Saturday, June 2, 2012

Superstars စူပါစတားတွေအကြောင်း



By Joanne E. De Jonge
မြန်မြန်ပြေး၊ မြင့်မြင့်ခုန်၊ ဝေးဝေးကူး၊ အလေးဆုံးမနိုင်သူတွေရဲ့ နာမည်တွေကို စံချိန်မှတ်တမ်း စာအုပ်တွေထဲမှာ ရေးမှတ်ကြတယ်။ အိုလံပစ်ပြိုင်ပွဲ ၀င်စေကြတယ်။ သူတို့ရဲ့ အစွမ်းအစနဲ့ ထူးချွန်မှုကို လေးစားကြတယ်။ သူတို့ဟာ Superstar တွေပါ။

ဒါပေမယ့် သူတို့ရဲ့ အစွမ်းဟာ တခြား သက်ရှိတချို့နဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ပါဘူးဆိုရင် အံ့ဩကြမှာပါ။ တကယ့် Superstar တွေအကြောင်းကို ပြောပြပါမယ်။

အပြေးသမားများ ။           ။ အပြေးမြန်တဲ့လူတယောက်က တနာရီ ၂၃ မိုင်နှုန်း ပြေးနိုင်လို့ အိုလံပစ် စံချိန်ဝင်သွားတယ်။

ဒါပေမယ့် အမြန်ဆုံး သက်ရှိသတ္တဝါကတော့ cheetah ခေါ်တဲ့ ကျားသစ်ပါ။ တနာရီ ရ၁ မိုင်နှုန်းကျော်ကျော် ပြေးနိုင်တယ်။ သူ့အပြေးနှုန်းထက် သူ့တာထွက်နှုန်းက ပိုအံ့ဩဖို့ကောင်းတယ်။ ရပ်နေရာကနေ နှစ်စက္ကန့်အတွင်း တနာရီ ၄၅ မိုင်နှုန်းနဲ့ စပြေးနိုင်ပါတယ်။ ဒီနှုန်းဟာ အမြန်ဆုံး ပြိုင်ကားရဲ့ တာထွက်နှုန်းထက် ပိုနေတယ်။

ကျားသစ်မှာ ပြေးဖို့အထူးပြင်ဆင်ထားတဲ့ ကျောရိုးတခုရှိပါတယ်။ စပရင် (spring) လိုဖြစ်ပြီး၊ နောက်ခြေကို ရှေ့ဖက်ရောက်အောင် များများလွှဲနိုင်ပါတယ်။ နောက်ခြေစခုန်လိုက်တာနဲ့ စပရင် ကြောရိုးက ဆန့်သွားတယ်။ နောက်ေခြေကို အားထည့်ပေးရာ ရောက်စေပါတယ်။ ကျားသစ်မှာ အဲဒီလို မြန်နှုန်းရှိဖို့ လိုပါတယ်။ သူက တောဆိတ်နဲ့ ဒရယ်တို့လို့ လျင်မြန်သူတွေကို ဖမ်းယူရတာပါ။

ဒါပေမယ့် ကျားသစ်က တာတိုမှာပဲရတာပါ။ ကြာလာရင် မောပြီး၊ ပြေးအားလျော့လာတယ်။ ကျားသစ်ဟာ တာဝေးမရတဲ့ တာတိုအပြေးသမားသာ ဖြစ်တယ်။

တာဝေးသမား ။            ။  တောဆိတ်နဲ့ ဒရယ်တွေဟာ ကျားသစ်လို မြန်မြန်မမောကြဘူး။ သူတို့က ဇွဲပိုရှိတယ်။ တာဝေးအပြေးတော်တယ်။ ချိုပါတဲ့ တောဆိတ်တကောင်ဟာ တနာရီ ၆၁ မိုင်နှုန်း ထိန်းထားနိုင်တယ်။ ဒရယ်တကောင်ကတော့ တနာရီ ၅၅ မိုင်နှုန်း ပြေးတယ်။ ကြာကြာပြေးရရင် သူတို့က ကျားသစ်ကို နောက်ချန် ထားခဲ့နိုင်တယ်။

တောဆိတ်နဲ့ ဒရယ်တို့မှာ ကျားသစ်ကို နောက်ချန်ထားနိုင်ဖို့ အမြန်နှုန်းနဲ့အတူ ဇွဲရှိဖို့လိုပါတယ်။ သတိထားမယ်။ ကျားသစ်လာတာကိုလည်း မြင်မယ်။ အရင်ဦးအောင် ပြေးရမယ်ဆိုရင် လွတ်နိုင်ပါတယ်။

အလျားခုန်သူများ ။           ။  အိုလံပစ်မှတ်တမ်းအရ အလျား ၂၉ ပေကျော် ခုန်နိုင်သူတချို့ ရှိခဲ့တယ်။ ပေ ၃၀ ဆိုရင်တော့ စံချိန်သစ်ဖြစ်မှာပါ။ အကြမ်းပြင်း ပြောရရင် အလျားခုန်အတော်ဆုံး လူတယောက်ဟာ သူ့အရပ်ရဲ့ ၅ဆ အကွာအဝေးကို ခုန်နိုင်တယ်။

အဲဒီနှုန်းကို မွှားတကောင်နဲ့ ယှဉ်ကြည့်ပါ။ မွှားဟာ သူ့အရပ်ထက် အဆ ၃၅၀ ခုန်နိုင်တယ်။ သူ့အရပ်က တလက်မရဲ့ အပုံ ၃၀ ပုံ ၁ ပုံသာ ရှိပါတယ်။ ဒါကြောင့် သူက တပေလောက်ခုန်နိုင်သူ ဖြစ်တယ်။ ဒါပေမယ့် ဒီနှုန်းအတိုင်း အရပ် ၆ ပေရှိတဲ့ လူတယောက်က ခုန်ရင်တော့ ပေ ၂,၀၀၀ ရှိမှာပါ။ ၄ လမ်းအကွာလောက် ဝေးမှာဖြစ်တယ်။

မွှားတကောင်မှာ အဲဒီလောက်ခုန်နိုင်းစွမ်း ရှိဖို့လိုပါတယ်။ သူက သွေးနွေးသတ္တဝါတွေပေါ်မှာ ကပ်ပါသွားရသူပါ။ တခါတရံ ပန်းတပွင့်၊ မြက်တပင်ပေါ်မှာတက်နေရင်း၊ အနားက ဖြတ်သွားတဲ့ သက်ရှိတကောင်အပေါ် ခုန်ကူးလိုက်ရပါမယ်။ ဝေးဝေးမခုန်နိုင်ရင် အသက်ဆက်ရှင်ဖို့ မလွယ်တော့ပါ။

ဆင်တကောင်ဆိုရင်တော့ အလျားခုန်ပြိုင်ပွဲဝင်ရင် အညံ့ဆုံးဆုပဲရပါမယ်။ ဆင်က မခုန်နိုင်ပါ။ ဒါပေမယ့် သူမှာ ခုန်ဖို့လည်း မလိုပါ။

အလေးမသူများ ။           ။  အလေးမချန်ပီယန်တွေဟာ ပေါင် ၄၀၀ ကျော် အလေးချိန်ကို ကြွေးကြော်၊ ညီးတွားရင်း အားစိုက်မကြရပါတယ်။ ပေါင် ၅၀၀ ဆိုတာ လူတယောက်အတွက် အမြင့်ဆုံးစံချိန်ပါ။ ခဏပဲ မ,ပြီး၊ မြန်မြန်ပြန်ချလိုက်ရတယ်။

ပရွက်ဆိတ်တကောင်ကတော့ သူထက် အဆ ၅၀ ပိုလေးတဲ့ ကျောက်ခဲကို ကောက်ယူကာ၊ တွင်းတလျှောက် သယ်သွားပြီး၊ တွင်းအပြင်ဖက်ကို ပစ်ချနိုင်တယ်။  အဲဒီနှုန်းဟာ လူတယောက် တန်ချိန် ၅ တန်ကို ကုန်းမြေတိုက်ပေါင်း ရာနဲ့ချီပြီး သယ်ယူသွားတာနဲ့ တူပါတယ်။

ပရွက်ဆိတ်ကို လူနဲ့မတူ၊ တမူကွဲပြားစွာ ဖန်ဆင်းထားတာပါ။ သူ့အကြောတွေက အတွသ်းက အရိုးတွေထက် အပြင်အကာနဲ့ ပို ချိတ်ဆက်ထားတယ်။ ဒါောကာင့် မ,အား ပိုရတယ်။ ဒါပေမယ့် ပရွက်ဆိတ်မှာ တွင်းထဲ အသွင်းအထုတ်တွေအတွက် အားပိုလိုတယ်။ လူကတော့ ပစ္စည်း အရွှေ့အပြောင်းတွေအတွက် စက်တွေကို သုံးလို့ရတယ်။

ထူးချွန်တဲ့သူအမျိုးမျိုး ။          ။ အိုလံပစ် စံချိန်မှတ်တမ်းထဲမှာ မပါတဲ့ အစွမ်းအစတွေလည်း ရှိပါသေးတယ်။
လူမှာ ၂ မိနစ်ထက် ပိုပြီး အသက်မရှူပဲ နေနိုင်သူ အလွန်ရှားပါတယ်။ နှာခေါင်းချွန်ဝေလငါးဟာ လေထဲကို တက်မလာပဲ ရေအောက်မှာ ၂ နာရီလောက်နေနိုင်တယ်။ အဲဒီဝေလငါးတွေဟာ ရေထဲမှာနေပြီး၊ အသက်ရှူဖို့ အပေါ်ကို တက်လာကြတယ်။ သူတို့ကို အကြာကြီး အသက်မရှူပဲ နေနိုင်အောင် ဖန်ဆင်းထားတာ ဖြစ်တယ်။ သူတို့ ဂျွမ်းထိုးတဲ့အခါ နှလုံးခုန် နှေးလာတယ်။ ဒါကြောင့် အောက်စီဂျင် နဲနဲပဲလိုတဲ့အတွက် မိနစ် အတော်ကြာအောင် ရေပေါ်တက်ပြီး လေရှူဖို့ မလိုတာ ဖြစ်တယ်။

ကိုယ်အလေးချိန်အလိုက် အစားနိုင်ဆုံးဆုကို ခူကောင်က ရပါတယ်။ ၂၄ နာရီ တရက်အတွင်းမှာ သူ့ကိုယ်ထက် ရှစ်သောင်း၊ ခြေက်ထောင် အဆ ညီမျှတဲ့ အစားအစာတွေကို စားပစ်ပါတယ်။  အဲဒီနှုန်းဟာ ကလေးငယ်ကလေးက အသက်တလ မပြည့်ခင်မှာ အစားအစာတန်ချိန် ၃၀၀ စားတာနဲ့ တူနေပါတယ်။

ဒါပေမယ့် ခူကောင်ဟာ ဥကနေ ပေါက်ခါစမှာ အတော်သေးငယ်ပါတယ်။ သူဟာ နှံကောင် ဖြစ်လာအောင် မြန်မြန် ကြီးထွားလာတယ်။ အပြောင်းအလဲတွေ ချက်ချင်းပဲ ဆက်တိုက် ဖြစ်ပေါ်လာတယ်။ လူသား ကလေးငယ်တွေ ကြီးထွားဖို့ဆိုတာကတော့ နှစ်နဲ့ချီပြီး အချိန်ယူရတာပါ။

ခွန်အားအသန်မာဆုံး သက်ရှိကတော့ ဆင်ဖြစ်တယ်။ သူ့နှာမောင်းမှာ ကြွက်သားမျှင် ၄၀, ၀၀၀ ပါ၀င်ပြီး၊ ဘူဒိုဇာ Bulldozer ကားတစီးလို ပြုမူနိုင်ပါတယ်။ ဒါမှမဟုတ် - အပ်တချောင်းကိုတောင် ကောက်ယူနိုင်တယ်။ အဲဒီအရေအတွက်ဟာ လူ့ကြွက်သားအရေအတွက်ရဲ့ အဆ ရ၀ ခန့် ရှိတယ်။ နှာမောင်းက စွယ်စုံသုံးဖို့ဖြစ်တယ်။ လက်တဖက်လို သုံးတယ်။ နှာမောင်းမှာ ကြွက်သား အများအပြား ပါတယ်။ ဆင်က သိပ်ကြီးမားသူပါ။ ရွေ့လျားသွားလာဖို့ ကြွက်သားအများကြီး လိုပါတယ်။

အဲဒီ Superstar တွေမှာ တူတာတခုကို သတိထားမိပါသလား? သူတို့အစွမ်းအစနဲ့ သူတို့ရဲ့ ထူးခြားချက်တွေဟာ သူတို့ အသက်ရှင်ဖို့ မရှိမဖြစ် လိုတယ်။ သူတို့ အသက်ရှင်ဖို့ လိုတဲ့အရာကို ဘုရားသခင်ပေးထားခြင်းသာ ဖြစ်တယ်။ သူတို့ အချင်းချင်းမှာတော့ စူပါစတား မဖြစ်တော့ဘူး။ သူလိုကိုယ်လိုပဲ ဖြစ်တော့တယ်။ ဒါကြောင့် တကယ်တော့ Superstar ဆိုတာ မရှိဘူး။ အသက်ရှင်ဖို့ လိုအပ်တဲ့အရာကို ဘုရားသခင်ပေးထားခြင်းသာ ဖြစ်ပါတယ်။

တချို့နေရာတွေမှာ၊ တချို့သူတွေက သာနေတာဟာ အရေးကြီးတဲ့အရာ မဟုတ်တော့ဘူး။ အားလုံးကို ဘုရားသခင် အထူးပြု ဖန်ဆင်းထားခြင်းသာ ဖြစ်တယ်။ ဒါကြောင့် အားလုံး ထူးခြားနေပါတယ်။         ။   

No comments:

Post a Comment