အခန်း ၁၄
--------------------------------------------------------------------------------------------------
![]() |
| Dr. Curtis Hutson |
ဆုတောင်း။
ကောင်းကင်ဘုံရှင်အဘ၊
ကောင်းကြီးရစေချင်ပါတယ်။ ကြီးလေးတဲ့ ဒီအကြောင်း ပြောဖို့ရာ နည်းနည်းတော့
ဝန်လေးပါတယ်။ ကိုယ်တိုင်မပြည့်ဝဘဲနဲ့ ဝိညာဉ်တော် ပြည့်ဝခြင်းအကြောင်းပြောရင်
မှားပါလိမ့်မယ်။ ဝိညာဉ်တော်ပြည့်ဝဖို့ ဒီညဆုတောင်းပါတယ်။ ကိုယ်တော်တွေးသလို တွေးပြီး၊
ပြောသင့်တဲ့ စကားကို ကွက်တိပြောတတ်ဖို့ ရှိသင့်တဲ့အပြုအမူမျိုးနဲ့
ဟောပြောနိုင်ဖို့ မစပါ။
ကျွန်တော့်အတွေးတွေကို
ကိုယ်တော်သိပါတယ်။ ဒီတရားဟောပြီးရင် ဒီကလူတချို့ ဝိညာဉ်တော်နဲ့ ပြည့်ဝဖို့
ဆာငတ်တောင့်တ လာဖို့ မြော်လင့်ပါတယ်။ ဘယ်လိုပြည့်ဝနိုင်တယ်ဆိုတာ နားလည်သွားဖို့
မြော်လင့်ပါတယ်။ တချို့လည်း ရှေ့ထွက်လာပြီးတော့ “ဒီနေ့တော့ တကယ်ဖြစ်ပြီ။ သာမန် အသက်တာကို
စိတ်ပျက်သွားပြီ။ အများနည်းတူ နေ့စဉ်အသက်ရှင်ရတာ စိတ်ပျက်ပြီ” လို့ ပြောလာပါစေ။ ဟောပြောမှုမှာ
မစတော်မူပါ အဘ။ ကောင်းကောင်းမွန်မွန်ဖြစ်စေပါ။ အများအတွက် ကောင်းကြီးမင်္ဂလာ
ဖြစ်စေပါ။ အာမင်။
ကျမ်းချက် ၂ ချက် ဖတ်ပါမယ်။
“လွန်ကျူးစေတတ်သော စပျစ်ရည်နှင့်
ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။” ဧဖက် ၅း၁၈
“ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည်
ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာ တန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်
ဖြစ်လိမ့်မည်” ဇာခရိ ၄း၆။
တရားဟောဖို့ ကျွန်တော့်ကို
ဘုရားသခင်ခေါ်တုန်းက ကျွန်တော့အသက်က နှစ်ဆယ်။ ဝိညာဉ်တော်ပြည့်ဝခြင်းအကြောင်း ဟောတာ
တခါမှ မကြားဖူးဘူး။ ရည်မှန်းချက်တွေ၊ ရူပါရုံတွေတော့ ကြီးကြီးမားမား ထားတယ်။
ရည်မှန်းချက်နဲ့ ရူပါရုံဆိုတာ သိပ်ကြီးကြီးမားမားထားရင် အပြစ်ဖြစ်တယ်လို့
ထင်တဲ့သူတွေ ရှိတယ်ဆိုတော့ ကျွန်တော်ထားတဲ့ ရူပါရုံတွေကို
သိပ်ပြောပြခွင့်မရဘူး။ ဒါပေမယ့် ရူပါရုံတော့ ထားခဲ့တယ်။ တရားဟောဖို့ခေါ်တယ်လို့
မိတ်ဆွေတယောက်ကို ပြောပြတဲ့ညမှာ ငိုရင်း၊ စကားပြောရင်းနဲ့ မနက်၂ နာရီ ၃၀ အထိ
ပြောဖြစ်ကြတယ်။
ကျွန်တော်ပါဝင်ခဲ့တဲ့အသိုင်းအဝိုင်းက
တရားဟောဆရာကို လစာပေးတာ လက်မခံဘူး။ တနင်္ဂနွေနေ့ တရားဟော၊ ကျန်တဲ့နေ့မှာ
အသက်မွေးဝမ်းကြောင်းအတွက် တခုခုလုပ်ရမယ်လို့ ယူဆကြတယ်။ ဒါပေမယ့် သူငယ်ချင်းကို “တနေ့မှာ ငါအချိန်ပြည့် တရားဟောမယ်” လို့ ပြောခဲ့တယ်။
အကြီးအကျယ် စိတ်ကူးယဉ်ခဲ့တယ်။
စိတ်ကူးယဉ်တဲ့အတိုင်းလည်း ဖြစ်လာတယ်။ ဘုရားကျေးဇူးတော်ကြောင့် အံ့ဩစရာတွေ
ဖြစ်လာတယ်။ အဲဒီအထဲက တစ်ခုက SWORD OF THE LORD စာစောင်ကို
သူများပို့ပေးလို့ ဖတ်ရပြီး၊ ၁၉၆၁ နှစ် အန္တိအုတ်နှစ်ခြင်း အသင်းတော်မှာလုပ်တဲ့ SWORD
စည်းဝေးကြီးကို တက်ခွင့်ရတယ်။ အဲဒီစည်းဝေးကြီးမှာ တရားဟောဆရာတွေရဲ့
ထူးခြားမှုကို သတိထားမိတယ်။
Dr. John R. Rice, Dr. Jack Hyles နဲ့ Dr.
Tom Malone တို့ တရားဟောတယ်။ အဲဒီတုန်းက ငယ်သေးတော့
သိချင်စိတ်ပြင်းပြနေတယ်။ နားထောင်ကြည့်တော့ စိတ်နှလုံးကို ထိတွေ့တယ်။ ဟောပြောတာတွေ
ထိမိတယ်။ Dr. Rice က “ဆုတောင်းချက်တွေ အဖြေရအောင်
ဘယ်လိုလုပ်မလဲ? လို့ ဟောတယ်။ သူ့ကို သတိထားကြည့်မိတယ်။ သူဟာ
ထူးခြားတယ် လို့ သိလာတယ်။ သူက သာမန် တရားဟောဆရာ မဟုတ်ဘူး။ စာပေလည်း ထုတ်ဝေတယ်လို့
သိရတယ်။
စာအုပ်စားပွဲနားသွားပြီး၊
စာအုပ်တွေ ကြည့်တယ်။ Dr. Rice က စာအုပ်အထူကြီး အမျိုးပေါင်း (၅၀)
လောက်ရေးထားတာပါ။ ကြည့် ပြီးတော့ “ဒီစာအုပ်တွေတစ်ခါမှ မဖတ်ဖူးပါလားလို့”
တွေးမိတယ်။ တရားဟောတာ နားထောင်ရတယ်။ စိတ်လှုပ်ရှားရတယ်။ ဝိညာဉ်ကယ်တင်ခြင်းဟာ
လောကမှာ အရေးအကြီးဆုံး အရာပဲ လို့ သူဟောတဲ့စကား ရင်ထဲရောက်လာတယ်။
ဝိညာဉ်ကယ်တင်ခြင်းဟာ ဝိညာဉ်တော်မပြည့်ဝဘဲ လုပ်လို့မရနိုင်ဘူး။
Dr. Jack Hyles ဟောတာကြားရတယ်။ သူ့ကို တွေ့ဖူး၊
မြင်ဖူးချင်တယ်။ နောက်ရက်တွေမှာ ရောက်လာပြီး၊ အခန်းထဲမှာ မုတ်ဆိတ်ရိတ်နေတာကို
ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးတယ်။ အဲဒီတုန်းက သူမှန်း မသိဘူး။ ခဏကြာလို့ တရားဟောဖို့
သူထလာတော့မှ၊ မုတ်ဆိတ် ရိတ်နေတာ တွေ့လိုက်ရတဲ့သူပါလားလို့ တွေးမိတယ်။
သူက “လူသည်အဘယ်သို့သောသူဖြစ်၍၊
ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း” ကို ဟောတယ်။ ဘုရားကျောင်းမှာ
သူ့ကိုစကားလာပြောတဲ့ အဘိုးကြီးတစ်ယောက် အကြောင်းပြောပြတယ်။ သူက
ရှောင်ထွက်သွားချင်ပေမယ့်၊ သူ့ရဲ့အလုပ်အကူတစ်ယောက်က တွေ့ကြည့်ဖို့ တိုက်တွန်းတယ်။
ကျွန်တော့စိတ်နှလုံး ပြင်းပြဆာလောင်သွားတယ်။ “ငါလူတွေကို မချစ်ပါလား? တနင်္ဂနွေနေ့ တရားဟောတာလည်း ခဏတဖြုတ် အလုပ်လိုပဲ။ ဝမ်းသာအားရ
ပြောစရာအကြောင်းရှိလာရင် ဝမ်းသာအားရ ပြောချင်သူ တစ်ယောက်လောက်ပဲ၊ ဒါပေမယ့် ငါ
လူတွေကို မချစ်ဘူး။ ခရစ်တော်အတွက်လည်း တစ်ယောက်မှ မရဖူးဘူး။ ၆ နှစ်တောင် သင်းအုပ်
လုပ်ခဲ့ဖူးပြီလို့” တွေးမိတယ်။
Dr. Hyles ကို ကြည့်မိတယ်။ သူ့တရားဟောချက်ကို
မှတ်ထားပြီး ကျွန်တော့ရဲ့ လူနည်းစုလေးကို ပြန်ဟောတယ်။ “ငါ့လိုပဲ သူတို့ အကျိုးရှိလိမ့်မယ်လို့”
ထင်တယ်။ ဒါနဲ့ဟောလိုက်တယ်။ ဘယ်သူမှ မခံစားရဘူး။ ဘယ်သူမှ မလှုပ်ရှားဘူး။
ငါတုန့်ပြန်သလို သူတို့မတုန့်ပြန် ပါလားလို့ အံ့ဩမိတယ်။ ငါထိတွေ့သွားသလို
သူတို့ထိတွေ့ မသွားပါလားလို့ အံ့ဩမိတယ်။ ဒီတရားနဲ့ ဒီကျမ်းချက်နဲ့ပဲ ဟောခဲ့တာပါ။
Dr. Tom Malone က တမန် ၆ ကနေ “သင်းထောက်များ”
အကြောင်းဟောတယ်။ သင်းထောက်ဖြစ်ဖို့ လိုအပ်ချက်တွေအကြောင်း ဟောပြလိုက်တော့
ကျွန်တော် ခေါင်းခါပြီး ထွက်ခဲ့တယ်။ “သင်းထောက်တစ်ယောက်ဆိုတာ တွေ့ကော တွေ့ဖူးလို့လား၊ တွေ့ရင်လဲ သင်းထောက်မှန်း ငါသိပါ့မလား” လို့
တွေးမိတယ်။ စည်းဝေးကအပြန် ကားမောင်းရင်းနဲ့၊ “သင်းထောက်တစ်ယောက်အရည်အချင်း
ငါ့မှာမရှိရင် တရားဟော ဆရာတစ်ယောက်ပဲ ဖြစ်ပါစေတော့” လို့ တွေးမိတယ်။ တခါတလေလည်း
ကျွန်တော့် အသင်းတော်လေးထဲက နှုတ်ထွက်ပြီး၊ ဝိညာဉ်ကယ်တင်တဲ့ အသင်းတော်ကြီးတစ်ခုမှာ
ပါဝင်မလားလို့ စဉ်းစားမိတယ်။ Tennessee ပြည်နယ် Chattanooga
မြို့က Highland Park နှစ်ခြင်းအသင်းတော်အကြောင်း
ကြားဖူးတယ်။ နှစ်ပေါင်းများစွာ၊ တစ်နှစ်တစ်နှစ်ကို လူ(၁,၀၀၀)ကျော်
နှစ်ခြင်းပေးရတယ်။ Chattanooga မြို့ကို အပတ်တိုင်းသွားပြီး
အသင်းတော်ကောင်း တပါးဖြစ်ဖို့ လေ့လာခံယူရင် ကောင်းမလားလို့ အသည်းအသန် စဉ်းစားမိတယ်။
ဒါပေမယ့် ဘုရားသခင် ခွင့်မပြုဘူး။ ဒီဆရာတွေက ဘာထူးခြားလို့လဲ? အမေရိကန်ပြည်မှာ တရားဟောဆရာထောင်ချီပြီးရှိနေတာ ဒီဆရာတွေက
ဘာထူးခြားလို့ပါလိမ့်။
ပြီးခဲ့တဲ့ညမှာ Dr. Lee
Roberson က သူ့ဘဝရဲ့ တောင်ထိပ်(၇) ခု အကြောင်းကို ဟောတယ်။
ပြောင်းလဲခြင်း၊ ဝိညာဉ်ကယ်တင်ခြင်း၊ ဒုတိယ အကြိမ်ကြွလာခြင်း၊ စတာတွေ ပြောတယ်။
ကျွန်တော် ဂရုစိုက် နားထောင်တယ်။ “သူဒါပြောတော့မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ၆ ချက်မြောက်မှာ သူက “ဝိညာဉ်တော်နဲ့ ပြည့်ဝတဲ့အသက်တာလို့” ပြောတယ်။ သူက “ဘယ်အချိန်မှာ
ပထမဆုံးအကြိမ် ပြည့်ဝခဲ့သလဲဆိုတာ မသိဘဲနဲ့ ဝိညာဉ်တော်ပြည့်ဝတဲ့ အသက်တာ၊
ဖြစ်ခဲ့တယ်” လို့ ဆိုတယ်။
ဒီတရားဟောဆရာကြီးတွေမှာ
တူညီတဲ့အချက်တစ်ချက်က ဝိညာဉ်တော်ပြည့်ဝတာပဲ။ အကြောင်းအရာတွေတိုင်းမှာ သဘောထားတွေ မတူညီကြပေမယ့်၊
တရားဟောပုံလဲ မတူပေမယ့်၊ ဟောပြော ဝေငှပုံလည်း မတူညီပေမယ့် ဝိညာဉ်တော်နဲ့တော့
ပြည့်ဝကြတယ်။
တနေ့ စာအုပ်ဆိုင်တစ်ဆိုင်ကို သွားတယ်။
စာအုပ်တွေ လျှောက်ကြည့်တယ်။ အပြာရင့်ရောင် မျက်နှာဖုံးမှာ ရွှေရောင် စာလုံးနဲ့
ရေးထားတဲ့ J. Gilchrist Lawson ရဲ့ Deeper Experiences of Famous
Christians “ကျော်ကြားတဲ့ခရစ်ယာန်များရဲ့ နက်ရှိုင်းတဲ့
အတွေ့အကြုံများ” စာအုပ်ကို တွေ့မိတယ်။ ဘာအကြောင်းတွေ ပါသလဲလို့ မာတိကာကို
ဖတ်ကြည့်မိတယ်။ ကျွန်တော်မသိဖူးတဲ့ နာမည်တွေပါ။ နောက်မှ အဲဒီနာမည်တွေကို သိသွားတယ်။
D.
L. Moody ဆိုတဲ့နာမည်ကို သတိထားမိတယ်။ သူ့အကြောင်း ကြားဖူးတယ်။ Billy
Sunday ဆိုတဲ့နာမည် ကြားဖူးတယ်။ A. J. Gordon, Savonarola ဆိုတဲ့ တခြား နာမည်တွေကို မသိဘူး။
ဒီစာအုပ်တော့ ဖတ်သင့်တယ်လို့ ထင်တယ်။
ဒါနဲ့ စာအုပ်ကိုဝယ်၊ အပြေးအလွှား အိမ်ပြန်ပြီး ဖတ်မိတယ်။ အခန်းထဲမှာ တစ်ယောက်တည်း
ဖတ်တယ်။ စာအုပ်နာမည်ကလည်း လျို့ဝှက်တဲ့သဘော ပါနေတယ်။ နာမည်ကြီး ခရစ်ယာန်များရဲ့
နက်ရှိုင်းတဲ့ အတွေ့အကြုံ တဲ့။ အော်ဟစ်ချီးမွမ်းတတ်တဲ့ သတ္တုတွင်း အလုပ်သမား Bill Bray အကြောင်း ဖတ်ရတယ်။
Bill Bray သာ အသက်ရှင်နေသေးရင်၊ သူ့ရှေ့မှာထိုင်ပြီး၊
စကားပြောချင်တယ်။ Bill ဟာ သူသွားသမျှ နေရာတိုင်းမှာ ထပြီး၊
ကတတ်၊ အော်တတ်သူပါ။ ကျော်ကြားတဲ့ ခရစ်ယာန်များရဲ့ နက်ရှိုင်းတဲ့ အတွေ့အကြုံများမှာ
Bill Bray အကြောင်းရေးထားတာက …
ဘုရားသခင်ကို မချီးမွမ်းပဲ
မနေနိုင်ဘူး။ လမ်းလျှောက်သွားလို့ ခြေတစ်ဖက်ကြွရင် “ဘုန်းကြီးပါစေ၊”
နောက်တဖက်ကြွရင် “အာမင်း၊” လို့ သဘောထားပြီး ခြေလှမ်းတိုင်းကို လှမ်းလေ့ရှိတယ်။ Bill သေခါနီးအချိန်မှာ သေခါနီးပြီလို့ ဆရာဝန်ကပြောတယ်။ “ဘုရားသခင်
ဘုန်းကြီးပါစေ၊ ငါမကြာခင် ကောင်းကင်ရောက်တော့မယ်” လို့ ပြောတယ်။ ပြီးမှ သူ့ထုံးစံအတိုင်း “ကျွန်တော် ကောင်းကင်ရောက်တဲ့အခါ၊ ဆရာ့ကိုယ်စား
ကျေးဇူးတင်စကားတွေ ပြောပေးရအုန်းမလား။ ဆရာလည်း လာလိမ့်မယ်လို့ ပြောလိုက်ရမလား?”
လို့ မေးတယ်။ ဒီစကားဟာ ဆရာဝန်အတွက်တော့ ရင်ထဲအထိ
ထိုးဖောက်နိုင်စွမ်း ရှိတယ်။ Bill အသက်ထွက်ခါနီး
ပြောတဲ့စကားကတော့ “ဘုန်းကြီးပါစေ” တဲ့။
မသေခင်အချိန်လေးမှာ “ဟ-
သေမှာကြောက်သလား? ကယ်တင်ခြင်းမရဘူးလား? ငါ့သခင်က သေခြင်းကို အောင်မြင်ပြီ။ ငရဲ သွားရင်လည်း ငါကတော့
“ဘုန်းကြီးပါစေ” လို့ အော်နေမှာပဲ။ အနက်ဆုံးတွင်းရဲ့ နံရံတွေက
ပဲ့တင်သံပြန်လာသည်အထိ သခင်ယေရှုကို ကောင်းကြီးပေးမယ်။ သနားစရာ စာတန်ခမျာ၊ “ Bill
- - Bill ဒီနေရာ မင်းအတွက် မဟုတ်ဘူး။ ပြန်သွားကွာ၊” လို့ ပြောလာရင်
ငါက ကောင်းကင်တက်ပြီး၊ “ဘုန်းကြီးပါစေ” ၊ “ဘုန်းကြီးပါစေ” လို့ အော်ပြီးချီးမွမ်းနေမှာပဲ။”
အဲဒီလိုဖတ်ရတော့ ရယ်ရတယ်။
စိတ်ထဲမှာလဲ တောင့်တမှုတစ်ခု ဖြစ်လာတယ်။ “ဂျော်ဂျီယာ ပြည်နယ် အက်တလန်တာမြို့က Bill Bray လိုလူမျိုးတွေ ဘယ်မှာလဲ ကိုယ်တော်၊ ကျွန်တော်တို့ခေတ်ရဲ့ Bill Bray
တွေဘယ်မှာလဲ? ကျွန်တော်မသိပါလားလို့ ပြောမိတယ်။
ဘုရားသခင်နဲ့ ပဋိညာဉ် (၁၃)
ချက်ဖွဲ့ထားတဲ့ မျက်စိတဖက်လပ် Christmas Evans အကြောင်း ဆက်ဖတ်ရတယ်။ (၁၃)
ချက်စလုံး ဖတ်လိုက်တယ်။ တစ်ချက်မှာတော့ “Bunyan, Vassar, Powell, Howell
Harris, Rowlands နဲ့ Whitefield တို့လို
ကြီးမားစေပါ။ ကြီးပွားဖို့ အတားအဆီးဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပေးတော်မူပါ” လို့
ဆိုတယ်။ “ကိုယ်တော် ဒီလူနဲ့စကားပြောချင်လိုက်တာ ရည်ရွယ်ချက် ရှိတဲ့လူပဲ။” `ကျွန်တော့ အမှုတော်လုပ်ငန်းကို ကြီးပွားစေပါ။ ကျွန်တော့ကို တစ်ခုခု
ဖြစ်စေတော်မူပါ’ လို့ မကြောက်မရွံ့ ဆုတောင်းတတ်သူပါ။ ကျွန်တော်နဲ့စကားပြောရတဲ့
လူအများစုက ကျွန်တော့ကို နားမလည်ဘူး။ ကျွန်တော် Christmas Evans နဲ့ စကားပြောချင်လာတယ်။
ဆက်ပြီးတော့ ဖတ်ကြည့်တယ်။ Savonarola တရားဟောတော့ ပရိသတ်က ၅ နာရီကြာ မှင်သက်နေမိတဲ့အကြောင်း ဖတ်ရပြန် တယ်။ ၅ နာရီလုံးလုံး အပ်ကျသံတောင် ကြားရလောက်တယ်။ ငါ့ဘဝမှာ တရားတောင်
မဟောဖူးသေးပါလား? တရားဟောဆရာလို့ ခေါ်ဖို့တောင်
ရှက်စရာပါလားလို့ တွေးမိတယ်။
D. L. Moody အကြောင်းဖတ်ရပြန်တယ်။
ဝတ်ပြုစည်းဝေးပွဲတွေအပြီး အမျိုးသမီးနှစ်ယောက် ရောက်လာပြီး “Mr. Moody ဆရာ့မှာ ဝိညာဉ်တန်ခိုးလိုနေလို့ ကျွန်မတို့ ဆုတောင်းပေးနေတယ်လို့ လာ,
လာ ပြောနေတယ်။” “တန်ခိုးလိုတယ် ဟုတ်လား? ကျွန်တော့မှာ တန်ခိုးရှိသလားလို့? ချီကာဂိုမြို့မှာ
အကြီးဆုံး အသင်းတော်ကြီးပဲ။ လူတွေအများကြီး ပြောင်းလဲနေကြတာပဲ” လို့ ဖြေတယ်။
ဒါပေမယ့် တစ်နေ့ New York မြို့Wall Street လမ်းမကြီးပေါ် လမ်းလျှောက်ရင်း၊ Moody
က “သူငယ်ချင်းတစ်ယောက်ဆီမှာ အခန်းငှါးဖို့ သွားရင်း
ဘုရားတန်ခိုးတော် ထူးထူးခြားခြား သက်ရောက်စေပါ” လို့ ဆုတောင်းတယ်။ ကြီးမြတ်တဲ့
တရားဟောဆရာကြီးတွေနဲ့ အလယ်အလတ်တန်းစား ဆရာတွေနဲ့မတူဘဲ ထူးခြားနေတာက အဝတ်အစား၊
အမူအရာ၊ အသံနေအသံထား၊ ဟောပြောပုံ၊ တရားဟောချက် အတိုအရှည်၊ ဟာသစကားတွေကြောင့်
မဟုတ်ဘူး။ ဝိညာဉ်တော် ပြည့်ဝခြင်းကြောင့် ဖြစ်တယ်။ ဧဖက် ၃း၂၀ မှာ “ငါတို့၌ ပြုပြင်သော
တန်ခိုးတော်အတိုင်း၊ ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာပြုခြင်းငှါ
တတ်နိုင် တော်မူသော ဘုရားသခင်သည်”။ “ငါတို့တောင်းပန်ကြံစည်သမျှထက်
အလွန်ထူးခြားစွာ ပြုခြင်းငှါ၊ တတ်နိုင်တော်မူသော ဘုရားသခင်သည်” အစွမ်းအစအရ၊ ပညာ အရည်အချင်းအရ၊
ရုပ်ရည်အရ၊ သူတပါး ထောက်ခံမှုအရ၊ ကျင်လည်သောအသိုင်းအဝိုင်းအရ လို့ မပြောဘဲ။
“ငါတို့၌ပြုပြင်သော တန်ခိုးတော်” အရလို့သာ ပြောတယ်။
အန်ကယ် ဘတ်ဒီ၊ ရောဗင်ဆန်လို
စကားနည်းတဲ့သူတွေလည်း ထူးခြားစွာ ပြုပြင်မှုကို ရနိုင်တယ်။ စပါဂျင်လို စကားပြော
ကောင်းသူလည်း ရနိုင်တယ်။ ရှေ့ဆောင်လမ်းပြ လုပ်ပြတတ်တဲ့ ဗေးလီ၊ ဂရေး(လ်) လို လူလည်း
ရနိုင်တယ်။ မူးဒီလို ခပ်ရိုးရိုးလူတွေလည်း ရနိုင်တယ်။ John R. Rice လို ပညာရှိတဲ့ လူတွေလည်း ရနိုင်တယ်။ ဝိညာဉ်တော်နဲ့ ပြည့်ဝလာတဲ့အခါ
လူတိုင်း ရနိုင်တယ်။
တရားဟောချက်တစ်ပုဒ်ကို
ဝိညာဉ်တော်အကြောင်းဦးတည်ပြီး ဟောတာမျိုး နှစ်ပေါင်းများစွာ ကြာပေမယ့် ကြားရခဲတယ်။
ဒီအကြောင်းဟောဖို့ ကျွန်တော်ကြောက်တယ်။ အဝေဖန်ခံရမှာ ကြောက်တာနဲ့ကို
သိပ်စိတ်ဝင်စားလေ့ မရှိတာပါ။ ဒါပေမယ့် သိပ်မကြာဘူး၊ လုပ်ဖို့လိုတဲ့
အလုပ်ကိုလုပ်ရတာပါပဲ။
(၁) နှိုင်းယှဉ်မှု The Comparison
ဝိညာဉ်တော်ပြည့်ဝသူတစ်ယောက်နဲ့
အရက်သမားတစ်ယောက်ကို ကျမ်းစာထဲမှာ သုံးကြိမ် နှိုင်းယှဉ်ထားတယ်။ တိုက်ဆိုင်လို့
မဟုတ်ဘူး။ မြင်သာအောင် ပုံဖော်တာပါ။ သမ္မာကျမ်းစာဟာ တိုက်ဆိုင်လို့ ရေးထားတာ မဟုတ်ဘူး။
ဧဖက် ၅း၁၈ မှာ “ လွန်ကျူးစေတတ်သော
စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။”
ဝိညာဉ်တော်ပြည့်ဝသူနဲ့ အရက်သမားတစ်ယောက်။
နှစ်ခြင်းဆရာယောဟန်အကြောင်းကို
လုကာ ၁း၁၅ မှာ “အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရား ရှေ့တော်၌ ကြီးမြတ်သောသူ
ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင်
သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။”
တမန် ၂း၁၅-၁၇ ရဲ့
ပင်တေကုတ္တေနေ့မှာ ရှင်ပေတရုက “ယခုအချိန်ကား နံနက်တချက် တီးချိန်သာရှိသည်ဖြစ်၍၊
သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။ ဤအရာကား ပရောဖက်ယောလ
ဟောဘူးသောအရာဖြစ်သတည်း။ ဟောဘူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏
ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့်
ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူသည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။
အသက်ကြီးသော သူတို့သည်လည်း နိမိတ်အိမ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။”
ဝိညာဉ်တော်ပြည့်ဝသူနဲ့ အရက်သမားကို
ကျမ်းစာက ဘာကြောင့်နှိုင်းယှဉ်ပြထားသလဲ။ အကြောင်းတချို့ ရှိလောက်တယ်။ အရက်သမားကို
အစွမ်းတမျိုးက ထိန်းချုပ်ထားတယ်။ အရက်သမားဟာ ထူးခြားနေတယ်။
ဝိညာဉ်တော်ပြည့်ဝသူတွေဟာလည်း ထူးခြားနေတယ်။
ရှက်တတ်ကြောက်တတ်၊
တွန့်ဆုတ်တတ်တဲ့လူတစ်ယောက်ကို အရက်သောက်ခိုင်းလိုက်ရင် ချက်ခြင်းဆိုသလို သူဟာ စကား
ကျယ်ကျယ်ပြောလာမယ်။ ပိုသောက်လေလေ အသံပိုကျယ်လေလေ ဖြစ်လာမယ်။ သိပ်စကား ပေါလာပါလားလို့
အံ့ဩရလိမ့်မယ်။ လက်မကလေး စုပ်နေလောက်အောင်ကို ရှက်တတ်၊ ကြောက်တတ်၊
တွန့်ဆုတ်နေတတ်တဲ့ ခရစ်ယာန်တစ်ယောက်ကို ဝိညာဉ်တော်နဲ့ ပြည့်စေလိုက်ပါ။
လူတွေရှေ့မှာ မရှက်မကြောက် စကားပြောတတ်လာလိမ့်မယ်။
လူရှေ့မှာ သီချင်းမဆိုဖူးတဲ့သူကို
အရက်တိုက်လိုက်၊ ချက်ခြင်းပဲ လူတိုင်း သဘောကျတယ် ထင်ပြီး သုံးလေးနာရီလောက်
သီချင်းဆိုပြနေမယ်။ အရက်သောက်ပြီး၊ မှိုင်နေတဲ့သူမျိုး တစ်ခါမျှ မတွေ့ဖူးဘူး။
ဘာတစ်ခုမှ မရှိတော့ရင်လဲ ပျော်နေတယ်။ အရက်သောက်ထားတဲ့လူကို စိတ်ဓါတ်ကျအောင်
လုပ်လို့မရဘူး။ ထူးခြားနေတဲ့ အပြုအမူတွေ၊ တည်ငြိမ်သွားအောင် စောင့်မှပဲ ရတယ်။
ကိုယ့်အရိပ်ကိုတောင်
ပြန်ကြောက်တတ်တဲ့ လူပျော့လူညံ့တစ်ယောက်ကို အရက်တိုက် လိုက်ရင်၊
ခြင်္သေ့တစ်ကောင်လို ရဲရင့်လာမယ်။ ကျွန်တော့မှာ အရက်သောက်တတ်တဲ့ ဦးလေး တစ်ယောက် ရှိတယ်။
သူ့မှာ အညိုရောင် ကားတစီးရှိတယ်။ ကားစီးဖို့ ကျွန်တော့ကို ခေါ်တယ်။ ဂျော်ဂျီယာရဲ့
အမှတ် ၁၂ လမ်းမကြီးပေါ်မှာပါ။ မောင်းလိုက်တာကလည်း မိုင်ကုန်ပါပဲ။ ကျွန်တော်ဖြင့်
သေတော့မလား? အောက်မေ့ရတယ်။ ဂျော်ဂျီယာပြည်နယ်၊ ကိုဗင်တန်မြို့မှာ
ပြည်နယ်ရဲက ခရာတွတ်ပြီး လှမ်းခေါ်တယ်။ သူကတော့ ဘာမှမဖြစ်သလိုပဲ၊ အရက်ကလည်း
သောက်ထားတာကိုး။ နည်းနည်းကလေးမှ ကြောက်လန့်ပုံ မရဘူး။ ဆဲတောင် ဆဲလိုက်သေးတယ်။
ပြည်နယ်ရဲက- “လိုင်စင် ခဏပြပါ”
လို့ ပြောတော့ သူက လိုင်စင်ပေးလိုက်တယ်။ အရာရှိက
“မိုင်နှုန်းကျော်နေတယ်” လို့
ပြောတော့
“အေး၊ သိသားပဲ” တဲ့။
“ဒဏ်ငွေကို အခုပဲဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ်
လာဆောင်ပါ” လို့ အရာရှိက ပြောတယ်။
“ဘယ်လောက်လဲ”
“ဆယ်ဒေါ်လာ”
ဦးလေးက ဒေါ်လာ ၂၀ ထုတ်ပေးလိုက်တယ်။
အရာရှိက သူ့ကို ဆယ်ဒေါ်လာ ပြန်ပေးတယ်။ ဦးလေးက “ယူထားလိုက်ပါ” တဲ့။
“ယူထားလိုက်ဆိုတာက ဘာသဘောလဲ?” လို့ အရာရှိကမေးတော့
“ခဏကြာရင် ပြန်လာဦးမယ်။
အဲဒီအခါကျရင် မရပ်ခိုင်းနဲ့” လို့ ပြန်ဖြေတယ်။
သောက်မထားရင် ဒီလို ဘယ်ပြောမလဲ။
ပုံမှန်အချိန်ဆိုရင် သူလည်း သေမှာ ကြောက်မှာပေါ့။ ကိုယ့်အရိပ် ကိုယ်တောင်
ပြန်ကြောက်တတ်တဲ့ လူပျော့တွေပင်လျှင် အရက်မူးလာရင် ခြသေ့်တကောင်လို
ရဲရင့်လာပြီးတော့ သူ မလုပ်ရဲတာတွေ လုပ်တတ်လာတယ်။
ကျွန်တော် ဒယ်ကက်ဗ်ဒေသ
မီးသတ်ဌာနမှာ လုပ်ဖူးတယ်။ တနေ့ အရက်သမားတယောက် ကဒ်ထူ စာရွက်ပြားတပြားနဲ့ ခဲတံတစ်
ချောင်းယူလာတယ်။ “ခင်ဗျား နာမည်ဘယ်သူလဲ?” လို့ မေးတော့ ကျွန်တော် ဖြေရတယ်။ သူက
ရေးမှတ်လိုက်တယ်။ တခြားလုပ်ဖော် တယောက်ကိုလည်း “ခင်ဗျားနာမည် ဘယ်သူလဲ?” လို့ မေးတယ်။ ဒီလူဖြေတော့ မှတ်ထားပြန်တယ်။ နောက်တယောက်ကို မေးတယ်။
ဖြေတော့၊ သူမှတ်လိုက်ပြန်တယ်။ နာမည်စာရင်းတွေ အရှည်ကြီး ကောက်သွားတယ်။ ဒါနဲ့
အင်ဂျင်စက်ကြီးမောင်းသမား အရပ် ၆ ပေ ၅လက်မ လောက်ရှိတဲ့ လူနားရောက်သွားတော့၊ “ဟေ့-
မင်းနာမည်ဘယ်သူလဲ” လို့မေးတယ်။ စက်မောင်းတဲ့လူက “ကျွန်တော့်နာမည်
ဘယ်သူဘယ်ဝါပါလို့” ပြောလိုက်တော့ သူ ချရေးတယ်။ စက်မောင်းတဲ့သူက “နာမည်မေးတာ
ဘာလုပ်ဖို့လဲ?” မေးတော့ အရက်သမားက မော့တောင်မကြည့်ဘဲ စာပဲ
ဆက်ရေးနေတယ်။ ပြီးမှ “ဒီစာရွက်ထဲမှာ ငါရိုက်ဖို့ လူတွေရဲ့ နာမည်စာရင်းကို ရေးနေတာ။
စာရင်းပြည့်သွားရင် ငါတစ်ယောက်ပြီး တယောက် လိုက်ရိုက်တော့မယ်” လို့ပြောတယ်။
စက်ကြီးမောင်းတဲ့သူက
အောက်ဆင်းလာပြီး သူ့ကို ဆုပ်ကိုင်ပြီး လှုပ်ရမ်းလိုက်တယ်။ “ငါပြောမယ် မင်းငါ့ကို
ရိုက်စရာမလိုဘူး” လို့ ပြောတော့ အရက်သမားက “လွှတ်ပါအုံးကွ မင်းနာမည် ဖျက်ပေးပါမယ်”
လို့ ပြောတယ်။ သူသာ ပုံမှန်အခြေအနေမျိုးဖြစ်နေရင် ဒီလိုမျိုးလိုက်လုပ်မှာ မဟုတ်ဘူး။
လူတစ်ယောက် အရက်သောက်ထားရင်
သူတစ်ခုခုတော့ ကြိုးစားတော့တာပဲ။ ဟိုတယ်အခန်း တစ်ခုမှာ မိတ်ဆွေတစ်ယောက်နဲ့
အတူရှိနေတဲ့ အရက်သမား တစ်ယောက်အကြောင်း ဖတ်ရဖူးတယ်။ ပြတင်းပေါက်ပေါ်က ခုန်ချပြီး၊
ပလက်ဖောင်းအထိ ပျံဝဲနိုင်တယ်လို့ သူ့ကိုယ် သူထင်နေတယ်။ ရက်အတော်ကြာတော့
လက်မောင်းမှာ ပတ်တီးတွေနဲ့ ခြေထောက်မှာ ခဲဆွဲထားရပြီး၊ မျက်နှာမှာ ဒဏ်ရာတွေ
ရနေတယ်။ သူ့သူငယ်ချင်းက သွားမျှော်တော့ သူက “မင်းက ဘာလို့ မတားလဲ?” လို့ မေးတယ်။ သူငယ်ချင်းက “ငါလဲ မင်း ပျံနိုင်လောက်တယ်လို့ ထင်လို့ပါ” လို့ ပြောတယ်။ နှစ်ယောက်စလုံး သောက်ထားတဲ့သူတွေပါ။
တရားဟောဆရာတွေ
ဝိညာဉ်တော်နဲ့ပြည့်လာရင် “ငါက ကမ္ဘာပေါ်မှာ အကြီးဆုံး အသင်းတော်ကြီး တည်ထောင်မယ်”
လို့ ပြောလာသူတွေ ရှိတတ်သလို၊ နောက်တယောက်ကလည်း၊ “မင်း လုပ်နိုင်မယ်လို့ ငါထင်တယ်”
လို့ ပြောတတ်လာတယ်။ အဲဒီလိုလူတွေဟာ ဆေးရုံမှာ ခြေတဖက်ကျိုးပြီး ပတ်တီးတွေ
စည်းထားချင် စီးထားရလိမ့်မယ်။ ဒါပေမယ့် ဘာမှ မကြိုးစားသူထက်စာရင်၊ ပျံကြည့်ဖို့
ကြိုးစားတာဟာ မဆိုးဘူးလို့ ပြောရမှာပါ။
အရက်သမားတွေဟာ စကားအရမ်းများတယ်။
ခရစ်ယာန်အများစုကတော့ ပါးစပ်ဖျားမှာ ရေခဲမြစ်လိုပဲ အေးခဲနေတယ်။ စာတန်ကို
ရန်စကားဆိုဖို့ ကြောက်နေကြတယ်။ အရက်သမားတယောက် စကားပြောတဲ့ပုံကို ကြည့်ရင်၊
လေလံရောင်းတဲ့သူက မွေးတဲ့ သားများလားလို့ ထင်သွားနိုင်တယ်။
စိန့်လူးဝစ်လေယာဉ်ကွင်းကို
ကျွန်တော်ရောက်တုန်းက၊ အရက်သမားတယောက် ရောက်လာတယ်။ လက်မောင်းကြားမှာ စက္ကူအိတ်ကြီး
တအိတ်၊ ခေါင်းပေါ်မှာတော့ “ခူကောင်” လို့ စာတန်း ထိုးထားတဲ့
အနီရောင်ဦးထုပ်တလုံးနဲ့ပါ။ သူက ကျွန်တော့ကို ခပ်မိုက်မိုက်ကြည့်ပြီး “မင်းဒီကို
အချိုရည် ပန်းကန်ပြားပျံနဲ့ လိုက်လာတာလား” လို့ မေးတယ်။ ကျွန်တော်က “ဟုတ်တယ်။
ကျွန်တော်က အချိုရည် ပန်းကန်ပြားပျံ အမြဲတမ်းစီးတယ်။ ပိုမြန်ပြီး၊ ပိုဇိမ်ကျတယ်လေ”
လို့ ပြောလိုက်တယ်။ စကားပြတ်သွားအောင် ပြောလိုက်တာပါ။ ဒါပေမယ့် “အေး၊ ကောင်းတော့
ကောင်းပါတယ်။ ဒါပေမယ့် ချာလည်ပတ်လည် မူးမနေဘူးလား?” လို့ မေးတယ်။
သူနဲ့ ဆက်စကားပြောနေမိတယ်။
ခဏကြာတော့ မှန်ထဲမှာ သူ့ကိုသူ ပြန်ကြည့်မိပြီး ခူကောင်လို့ ရေးထားတဲ့ဦးထုပ်ကို
မြင်သွားတယ်။ “ဒါက ခူကောင် မနေ့တုန်းကတော့ လိပ်ပြာပါလို့ ပြောလာတယ်။
အဲဒီအရက်သမားဟာ လုံးဝ အကြောက်အလန့်မရှိဘူး။ သူဘာတွေလုပ်တယ် ဆိုတာ
နောက်ပိုင်းသူ့ကို ပြန်ပြောပြလိုက်ရင် သူရှက်သွားမှာပဲ။ ဒါပေမယ့် ဒီအချိန်မှာ
သူဘာကိုမှ ဂရုမစိုက်ဘူး။
“ယစ်မူးစေတတ်သော စပျစ်ရည်ကိုရှောင်၍
ဝိညာဉ်တော်နှင့်ပြည့်စေကြလော့။”
( ၂ ) အမိန့်တော် The Command
“ဝိညာဉ်တော်နှင့်ပြည့်စေကြလော့”
ဒီကျမ်းချက်တစ်ချက်ထဲမှာ အမိန့်နှစ်ခု ပါတယ်။ ပထမအမိန့်က အရက် မသောက်ဖို့ပါ။
“အရက်သောက်တာ မကောင်းဘူးလား?” လို့ မေးရင် လူတိုင်းက
မကောင်းဘူး လို့ ဖြေမှာပါ။
အမိန့်တော်က “အရက်မသောက်နဲ့”။
ဘယ်သင်းအုပ်ဆရာကမှ သံစုံသီချင်းဆိုဖို့ လာသူတွေကို အရက် သောက်ခွင့်
ပြုမှာမဟုတ်ဘူး။ အရက်သမားလို့သိရင် လက်တင်ပေးမှာ မဟုတ်ဘူး။ အရက်သောက်တယ်လို့ သိရင်
သင်းထောက်အဖြစ် ခန့်မှာ မဟုတ်ဘူး။ ဒီလိုလုပ်တာ မှန်တယ်လို့ သိကြပါတယ်။
ဒါပေမယ့် ကျမ်းစာက “
အရက်မသောက်နဲ့” လို့ ပြောထားသလို “ဝိညာဉ်တော်နှင့် ပြည့်စုံစေကြလော့” လို့လဲ
ပြောထားတယ်။ ကျမ်းစာကို နားလည်မယ်ဆိုရင် အရက်မသောက်သင့်သလို ဝိညာဉ်တော်နဲ့လည်း
ပြည့်ဝသင့်တယ်။ ဒါပေမယ့် ဒုတိယပညတ်ကို အပြောနည်းတယ်။ ပထမအချက်ကို ပိုအရေးထားတယ်။
“ပြည့်စေ” လို့ အမိန့်ပေးထားတယ်။ ကျမ်းစာက ဝိညာဉ်တော်နဲ့ တံဆိပ်ခတ်ဖို့တော့
အမိန့်ပေးမထားဘူး။ ဒါတွေက ပိုင်ဆိုင်မှုနဲ့သာ ဆိုင်တယ်။ ကယ်တင်ခြင်းခံရတာနဲ့
တပြိုင်နက် တံဆိပ်ခတ် ခံရတယ်။ ဧဖက် ၄း၃၀ မှာ “ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင်
သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို
စိတ်မနာစေကြနှင့်။” ကယ်တင်ခြင်းရတာနဲ့တပြိုင်နက် အထဲမှာ ထာဝရအိမ်တစ်ခုလို
သဘောထားပြီး လာကျိန်းဝပ်တယ်။ ဒါဟာ ကိုယ့်ဘက်က ဘာမှမလုပ်ရဘဲနဲ့ ချက်ခြင်း
အလိုအလျောက် ဖြစ်သွားတာပါ။ (၁ကော ၆း၁၉-၂၀) ယုံကြည်သူတိုင်းမှာ ဝိညာဉ်တော်ကျိန်းဝပ်တယ်။
ဝိညာဉ်တော်တံဆိပ်လည်း ခတ်တယ်။ ဒါကြောင့် တံဆိပ်ခတ်ဖို့၊ ကျိန်းဝပ်ဖို့
အမိန့်ပေးမထားဘူး။ ဒါပေမယ့် ဝိညာဉ်တော်ပြည့်ဝခြင်းဟာ ပိုင်ဆိုင်မှုသဘောမဟုတ်ဘူး။
အမိန့်သာ ဖြစ်တယ်။
ဝိညာဉ်တော်ပြည့်ဝဖို့တာဝန်က
ယုံကြည်သူတိုင်းမှာ ရှိတယ်။ ကျွန်တော့်အိမ်ကိုလာပြီး၊ ကျွန်တော့်ဇနီးက အစားအသောက်
ကောင်းကောင်းချက်ထားမယ်။ ကျွန်တော်ကလည်း “ထိုင်၊ အားရပါးရ စားရအောင်” လို့
ပြောတဲ့အခါ ဗိုက်မဝဘဲ ပြန်သွားရင် ဘယ်သူ့အပြစ်လဲ? ကျွန်တော့အပြစ်တော့
မဟုတ်ဘူး။ မစားတဲ့သူအပြစ်ပေါ့။ ဒီစကားက အမိန့်ပါ။ ဘယ်သူတွေကို ပေးထားတာလဲဆိုတော့
ဧဖက် ၁း၁ မှာကြည့်ပါ။ ဧဖက်ဩဝါဒစာဟာ ဧဖက်မြို့မှာရှိတဲ့ အသင်းတော် ကို ရေးထားတာပါ။
“ဧဖက်မြို့၌နေသော သန့်ရှင်းသူတည်း ဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို” ဒီပညတ်ဟာ တရားဟောဆရာတွေ အတွက်သာ မဟုတ်ဘူး။ ယုံကြည်သူတစ်ဦးစီကိုလည်း
ပေးထားတာပါ။
ဝိညာဉ်တော်ပြည့်ဝတဲ့ အတွေ့အကြုံကို
ခံစားရသူအများစုဟာ မပြည့်ဝခင် နှစ်ပေါင်းများစွာ ကတည်းက ကယ်တင်ခြင်း ရနေတာပါ။
ဒါပေမယ့် ဒီလောက် အချိန်ကြာနေစရာ မလိုဘူး။ အချိန်ကြာ နေတာက
ပြည့်ဝခြင်းနဲ့ပတ်သက်တဲ့ ကိုယ့်တာဝန်ကို မသိလို့ပါ။ ကျွန်တော့တုန်းကတော့ ဘာမှ သိတာ
မဟုတ်ဘူး။ ပြည့်ဝဖို့ဆိုတာ ၅နှစ်၊ ၁၀နှစ် ၁၅နှစ် စောင့်စရာ မလိုဘူး။
ဒီအမိန့်ဟာ သင်းအုပ်၊ သင်းထောက်နဲ့
ဧဝံဂေလိဆရာတွေ အတွက်သာ မဟုတ်ဘူး။ ခရစ်ယာန်တိုင်း၊ အသင်းသားတိုင်းကို ပြောထားတာပါ။
ခေတ်ကာလတိုင်းမှာရှိတဲ့ ယုံကြည်သူတိုင်းအတွက် ဖြစ်တယ်။ အုပ်စုတစ်စုအတွက်သာ မဟုတ်ဘူး။
လူတိုင်း ရနိုင်တယ်။
အသင်းတော်ပြဿနာ trouble လို့ အများစုထင်ထားတာတွေဟာ ရောဂါလက္ခဏာ symptom တမျိုးသာ
ဖြစ်တယ်။ ဆယ်ဘို့တဘို့ မပေးဘူး။ ဒါဟာ ပြဿနာ trouble မဟုတ်ဘူး။
ရောဂါလက္ခဏာ symptom ပါ။ ဝိညာဉ်ကယ်တင်ခြင်း မလုပ်ဘူး။
ဒါပြဿနာ မဟုတ်ဘူး။ ရောဂါလက္ခဏာပါ။ ဒီပြဿနာတွေ အားလုံးဟာ ဝိညာဉ်တော်မပြည့်ဝမှုမှာ
အရင်းခံနေတယ်။
၁ကော ၃း၁ မှာ ရှင်ပေါလုက
“ညီအကိုတို့၊ အထက်က၊ ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား
ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌
သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။” သူက မနာလိုခြင်း၊
ရန်ဖြစ်ခြင်း၊ ကွဲပြားခြင်း အကြောင်းတွေကို ဆက်ပြောသွားတယ်။ ဘာကြောင့်လဲ
ဝိညာဉ်တော်နဲ့ မပြည့်ဝကြလို့ပါ။ ဝိညာဉ်တော် ပြည့်ဝနေရင် ပြဿနာမရှိဘူး။ ဒီအမိန့်ဟာ
ယုံကြည်သူတိုင်းအတွက် ဖြစ်တယ်။
(၃) လိုအပ်မှုများ The Conditions
ပြည့်ဝမှုဟာ အလိုအလျောက်
ဖြစ်မလာဘူး။ လိုအပ်တဲ့အခြေအနေလေးတွေ ရှိတယ်။ အကုန်လုံးပြောပြဖို့ အချိန်မရဘူး။
အတော်ရှင်းတဲ့ အချက်တချို့ ကျမ်းစာထဲက ထုတ်ပြမယ်။
A. ဆာငတ်ခြင်း Thirsting
ပထမလိုအပ်ချက်က ဆာငတ်မှုပါ။ Ray Hart က “ရေငတ်သောသူအပေါ်မှာ ရေကို သွန်းလောင်း၍” ဆိုတဲ့ ဟေရှာယ ကျမ်းပိုဒ်
တစ်ပိုဒ်ကို အခြေခံပြီး၊ သီချင်းတစ်ပိုဒ် ဆိုဖူးတယ်။
ယောဟန် ရး၃၇-၃၉ မှာ
“ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုခရစ်သည် ရပ်၍
ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။
ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ
စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော်၊
ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှု သည်
ဘုန်းပွင့်တော် မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။”
ဒီဘုရားကျောင်းထဲက လူတွေ
ဆာငတ်ဖူးကြရဲ့လား?လို့ သံသယဖြစ်မိတယ်။ ကျွန်တော် ဒီနေ့
ရေဆာတယ်လို့ ပြောရင် မဟုတ်သေးဘူး။ ဒီနေ့ ရေမလိုသေးဘူး။ ရေသောက်ချင်ရင် ရေက ပိုက်ခေါင်းထဲမှာပါ။
ရေရဖို့ ၅ မိနစ်လောက်စောင့်စရာ မလိုဘူး။ ဒါပေမယ့် ရေမရဘဲ တစ်ရက်၊ နှစ်ရက်၊
သုံးရက်ဆက်နေရရင်၊ ရေမသောက်ရလို့ ပါးစပ် သုံးဆလောက် ပိုကျယ်လာတဲ့အခါ၊ လျှာတွေ၊
လည်ချောင်းတွေ ကွဲလာတဲ့အခါ၊ ရေတပေါက် သောက်ရဖို့၊ ကားတွေ၊ အိမ်တွေ၊ ဘဏ်ထဲမှာ
ရှိသမျှတွေကို ပေးချင်လာပြီဆိုရင်တော့ ဒါဟာ ရေငတ်နေပါပြီ။
ယုံကြည်သူများစွာ
ဝိညာဉ်တော်မပြည့်ဝကြခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အပြည့်အဝ မဆာငတ်ကြလို့ပါ။
ပြည့်ဝလဲရတယ်။ မပြည့်ဝလဲဖြစ်တယ်ဆိုရင် မပြည့်ဝဘဲ နေမှာပေါ့။ “ရမှဖြစ်မယ် မရရင် သေမယ်။ ငါ လက်မလျှော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။
ငါလက်မလျှော့ဘူး” လို့ ပြောလာနိုင်ဖို့ လိုတယ်။
ကိုယ့်အကြိုက်ကို ခဏထားပြီး
“ဝိညာဉ်တော်ပြည့်ဝတာဟာ ဘာသာစကားပြောတာလို့ ဘုရားသခင် ဆိုလိုရင် အသင့်ပါ။
ပင်တေကုတ္တေအသင်းတော်ထဲ ဝင်မယ်၊ နှစ်ခြင်းအသင်းတော်ထဲက ထွက်မယ်။ ဒါပေမယ့်
ဝိညာဉ်တော်မပြည့်ဝဘဲနဲ့တော့ အသက်မရှင်ချင်ဘူး။ ပြည့်ဝမှ ဖြစ်မယ်။” လို့
ပြောမိလာတဲ့အထိ ပါပဲ။
ကျွန်တော်သဘောကျတဲ့လူတွေထဲမှာ
အန်ကယ် Buddy Robinson လည်း ပါတယ်။ မက်သဒစ် စည်းဝေးတစ်ခုမှာ
ကယ်တင်ခြင်းရခဲ့သူပါ။ ပရက်(စ်)ဘစ်တီးရီးယန်း အစည်းအဝေးတစ်ခုမှာ သူ့အခေါ်
ဒုတိယကောင်းကြီးဆိုတာ ရခဲ့သူ။ နောက်တော့ မက်သဒစ်အသင်းတော်ထဲက ထုတ်ပယ်ခံရတယ်။ နာဇရိ
အသင်းသားအဖြစ် တစ်သက်လုံးနေသွားတယ်။
အန်ကယ် ဘတ်ဒီက “ ဒီမက်သဒစ် ဆရာဟောတာ ကြားချင်တယ်ကွာ။ ကောင်းကင်အကြောင်းဟောရင်
ရောက်ချင်လာအောင် ဟောတယ်။ ငရဲအကြောင်းဟောရင် ကျတော့မလား ထင်ရအောင် ဟောတယ်။ အဲဒီည
သူဖိတ်ခေါ်တဲ့အချိန်မှာ ငါ့နာမည်ကို ပုတ်လောက် ရေးပြတောင် ငါမဖတ်နိုင်ပေမယ့်၊
တရားပလ္လင်နားက ထပြန်လာတဲ့အခါ ကောင်းကင်အိမ်တော်မှာ ရေးထားတဲ့ ငါ့နာမည်ကို
ရှင်းရှင်းလင်းလင်း ပီပီသသ ဖတ်နိုင်တယ်ကွာ” လို့ ပြောဖူးတယ်။
နောက်ပြီးတော့ အန်ကယ် ဘတ်ဒီက
“အဲဒီနောက် သန့်ရှင်းခြင်း ဦးစားပေးတဲ့ ဒုတိယကောင်းကြီး ပရက်(စ်)ဘစ်တီးရီးယန်း ဆရာတစ်ယောက်
လာဟောတယ်။ ငါ သွားနားထောင်တယ်။ သူဟောတော့ ငါ အသည်းအသန်ရချင် လာတယ်။ ငါက
ဘုရားသခင်ပေးပါ” လို့ ပြောပေမယ့် မပေးဘူး။ ဘုရားသခင်ပေးပါလို့ ငါ ထပ်ပြောတယ်။
ဖဲထုပ်နဲ့ ငါ့သေနတ်ကို လွှင့်ပစ်လိုက်တယ်။ မြည်းနှစ်ကောင်လည်း ယဇ်ပလ္လင်မှာ
တင်ထားလိုက်တယ်။ ကောက်ရိုးတပုံလည်း တင်ထားလိုက်တယ်။ ဒါပေမယ့် ဒုတိယ ကောင်းကြီး မရသေးဘူး။
ငါ့ရဲ့ ပရက်(စ်)ဘစ်တီးရီးယန်း အမေနဲ့ အရက်သမားအကိုကိုပါ တင်ပူဇော် လိုက်တယ်။
မရသေးဘူး။ ဒါနဲ့ “ဘုရားသခင် ပေးပါ” လို့ တောင်းတော့ ဘုရားသခင် က “ဘတ်ဒီ၊ မင်းရယ်
ငါရယ် ယဇ်ပလ္လင်ကြားမှာ အများကြီး ရှိနေတယ်” လို့ ပြောတယ်။ ငါက “အို ဘုရားသခင်
ဒုတိယ ကောင်းကြီးသာ ပေးမယ်ဆိုရင်၊ ကျွန်တော်ရတဲ့ သကာရည် တခရားကို
အိမ်နီးနားချင်းတွေကို ဝေပေးပါမယ်” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဘီစကစ်မုန့်နဲ့
သုတ်စားရတဲ့ အကောင်းဆုံး သကာရည်ကို ငါ လုပ်နိုင်သွားပါရော”လို့ ဆိုတယ်။
အန်ကယ်ဘတ်ဒီဟာ လိုချင်ဆာငတ်သူပါ။
မရမချင်း အားမလျှော့ဘူး။ ဒါကို သူက ဒုတိယ ကောင်းကြီလို့ ခေါ်ထားတယ်။
ကျွန်တော်ကတော့ ဒုတိယကောင်းကြီးဆိုတာကို မယုံဘူး။ ဒါပေမယ့် ကျွန်တော့်မှာ
အန်ကယ်ဘတ်ဒီရဲ့ ဒုတိယကောင်းကြီးအကြောင်းဟောတဲ့ အခွေတခွေရှိတယ်။ နားထောင်ရင်း
မယုံမိဖို့လည်း သတိထားတယ်။
အန်ကယ်ဘတ်ဒီက “ကျမ်းစာထဲမှာ
မျက်စိမမြင်တဲ့လူကို သခင်ဘုရားက တို့ထိတယ်။ ဘာမြင်ရလဲ?” လို့ မေးတယ်။ အဲဒီလူက “လူတွေဟာ သစ်ပင်လိုဖြစ်ပြီး
လျှောက်သွားနေတာမြင်ရတယ်” လို့ဖြေတယ်။ သူ့မှာ ဒုတိယကောင်းကြီး လိုနေတာပါ။
ဒုတိယအကြိမ် တို့ထိ လိုက်ပြီး၊ “ကဲ ဘာမြင်ရလဲ?” မေးတဲ့အခါ “လူတွေအားလုံးကို
ရှင်းရှင်းလင်းလင်း မြင်ရပြီ” လို့ပြောတယ်။
အန်ကယ်ဘတ်ဒီက
“ပထမကောင်းကြီးဘဲရတုန်းက ဂိုဏ်းဂဏခေါင်းဆောင်တွေကို ဧရာမ သစ်ပင်ကြီးတွေလို့
ငါမြင်ရတယ်။ ဒါပေမယ့် ဒုတိယကောင်းကြီးရတော့မှ လူတွေအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတော့တယ်”
လို့ ဆိုတယ်။
ကျွန်တော့်စိတ်ထဲမှာ “ဘတ်ဒီ
ခင်ဗျားက ကျွန်တော့ကို ဒုတိယကောင်းကြီး ပေးချင်နေတာကိုး။ ဒါကို ကျွန်တော်က
ဒုတိယကောင်းကြီး လို့ မခေါ်ဘူး။ ဒါပေမယ့် ဒါမျိုး ကျွန်တော့မှာ ရပြီးသားပါ ” လို့
တွေးမိတယ်။
ကျွန်တော်တို့က
အမှားအမှန်ငြင်းနေကြရင်းနဲ့ဘဲ မတွေ့ကြုံ၊ မခံစားဖူးပဲ သေကြရတယ်။ အန်ကယ်ဘတ်ကတော့
ရဖူးတယ်။ သူက အပြစ်သဘာဝဟောင်း လုံးဝ ကုန်ဆုံးပြီး၊ လုံးဝ သန့်ရှင်းသွားနိုင်တယ် ဆိုတဲ့
ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ အဆိုတခုကို ယုံတယ်။ ဒါပေမယ့် သူဟာ အဲဒီတုန်းက
ကျွန်တော့ထက်ပိုပြီး သန့်ရှင်းစင်ကြယ်ခဲ့တယ်လို့တော့ ပြောရမှာပါ။
သူနယူးယော့မြို့ကိုသွားတော့
လှည့်လည်ကြည့်စရာတွေ လိုက်ပြကြတယ်။ အခန်းကို ပြန်ရောက်ပြီး၊ အဲဒီည
သူဆုတောင်းတဲ့အခါ “ကိုယ်တော် နယူးယော့မြို့ရဲ့ ကြည့်စရာ အားလုံးအတွက်
ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီး ကျေးဇူးတင်တာကတော့ ကျွန်တော် လိုချင်တာ
ဘာမှမတွေ့ခဲ့လို့ပါ” လို့ ဆုတောင်းခဲ့တယ်။
ကျွန်တော်နယူးယော့မြို့ကို
သွားတဲ့အချိန်မှာတော့ လိုချင်တာတွေ တွေ့ခဲ့ပါတယ်။ တနေ့မှာ အန်ကယ်က
နားတစ်ဖက်မကြားရလို့ ဆရာဝန်ကို သွားပြတယ်။ ဆရာဝန်က စစ်ဆေးပြီးတော့ “ဘတ်၊
ဘာမှမဖြစ်ဘူး။ အသက်ကြီးလို့ပါ” လို့ ပြောတယ်။
ဘတ်ဒီက “ငါတော့နားမလည်တော့ဘူးကွာ၊
ဒီဘက်နားက တစ်လုံးမှ မကြားရဘူး။ ဒီတဖက်နားက ရှင်းရှင်းကြီး ကြားရတယ်။ မင်းပြောတော့ အသက်ကြီးလို့တဲ့၊ နားနှစ်ဖက်စလုံး တနေ့တည်း မွေးလာတာပဲ” လို့
ပြောတယ်။
ကျွန်တော့စိတ်ထဲမှာ ဘတ်ဒီ
တစ်ခါပြန်လာပါဦး၊ စကားပြောချင်တယ်။ ထိုင်ပါ၊ ဘတ်ဒီ၊ ဒုတိယကောင်းကြီး အကြောင်း ပြောပြပါ။
ကျွန်တော်လိုချင်တယ် ဘတ်ဒီ၊ ကျွန်တော်လိုချင်တယ်” လို့ ပြောမိတယ်။ ဘယ်သူ၊ တစ်ဦး၊
တစ်ယောက်မှ ကယ်တင်ခြင်းမရတဲ့ အဆောက်အအုံကြီးတွေဟာ စိတ်ပျက်စရာ ကောင်းတယ်။
ကျွန်တော်ကတော့ ထူးခြားမှုကို လိုချင်တယ်။ ပထမအချက်ကတော့ ဆာငတ်မှု။ ဆာငတ်မှုရှိရဲ့လား?
ဒီစည်းဝေးမပြီးခင် လူတစ်ချို့ဆာငတ်မှုရှိသွားပါစေလို့
မျှော်လင့်ပါတယ်။
(B) ယုံကြည်ခြင်း Believing
ဒုတိယအချက်က ယုံကြည်ခြင်းပါ။
ယောဟန် ရး၃၇-၃၉ ကို ပြန်ကြည့်ပါ။ သခင်ယေရှုဟာ ပွဲနေ့ နောက်ဆုံးနေ့မှာ ရပ်ပြီးတော့
“ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့” လို့ ပြောတယ်။ နောက်တပိုဒ်မှာတော့
“ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာ လာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း
ဖြစ်လိမ့်မည်” လို့ ဆက်ပြောတယ်။
ဆာငတ်ခြင်းနဲ့
ယုံကြည်ခြင်းဆိုတဲ့စကားနှစ်ခုကို မှတ်ထားလိုက်ပါ။ ယုံကြည်ခြင်း။ ကျွန်တော်တော့
မယုံကြည်ခဲ့ဘူး။ Dr. Hyles က သူ့အဖေအုတ်ဂူမှာ
ဒူးထောက်ပြီးတော့ ဝိညာဉ်တော် မပြည့်မဝ မချင်း ဆုတောင်းတယ်လို့ ပြောတယ်။ ကျွန်တော့စိတ်ထဲမှာ
“အပြောပါကွာ၊ အဲလိုတော့ ဖြစ်ဖူးမှာ မဟုတ်ပါဘူး၊ ဖြစ်တယ်ပဲ ထားဦး၊ သူလုပ်တာနဲ့
ငါ့လို တောသားတရားဟောဆရာ၊ ဘယ်သူမှ မထောက်မ,မ၊ ဘယ်သူမှ
မိတ်မဖွဲ့၊ ဘယ်ကျောင်းမှ မတက်၊ အသိုင်းအဝိုင်းထဲက ထွက်ခဲ့သူက လုပ်လို့ ဖြစ်ပါ့မလား?
ငါ့အတွက် မဟုတ်ပါဘူး။ Dr .Lee Roberson တို့၊ Dr.
Jack Hyles တို့၊ Dr. John R. Rice တို့၊ Moody
တို့၊ Torrey တို့၊ Spurgeon နဲ့ တခြား ငါဖတ်ဘူးတဲ့ လူတွေအတွက်ပဲ ဖြစ်မှာပါ။ ငါ့အတွက်တော့
မဟုတ်လောက်ဘူး” လို့ တွေးမိတယ်။ ဒါပေမယ့် စိတ်ထဲမှာပဲ “မင်းအတွက်လဲ ဟုတ်ပါတယ်။
မင်းလည်း ရနိုင်တယ်” ဆိုတဲ့ စကား ထပ်ထပ်ကြားနေရတယ်။
ဒီည၊ ဒီမှာထိုင်နေကြရင်းနဲ့
“ငါတော့ မယုံဘူး။” လို့ ပြောရင်တော့ ရလာမှာ မဟုတ်ဘူး။ ဒါပေမယ့် “Dr. Lee
Roberson အတွက် ဖြစ်ရင်၊ Dr. John R. Rice အတွက်ဖြစ်ရင်၊
Dr. J. Frank Norris အတွက်ဖြစ်ရင်၊ Gipsy Smith အတွက်ဖြစ်ရင်၊ Ira Sankey နဲ့ R.A Torrey အတွက်ဖြစ်ရင်၊ ငါ့အတွက်လည်း ဖြစ်ရမှာပေါ့” လို့ ပြောပြီး ပြန်သွားရင်
ရနိုင်တယ်။
ပုဆိန်ခေါင်းမပါဘဲ လက်ကိုင်ကြီးပဲ
ဝှေ့နေရတာမျိုးဟာ မပင်ပန်ဘူးလား။ ဟန်ပြပဲရှိပြီး၊ ဘာတစ်ခုမှ ဖြစ်မလာမှန်း
သိလျှက်နဲ့ လှုပ်ရှား သွားလာနေရတာ မပင်ပန်းဘူးလား။ အဲဒီလိုမျိုးခံစားရတဲ့
တနင်္ဂနွေမနက်တွေမှာ ထရပ်ပြီး “သွားကြစို့ကွာ၊ ဒီနေရာက သေနေပြီ၊ ဘာမှမရှိဘဲ ငှက်သိုက်အဟောင်းလို
ခြောက်နေပြီ၊” လို့ ကြေငြာသင့်တယ်။
စပါဂျင်က “အတူစုဝေးကြတဲ့အခါ
ဝိညာဉ်တော်တန်ခိုးရရှိဖို့၊ ဆုတောင်းပါ။ ဆုတောင်းလို့မှ မရရင်
စည်းဝေးရုပ်သိမ်းပြီး၊ နောက်တပတ် တနင်္ဂနွေမှာ ကိုယ်တော်အတူပါဖို့ ဆုတောင်းပါ”
လို့ ပြောတယ်။
(C) ဆုတောင်းခြင်း Asking
ပထမက ဆာငတ်ခြင်း၊ ဒုတိယက
ယုံကြည်ခြင်း ကိုယ့်အတွက်လည်း ဖြစ်တယ်။ ဝိညာဉ်တော် ပြည့်ဝနိုင်တယ်လို့ ယုံကြည်ပါ။
တတိယက ဆုတောင်းခြင်း။
လုကာ ၁၁း၁၃ မှာ“သင်တို့သည်အဆိုးဖြစ်လျှက်ပင်
ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌
ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို
သာ၍ပေးတော်မူမည်မဟုတ်လော” အမြဲ ဆုတောင်းပါ။ ဆက်ဆုတောင်းပါ။ အလင်းရသည်အထိ
ဆက်ဆုတောင်းပါ။ ယာကုပ် ၄း၂ မှာ “မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။”
တချို့လူတွေဟာ သာမန်တရားဟောဆရာဘဝနဲ့ပဲ သေပြီး ကောင်းကင်ဝင်ရမှာပါ။ ဒါ
အမှန်ပြောတာပါ။ ရည်ရွယ်ချက်မှ မရှိဘဲ။ ကိုယ့်ကိုကိုယ် ကျေနပ်နေတာပဲ။ သေပြီး
ကောင်းကင်ရောက်မှ “ကိုယ်တော်သာ ဝိညာဉ်တော်နဲ့ ပြည့်ဝစေခဲ့ရင် ကျွန်တော်
ပိုလုပ်နိုင်တာပေါ့။” လို့ ပြောမယ့်သူတွေပါ။ ဘုရားသခင်က “ဘယ်ရမလဲ? တောင်းမှ မတောင်းကြဘဲ၊ တောင်းရင်တော့ ပေးမှာပေါ့” လို့ ပြန်ဖြေလိမ့်မယ်။
ဒါဟာ ယုံကြည်သူတွေကို
အပြစ်တင်တဲ့စကားပါ။ တမန် ၄း၃၁ မှာ “ထိုသို့ဆုတောင်းပဋ္ဌာနာပြုမှ၊ ဆုပေးသောအရပ်သည်
တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။”
(D) မှန်ကန်တဲ့အကြောင်းအရင်း The Right
Reason
ပိုအရေးကြီးတဲ့တချက် ရှိသေးတယ်။
ဝိညာဉ်တော်ပြည့်ဝချင်တဲ့အကြောင်းရင်းက မှန်ရမယ်။ တချို့သူတွေက မမှန်ကန်တဲ့
အကြောင်းရင်းတွေနဲ့ ပြည့်ဝချင်နေကြတယ်။ အလွန်အမင်း ဝမ်းသာစရာ တွေ့ကြုံဖူးချင်တာနဲ့
ပြည့်ဝချင်တယ်။ ဆံပင်တွေ ထောင်သွားစေချင်တယ်။ အတိုင်းမသိ ခံစားချင်တယ်။
တချို့ကလည်း ကောင်းကင်ဘာသာစကားတွေ ပြောချင်တယ်။ ပင်တေကုတ္တေနေ့ ကာလတုန်းက ပြောတဲ့
လူစကားတွေ ရှိတယ်။ အဲဒီတုန်းက ကောင်းကင်ဘာသာစကားကို မပြောခဲ့ဘူး။ အခြားသော ဘာသာ စကားများ
(အများ) ပြောကြတယ်။ လူတိုင်း ကိုယ့်ဘာသာစကားနဲ့ ကြားခဲ့ကြတာပါ။ အံ့ဩပြီးတော့
“ကြည့်စမ်း! ဂါလိလဲလူတွေ မဟုတ်လား? ငါတို့မွေးတဲ့ ဒေသက၊ ငါတို့စကားနဲ့
လူတိုင်းကြားနေရပါလား?” လို့ ပြောခဲ့ကြတယ်။
ထူးထူးခြားခြား ခံစားချင်လို့၊
ပြောမပြတတ်လောက်အောင်ဖြစ်ပြီး၊ လျှောက်အော်ပြောချင်လို့၊ ပြည့်ဝချင်ကြတာပါ။
အော်တာကို အပြစ်ပြောတာမဟုတ်ဘူး။ အော်ဖို့ ပြည့်ဝခိုင်းတာ မဟုတ်ဘူး။ အကြောင်းရင်းက
တမန် ၁း၈ မှာ “သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊
သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊
မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” ဧဝံဂေလိတရား
မြေကြီးစွန်းအထိ မရောက်သေးဘဲနဲ့ မရပ်ပစ်သင့်ဘူး။ ဝိညာဉ်တော်ပြည့်ဝလာရင်
သက်သေခံဟောပြောတာကို အကြီးအကျယ် စိတ်ဝင်စားလာမှာပါ။
ကောင်းကြီးကိုတော့ လိုချင်ကြတယ်။
ရသလောက် လိုချင်တာပါ။ ကိုယ့်ဆုတောင်း အုပ်စုလေးထဲမှာပဲ ဒီအံ့ဩစရာ အတွေ့အကြုံကို ကြားဖူးချင်တာပါ။ ဒါပေမယ့် မကြုံဘူးလို့တော့ မပြောချင်ဘူး။ တန်ခိုးဆိုတာ
သက်သေခံဖို့ပေးသာ ဖြစ်တယ်။
တမန်တော်ဝတ္ထုမှာ “သက်သေ”
ဆိုတဲ့စကား ၃၃ ကြိမ် တွေ့ရတယ်။ ဘာသာစကား ပြောတာက တမန်၂၊ တမန်၁၀၊ တမန် ၁၉ တို့မှာ
ပေါင်း ၃ ကြိမ်ပဲ ပြောတာပါ။ နှိုင်းယှဉ်ကြည့်နိုင်တယ်။
မှန်ကန်တဲ့အကြောင်းရင်းအတွက်
လိုချင်တာ ဖြစ်ရမယ်။ ကိုယ့်ဘဝမှာ သက်သေခံ ဟောပြောခြင်းကို အဓိကအလုပ်လို့
သဘောမထားချင်ရင် ဝိညာဉ်တော်နဲ့ ပြည့်ဝလာမှာမဟုတ်ဘူး။ အကြောင်းရင်းမှန်ဖို့ လိုတယ်။
(၄) အကျိုးဆက်များ The Consequences
ဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုကို
အချက် ၁၈ ချက် ကျမ်းစာထဲက ထုတ်ပြမယ်။ ၁၈ ချက်ပဲ ရှိတယ် လို့တော့ ပြောလိုတာမဟုတ်ဘူး။
တချို့အကြောင်း မပြောတော့ဘူး။ ဝိညာဉ်တော်က ယုံကြည်သူရဲ့ အတွင်းလူကို ခွန်အားနဲ့ပြည့်ဝစေတယ်။ (ဧဖက် ၃း၁၆)
လမ်းပြတယ်။ (ရောမ၈း၁၄) ဘာလုပ်သင့်တယ်၊ ဘာမလုပ်ရဘူးဆိုတာ ဇဝေဇဝါဖြစ်စရာ မလိုဘူး။
ဝိညာဉ်တော်နဲ့ပြည့်ဝရင် ဆုံးဖြတ်ချက်ကို မှန်မှန်နဲ့ မြန်မြန် ချနိုင်တယ်။
ရှင်းလင်းတဲ့ လမ်းညွှန်ချက်ကို ရနိုင်တယ်။
ယုံကြည်သူကို
ခရစ်ယာန်စိတ်ဓါတ်တွေဖြစ်တဲ့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊
စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
နူးညံ့သိမ်မွေ့ခြင်းနဲ့ ကာမဂုဏ် ချုပ်တည်းခြင်းတွေကို ဖြစ်ပေါ်စေတယ်။
ကျမ်းစာကို နားလည်စေတယ်။ (၁ယော
၂း၂၇) ဉာဏ်အလင်းရဖို့ လိုတယ်။ ဝိညာဉ်တော်က ပေးနိုင်တယ်။ မှတ်ဉာဏ် ပိုကောင်းစေတယ်။
(ယော ၁၄း၂၆) မှာ “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော
ဥပဇ္စျယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသော အရာတို့ကို
ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား
ပေးတော်မူမည်။” မှတ်ဉာဏ်ကို တိုးတက်စေတယ်။ Dr. Rawlings တို့ ဟောခဲ့ဖူးသလို
နှုတ်ကပတ်တော်ကို ထိရောက်စွာ ဟောနိုင်အောင် ကူမနိုင်တယ်။ ဟောပြောချက် တိုးတက်ပြီး
ထိရောက်အောင် လုပ်ပေးနိုင်တယ်။ ၁သက် ၁း၅ မှာ “ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊
သင်တို့၌ စကားသက်သက် ဖြစ်သည်မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်း
သောဝိညာဉ်တော်နှင့်၎င်း၊ ပြည့်စုံသောတရားဖြစ်၏။”
ဆုတောင်းရာမှာ လမ်းပြတယ်။ (ရောမ
၈း၂၆) ဘာတောင်းရမှန်း မသိတော့ “သို့ရာတွင် ငါတို့ ဆုတောင်းခြင်းအမှုကို
နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။”
ဒါတွေဟာ ဝိညာဉ်တော်လုပ်ဆောင်မှု ၁၈
ချက်ထဲက တချို့တဝက်ပါ။ ဒါပေမယ့် အဓိက တစ်ချက် အကြောင်း ပြောပြမယ်။ ကဲ့ရဲ့တဲ့
သဘောတော့ မဟုတ်ဘူး။ ပင်တေကုတ္တေအသင်းတော်တွေနဲ့ ဆိုင်တဲ့ မိတ်ဆွေတွေကို ပြောပြချင်တယ်။
ဝိညာဉ်တော်နဲ့ ပြည့်ဝခြင်းရဲ့ အကျိုးဆက်ဟာ ဘာသာစကား ပြောခြင်း မဟုတ်ဘူး။
ဝိညာဉ်တော်နဲ့ပြည့်ဝရင် ဘာသာစကားပြောလာလိမ့်မယ်လို့ ကျမ်းစာကတစ်ခါမှ ပြောမထားဘူး။
ကျမ်းစာက တမန် ၁း ၈ မှာ “သက်သေ” ဖြစ်ကြလိမ့်မယ်လို့ ဆိုတယ်။ လုကာ ၁း၁၅ မှာ
နှစ်ခြင်းဆရာယောဟန် အကြောင်းကို ပြောတဲ့အခါ - “အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရား
ရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊
အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။” နောက်တစ်ပုဒ်မှာတော့ “ဣသရေလအမျိုးသား အများတို့ကို
သူတို့ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။” လူများစွာကို
ကယ်တင်ခြင်းရစေမယ့်သူ ဖြစ်တယ်။ Moody ရဲ့ တရားဟောပွဲတစ်ခုမှာ
လူတစ်ယောက်က ရပ်ပြီး ပြောတယ်။ “Mr. Moody ကျွန်တော့ရဲ့
အထွတ်အထိပ် အတွေ့အကြုံ တစ်ခုကို ပြောပြခွင့်ပြုပါ။” Moody က
မေးတယ်။ “အဲဒီအထွတ်အထိပ်ကို ရောက်ပြီး နောက်ပိုင်းမှာ
ခရစ်တော်ထံကို ဝိညာဉ်ဘယ်လောက် ပို့ပေးခဲ့ပြီလဲ?”
“ဘာကြောင့်လဲ? မပို့ဖြစ်ပါဘူး”
တဲ့။ Moody က ထိုင်ပါ၊ အဲဒီလို အထွတ်အထိပ် အတွေ့ အကြုံမျိုးတော့
မကြားချင်ဘူး” လို့ ပြောတယ်။ တမန် ၂ ကို ဖတ်ပြီး၊ ကောင်းကင်ဘာသာစကားလို့ မယူသင့်ဘူး။
“အခြားသော ဘာသာစကား၊” “သူ့ဘာသာစကား၊” “ငါတို့ဘာသာစကား” လို့ပဲ ပြောတယ်။ တမန် ၂ ကိုဖတ်ပြီး၊ ဒီအခန်း ပြီးခါနီးမှာ
လူသုံးထောင် ပြောင်းလဲတာ မမြင်ဘဲနေမှာလည်း စိုးရိမ်ရတယ်။
ပင်တေကုတ္တေနေ့မှာ ဘာဖြစ်ခဲ့သလဲ? လူသုံးထောင်ခန့် ပြောင်းလဲတယ်။ ဘယ်လိုလုပ်သိရလဲ? လူသုံးထောင်
ကယ်တင်ခြင်းရလို့ပါ။ ပိုတောင် ပိုနိုင်သေးတယ်။ အဲဒီတုန်းက ဧဝံဂေလိတရားကို သိပြီး၊
ပြောပြတတ်သူတွေ၊ ခရစ်တော်ထံပို့ဆောင်နိုင်သူတွေ ရှိတယ်။ ဒါပေမယ့် ပြဿနာက ကြားနာမယ့်သူတွေရဲ့ စကားကို မသိကြဘူး။ ဘုရားသခင်အတွက် အခက်တွေ့တယ်။
ဘုရားသခင်က “ကယ်တင်ခြင်းရဖို့လိုတဲ့ လူသုံးထောင်ရှိ တယ်။ ပြောပြမယ့်သူတွေက
သူတို့စကားကို မတတ်ဘူး” ဒါနဲ့ တမန်၂ မှာ ဘုရားသခင်က ဘာသာစကား အခက်အခဲကို
ကျော်ပေးလိုက်တယ်။ သူတို့မပြောဖူးတဲ့စကား ပြောခိုင်းလိုက်တယ်။ ဘာသာစကားကို
အမွှန်းတင်ဖို့မဟုတ်ဘူး။ ကယ်တင်ခြင်းရဖို့၊ ဧဝံဂေလိတရားကြားရဖို့၊
သိပ်အရေးကြီးတာကို ပြဖို့ပါ။ လူသုံးထောင်ပြောင်းလဲတဲ့ တရားအကြောင်းကို အဓိကမထားဘဲ
ဘာသာစကားကို အမွှန်းတင်တာဟာ ပညာမဲ့ရာ ကျပါတယ်။
ဘာနဲ့တူသလဲဆိုတော့
အညိုရောင်စက္ကူအိတ်ထဲမှာ ဒေါ်လာငွေ တစ်သန်း ထည့်ပြီး လာပေးတာနဲ့ တူတယ်။ ပေးလာတဲ့
ဒေါ်လာတစ်သန်း ကို သွန်ချပစ်ပြီးတော့ အညိုရောင်စက္ကူအိတ်ကြီး ရလို့
စိတ်လှုပ်ရှားပြီး၊ အိမ်ထဲ လျှောက်အော်ပြေးသူနဲ့ တူတယ်။ ကားထဲမှာပါလာတဲ့ပစ္စည်းကို
စိတ်မဝင်စားဘဲ သယ်ပေးတဲ့ ကားကို စိတ်ဝင်စားတာနဲ့ တူတယ်။ ပင်တေကုတ္တေနေ့ရဲ့
အရေးကြီးတဲ့ အဓိကအချက်က တရားစကားနဲ့ လူသုံးထောင် ကယ်တင်ခြင်းရတာပါပဲ။
ဘာသာစကားပြောတဲ့ ကိစ္စက ဒုတိယအဆင့်ပါ။ အခြေအနေအရ ဖြစ်ရတာပါ။
“လွန်ကျူးတတ်သော စပျစ်ရည်နှင့်
ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့။”
ဧဖက် ၅း ၁၈။
“သင်တို့သည်လည်း ငါ၏သက်သေဖြစ်ကြလိမ့်မည်။”
နှိုင်းယှဉ်မှု၊ အမိန့်တော်၊ လိုအပ်မှုများ၊ အကျိုးဆက်များ။
ဒီည
ဝိညာဉ်တော်နဲ့ပြည့်ဝချင်သူတွေရှိသလား? ဆာငတ်သင့်သလောက် မဆာငတ်ပေမယ့်၊ ရင်ထဲမှာ
တောင့်တမှုလေးတော့ ရှိမှာပေါ့။ သာမန်ဘဝနဲ့တော့ မကျေနပ်ဘူးပေါ့။
ရှေ့နားတဝိုက်မှာ တရားဟောဆရာတွေ
တန်းစီနေပေးပါ။ သံစုံသီချင်း စဆိုတဲ့အခါ ရှေ့ကို ထွက်ခဲ့မလား? အနီးဆုံးမှာရှိတဲ့ တရားဟောဆရာကို “ဝိညာဉ်တော်နဲ့ ပြည့်ဝချင်တယ်၊ မရမချင်း၊
အတောင်းမရပ်ဘူး” လို့ ပြောလိုက်ပါ။ ပြီးတော့ ကိုယ့်နေရာကိုယ် ပြန်ထိုင်ပါ။
(သံစုံသီချင်းဆိုတဲ့အခါ လူပေါင်း ရာချီ ရှေ့ထွက်လာပြီး “သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်ဝချင်တယ်” လို့ ပြောကြပါတယ်။) ။ ။

No comments:
Post a Comment