ရွာက
အကိုတဝမ်းကွဲက ဖုန်းခဏခဏ ဆက်တတ်တယ်။ ဆက်ရင် ညနက်သန်းခေါင်။ သူ့ပြဿနာက ညည
အိပ်မရဘူး။ သူက အသောက်အစား ရှိတယ်။ စိတ်ဖိစီးတဲ့အခံလည်း ရှိတယ်။ အိပ်မရရင်
ညနက်နက် မှာ သူ့သမီးတွေကို ဖုန်းဆက်တယ်။ ကျွန်တော့ကိုလည်း ညနက်သန်းခေါင်
ဖုန်းဆက်ပြီ။ "ငါ အိပ်မရဘူးကွာ။"
အိပ်မရရင်
တခါတလေ ရွာနဲ့ ခပ်လှမ်းလှမ်းက ဘူတာကို ရောက်သွားတတ်တယ်။ တခါတလေတော့
သူ့အသိရှိတဲ့ တခြားရွာကို ရောက်သွားတတ်တယ်။ ခေတ်ကာလ မကောင်းတဲ့အချိန် ဒီလို
သွားနေတာက စိုးရိမ်စရာပါ။
ညအချိန်မတော် ဆက်ပေမယ့် ဖုန်းပိတ်မထားရက်ဘူး။ သူခေါ်ချိန် ကိုယ်သိရင် အကူအညီပေးရအောင် ဖုန်းဖွင့်ထားပါတယ်။
"အိပ်မရရင် ကျောကုန်းကို အပေါ်က ဖိပေး။ နဲနဲ နှိပ်ပေးဖို့ လိုတယ်။ လို့ ပြောတော့ "အနှိပ်ခံတာ အကျင့်ပါနေမယ်။" တဲ့။
"အကျင့်ပါတော့ ဘာဖြစ်တုန်း။ အိပ်ပျော်ဖို့ လိုတာ။" လို့ ပြောရတယ်။
တည၊
ညဆိုပေမယ့် အချိန်က မနက် ၂ နာရီကျော်။ အိပ်ပျော်ခါစ။ နာရီဝက်လောက်ပဲ
အိပ်ရသေးတယ်။ ဖုန်းမြည်လာပြီ။ စိတ်မဆိုးအားဘူး။ "ငါ အိပ်မရဘူးကွာ။
ဆုတောင်းပေးဦး။" တဲ့။
"အေး၊
အေး" လို့ ဖြေရင်း ကိုယ့်အသံကြားရင် အိပ်နေသူတွေ
အနှောက်အယှက်ဖြစ်မှာစိုးလို့ အိမ်အပြင် ထွက်လိုက်ပြီး ဝါးရုံပင်အောက် မှာ
ဖုန်းပြောလိုက်တယ်။ ကျွန်တော့နားက အာရုံကြော အားနည်းပြီး သိပ်မသဲကွဲတော့
စပီကာဖွင့်ပြီး ပြောနေရတယ်။ ကိုယ်မကြားတော့ တဖက်လူလည်း မကြားလောက်ဘူး
ထင်ပြီး အော်ပြောတတ်တဲ့သူဆိုတော့ အိမ်နားနီးတွေ အချိန်မတော် လန့်မှာလည်း
စိုးရသေးတယ်။
"ငါ အခု ဘယ်ရောက်နေလဲ သိလား" တဲ့။
"အိမ်မှာ မဟုတ်ဘူးလား" ဆိုတော့၊
"သင်းချိုင်းကုန်းမှာ။"
"ဟာ၊ ဒီအချိန်ကြီး သင်းချိုင်းကုန်းမှာ ဘာသွားလုပ်လဲ" ဆိုတော့၊
"ငါ့သမီးကို လွမ်းလို့။" တဲ့။
သူ့သမီးက အပျိုအရွယ်ရောက်မှ မနှစ်က ရောဂါနဲ့ ဆုံးသွားတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ...
"အိမ်ကနေ လွမ်းရင်လည်း ရပါတယ်ကွာ။ အိမ်ပြန်တော့" လို့ ပြောရတယ်။
"ငါ့ကို
ဆုတောင်းပေးကွာ။" သူစိတ်ချမ်းသာအောင် ဆုတောင်းပေးပါတယ်။ ဆုလည်း
တိုတိုတောင်းရင် မကြေနပ်ဘူး။ ရှည်ရှည် တောင်းခိုင်းတယ်။ သူက ပြောသေးတယ်။
"ဆုတောင်းပြီးရင် ပဌနာတော် ရွတ်နော်။" တဲ့။ အမှန်က အဲဒီ The Lord's Prayer က
ဆုတောင်းနည်း sample prayer ပါ။ ဒါပေမယ့် သူက သူ့ပြဿနာ ပြေလည်ဖို့ magic
word လို ရွတ်ခိုင်းနေတာ။ ကျွန်တော် အဲဒီလို မယုံကြည်ပေမယ့် သူစိတ်ချမ်းသာအောင် ရွတ်ပေးပါတယ်။ ရွတ်ရတာက အရှိုလို။ အရှိုလိုပဲဖြစ်ဖြစ်၊
မြန်မာလိုပဲဖြစ်ဖြစ် ကျွန်တော် အကုန်မမှတ်မိပါ။ တဝက် လောက် မှာ မေ့ပါတယ်။
မေ့တော့ အစကနေ ပြန်ကြော့ပါတယ်။ ပိုသွားတော့လည်း ပိုပါစေပေါ့။ (ကျွန်တာ်တို့
အမျိုးက အဲဒီလိုပဲ။ အစားအသောက် စားခါနီး ဘုရားကို ကျေးဇူးတင်ကြောင်း
ဆုတောင်းတယ်။ တခါတလေ ဆုတောင်းမိသလား၊ မတောင်းမိဘူးလား မသိဘူး။ ထမင်းစားလို့
ခဏကြာမှ သတိရတယ်။ မသေချာတော့ နောက်တခေါက် ပြန်ဆုတောင်းတယ်။ အနားကလူက
ရိပ်မိရင် ဘယ်နှစ်ခါ တောင်းနေသလဲ လို့ အမေးခံရတယ်။ ကိစ္စမရှိဘူး။
တောင်းဖြစ်ဖို့ပဲ အရေးကြီးတာပါ ဆိုပြီး ထပ်တောင်းပါတယ်။ တချို့ကတော့
"အစကတည်းက လေးလေးနက်နက် မှ မရှိဘဲ" လို့ ပြောတယ်။ ပြောလည်း ခံရမှာပဲ။
အာရုံတွေ များနေတာကိုး။
အခုလည်း အစက ပြန်တောင်းပါတယ်။
ဆုတောင်းရင်းနဲ့
နားထဲမှာ အသံတွေ ကြားလာတယ်။ "အီ၊ အီ။" နဲ့ ညည်းသံ ကြားရတယ်။ ခြုံတောထဲက
တိုးထွက်လာနေတဲ့ အသံ တရှဲရှဲကိုလည်း ကြားရတယ်။ စိတ်ထဲမှာလည်း "ငါ့အကိုတော့
လုပ်ပြီကွာ။ ဆုတောင်းစရာ နေရာ ရှားလို့၊ သင်းချိုင်းကုန်းကနေ ဖုန်းနဲ့
ဆုတောင်းရတယ်လို့။ အခု ဘာသံတွေ ပါလာလဲ မသိဘူး" လို့ ညည်းမိတယ်။
ကျွန်တော်
သရဲ မကြောက်ပါဘူး။ ကျွန်တော်လေ့လာမိသလောက် သူတို့က သေသွားတဲ့လူတွေ
မဟုတ်ဘူး။ fallen angles ကျဆင်းတဲ့ ကောင်းကင်တမန်တွေ။ လူတွေကို
နားလည်လွဲအောင် အနှောက်အယှက်ပေးတာ။ ဒါပေမယ့် အခုက မကြောက်ဘူး ဆိုပေမယ့်
နဲနဲလန့်လာတယ်။ မျက်စိထဲမှာ ခြုံကြားက တိုးထွက်လာသလို မြင်ယောင်လာတယ်။
ဆောင်းတွင်း မနက် ၂ နာရီ ၃ နာရီဆိုတာ အပြင်မှာ တုန်နေအောင် ချမ်းတာ။
ချမ်းတာရယ်၊ လန့်တာရယ် ပေါင်းတော့ ကြက်သီးထလာတယ်။ ဆုတောင်းပြီးတော့
ဖုန်းပိတ်လိုက်တယ်။ ဒါပေမယ့် "အီအီ" ဆိုတဲ့ အသံနဲ့ ခြုံတိုးသံက
ကြားနေရဆဲပဲ။ လန့်ပီး နောက်လှည့်ကြည့်လိုက်တော့ အိမ်က ခွေး။ ချမ်းလွန်းလို့
ခြုံထဲမှာ ချာလည်ပတ်လည်နဲ့ ခွေအိပ်ဖို့ ကြိုးစားနေတာ။ အင်း၊ မင်းက
တမှောင့် ဆိုပြီး ရီရခက်၊ ငိုရခက်။
ကျွန်တော့လိုပါပဲ၊
မိဘ၊ အဖိုးအဖွါး၊ သားသမီး၊ ညီအကို မောင်နှမ၊ မိတ်ဆွေ တယောက်က်ယောက်ကို
ပစ်မထားရက်ဘဲ ဒုက္ခခံ စောင့်ရှောက်နေသူအားလုံး "Happy Valentine's day"
ပါ။ ပျော်ရွှင်ကြပါစေ။
No comments:
Post a Comment