Saturday, March 30, 2013

02. Believer’s Security ယုံကြည်သူရဲ့စိတ်ချရမှု

 

Dr. Curtis Hutson

-------------------------------------------------------------------------------------

အခန်း ၂
-----------------------------------------------------------------------------------------------

ယုံကြည်သူရဲ့ စိတ်ချမှု

ကယ်တင်ခြင်းစိတ်ချမှုအကြောင်း မသိလို့ စိတ်ဒုက္ခရောက်နေသူတွေ နေရာတကာမှာ တွေ့တယ်။ အပြစ်တွေ၊ ပေါ့ဆတာတွေ၊ အဆုံးတိုင်အောင် မတည်ကြည်နိုင်တာတွေနဲ့ တစ်ခြား အကြောင်းတွေကြောင့် ကယ်တင်ခြင်း ပြန်ဆုံးရှုံးတော့မယ်လို့ ထင်နေကြတယ်။
                     အခု ကယ်တင်ခြင်းရပေမယ့် နောင်မှာ ပြန်ဆုံးရှုံးမယ်လို့ ထင်နေသူတွေမှာ ပြဿနာနှစ်ခုထဲက တစ်ခု ရှိနေတတ်တယ်။ တစ်..က ကယ်တင်ခြင်းရဖို့ အကျင့်ကို အတိုင်းအတာ တစ်ခုအထိ အားကိုးနေတယ်။ နှစ်..က ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးရင် သူတို့ဘဝလားရာဟာ ဘုရားလက်ထဲ ရောက်နေပြီ လို့ နားမလည်တာပဲ။ 
                     သူတို့လေးစားသူတွေရဲ့ စကားကို အသေမှတ်ထားပုံရတယ်။ ဒါမှမဟုတ် သမ္မာကျမ်းစာကို သေသေချာချာ မလေ့လာဘဲ၊ ယုံကြည်သူဟာ ထာဝရအသက်ရပြီ၊ သေရင် ကောင်းကင်သွားရဖို့ ဘုရားသခင် ဆုံးဖြတ်ထားပြီဆိုတာ သဘောမပေါက်သေးတာပါ။

အသက်တာ အားနည်းရင် ကယ်တင်ခြင်းပြန်ဆုံးရှုံးမယ်လို့ ထင်တဲ့ ပထမ အုပ်စုဝင် လူတွေက ကယ်တင်ခြင်းအကြောင်း ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ယေရှုခရစ် ကားတိုင်ပေါ်မှာ အသေခံတဲ့အခါ၊ ကျွန်တော်တို့အပြစ် အားလုံးအတွက် အကျေအလည် ပေးချေပြီးပြီ။ ကယ်တင်ခြင်းမှာ အကျင့်တွေ၊ အပြုအမူတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ အပြည့်အဝ နားလည်ဖို့လိုတယ်။

ဟုတ်ကဲ့၊ ကောင်းကောင်းတော့ နေသင့်တာပေါ့။ နားမထောင်တဲ့ သားသမီးတွေအပေါ် ဘုရားသခင်ရဲ့ သဘောထား၊ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လို့သာ ကယ်တင်ခြင်းရတာပါ။

ယော ၃း ၃၆ -မှာ-- “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” ဒီကျမ်းပိုဒ်က “ကျေးဇူးတော်လား၊ အကျင့်လား” ရှင်းပါတယ်။ ဧဖက် ၂း ၈-၉ ကလည်း  ရှင်းပါတယ်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။”

ဒုတိယအုပ်စုကတော့၊ ယုံကြည်သူရဲ့ စိတ်ချရမှုအကြောင်း၊ ကျမ်းစာသွန်သင်ချက်ကို သေသေချာချာ လေ့လာသင့်တယ်။ ဒီအကြောင်းစဉ်းစားကြဖို့၊ အချက်အလက်အများကြီးနဲ့ ဝေမျှချင်တယ်။

1.
    God  Promised  And  God  Produced  Eternal Life.
ထာဝရအသက်ကို ဘုရားသခင် ဂတိပေးပြီး၊ ဖြစ်တည်စေတယ်။

ယော ၃း၁၄- ၁၆ က--“မောရှေသည် တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”

တစ်ခါ.. တိတု ၁း၂ မှာ… “မုသာနှင့် ကင်းစင်တော်မူသော ဘုရားသခင်သည် ရှေးကပ်ကာလ မရောက်မှီ၊ ဂတိထားတော်မူ၍ --- ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍” - ၁ယော ၂း၂၅ မှာ -- “ငါတို့အား ပေးတော်မူသော ဂတိတော်မူကား ထာဝရအသက်ကို ဝန်ခံတော်မူသော ဂတိတော်ပေတည်း။”

ဘုရားသခင်က တစ်ခုခုပေးဖို့ ဂတိထားရင်၊ သူ့ဘုန်းတော်နဲ့ ရအောင်၊ ဖြစ်အောင် လုပ်ပေးတယ်။ ဂတိအတိုင်းဖြစ်အောင် လုပ်မပေးရင်၊ ဘုန်းတော်၊ ကျေးဇူးတော်ဆိုတာ ဘယ်ရှိတော့မလဲ။ ဒါပေမယ့် ဘုရားသခင်က သူ ဂတိအတိုင်း တကယ်ဖြစ်စေတယ်။ သမ္မာကျမ်းစာက  ၁ယော ၅း၁၀-၁၁ မှာ-- “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။”

 ယော ၁၀း၂၇-၂၉ မှာ-- “ငါ့သိုးတို့သည် ငါ့စကားကို နားထောင်၍၊ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကို လည်းငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရာ။”

နောက်.. ရောမ-၆း၂၃ မှာတော့-- “အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” ဘုရားသခင်က ယုံကြည်သူအတွက် ထာဝရအသက်ကို ဂတိပေးတယ်။ ရစေတယ်။

2.
    The Believer Has Exactly What God Promised And Produced
ယုံကြည်သူဟာ ဘုရားသခင် ဂတိပေးဖြစ်တည်စေတဲ့အရာကို တကယ်ရထားပါပြီ။

ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူဟာ၊ ထာဝရအသက်ရတယ်လို့ ကျမ်းစာချက်များစွာက ရှင်ရှင်းလေး ဖော်ပြထားတယ်။ ယော၅း၂၄ မှာ--“ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်၍ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ …… ” ကျမ်းစာက ယုံကြည်သောသူသည် ထာဝရအသက်ရလိမ့်မယ်လို့ မပြောဘူး။ ရပြီလို့ ပြောတယ်။ အခု-ရတယ်။ ကယ်တင်ခြင်းအတွက် ယေရှုခရစ်ကို အားကိုးသူဟာ ထာဝရအသက်ကို အခုရတယ် လို့ ဆိုလိုတယ်။ ဘုရားက ဂတိပေးပြီးတော့၊ ရအောင်- ကြိုးစား ယူခိုင်းတာမျိုး မဟုတ်ဘူး။ ခရစ်တော်ကို ယုံကြည်တဲ့ အချိန်မှာဘဲ ချက်ချင်း ရသွားတယ်။

ဒါပေမယ့် ထာဝရအသက်ရတယ်ဆိုတာထက် သခင်ယေရှုက နည်းနည်းထပ်ပြီး ပြောသေးတယ်။ ယော ၅း၄-၂၄ မှာ နှစ်ခါ ထပ်ပြောပြီး မှတ်မိစေတယ်။ သေချာစေတယ်။ “ငါအမှန်အကန် ဆိုသည်ကား၊ ငါ့စကားကိုနားထောင်၍ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရ အသက် ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ ဖြစ်၏။”

ယုံကြည်တဲ့အခိုက်မှာ ထာဝရအသက် ရတဲ့ အပြင်၊ အပြစ်စီရင်ခြင်း မခံရဘူးဆိုတဲ့ ဂတိကို  သခင်ယေရှု ထပ်ပေးတယ်။ အပြစ်အတွက်နဲ့ ဘယ်တော့မှ ဒဏ်မခံရဘူး လို့ ပြောတာပါ။

အပြစ်အတွက် တရားစီရင်တယ်ဆိုရင် လူဟာ အဖမ်းခံရ၊ အစစ်ဆေးခံရ၊ ပြစ်ဒဏ် ချခံရတယ်။ သူဟာ တရားစီရင်ခြင်းရဲ့အောက်မှာ နေရတယ်။ သူ့ကို တရားစီရင်တယ်။ ပြစ်ဒဏ်ကတော့ သေဒဏ်ပါ။ ရောမ ၆း၂၃ မှာ--“အပြစ်တရား၏ အခကား သေခြင်းပေတည်း။”- အဲဒီသေခြင်းကို ကျမ်းစာထဲမှာ ဒုတိယသေခြင်း၊ မီးငရဲအိုင်လို့ ဖော်ပြထားတယ်။ ဗျာဒိတ်၂၀း၁၄ မှာ “ထိုအခါ-မရဏာ(သေခြင်း) နှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။”

ဒါပေမယ့် အခု သခင်ယေရှုပြောတာက ခရစ်တော်ကို ယုံကြည်သူတဲ့ဟာ အပြစ်ဒဏ် မခံရရုံ၊   အပြစ်စီရင် မခံရရုံသာမက၊ အပြစ်စီရင်ခံဖို့ လာစရာမလိုတော့ဘူးလို့ ဂတိပေးတယ်။ အပြစ်ရဲ့အခ၊ အပြစ်ဒဏ်ဆိုတာ ယုံကြည်သူ ဘယ်တော့မှ ခံစရာမလိုတော့ဘူး။

ယော ၅း၂၄ မှာ ထပ်ပြောတာက-- “သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ ဖြစ််၏။” သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်လိမ့်မယ်လို့ ပြောတာမဟုတ်ဘူး။ သခင်ယေရှုခရစ်ကို ယုံကြည်သူဟာ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်ပြီးပြီလို့ ပြောတယ်။ ယော ၃း၃၆ မှာ-- “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” ဒီနေရာမှာ “ရ၏” ဆိုတဲ့စကားကို ပြန်တွေ့ရပြန်ပြီ။ ဒါဟာ အခုကာလအတွက် ပြောတာပါ။ သားတော်ကို ယုံတဲ့သူဟာ ထာဝရအသက်ကို အခု ရတယ်။ ထာဝရအသက်ကို နောင်မှာပေးမယ်လို့ ဂတိပေးတာမျိုး မဟုတ်ဘူး။ ယုံကြည်သူတိုင်း အခု ပိုင်ရတာပါ။

ထာဝရ ဆိုတဲ့စကားဟာ ကာလ -အတို- ခဏတာအတွက် ပြောတာမဟုတ်ဘူး။ တစ်နေ့- တစ်ပတ်-တစ်လ-တစ်နှစ်- နှစ်တရာခံတဲ့ အသက်လို့ ပြောတာမဟုတ်ဘူး။ အမြဲတမ်း၊ ထာဝရကာလ တလျောက်လုံး လို့ ပြောချင်တာပါ။                                        

                     ယော ၅း ၂၄ နဲ့ ယော ၃း ၃၆ မှာ တွေ့ရတဲ့ ထာဝရအသက်ဆိုတဲ့ စကားဟာ ရောမ ၁၆း၂၆ မှာ တွေ့ရတဲ့ “ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း”-- ဆိုတဲ့ ဘုရားသခင်ရဲ့သက်တမ်းတော်ကို ပြတဲ့ စကားနဲ့ အတူတူပဲ ဖြစ်တယ်။ ဘုရားသခင်ကိုယ်တိုင်ဟာ ထာဝရဆိုတော့ ယုံကြည်သူရဲ့ အသက်ဟာလည်း ထာဝရပါပဲ။ ထာဝရ-ထာဝရအသက် ဆိုတဲ့စကားကို၊ သမ္မာကျမ်းစာထဲမှာ အကြိမ် ၄၅ ကြိမ်ထက်မက သုံးထားတယ်။ ယုံကြည်သူရတာဟာ  ထာဝရအသက်ပါ။ ဒါဟာ ဘုရားသခင်က ဂတိပေးပြီး၊ ဖြစ်တည်စေတဲ့ အရာ အမှန်ဖြစ်တယ်။

3.
    God Not Only Gives Eternal Life, But Promises That The Believer Will Never Perish.
ထာဝရအသက် ပေးရုံသာမက ဘယ်တော့မှ မပျက်စီးဘူးလို့လည်း ဂတိပေးထားပါတယ်။

ယော ၁၀း၂၈ မှာပါတဲ့-- “အစဉ်မပြတ်ကင်းလွတ်” ဆိုတဲ့စကား never ကို Strong’s Concordance စာမျက်နှာ ရ၁၅ မှာ ကြည့်တဲ့အခါ အဲဒီစကားဟာ Greek ဂရိစကားက ဆင်းသက်တယ်။ အင်္ဂလိပ်လို စာလုံးပေါင်းရင်တော့- OUME, EIS, HO နဲ့ AION တို့ ဖြစ်တယ်။ ဒီစာလုံးတစ်လုံးစီကို Strong’s Concordance မှာပဲ ပြန်ရှာကြည့်ရင်တော့ OUME (#3364) က လုံးဝ၊ ဘာကြောင့်မှ၊ ဘာကိစ္စနဲ့၊ ဘယ်တော့မှ လို့ ဆိုလိုတယ်။ EIS(#1519) က “နေရာ၊ အချိန်၊ အကြောင်းကိစ္စ” လို့ ဆိုလိုတယ်။ HO(#3588) က “အဖို၊ အမ၊ အဖိုမဟုတ် အမ မဟုတ်ပင်ဖြစ်စေ” လို့ ဆိုလိုတယ်။ AION(#165) က အဆုံးမရှိ၊ ထာဝရ” လို့ ဆိုလိုတယ်။

ဒီပင်မစကားတွေကို အားလုံး ဆက်စပ်ကြည့်လိုက်တဲ့အခါ သခင်ခရစ်တော်က ဒီကျမ်းပိုဒ်မှာ “never--အစဉ်မပြတ်ကင်းလွတ်” လိုက်တယ်ဆိုတာဟာ “never ဘယ်တော့မှ” ကို သာမန်ထက်ပိုပြီး လေးလေးနက်နက် စိတ်ချမှုပေးနေတယ်ဆိုတာ တွေ့ရလိမ့်မယ်။

ဒီအသိကလေးနဲ့ ယော၁၀း၂၈ ကို ပြန်ရေးကြည့်ရင် သခင်ခရစ်တော်ပြောချင်တဲ့ စကားကို တွေ့ရလိမ့်မယ်။ “ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်  လုံးဝ၊ ဘာကြောင့်၊ ဘာကိစ္စ၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘာအကြောင်းကြောင့်၊ အဖိုဖြစ်စေ၊ အမဖြစ်စေ၊ အဖိုမဟုတ် အမမဟုတ်ဖြစ်စေ၊ အဆုံးမရှိ၊ ထာဝရ ကင်းလွတ်ကြလိမ့်မည်။” လို့ ပြောတာပါ။

4. Believers are kept by God, they do not keep by themselves.
ယုံကြည်သူကို ဘုရားက ထိန်းထားတာပါ။ သူတို့ကိုယ်သူတို့ ထိန်းတာမဟုတ်ဘူး။

ယုံကြည်သူကို ဘုရားသခင်က ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဆိုတာကို ကျမ််းစာက ခဏခဏ ရှင်းရှင်းလင်းလင်း ဖေါ်ပြတယ်။ ကိုယ့်ကိုကိုယ်သာ ထိန်းသိမ်း ရမယ်ဆိုရင် ဆုံးရှုံးသွားနိုင်တယ်။ ဆုံးရှုံးခဲ့တာတောင် ဖြစ်နိုင်တယ်လို့ ဝန်ခံရမှာပါ။  Spurgeon ရဲ့ တရားတပုဒ်ထဲမှာ- “ဘုရားသခင့် သိုးတွေသာ ပျက်စီး ဆုံးရှုံးရရင် - ကျွန်တော့လို အားနည်း နုံချာတဲ့သူအဖို့တော့ တနေ့တည်းမှာကို အခါတထောင် ဆယ်ခါပြန် ရွေ့လျော့ ဆုံးရှုံးနေတော့မှာပဲ” လို့ ပြောဖူးတယ်။

ကိုယ့်ကိုကိုယ် ထိန်းရတာမဟုတ်ဘဲ၊ ဘုရားက ထိန်းပေးတာဟာ ကျေးဇူးတင်စရာပါ။ ၂ တိ ၁:  ၁၂ မှာ ရှင်ပေါလုက- “အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူသည်ဟု ငါသဘောကျ၏။” တမန်တော်ရှင်ပေါလုက “ငါ အပ်ထားတာကို စောင့်ထိန်း ပေးနိုင်စွမ်းရှိတာကို ငါသဘောကျတယ်၊ ငါသဘောပေါက်တယ်” လို့ ဆိုတယ်။

ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးဖို့က ကျွန်တော်တို့အလုပ်။ စောင့်ထိန်းပေးရတာက ဘုရားအလုပ်ပါ။ ၁ပေ ၁: ၃- ၅. မှာ - “အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်း ရှိစေခြင်းငှါ၊ ဖေါက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ဂရုဏာတော် နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွား စေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ရောက်စေမည့်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသော အမွေတည်း။”

ဒီကျမ်းပိုဒ်တွေမှာ ကောင်းကင်အမွေသိုထားကြောင်းနဲ့ အဲဒီအမွေအတွက် ကျွန်တော်တို့ကို ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း တွေ့ရတယ်။ “ဖေါက်ပြန်ခြင်း… ကင်းစင်သောအမွေတော်” လို့ ပြောတယ်။ ပျက်စီးမသွား၊ ယိုယွင်းမသွားဘူးလို့ ဆိုတယ်။ အမြဲတည်နေမယ်။ ကောင်းကင်ရောက်ရင် တွေ့ရမှာပါ၊ ရှင်ပေတရုက ဆက်ပြီးတော့ “ဖေါက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော် ”လို့ ဆိုတယ်။

လောကမှာ အမွေရတယ်ဆိုတာမျိုး ကြုံရတတ်တယ်။ ဒါပေမယ့် ရှေ့နေတွေ၊ တရားရုံးတွေ၊ တိုင်းနိုင်ငံတွေ ပျောက်ပျက်ကုန်ချိန်မှာတော့ အမွေတွေ ဆိုတာလည်း လွင့်ပျောက်မှာပေါ့။ ဒါပေမယ့် ကျမ်းစာက ပြောတဲ့ အမွေကတော့ “ညှိုး နွမ်းခြင်းနှင့်ကင်းစင်သော” ။ ပြီးတော့ “ကောင်းကင်ဘုံ၌ သိုထားလျက် ရှိသော” လို့ ပြောတယ်။ ထိန်းသိမ်း ကာကွယ်ထားတယ်။ ဘယ်သူမှ လုမယူနိုင်ဘူး။ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးသူတိုင်းအတွက် ဖြစ်တယ်။

ဒါပေမယ့် ကောင်းကင်ဘုံမှာ သိုထားရုံမျှမက ကျမ်းစာက “ကယ်တင်ခြင်းသို့ ရောက်စေမည့် အကြောင်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့” လို့ ဆက်ပြောသေးတယ်။ ဒီနေရာမှာ ပြောတဲ့ကယ်တင်ခြင်းဆိုတာက နောက်ဆုံး ရွေးနှုတ်တော်မူခြင်းကို ပြောတာပါ။ အပြစ်ဆိုတဲ့အရာထဲက ကယ်နှုတ်ချိန်၊ သခင်ယေရှုခရစ်ကြွလာချိန်၊ ကိုယ်တော်ကို ဖူးတွေ့ရချိန်၊  ကိုယ်တော်နဲ့ တူရချိန်ပါဘဲ။

ယုံကြည်သူဟာ သူ့ကိုယ်သူ မထိန်းနိုင်သလို စောင့်လည်းမစောင့် ရှောက်ရဘူး။ ဘုရားသခင် စောင့်ထိန်းထားတာပါ။ ယော ၁၀း၂၈ က-“ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရာ။” ယုံကြည်သူဟာ ဘုရားလက်တော်ထဲမှာ ရှိတယ်။ ဘယ်သူမှ နှုတ်ယူလို့မရဘူးလို့ ကျမ်းစာက ပြောတယ်။

ဟိုးနှစ်ပေါင်းများစွာတုန်းက တရားဟောဆရာတယောက်နဲ့ ထာဝရစိတ်ချရမှုအကြောင်း ဆွေးနွေးဖူးတယ်။ ပြောရင်းနဲ့ ယော ၁၀း၂၈ ကို အဘယ်သူမှ မနှုတ်မယူရာ” လို့ ဖတ်ပြတော့၊ သူက ကြားဖြတ်ပြီး၊ ဟုတ်ပါတယ်၊ ဒါပေမယ့် လက်တော်ထဲက ကိုယ့်ဟာကိုယ် နှုတ်မယူနိုင်ဘူးလို့မှ မပြောဘဲ”လို့ ဆိုတယ်။

ခင်ဗျားက ခံယူချက်ကို ကျမ်းစာမပြောတဲ့အပေါ်မှာ အခြေခံတာကိုး။ ကျမ်းစာအပေါ်မှာသာ အခြေခံပါ။” ကျမ်းစာက အဘယ်သူမျှ ငါ့လက်မှ မနှုတ်မယူရာ။ ခင်ဗျား လူတယောက်မဟုတ်လား။” ဆိုတော့ “ဟုတ်တယ်လေ၊ အဲဒါ ဘာဖြစ်လဲ?” တဲ့။ ကျမ်းစာ က “အဘယ်သူမှ” လို့ဆိုတော့၊ ဘုရားလက်တော်ထဲက ခင်ဗျားကိုယ် ခင်ဗျားလည်း မနှုတ်ယူနိုင်ပါဘူးဗျာ။” လို့ ပြန်ပြောရတယ်။ ယော ၆း၃၉ မှာ “ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါ မပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ” ဒါဟာ ကယ်တင်ခြင်းရပြီး သူတိုင်း မဆုံးရှုံးဘူးဆိုတဲ့ ဘုရားအလိုတော်ပါဘဲ၊ “တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ” လို့ ဆိုတယ်။ ကျွန်တော်တို့ ဘယ်လို အခြေအနေရောက်ရောက် ကယ်တင်ခြင်းတော့ မဆုံးရှုံးတော့ဘူး။

ကောလောသဲ ၃း၃ မှာ “အကြောင်းမူကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျှက်ရှိ၏။” ဒီကျမ်းပိုဒ်အရ ယုံကြည်သူကို သော့နှစ်ထပ် ခတ်ထားသလိုပါပဲ။

ဒီကျမ်းချက်ကို တရားဟောဆရာကြီးတပါး ဥပမာပေးတာ ကြားဖူးတယ်။ “ဥပမာ ခင်ဗျားမှာ ဗူးကြီး၊ ဗူးလတ်၊ ဗူးငယ် ဆိုပြီး ဗူးသုံးဗူးရှိမယ် ဆိုပါတော့။ ဗူးငယ်ယူပြီး ဗူးလတ်ထဲမှာထည့်၊ တခါ ဗူးလတ်ကို ဗူးကြီးထဲမှာ ထည့်၊ ပြီးမှ ဗူးငယ်ကို ထုတ်ယူဖို့အတွက်ဆိုရင် ဗူးကြီးနဲ့ဗူးလတ်ကို ဖျက်ရတော့မှာပဲ။ ဘုရားသခင်က ဗူးအကြီး၊ သခင်ယေရှုက ဗူးအလတ်၊ ကျွန်တော်က ဗူးအငယ်ပါ။ ကျွန်တော့အသက်ဟာ ခရစ်တော်နဲ့အတူ ဘုရားသခင်၌ ဝှက်ထားတာပါ။” လို့ ပြောပြတယ်။ ပြီးမှ အသံကျယ်ကျယ်နဲ့ “မာရ်နတ်က ကျွန်တော့ကို ဖမ်းယူချင်ရင်-ဗူးအကြီးနဲ့ ဗူးအလတ်ကို အရင်ဖျက်ရဦးမယ်။ ဒီလို မဖျက်နိုင်ခင်မှာပဲ ကျွန်တော်ဟာ ဘုရားဘုန်းတော်ရှိရာအရပ်ကို အရောက် ပြေးပြီး၊ ရောက်နေလောက်ပါပြီ။”

5.
    Jesus is the Savior. သခင်ယေရှုဟာ ကယ်တင်ရှင်ဖြစ်တယ်။

သခင်ယေရှုကို “ကယ်တင်ရှင်” လို့ ဓမ္မသစ်ကျမ်းမှာ အနည်းဆုံး ၂၄ ကြိမ်မက ရည်ညွှန်းတယ်။ တိတု ၂း၁၃ က “ငါတို့ကို ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှား ပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျှက် --”

ကဲ၊ ကယ်တင်ရှင်ဆိုတာ ဘာလဲ? ဆိုပါစို့၊ ခင်ဗျားက ပင်လယ်ထဲမှာ ရေနစ်နေမယ်။ လူတယောက်က “အလွယ် ရေကူးနည်း ၃-နည်း” ဆိုတဲ့ စာအုပ်ကို ပစ်ပေးမယ်။ ဒါဆို သူက ကယ်တင်ရှင်လား? မဟုတ်ဘူး။ ဆရာ၊ ပညာရှင် လို့တော့ ခေါ်နိုင်မှာပေါ့။ ဒါပေမယ့် ကယ်တင်ရှင်တော့ မဟုတ်ဘူး။

နောက် တခြားတယောက် ရောက်လာတယ်။ လှေပေါ်က ခုန်ချပြီး၊ ဘေးမှာ ရေလာကူးပြ၊ ရေကူးပုံ မျိုးစုံ ကူးပြမယ်- ဆိုပါစို့။ သူလည်း ကယ်တင်ရှင်လား? မဟုတ်ဘူး။ လက်တွေ့လုပ်ပြတဲ့ နည်းပြတော့ ဖြစ်မှာပေါ့။ ဒါပေမယ့် ကယ်တင်ရှင်တော့ မဟုတ်ဘူး။

တကယ်လို့ သူက သူ့လှေထဲကို ဆွဲတင်၊ ရေတွေသုတ်၊ ခြောက်သွေ့တဲ့အဝတ်အစားကို ပေး၊ ကျွေးမွေးပြုစု၊ ၁၀မိုင်ဝေးတဲ့ ကမ်းခြေအထိ ရောက်အောင်လိုက်ပို့။ ပြီးမှ ပင်လယ်ထဲ ပြန်ချပြန်ရင်ရော? သူဟာ ကယ်တင်ရှင်လား? ဘယ် ဟုတ်မလဲ။

ကယ်တင်ရှင်ဆိုတာ ကမ်းခြေအရောက် ဘေးကင်းစွာနဲ့ ပို့ဆောင်ပေးသူပါ။ ဘုရားသခင်က ထာဝရအသက် ပေးတယ်လို့ ပြောတာဟာ ဘယ်တော့မှ ပစ်မချဘူး၊ မရှုံးစေရဘူးလို့ ဆိုတယ်။ သူဟာ ကယ်တင်ရှင်ပါ။

ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားမကိုးရင်၊ လက်တော်ထဲမှာ ကိုယ့်အမှုကိုထည့်မထားရင်၊ ကောင်းကင်ရောက်ဖို့ အပြည့်အဝ အမှီမပြုရင်တော့ မရောက်တော့ဘူးပေါ့။ ယော ၃း၃၆ မှာ- “သားတော်ကို ပယ်သောသူ (မယုံကြည်သောသူ) မူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေသည်။” တဖက်မှာတော့ ခရစ်တော်ကို ကယ်တင်ရှင် အဖြစ် အားကိုးရင်၊ တခြား ဘာကိုမှ အားမကိုးရင်၊ ကောင်းကင်ရောက်မယ်။ သူက ကယ်တင်ရှင်မို့ပါ။ ကိုယ့်ကိုကိုယ် ဘယ်လို ကယ်ရမလဲလို့ သင်ပေးတဲ့သူ မဟုတ်ဘူး။ ကယ်တင်တဲ့သူပါ။  လုကာ ၁၉း၂၀ မှာ “လူသားသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါကြွလာသတည်း။”

ကယ်တင်ခြင်းရဖို့ တခုခု လုပ်ရမယ်ဆိုတဲ့ သွန်သင်မှုမျိုး ကျမ်းစာထဲမှာ တချက်မှ မတွေ့ရဘူး။ လုံးဝ မတွေ့ရဘူး။ ကျမ်းစာက ယုံကြည်သူကို ကယ်တင်တော်မူတယ် လို့ပဲ ပြောတယ်။ ရောမ ၁၀း၁၃-မှာ “အကြောင်းမူကား၊ ထာဝရဘုရားကို ပဌာနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။”  ထာဝရစိတ်ချမှုဟာ ကယ်တင်ခြင်းတရားနဲ့ သီးခြား ကွဲကွာနေတဲ့အကြောင်း မဟုတ်ဘူး။ ထာဝရကယ်တင်ခြင်းမှ မခံရရင် လုံးဝ ကယ်တင်ခြင်းမခံရသေးဘူးပဲ ပြောရတော့မှာပဲ။

6.
    Jesus died for all our sins. သခင်ယေရှုက အပြစ်ရှိသမျှအတွက် အသေခံပေးတယ်။

ကယ်တင်ခြင်း ပြန်ဆုံးရှုံးနိုင်တယ်လို့ ထင်နေသူအများစုဟာ ကယ်တင်ခြင်း ရပြီးမှ လုပ်မိတဲ့ အပြစ်တချို့ကြောင့် ပြန်ရှုံးနိုင်တယ်လို့ ထင်ကြတာပါ။

ဟိုးနှစ်ပေါင်းများစွာတုန်းက ဘယ်တော့မှ မေ့ရမယ်လို့ မထင်တဲ့ ဖြစ်ရပ်တခု ကြုံရတယ်။ ကြာသပတေးနေ့ ညမှာပါ။ ကျွန်တော် သက်သေခံထွက်တယ်။ လာလည်ဖို့ပေးထားတဲ့ လိပ်စာတခုရှိတယ်။

တံခါးခေါက်လိုက်တော့ အလုပ်လုပ်နေတဲ့ အဝတ်အစားနဲ့ ဖေါ်ရွေယဉ်ကျေးတဲ့ လူတယောက်က ဆီးကြိုတယ်။ အိမ်ထဲဝင်တော့ တခြား လူ ၄ ယောက်လည်းအတူ ရှိနေတာ တွေ့ရတယ်။ ရောက်ပြီး ခဏကြာတော့ သူတို့ထဲကတယောက်က- “အား ခင်ဗျားက နှစ်ခြင်းခရစ်ယာန်ပဲ” တခါ ကယ်တင်ခြင်းရရင် အမြဲရနေတယ်လို့ ယုံကြတာပဲ၊ အဲဒါမှားတယ် လို့” ပြောတယ်။ အဲဒီတော့မှ သူတို့ဟာ တရားဟောဆရာတွေဖြစ်ပြီးတော့ ထာဝရစိတ်ချမှု အကြောင်းငြင်းဖို့ ဖိတ်မှန်း သိလိုက်ရတယ်။

ကျွန်တော်က “ကဲ-ဒီမှာ ကျွန်တော်ကတော့ once saved, always saved. တခါ ကယ်တင်ခြင်း ရရင် အမြဲရနေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးတော့ မပြောဘူး။ ဒါပေမယ့် ဘုရားသားဖြစ်ပြီးသား ယုံကြည်သူရဲ့  ထာဝရ စိတ်ချမှုကို ကျွန်တော်ယုံတယ်။ ဒါက ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးခဲ့သူဟာ စိတ်ချ လုံခြုံတယ်။ သူ ကယ်တင်ခြင်း ဘယ်တော့မှ မဆုံးရှုံးနိုင်ဘူး။

သူတို့က ငြင်းတယ်။ “အိုး.. ဆုံးရှုံးနိုင်တာပေါ့-” ကျွန်တော်က ကျမ်းချက်တွေ ထောက်ပြသလို၊ သူတို့လည်း ပြန်ထောက်ပြတယ်။

ခဏကြာတော့ “ကောင်းပြီ၊ ကယ်တင်ခြင်းရပြီးမှ ပြန်ရှုံးနိုင်တယ်ဆိုရင် ပြန်ရှုံးအောင် ဘာတွေလုပ်ရမလဲ။” လို့ မေးလိုက်တယ်။ ချက်ချင်းပဲ သူတို့ထဲက တယောက်က “အပြစ် ထဲ ပြန်နစ်ရမှာပေါ့” လို့ ဖြေတော့ ကျန်တဲ့သူတွေလည်း သဘောတူတယ်။

ဟုတ်ပြီ၊ ကယ်တင်ခြင်းရပြီးမှ အပြစ်ထဲပြန်နစ်ရင် ပြန်ရှုံးတယ်လို့ ပြောတယ်နော်?” ဆိုတော့ .. “ဟုတ်တယ်၊ မှန်တယ်။” လို့ ချက်ချင်း ဖြေကြတယ်။

ကောင်းပြီ-ဒါဆို၊ ကျွန်တော်မေးတဲ့ မေးခွန်းတွေ ဖြေပေးပါ။ (၁) ကျွန်တော်ကို လာလည်ဖို့ ဖိတ်တာဟာ “ထာဝရစိတ်ချရမှုနဲ့” ပတ်သတ်ပြီး ငြင်းချင်လို့ မဟုတ်လား?” “ဟုတ်တယ်၊ မှန်ပါတယ်။”
  ကြာသပတေးနေ့ ညနေဆိုရင် ကျွန်တော်သက်သေခံဖို့ အပြင်ထွက်တယ်ဆိုတာ သိထားကြတယ် မဟုတ်လား?” အေး-သိတယ်။”

ထာဝရစိတ်ချရမှုအကြောင်း ခင်ဗျားတို့နဲ့ ငြင်းခုံမယ့်အစား အပြင်ထွက်ပြီး သက်သေခံခွင့် ကျွန်တော့်ကို ပေးရင် ပိုကောင်းမယ်မဟုတ်လား” ဆိုတော့ သူတို့ လက်ခံတယ်။ ကျွန်တော်က ဆက်ပြီး-“ခင်ဗျားတို့ တရားဟောဆရာတွေပါ။ ဒီမှာကျွန်တော်နဲ့ ငြင်းပွဲလုပ်မယ့်အစား ခင်ဗျားတို့လည်း အပြင်ထွက် သက်သေခံရင် ကောင်းတယ်မဟုတ်လား?” “ကောင်းတာပေါ့” လို့ လက်ခံကြတယ်။

ကျမ်းစာဖွင့်ပြီးတော့ ယာကုပ် ၄း၁၇ ကို ဖတ်ပြလိုက်တယ်။ “ထို့ကြောင့် ကောင်းသော အကျင့်ကို သိလျှက် မကျင့်ဘဲနေသောသူသည် --- ” ဆိုပြီး၊ ကျန်တဲ့ ကျမ်းစကားကို သူတို့ကို ဖတ်ခိုင်းတယ်။ ခဏတော့ အထစ်ထစ်အငေါ့ငေါ့နဲ့၊ တခြားကျမ်းပိုဒ်တွေ ကိုးကားကြတယ်။ ကျွန်တော်က “မဟုတ်ဘူး၊ မဟုတ်ဘူး။ ယာ ၄း၁၇ ကို ပြောပြစေချင်တာ။ ကောင်းသောအကျင့်ကို သိလျှက် မကျင့်ဘဲနေသောသူသည် -” ဘာတဲ့လဲ? နောက်မှ တယောက်က “အပြစ်ရှိ၏” လို့ ဖြေတယ်။

ဒါဆို ဒီကျမ်းပိုဒ်အရ ခင်ဗျားတို့ အခု အပြစ်လုပ်နေတာပဲ။ ခင်ဗျားတို့လည်း သက်သေခံ ထွက်သင့်ပါလျက်၊ ကျွန်တော့်ကိုလည်း ဒီည သက်သေခံဖို့ သွားခွင့်ပြုသင့်တာ ကောင်းမှန်းသိလျက်နဲ့ဗျာ။ ဒီကျမ်းချက်အရ ခင်ဗျားတို့အားလုံး အပြစ်ပြုနေတာပဲ။ ခင်ဗျားတို့ သွန်သင်သလိုဆိုရင်၊ ခင်ဗျားတို့ အားလုံး ကယ်တင်ခြင်းရှုံးပြီ” လို့ ပြောလိုက်တယ်။

အာ- မဟုတ်ဘူးလေ၊ မဟုတ်ဘူး” လို့ ပြောကြတယ်။ “ဒါပေမယ့် ခင်ဗျားတို့ အပြစ်ပြုနေကြ တယ်ဆိုတာ ဝန်ခံခဲ့ကြပြီပဲ” “အို-ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က အပြစ် အပြည့်အဝကြီး မလုပ်ရသေးပါဘူး။” လို့ တယောက်က ဖြေတယ်။

ကျွန်တော်က ပြုံးပြီးတော့၊ ကျမ်းစာထဲမှာ ပြန်ဆုံးရှုံးဖို့ အပြစ်ဘယ်လောက်လုပ်ရမယ် ဆိုတာ ပါသလား? ရှာကြည့်ပါ၊ ပြပါ” လို့ပြောတော့ လုံးဝ မရှာနိုင်ကြဘူး။

အမှန်က ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ အပြစ်ရှိသမျှအတွက် အသေခံပေးခဲ့တယ်။ ၁ပေ၂း၂၄ မှာ “ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။” ဟေရှာယ ၅၃း၆ မှာ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” ၂ကော ၅း၂၁ မှာ “အဘယ့်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ေ့ရှတော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။”

ကျွန်တော် ပြုမိခဲ့သမျှ အပြစ်အားလုံးနဲ့ နောင် ပြုမိဦးမယ့် အပြစ်အားလုံးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀ က သခင်ယေရှုအပေါ်မှာ တင်ထားခဲ့တယ်။ အပြစ်ကြွေးကို ပေးဆပ်ဖို့၊ အပြစ်တွေအတွက် ဝေဒနာခံဖို့၊ ကားတိုင်ပေါ်မှာ အသေခံခဲ့တယ်။ ဒီအကြောင်းကို အမျိုးသမီးတယောက်ကို တခါက ပြောပြဖူးတယ်။ သူက “ကျွန်မရဲ့ အရင်က အပြစ်တွေ အတွက် အသေခံပေးတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မတောင် မလုပ်ရသေးတဲ့ အနာဂတ် အပြစ်တွေအတွက် အသေခံပေးတယ်ဆိုတာတော့ နားလည်လို့ မရဘူး” လို့ ပြောတယ်။

ကျွန်တော်က ပြုံးပြီးတော့ “ညီမရေ သခင်ယေရှု အသေခံချိန်မှာ မင်းအပြစ်တွေအားလုံးဟာ အနာဂတ်မှာပဲ ရှိပါသေးတယ်။ မင်းလည်းမမွေးသေးဘူးလေ”

ဆရာ ပြောတာ မှန်မယ်ထင်တယ်။” “မှန်တာပေါ့၊ မင်းလည်း အသက် သိပ်ကြီးတဲ့ အဖွားအိုတယောက် မဟုတ်ဘူး ဆိုရင်ပေါ့”။

သူက ရယ်ပြီးတော့ “ဟုတ်ကဲ့၊ ကျွန်မ အဲဒီလောက်တော့ အသက်မကြီးသေးပါဘူး” လို့ ဖြေတယ်။ 

သခင်ယေရှုခရစ်တော်က ကျွန်တော့်အပြစ်တွေကို ယူဆောင်တဲ့အတွက် အမျက်တော်ဟာ သူ့အပေါ်မှာ ကျရောက်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ ကတည်းက အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့်ကို အပြစ်သားတယောက်လို စီရင်ပြီးပါပြီ။ သခင်ယေရှုခရစ်ကို ကယ်တယ်ရှင်အဖြစ် အားကိုးပြီးရင်၊ ဘုရားသခင်က အပြစ်သား တယောက်လို သဘောမထားတော့ဘူး။ အဲဒီအချိန်ကစပြီး သားတယောက်လိုပဲ သဘောထားတော့တယ်။

7.
    God chastise the believer who sins.  အပြစ်ပြုတဲ့ ယုံကြည်သူကို ဘုရားသခင်ဆုံးမပါတယ်။

ဟေဗြဲ ၁၂း၆-၈ ကို ကြည့်ပါ။ “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကိုဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။ သင်တို့သည် ဆုံးမတော်မူခြင်း ကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကိုပြုတော်မူ၏။ အကြောင်းမူကား၊ အဘ မဆုံးမသောသား တစုံယောက်ရှိသလော။ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားအရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။”

ဒီကျမ်းပိုဒ်တွေထဲမှာ “သား” နဲ့ “သားတို့” ဆိုတဲ့ စကားတွေကို သတိထားကြည့်ပါ။ “သားတို့ကို ပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကိုပြုတော်မူ၏။” ဆိုတာကိုလည်း သတိထား ကြည့်ပါ။

သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးလိုက်တဲ့အခိုက်မှာပဲ၊ ဘုရားသခင်က အပြစ်သားလို သဘောမထားတော့ဘူး။ အဲဒီအချိန်မှာပဲ သားတယောက်လို သဘောထားပြီ။ ပြီးတော့ သမ္မာကျမ်းစာက “လက်ခံတော်မူသမျှသော သားတို့ကို ဆုံးမတော်မူတတ်၏။” လို့ ရှင်းရှင်းလေး ပြောထားတယ်။ ကယ်တင်ခြင်းရပြီးမှ အပြစ််ပြုမိရင် ဘုရားသခင်က ဆုံးမတယ်။

ဆုံးမ,ရင် တခါတရံ ဖျားနာခြင်းကနေ သေခြင်းအထိ ဖြစ်တတ်တယ်။ ၁ကော ၁၁း၃၀ မှာ “ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမာသောသူ အများရှိကြ၏။ သေသောသူ အများလည်း ရှိကြ၏။”

ဖျားနာတိုင်းတော့ ဆုံးမတာ မဟုတ်ဘူး။ ဒါပေမယ့် အများအားဖြင့်တော့ ဆုံးမတာ ဖြစ်နေတတ်တယ်။ ဘုရားသခင်ရဲ့ ဆုံးမပုံတွေ အကြောင်းပြောရမယ်ဆိုရင် အများကြီးပါ။ အခုအချိန် မလောက်ပေမယ့် အဓိကအချက်ကတော့ ဆုံးမခြင်းဟာ အပြစ်အတွက် ပေးဆပ်ရခြင်း မဟုတ်ဘူး။ ဆုံးမခြင်းဟာ သားသမီးကို သင်ပြခြင်းဘဲ။ ဘုရားသခင်က ဆုံးမတတ်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ တုန်းက ကာရာနီအရပ်မှာ ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သခင်ယေရှုခရစ် ပေးချေခဲ့ပါပြီ။

ဥပမာတခု ပေးပါရစေ။ ကျွန်တော်က ကျွန်တော့သားကို “ကဲ- သား၊ အိမ်ရှေ့မှာ ဘောလုံး မကစားနဲ့။ အိမ်ရှေ့ ပြတင်းပေါက် မှန်ကြီး ကွဲနေမယ်။” လို့ ပြောတယ် ဆိုပါစို့။ ကျွန်တော် တရားဟော သွားတုန်း သားက စကားနားမထောင်ဘူး။ အိမ်ရှေ့မှာ ဘောလုံးကစားပြီး၊ ပြတင်းပေါက်မှန်ကို ခွဲပစ်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော်က- “သား … မင်း ဒီပြတင်းပေါက်ကို ခွဲသလား?”
ဟုတ်ကဲ့၊ ဖေဖေ ကျွန်တော်ခွဲမိပါတယ်။”
ကောင်းပြီ၊ခွဲရင် ရိုက်မယ် လို့ ပြောထားတယ်မဟုတ်လား?”
ဟုတ်ကဲ့၊ ပြောပါတယ်။”
ဒါဆို၊ ငါပြောတဲ့အတိုင်း လုပ်ရမှာပေါ့၊ ကဲ-လာခဲ့။”

ကျွန်တော့သားကို နောက်ဖက်အခန်းထဲ ခေါ်သွားပြီး၊ ရိုက်ပစ်လိုက်တယ်။ ရိုက်တာဟာ ပြတင်းပေါက်မှန် ဖိုးတောင်းတာလား? မဟုတ်ဘူး။ သားကို ဘယ်လောက်ရိုက်ရိုက်၊  ပြတင်းပေါက်မှန်ဖိုး၊ ဖြစ်မသွားဘူး။ ရိုက်ပြီးမှ အိတ်ကပ်ထဲ လက်နှိုက်ပြီး၊ ပိုက်ဆံထုတ်၊ ပြတင်းပေါက်ပြင်တဲ့သူကို ပိုက်ဆံ ပေးရမယ်။ သားကို ဆုံးမပေမယ့် ပြတင်းပေါက်ဖိုးက ကျွန်တော်ပဲ ပေးရတာပါ။

ယုံကြည်သူက ကယ်တင်ခြင်းရပြီးနောက် အပြစ်လုပ်တဲ့အခါ၊ ဘုရားသခင်က ဆုံးမတယ်။ ဒါပေမယ့် ဆုံးမတာဟာ အပြစ်အတွက် ပေးဆပ်ရတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ က ကားတိုင်မှာ အသေခံချိန်မှာ အပြစ်အားလုံးအတွက် သခင်ယေရှု ပေးဆပ်ခဲ့ပါပြီ။

မသိဘဲ ရမ်းမေးတဲ့ မေးခွန်းတွေကတော့ ကုန်မှာ မဟုတ်ဘူး။ “ဒါပေမယ့် အဲဒီလိုဆိုရင်”  “တကယ်လို့” စသည်ဖြင့် ခဏခဏ အမေးခံရတယ်။ တနေ့မှာ လူတယောက်က မေးတယ်။ တကယ်လို့  လူတယောက်က လူသိရှင်ကြား အပြစ်တခုကို ပေါ်ပေါ်ထင်ထင်ကြီး  လုပ်ပြီးတော့ အိမ်အပြန်မှာ သူ့ကားက တယ်လီဖုန်းတိုင်ကို ဝင်တိုက်ပြီး၊ သူ့အပြစ်ကို ဝန်ခံချိန် မရလိုက်ရင် ဘုရားသခင်လက်ခံပါ့မလား? အဲဒီလူ ကယ်တင်ခြင်းရမယ်လို့ ဆိုချင်တာလား?” လို့ မေးတယ်။ ဟုတ်တယ်- သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးပြီးသား ဆိုရင် ကောင်းကင်ကို ခပ်ရှက်ရှက်နဲ့ သွားရမှာပါဘဲ။ ဒါပေမယ့် သူ ကယ်တင်ခြင်းရတယ်” လို့ ဖြေလိုက်တယ်။ သမ္မာကျမ်းစာကပြောသလို “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” လို့ ကျွန်တော်တို့ လိုက်ပြောရမှာပေါ့။

အဲဒီလူက ဆက်ပြီးတော “ဒါပေမယ့် သူ့မှာ ဘုရားနဲ့ ပြန်မှန်ကန်ဖို့ အချိန်မရဘူးလေ။ ဘုရားသခင်က သူ့ကို ဆုံးမချိန် မရလိုက်ဘူး” လို့ ပြောတယ်။ -“ခင်ဗျား ဘာပြောနေတာလဲ? ဘုရားသခင်က သူ့ကို ဆုံးမချိန် မရဘူးဟုတ်လား? ဆုံးမလို့ သေတောင် သေသွားပြီလေ။”- လို့ ပြန်ဖြေလိုက်တယ်။

၁ကော ၅း၅ မှာ “ထိုသူ၏ ဝိညာဉ်သည် ယေရှုခရစ်၏ နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း၊ သူ၏ ကိုယ်ခန္ဓာပျက်စီးဘို့ရာ သူ့ကို စာတန်လက်သို့အပ်နှံကြစေ။” ယုံကြည်သူ  အချိန်မတန်ခင် သေရတာဟာ ခရစ်ယာန် ဆုံးမခြင်းမှာ နောက်ဆုံးအဆင့်ပါဘဲ။

8. Trust Jesus Christ as Savior today. သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် ဒီနေ့ပဲ အားကိုးပါ။

သခင်ယေရှုခရစ်ကို ကိုယ့်ရဲ့ ကယ်တင်ရှင်အဖြစ် တခါမှ အားမကိုးဖူးသေးရင်၊ ဒီနေ့ပဲ အားကိုးပါလို့ တောင်းပန်ချင်တယ်။ ကိုယ်ဟာ အပြစ်သား၊ ကျမ်းစာကပြောသလို သခင်ယေရှုခရစ်ဟာ ကိုယ့်အပြစ်တွေအတွက် ကားတိုင်ပေါ်မှာ အသေခံပြီး အပြစ်ကြွေးဆပ်ပေးတယ်လို့ နားလည်လိုက်ပါ။ ပြီးတော့ ကယ်တင်ခြင်းခံရဖို့ ကိုယ်တော်ကို အပြည့်အဝ အားကိုးလိုက်ပါ။

သမ္မာကျမ်းစာက ယော ၃း၃၆ မှာ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” ပြီးတော့ ယော၃း၁၈ မှာ-“သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။” “ယုံကြည်တယ်” ဆိုတဲ့စကားဟာ “အားကိုးတယ်၊ မှီခိုတယ်၊ အမှီပြုတယ်” လို့ ဆိုလိုတယ်။ ကိုယ့်ရဲ့ ကယ်တင်ရှင် အဖြစ် သခင်ယေရှုခရစ်ကို အပြည့်အဝ အားကိုးမလား? အားကိုးမယ်ဆိုရင်- အခုလို ရိုးရိုးလေး ဆုတောင်းလိုက်ပါ။ “သခင်ယေရှုဘုရား၊ ကျွန်တော် အပြစ်သားပါ။ ကျွန်တော့အတွက် အသေခံပေးတာ  ယုံပါတယ်။ အခု- ကိုယ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးတာ အကောင်းဆုံးလို့ သိလိုက်ပါပြီ။ အခုမှစပြီး  ကောင်းကင်ရောက်ဖို့ ကိုယ်တော်ကို အမှီပြုပါပြီ။ ကိုယ်တော်အတွက် အသက်ရှင်ပြီး၊ ခရစ်ယာန်ကောင်း တယောက် ဖြစ်ဖို့ မစတော်မူပါ။ အာမင်။”

ဒီလို ရိုးရိုးကလေး ဆုတောင်းပြီးရင်၊ ထာဝရအသက်ရပြီလို့ ဘုရားစကားတော်အရ ကျွန်တော် ဂတိပေးနိုင်ပါတယ်။ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။--”                


No comments:

Post a Comment