Saturday, March 23, 2013

BREAD FOR BELIEVERS - in Burmese ယုံကြည်သူရဲ့ အစာ

Dr. Curtis Hutson


Bread For Believers ဆိုတဲ့ Dr. Curtis Hutson ရဲ့ စာအုပ်ကို ဘာသာပြန်ပါတယ်။ တရားဟောချက် ၁၉ ပုဒ်ကို စုစည်းထားပြီး၊ ခရစ်ယာန်တယောက်အတွက် လမ်းပြမြေပုံ Road Map စာအုပ် တအုပ်ပါ။ အခု စာအုပ်ရဲ့ အမှာစာကို Elmer L. Towns က ရေးသားရာမှာ တရားဟောဆရာကောင်း တယောက်ရဲ့ အရည်အချင်းတွေကို ပြောပြထားပါတယ်။

မိတ်ဆက်စကား Introduction  

အမေရိကန်ပြည်ရဲ့ အကောင်းဆုံးတရားဟောဆရာ the best preacher in America ဟာ Dr. Curtis Hutson ပဲလို့ ကျွန်တော့ ကျောင်းသားတွေကို မကြာခဏ ပြောဖူးတယ်။ လူတယောက်ကို အကောင်းဆုံး လို့ ပြောရတာ သိပ်လွယ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အခုလို သတ်မှတ်ရတာဟာ ကျွန်တော် ကိုယ်တိုင် Forrest Hills နှစ်ခြင်းအသင်းတော်မှာ အသင်းသားအဖြစ် ပါဝင်ခဲ့ပြီး Dr. Hutson ရဲ့ တရားတွေကို ၂ နှစ်ကျော်ကြားနာခဲ့ရတဲ့အပေါ်မှာ အခြေခံပြီး သတ်မှတ်တာဖြစ်တယ်။

သူ့တရားတွေကို ဖတ်ဖို့၊ သူ့အခွေတွေ နားထောင်ဖို့၊ သူ့တရားနားထောင်ရင် စိတ်နှလုံး ဖွင့်ထားဖို့ ကျောင်းသားတွေကို ပြောပြရတယ်။ Dr. Curtis Hutson ဟာ အနက်ဖွင့်ရာမှာ အတူယူစရာ သိပ်ကောင်းတယ်။ တန်ခိုးပါတယ်။ ဒါပေမယ့် နွေးထွေးမှုနဲ့ ဆွဲဆောင်မှုလည်း ရှိတယ်။

မကြာသေးခင်နှစ်က ကျွန်တော်ရေးပြီး မထုတ်ဖြစ်ခဲ့တဲ့ စာအုပ်နာမည်က "အကောင်းဆုံး နှစ်ခြင်းတရားဟောဆရာကြီး ဆယ်ဦးနှင့် သူတို့ပြင်ဆင်ခဲ့ကြပုံများ"  ဖြစ်တယ်။ စာအုပ်ထဲမှာ Dr. Curtis Hutson အကြောင်း ထည့်ရေးတယ်။ တရားဟောဆရာကြီးများလို့ ကျွန်တော် သတ်မှတ်ရာမှာ သုံးတဲ့ အရည်အချင်းတွေ Dr. Curtis Hutson မှာ အကုန်ရှိတယ်။

(၁) ထိပ်တန်း တရားဟောဆရာကြီးတွေ ဟောရင် သိပ်အကျိုးရှိတယ်။ ဒါကြောင့် တရားဟော ဆရာဖြစ်ဖို့ အသင်းတော်ကြီးတပါး တည်ထောင်ဖို့လိုတယ်။ သဘောပေါက်လာသူတွေ တရားပလ္လင် ရှေ့ကို ထွက်လာရမယ်။ နှစ်ခြင်းခံပြီး အသင်းသားဦးရေ တိုးပွားလာရမယ်။

လူတိုင်းသိပါတယ်။ Forrest Hills နှစ်ခြင်းအသင်းတော်ကို Curtis Hutson ကိုင်တွယ်စက လူဦးရေ ၃၀ မျှသာရှိတယ်။ သူနှုတ် ထွက်တော့ အပတ်စဉ် မနက်တိုင်း ပျမ်းမျှလူ ၃၀၀၀ ကျော် ရှိနေပြီ။ အသင်းတော်အခြေအနေကို ကိုယ်တိုင် မြင်ခဲ့ရဖူးတယ်။ ဘက်စ်ကားတွေ ပြေးဆွဲပေးနေပြီး၊ Sunday School လည်း ထိုးဖေါက် သင်ကြားနေတယ်။ Forrest Hills နှစ်ခြင်းအသင်းတော်ကို တည်ထောင်တဲ့အရာဟာ Dr. Hutson ရဲ့ တရားဒေသနာပါပဲ။ သူ့တရားတွေက ကယ်တင်ရှင်သခင်ယေရှု အကြောင်း လာ နားထောင် ချင်အောင် ဆွဲဆောင်မှုရှိတယ်။ Curtis Hutson ကို တရားဟောဆရာကြီးဖြစ်တယ်လို့ ခံစားမိစေတဲ့ အကြောင်းရင်း အများကြီးရှိပေမယ့် သူတည်ထောင်တဲ့ အသင်းတော် သည်ပင်လျှင် သူ့ကို အမေရိကန် တရားဟောဆရာကြီးအဖြစ်၊ အရည်အချင်းပြည့်မှီကြောင်း လုံလောက်စေတယ်။

ဒီအကြောင်းအရာကို ဒီမျှနှင့်မထားခင် “-- ဒီဆရာက တရားဟောဆရာကြီးပါ။ ဒါပေမယ့် အသင်းတော်တော့ မထောင်နိုင်ခဲ့ဘူး။” လို့ မကြာခဏ ကြားရလေ့ ရှိတယ်။ ဒီစကား မမှန်ဘူး။ ထိပ်တန်း တရားဟောဆရာကြီးဖြစ်ရင်၊ သူ့တရားက သခင်ယေရှုထံ လူတွေကို ဆွဲဆောင်မှုရှိရမယ်။ အသင်းတော်လည်း ကြီးထွားလာမယ်။

(၂) Dr. Hutson ဟာ နှုတ်ကပတ်တော်ကို ဖွင့်ပြနိုင်လို့ ထိပ်တန်းတရားဟော ဆရာကြီး ဖြစ်တာပါ။ တပတ်ပြီးတပတ် နားထောင် ကြည့်တဲ့အခါ ဩဝါဒ doctrine ကျွမ်းကျင်ပုံက အံ့ဩစရာ ကောင်းတယ်။ Dr. Hutson က သူ့တရားကို သီဩလောဂျီ သင်တန်းလို မဖြစ်စေတာ မြင်သာတယ်။ ကျမ်းစာ ဩဝါဒတွေဟာ အခြေခံ အုတ်မြစ်နဲ့တူပြီး၊ ကြီးမားတဲ့အဆောက်အဦကြီး တည်ဆောက်ဖို့ မရှိမဖြစ်လိုတယ်။ ဒါပေမယ့် အုတ်မြစ်ကို မြင်ရလေ့မရှိဘူးဆိုတာဟာ သီဩလောဂျီကို နားလည်သူတိုင်း ရိပ်မိပါတယ်။ Dr. Hutson ထိပ်တန်း တရားဟောဆရာဖြစ်တာဟာ - ဩဝါဒ doctrine ကို ကောင်းကောင်းနားလည်ပြီး၊ လက်တွေ့အသုံးချ ဟောပြောနိုင်လို့ပါ။

(၃) ထိပ်တန်းတရားဟောဆရာရဲ့ တတိယမြောက်အရည်အချင်းက မျှတခြင်း balance ဖြစ်တယ်။ စာတွေ့နဲ့ လက်တွေ့ (knowledge and application) ၊ ကျမ်းသုံးစကားနဲ့ နေ့စဉ်သုံးစကား (scholarship and everyday language) ၊ နှိုးဆော်ခြင်းနဲ့ ရှင်းပြခြင်း (motivation and explanation) ၊ ဓမ္မဟောင်းနဲ့ ဓမ္မသစ် Old Testament and the New ၊ ဇာတ်လမ်းပြောဟန်နဲ့ ဝတ်ပြုနှိုးဆော်ခြင်း biographical and devotional preaching ၊ ဦးခေါင်းအသိနှင့် နှလုံးသားခံစားမှု (the head and the heart) မျှတမှု ရှိရတယ်။ Dr. Hutson ဟာ ဟောပြောပုံ မျှတမှုရှိလို့ ထိပ်တန်း တရားဟောဆရာကြီး ဖြစ်တာပါ။

(၄)   ထိပ်တန်းတရားဟောဆရာတွေဟာ လှပတဲ့ တရားဒေသနာတွေကို ဟောလေ့ရှိတယ်။ Dr. Hutson ရဲ့ တရားတွေ လှပပုံက အံ့ဩရလောက်တယ်။ နေ့စဉ်ဖြစ်ရပ် အသေးအမွှားလေးတွေကိုပင်လျှင် ထုတ်ဟောနိုင်စွမ်းရှိတယ်။ တခါက တောင်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ်ရှိ ထွန်ယက်ထားသော ယာခင်းထဲကို ဖိနပ်မစီးဘဲ ဖြတ်သွားတဲ့ ကောင်လေးတယောက်အကြောင်း ပြောဖူးတယ်။ သူပြောနေတုန်း ကျွန်တော့ ခြေချောင်းလေး ကြားထဲမှာ မြေကြီးခဲတွေ ဝင်လာသလို်မျိုး ခံစားရတယ်။ အဲဒီ တရားထဲမှာပဲ ကောင်းကင်ဘုံ ရဲ့ အလှအပကို ပြောပြတဲ့အခါ၊ တရားဟောကောင်း သူတို့ရဲ့ သက်သေဖြစ်တဲ့ စကားအသုံးအနှုန်း၊ ဥပမာပေး တင်ပြပုံတွေကို သဘောကျမိတယ်။

(၅)  ထိပ်တန်းတရားဟောဆရာဟာ ဟောရာမှာ ဝိညာဉ်တန်ခိုး ထင်ရှားလေ့ရှိတယ်။ ကမ္ဘာ့ထိပ်တန်း တရားဟောဆရာ ဖြစ်လာဖို့ရာ ကယ်တင်ခြင်းရဖို့ လူတွေကို တရားပလ္လင်ရှေ့ ထွက်လာအောင် ခေါ်ဆောင်နိုင်တဲ့ သန့်ရှင်းသောဝိညာဉ်တော် တို့ထိမှု တိုက်ရိုက်ရှိရမယ်။ ဝိညာဉ်တန်ခိုးဆိုတာ ယေရှု ခရစ်တော်ကို ထင်ရှားစေတယ်။ ယေရှုခရစ်ရဲ့ကားတိုင်အကြောင်း ဟောရင် အပြစ်ဆေးကြောဖို့ ကားတိုင်နားကို လူတွေ လာချင်လာမယ်။ ဝိညာဉ်တန်ခိုးက ဘုရားဝတ်မှာ မွေ့လျော်ဖို့၊ အမှုတော်မှာပါဝင်ဖို့ အားပေးတယ်။ Curtis Hutson တရားကို တပတ် နားထောင်ပြီးတဲ့အခါ ဒီအချက်ကို တွေ့လိုက်ရတယ်။ ရည်ရွယ်ချက်က အမြဲတမ်း ထိမိတယ်။ လမ်းကြောင်း လွဲမသွားဘူး။

အဟောကောင်းတယ်ဆိုတာဟာ အပြောကောင်းတာပါပဲ။ တရားဟောဆရာဟာ ဘာသာစကား ကျွမ်းကျင်မှု၊ ပုံဥပမာ၊ ကိုယ်နေဟန်ထားနဲ့ တရားပလ္လင်မှာ လွတ်လပ်ပေါ့ပါးမှု စတဲ့ အကြောင်းတွေကို နားလည်ထားရမယ်။ Dr. Hutson မှာ ဒါတွေ အားလုံးရှိတယ်။ သူ တရားဟောတာ ကြားဖူးရင် ထပ်ကြားချင်လာတယ်။

Dr. Hutson ဟောတဲ့အခါ နောက်တခုနားလည်ရတာက နှုတ်ကပတ်တော်ရဲ့ စည်းမျဉ်း the principles of the Word of God တွေ ဖြစ်တယ်။ သူ့ရဲ့ဝတ်ပြုနှိုးဆော်ဟန် တရားတွေဟာ ဟောရုံ မဟုတ်ဘဲ၊  ကြားနာသူရဲ့ ဘဝအတွေ့အကြုံအရ ဝမ်းနည်း၊ ဝမ်းသာ ခံစားမှုတွေ ဖြစ်လာတယ်။ Dr. Hutson ဟာ ခရစ်ယာန်အသက်တာအတွက် ကျမ်းစာစည်းမျဉ်းတွေကို ချပြလေ့ရှိတယ်။ နားထောင်ကြည့်ရင် အသက်တာကို ဘုရားနှုတ်ကပတ်တော် စည်းမျဉ်းတွေပေါ်မှာ အခြေခံဖို့ နှိုးဆော်တာ တွေ့ရတယ်။ ဒါကြောင့် Dr. Hutson ဟောပြောလို့ ကျွန်တော့ အသက်တာ ကြီးထွား ရင့်ကျက်လာတာပါ။

အကောင်းဆုံး တရားဒေသနာတွေဟာ ကျမ်းစာကို ချစ်လာစေတယ်။ Forrest Hills နှစ်ခြင်းအသင်း တော်မှာ မပါဝင်ခင် ၂- နှစ်လောက်က နှစ်စဉ် ကျမ်းစာပုံမှန်ဖတ်ဖို့ ဆက်ကပ်ထားပေမယ့် လျော့ရဲရဲဖြစ်ခဲ့တယ်။ Dr. Hutson က တမန် ၁၇း၁၁ ကို ဟောပြီး တစ်နှစ်လုံး ကျမ်းစာပုံမှန်ဖတ်ရန် ဆက်ကပ်ဖို့ ပြောတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ဖြစ်ပါတယ်။ အဲဒီအချိန်စပြီး ကျမ်းစာတစ်အုပ်လုံးကို ကျွန်တော် တစ်နှစ်တစ်ခေါက်၊ တခါတရံ နှစ်ခေါက်၊ ဖတ်ပြီးခဲ့တယ်။ ဒါက သူ ဟောလို့ပါ။

နောက်ဆုံးပြောရရင်၊ ထိပ်တန်းတရားဟောဆရာဖြစ်ဖို့ အချက်တွေအများကြီး ရှိသေးတယ်။ အဲဒီအချက်အားလုံးကို ပြောပြနိုင်ပါတယ်။ ဒါပေမယ့် ထိပ်တန်းတရားဟောဆရာရဲ့ အရည်အချင်း ရှိသမျှထဲမှာ Dr. Curtis Hutson မှာ မရှိတဲ့ အရည်အချင်းရယ်လို့ မရှိဘူး။

အချုပ်ပြောရရင် Curtis Hutson ထိပ်တန်းတရားဟောဆရာဖြစ်ရတာဟာ သူ့တရားကြောင့် ရာနှင့်ချီသော လူငယ်တွေ ခရစ်ယာန်အမှုတော်မြတ်မှာ အချိန်ပြည့် ဆက်ကပ်ကြဖို့ ရှေ့ ထွက်လာကြလို့ပဲ ဖြစ်တယ်။ ကမ္ဘာ ၁း၁၁ မှာ အပင်တိုင်းဟာ “အမျိုးအနွယ်အလိုက်” (after his kind) မျိုးပွါးတယ်လို့ ဖတ်ရတယ်။ ဒါကြောင့် Curtis Hutson ဟာ ဘုရားသခင် အသုံးပြုတဲ့သူလို့ သိနိုင်တဲ့အချက်က သူဟောတဲ့အခါ တခြားလူငယ်တွေကိုလည်း ဘုရားသခင် ခေါ်ယူအသုံးပြုလာလို့ပါ။ Curtis Hutson ဟာ သူ့လိုလူတွေကို ပွားများ ပေးနေတဲ့သူ ဖြစ်တယ်။

အခု ဒီစာအုပ်ကို ဖတ်ကြည့်ရင် ပိုကောင်းတဲ့ တရားဒေသနာတွေ ဟောပြောလာနိုင်ကြမယ်လို့ ကျွန်တော် ယုံတယ်။ ဒါဆိုရင် ဒီစာအုပ်ရဲ့ အကျိုးဟာ ကျွန်တော်တို့ အရင်ထင်တာထက် ပိုထိရောက်နေမှာ အမှန်ပါ။

January, 1982

Elmer L. Towns,

Dean of Liberty Baptist Seminary,

Lynchburg, Virginia



အခန်း ၁ မှ ၁၉ အထိ ဖတ်ဖို့ရာ https://peacefulpapa.blogspot.com/search/label/BREAD%20FOR%20BELIEVERS ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။

No comments:

Post a Comment