့ မိန့်တော်မူတယ်။ တတ်နိုင်တာတွေလုပ်ဖို့ ဘုရားသခင် မြော်လင့်တယ်။ လောကမှာ စိတ်ပျက်စရာအကောင်းဆုံးသူဟာ ကိုယ်တတ်နိုင်တာထက် အလွန်အကျွံ ရည်မှန်းတဲ့ သူပါပဲ။ တတ်နိုင်တာကို လုပ်ပါ။ ဗေသနိရွာသူ မာရိဟာ သူတတ်နိုင်တာကို လုပ်တယ်။

အကျဉ်းသားတွေကို သွားတွေ့ သွားမြှော်နိုင်လား? ဝေစာ ဝေနိုင်မလား? သံစုံသီချင်း ဆိုနိုင်မလား? ဘုရားကျောင်း သန့်ရှင်းရေး လုပ်နိုင်မလား? ဘုရားကျောင်း ဧည့်ကြိုလုပ်နိုင်မလား? အသင်းတော် ဘတ်စ်ကားကို မောင်းနိုင်မလား? (သို့) ဘတ်စ်ကားနဲ့ အတူ လိုက်ပေးနိုင်မလား? လုပ်နိုင်တဲ့ အလုပ်လေးတွေ ရှိတယ်။ ယုံကြည်သူတိုင်းဟာ ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့မှာရပ်ပြီး အစေခံကျွန်လို အစစ်ခံရမယ်။ “ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။” (၂ကော ၅း၁၀) လုပ်ဆောင်မှုအပေါ် အစစ်ခံရမယ်။

အငယ် ၁၃ မှာ “လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။” အလုပ်ရဲ့အရွယ်အစား “size” ကို မပြောဘူး။ အမျိုးအစား “sort” ကို ပြောတာပါ။ အရည်အသွေးဆိုတာ အရေးကြီးတယ်။ အလုပ်ရဲ့နောက်ကွယ်က စိတ်ထား အရေးကြီးတယ်။ မီးက အရွယ်အစားကို မတိုင်းဘူး။ အရည်အသွေးကိုသာ စစ်တယ်။ အရွယ်အစားကို စစ်ချင်ရင် ပေကြိုးကို သုံးမှာပေါ့။ အခုဟာ မီးနဲ့ စစ်မှာပါ။ ကျမ်းစာက “ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။

စိတ်ရင်းက ခရစ်တော်ကိုချစ်တဲ့ မေတ္တာမဟုတ်တဲ့ လုပ်ဆောင်မှုတွေဟာ ခရစ်တော်ရဲ့ ပလ္လင်ရှေ့မှာ ဆုရမှာ မဟုတ်ဘူး။ ကျမ်းစာက ၁ကော ၁၃း၃-မှာ “သူတပါးကို ငါကျွေးမွေး၍  ဥစ္စာရှိသမျှကို စွန့်ကြဲသည် သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင် ငါ၌ အကျိုးမရှိ။” ရှင်ပေါလုက “ငါ့မှာရှိသမျှကို ဆင်းရဲသားတွေ စားသောက်ဖို့ပေး၊ ရှိသမျှ ပိုက်ဆံထုတ်၊ ဘဏ်ထဲက ငါ့ငွေတွေကို အကုန်ထုတ်၊ ငါ့မြေတွေကို အကုန်ရောင်း၊ ဆင်းရဲသားတွေကို ကျွေးမွေး၊ သစ်တိုင်မှာ မီးရှို့ခံပြီး မာတုရလို သေပေမယ့် မေတ္တာမရှိရင် ဘာဆုမှ ရမှာမဟုတ်ဘူး” လို့ ပြောတာပါ။

ဘာလုပ်တယ်ဆိုတာ ဘုရားသခင်စိတ်ဝင်စားသလို၊ ဘာကြောင့်လုပ်တယ်ဆိုတာလည်း စိတ်ဝင်စားတော်မူတယ်။ ဂုဏ်ရှိလို့ ဘုရား အလုပ်လုပ်တာလား? ဒါဆိုရင် အခရနေပြီ။ လူတွေမြင်ဖို့ လှူတာလား? လူတွေ ချီးမွမ်းဖို့လား? ဒါဆို အခရနေပြီ။ ဒါမှမဟုတ် ခရစ်တော်ကို ချစ်လို့လား? ချစ်ခြင်းကြောင့် ဆိုရင် ခရစ်တော်ရဲ့ ပလ္လင်ရှေ့မှာ ဆုရမယ်။ ၁ကော ၃း၁၄၊၁၅ မှာ “ထိုတိုက်မြစ်အပေါ်၌ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည်အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။

ကယ်တင်ခြင်းရ-မရ ဆုံးဖြတ်တဲ့ စီရင်ခြင်း မဟုတ်ဘူး။ အလုပ်၊ အမှုဆောင်းခြင်းကို ဆုရ-မရ စီရင်တာပါ။ ဒီစီရင်ခြင်းကြောင့် ဘယ်သူမှ ငရဲ မသွားဘူး။ အားလုံး ကယ်တင်ခြင်းခံရတယ်။ ကိုယ်လုပ်တဲ့ အလုပ် တည်မြဲရင်၊ ဆုရတယ်။ လောင်ကျွမ်းသွားရင်၊ အရှုံးခံရတယ်။ ဒါပေမယ့် ကယ်တင်ခြင်းတော့ရတယ်။ “သို့သော်လည်း၊ မီးဘေးနှင့် လွတ်သကဲ့သို့” အားလုံးကယ်တင်ခြင်း ရကြတယ်။ ဆုရသူရှိသလို၊ ဆုမရသူလည်း ရှိတယ်။ “အကျိုး”၊ “ဆု” ဆိုတဲ့စကားဟာ လုပ်ဆောင်မှုအတွက် လုပ်ခလို့ ဆိုလိုတာပါ။ ကောင်းကင်ဝင်ခွင့် မဟုတ်ဘူး။ အသုဘတွေမှာ “ကျွန်တော်တို့ချစ်တဲ့ မိတ်ဆွေဟာ သူ့ဆုဖြစ်တဲ့ ကောင်းကင်ကိုသွားပါပြီ” လို့ ဟောတာ ကြားဖူးတယ်။ ကောင်းကင်ဟာ ဆုမဟုတ်ဘူး။ လက်ဆောင်သာ ဖြစ်တယ်။ ကယ်တင်ခြင်းဟာ  လက်ဆောင်ပါ။ ကောင်းကင်ဆိုတာ လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ က ကာရာနီမှာ ပေးချေ ဝယ်ယူထားတဲ့ နေရာပါ။ လူသေရင် ဆုအဖြစ် ကောင်းကင်ကို ဝင်စားရတာမဟုတ်ဘူး။ ဆုဆိုတာ ခရစ်တော်ရဲ့ ပလ္လင်ရှေ့ တရားစီရင် ချိန်မှ ရမှာပါ။ ခရစ်တော်ကြွမလာမချင်း ဒီတရားစီရင်ခြင်း၊ မပြုလုပ်သေးဘူး။

ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍၊ စိတ်နှလုံး အကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီတိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးအသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်း ကျေးဇူးကို ခံရကြလတံ့။” ၁ကော ၄း ၅။ ကျမ်းစာက ကြွလာတော်မူရာမှာ အသက်ရှင်သူနဲ့ သေသူတွေကို စီရင်မယ်လို့  ဆိုတယ်။ ၂တိ ၄း ၁။ ဘုန်းတော် ဝင်စားခဲ့ပြီဖြစ်တဲ့ ခရစ်ယာန်တွေရဲ့ ကိုယ်ခန္ဓာတွေဟာ ထမြောက်ကြမယ်။ အသက်ရှင်နေတဲ့ သန့်ရှင်းသူတွေက ပြောင်းလဲပြီး၊ အာကာသထဲမှာ သခင်ဘုရားနဲ့ တွေ့ဖို့ ချီဆောင်ခံရမယ်။ ပြီးမှ ယုံကြည်သူအားလုံး ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့မှာ အစစ်ခံရမယ်။

၂ ကော ၅း၁၀ မှာ “ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။” “ငါတို့” ဆိုတဲ့ စကားဟာ အခန်းကြီး ၅-ထဲမှာ ၂၆-ခါ ပါတယ်။ ယုံကြည်သူတွေကို ရည်ညွှန်းတယ်။ ယုံကြည်သူဟာ ခရစ်တော်ရဲ့ ပလ္လင်ရှေ့မှာ ရပ်ရကြပြီး အလုပ်တွေ အစစ်ခံရမယ်။ အလုပ်တည်မြဲရင် ဆုရမယ်။ အလုပ်လောင်ကျွမ်းရင်၊ အရှုံခံရမယ်။ ဒါပေမယ့် “မီးနဲ့ လွတ်သလို” ကယ်တင်ခြင်း ခံရမယ်။ (၁ကော ၃း၁၄း၁၅) ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့မှာ ဆုသရဖူ (၅) မျိုး အပ်နှင်းမယ်။

မညှိုးနွမ်းမပျက်စီးနိုင်သော သရဖူ

ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌တပ်မက်ခြင်းကို ချုပ်တည်း တတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီး တတ်သော ပန်းဦးရစ်ကိုရခြင်းအလိုငှါ ပြုကြ၏။ ငါတို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကိုရခြင်းအလိုငှါ ပြုကြ၏။”  ၁ကော ၉း ၂၅

ဒီသရဖူဟာ ဇာတိသဘော၊ အသွေးအသားသဘော၊ လောကီသဘောနဲ့ အသက်မရှင်တဲ့၊ အသွေးအသား ဆန္ဒအတိုင်း မလိုက်တဲ့၊ ကိုယ့်ကိုယ်ခန္ဓာကို ထိန်းချုပ်စောင့်ရှောက်တဲ့၊ ယုံကြည်သူတွေကို ပေးမယ်။ အဲဒီလိုယုံကြည်သူတွေဟာ ခရစ်တော်ရဲ့ တရားပလ္လင် ရှေ့မှာ မညှိုးနွမ်းမပျက်စီးနိုင်တဲ့ သရဖူကို ရကြမယ်။
ဝမ်းမြောက်ခြင်း သရဖူ

ငါတို့မြှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သော အကြောင်းအရာနည်း။ ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ဝမ်းမြောက်ခြင်း အကြောင်းဖြစ်ကြသတည်း။” ၁သက် ၂း၁၉-၂၀။

ဝိညာဉ်ကယ်တင်သူ Soul winner တွေအတွက် ဖြစ်တယ်။ ရှင်ပေါလုက သူ့အားဖြင့် ပြောင်းလဲ သူတွေကို “မင်းတို့ဟာ ငါ့ရဲ့ ဝမ်းမြောက်ခြင်းသရဖူ” လို့ ဆိုတယ်။ ဝိညာဉ်ကယ်တင်သူတွေသာ ရလိမ့်မယ်။

ဖြောင့်မတ်ခြင်း သရဖူ

ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သော သူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။” ၂တိ ၄း၈။

ခရစ်တော်ကြွလာခြင်းကို မြှော်လင့်နှစ်သက်သော သူတွေအတွက် ဖြစ်တယ်။ ဒီနေရာမှာ ခရစ်တော် ကြွလာခြင်းနဲ့ ကိုယ့်ရဲ့ လွတ်မြောက်ခြင်းကို ခွဲထားဖို့လိုတယ်။ တချို့သူတွေက ကိုယ့်ဒုက္ခတွေ၊ အခက်အခဲတွေထဲက လွတ်ချင်လို့ ကြွလာခြင်းကို မြှော်လင့်တာပါ။ သူတို့ဒုက္ခထဲက လွန်မြောက်ချင်ပေမယ့် ကြွလာခြင်းကို ချစ်၊ မချစ် မသေချာဘူး။ ကြွလာခြင်းကို ချစ်မြတ်နိုးသူတွေအတွက်သာ ဖြစ်တယ်။
ဘုန်းကြီးသော သရဖူ

၁ပေ ၅း၄ မှာ “သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းသော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။” သင်းအုပ် (သို့) အသက်ကြီးသူတွေရဲ့ သရဖူဖြစ်တယ်။ အမှုတော်ကို အချိန်ပြည့်ဆက်ကပ်သူတွေ၊ သစ္စာရှိစွာ အမှုတော်ဆောင် သူတွေအတွက် ဖြစ်တယ်။

သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရ သောကြောင့် မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား ၍ အစိုးတရ ပြုသည် မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူဖြစ်ကြလော့။ သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသော အခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။” ၁ပေ ၅း၂-၄။
အသက် သရဖူ

စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြော စုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။” ယာကုပ် ၁း၁၂။

 သင်သည်ခံရမည့်အရာ တစုံတခုကိုမျှမကြောက်နှင့်။ သင်တို့သည်စုံစမ်းခြင်းကို ခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။” ဗျာဒိတ် ၂း၁၀။

အသက်သရဖူဟာ ကိုယ့်ရဲ့သက်သေခံချက်တွေအတွက်၊ အသက်ကိုပေးခဲ့ရတဲ့ မာတုရတွေ အတွက် ဖြစ်တယ်။  သရဖူရတဲ့ ယုံကြည်သူတွေ ဘာလုပ်မယ်လို့ ထင်သလဲ? ကျမ်းစာက … “အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျှက်၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသောသူကို ကိုးကွယ်လျှက်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျှက်ရှိကြပါ၏။ ထို့ကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစား ထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့ သရဖူများကို ချထားကြ၏။” ဗျာဒိတ် ၄း၁၀-၁၁။ အဲဒီအသက်ကြီးသူတွေဟာ ကယ်တင်ရှင်ရဲ့ ခြေတော်ရင်းမှာ သူတို့ရဲ့ သရဖူတွေကို ချထားတယ်။ ယုံကြည်သူတွေဟာလည်း ခြေတော်ရင်းမှာ ချထားမယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယုံကြည်သူတိုင်းဟာ ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့မှာရပ်ပြီး၊ အလုပ်အတွက် တရားစီရင် ခံရလိမ့်မယ်။ အစေခံကျွန် တစ်ယောက်လို အစစ်ခံရပြီး၊ သရဖူ (၅)မျိုးလို ဆု တခုခုရနိုင်တယ်။ ဒါမှမဟုတ် အရှုံးနဲ့ ကြုံရနိုင်တယ်။ ရှုံးတယ်ဆိုရာမှာ သူတို့လုပ်တဲ့အလုပ်တွေ လောင်ကျွမ်းပြီး အကျိုးမရှိခဲ့တဲ့ အသက်တာ အတွက် ဘုရားသခင်ကို အော်ဟစ်ချီး မွမ်းကြမယ်လို့တော့ ကျွန်တော်မထင်ဘူး။

ကိုယ့်ရဲ့အချိန်ကလေးကို ခရစ်တော်ရဲ့အမှုတော်မှာ မှန်မှန်ကန်ကန် သုံးစွဲသင့်တယ်။ ဗေသနိ ရွာသူ မာရိလိုဘဲ ကိုယ်လုပ်နိုင်တာကို လုပ်ပါ။ သခင်ယေရှု ကြွလာပါလိမ့်မယ်။ ကယ်တင်ရှင်အဖြစ် အားမကိုး ရသေးရင်တော့ ဒီနေ့ပဲ အားကိုးလိုက်ပါ။ အားကိုးပြီးရင်တော့ အကောင်းဆုံး ခရစ်ယာန်တစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်ပါ။                                ။ 

No comments:

Post a Comment