Saturday, October 22, 2011

Gadhafi ကဒါဖီ


လစ်ဗျား အာဏာရှင် ကဒါဖီ Libya Dictator Moammar Gadhafi 

Gadhafi  ကဒါဖီ

အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကဒါဖီ အသတ်ခံလိုက်ရပါပြီ။ သူဟာ မောက်မာလွန်းတဲ့ အာဏာရှင်တယောက်ဖြစ်ပြီး၊ သူ့နိုင်ငံကိုသာမက ကမ္ဘာကိုပါ အကြမ်းဖက်ခဲ့သူပါ။ နှစ်ပေါင်း ၄၀ အကြာ ရက်စက်ကြမ်းကြုတ်စွာ နိုင်ငံကို အုပ်ချုပ်အပြီးမှာတော့ သူ့ကို ထောက်ခံတဲ့ မွေးရပ်မြေ Sirte မြို့မှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ခမျာ အဖမ်းခံရပြီးမှ အသတ်ခံရတာပါ။ ဒါက သူကို ဖမ်းဆီးသူတွေရဲ့ ဥပဒေမဲ့ ဒေါသနဲ့ လက်လွန်ခြေလွန်လုပ်ရပ်ပါပဲ။ အရှင်ဖမ်းမိရင် တရားရုံးမှာ တရားစီရင်ဖို့ပဲ ရှိပါတယ်။ ဒီလိုလူတွေ ကမ္ဘာမှာ အတော်များတယ်လို့ ဆိုရမှာပါ။ တရားမျှတမှုကိုတော့ လိုချင်တယ်၊ ကိုယ်တိုင်ကျတော့ တရားဥပဒေကို မလိုက်နာချင်သူတွေပါ။ ကဒါဖီက တရားမစောင့်ခဲ့သလို သူ့ကို ဆန့်ကျင်သူတွေကလည်း တရားမစောင့်တာတွေ့ရပါတယ်။
သူ့ကိုဆန့်ကျင်သူတွေရဲ့ အောင်ပွဲခံနေပုံတွေကလည်း အတော်ကြမ်းပြီး၊ အတော်ကဲတာတွေ့ရပါတယ်။ အာဏာရှင်ကျဆုံးသွားလို့ လွတ်လပ်ပြီ၊ ဒီမိုကရေစီရပြီလို့ သူတို့ရော ကမ္ဘာကပါ ဟူဆလိုက်ကြပါပြီ။ ဒါပေမယ့် ဒီလောက်ကြမ်းတမ်းတဲ့ အပြုအမူတွေပြုမူနေရင် တိုင်းပြည် အေးချမ်းသာယာဖို့ဆိုတာ မလွယ်ဘူးလို့ ဆိုရမှာပါ။
တခါ ကဒါဖီဘက်ကို ကြည့်ပြန်တော့လည်း နှစ်ပေါင်းလေးဆယ်ကြာ အုပ်ချုပ်ရပေမယ့် လူတွေကို စိတ်ကောင်း နှလုံးကောင်း မွေးဖို့ မသွန်သင်ပဲ၊ ကြမ်းတမ်း မောက်မာပြနေတော့ လူတွေက ကြမ်းပဲနေတော့မှာပေါ့။ သားသမီးတွေ ကြမ်းတမ်းရင် မိဘ အသက်ကြီးတော့ ဒုက္ခရောက်မှာပေါ့။ ပြည်သားတွေ ကြမ်းတမ်းရင် အုပ်ချုပ်သူ နာတဲ့နေ ရောက်လာမှာပေါ့။
တကယ်လို့များ အုပ်ချုပ်သူက ရှေ့ဆောင်လမ်းပြ နူးညံ့သိမ်မွေ့ ကြင်နာပြခဲ့ရင် ပြည်သူပြည်သားတွေဟာ စိတ်ကောင်းနှလုံးကောင်းထားဖို့ သင်ယူမိကောင်း သင်ယူနိုင်လောက်ကြပါရဲ့……..  

Monday, October 17, 2011

မပြောင်းလဲတဲ့ အချစ် Unchanging Love


     Unchanging Love   --   မပြောင်းလဲတဲ့ အချစ်


             ဘုရားသခင်ရဲ့မေတ္တာဆိုတာ အဖေတယောက်ရဲ့ အချစ်မျိုးနဲ့ တူပါတယ်။   လူတွေဟာ ပျောက်သောသားလို အချစ်စစ်ကို ပစ်ပယ်ပြီး ပုန်ကန်နေချင်သူတွေပါ။ ဒါပေမယ့် ဘုရားမေတ္တာက ဘယ်ခါမှမပြောင်းလဲဘူး။ လူတွေ ထွက်ပြေးပေမယ့်လည်း ဘုရားမေတ္တာက ကြည့်ရှုစောင့်ရှောက်နေဆဲပဲ။ ဘုရားရဲ့ဝိညာဉ်က ရှာဖွေနေဆဲပဲ။ ပြန်လှည့်လာကြရင်တော့ သနားစိတ်နဲ့ ခွင့်လွတ်စမြဲပါ။ အဲဒီတော့ ပြန်လာဖို့ပဲလိုပါတယ်။
F.B. Meyer ( အက်၊ ဘီ၊ မေယာ )က သူငယ်စဉ်က အကြောင်းကလေးတခု ပြောပြဖူးတယ်။ တနေ့မှာ သူဟာ ဆိုးဝါးတဲ့ အမှားတခု လုပ်မိတယ်။ ဖုန်းထားပေမယ့် အဖေသိသွားတယ်။ အဖေက "သား၊ ဒီလိုအမှားကျူးလွန်သူဟာ ငါ့အိမ်ရိပ်မှာ မအိပ်ရဘူး။ ညကျရင် စပါးကျီထဲမှာ သွားအိပ် " လို့ ပြောပါတယ်။ 
             အဖေ့ကို ပြန်ငြင်းတာထက် နားထောင်လိုက်တာ ပိုကောင်းတယ်လို့ F.B. Meyer သဘောပေါက်ထားပါတယ်။ ဒါကြောင့် ဒီတညတော့ ကောက်ရိုးပုံမှာအိပ်ဖို့ ပြင်လိုက်ရတယ်။ ဒါပေမယ့် သူအိပ်မရဘူး၊ လူးလိမ့်နေတယ်။ သူ့အမှားက ဘုရားတရားကြည်ညိုတဲ့ အဖေ့နှလုံးသားကို ကြေကွဲစေပြီဆိုတာ တွေးမိရင်းရင်နာနေခဲ့ရပါတယ်။
နောက်တော့ ညသန်းကောင်အချိန်မှာ ကောက်ရိုးစဉ်ပေါ် လူတယောက် တက်လာသံကြားလိုက်ရတယ်။ လူရိပ်ကိုကြည့်မိတော့ အဖေ့ကိုယ်ရိပ်ဖြစ်နေတယ်။
" အိပ်ပြီလားသား" လို့ အဖေက ငြင်ငြင်သာသာ မေးလာတယ်။
" ဟင့်အင်း၊ ဖေဖေ " လို့ သားကပြန်ဖြေတယ်။
" အေး၊ ငါလည်း အိပ်မရဘူး၊ အခုမင်းအပေါ်ချတဲ့ အပြစ်ဒဏ်တော့ အဖေစိတ်ပြောင်းပြီမထင်နဲ့။ ငါပြောထားတဲ့အတိုင်းပါပဲ၊ ဒီလိုအမှားကိုကျူးလွန်ပြီး၊ ငါအိမ်ရိပ်မှာ ဘယ်သူမှမအိပ်ရဘူး။ ဒါပေမယ့် ငါမင်းနဲ့ လာမအိပ်ရဘူးလို့ ငါပြောမထားဘူး။ ဒါကြောင့်၊ ဟိုဖက်ရွေ့သား၊ အဖေ့လက်ပေါ်မှာ မင်းခေါင်းကိုမှီ၊ အတူအိပ်ကြတာပေါ့။ " လို့ ပြောလာပါတယ်။
ဒါနဲ့ F.B. Meyer ခဏအိပ်ပျော်သွားတယ်။ သူ့အဖေ သူ့ကို ချစ်နေသေးတော့ အားလုံးအဆင်ပြေပါတယ်။
              ဘုရားသခင်ကလည်း သင့်ကို ချစ်နေပါသေးတယ်။ အပြစ်ကိုတော့ ရွံတာပေါ့။ အဲဒီအပြစ်အတွက် သူ့ရဲ့သားတော် သခင်ယေရှုက အသေခံပေးခဲ့ပါပြီ။ ဘုရားသခင်ကိုအားကိုးရင်၊ ဘုရားသခင်ဆင်းလာပြီး သင်နဲ့အတူနေပေးမှာပါ။ အပြစ်ကြောင့် စိတ်ကြေကွဲရတာကို ဘုရားလက်တော်ပေါ်မှာ မှီလိုက်ပါ။ ဒါဆိုရင် "ဝိညာဉ်ကို ကောင်းကင်ငြိမ်အေးရာမှာ မှီထားလိုက်ပြီ" လို့ပြောနိုင်ပြီပေါ့။
             အခုပဲ ဘုရားသခင်ထံ လှည့်ပြန်လာပါတော့။
                                                      ( 11th Hour Messenger မှ ကောက်နှုတ်ပြန်ဆိုပါတယ်။ )

ပရွက်ဆိတ် လို အသင်းတော်


ပရွက်ဆိတ်လို အသင်းတော်

AUNG LAN BAPTIST CHRISTIAN SCHOOL


ပရွက်ဆိတ်ဟာ သူ့ကိုယ်ထက် အဆ ၅၀ ကျော်လေးတဲ့ ကျောက်ခဲတလုံးကို ကောက်ယူပြီး တွင်းတလျှောက် သယ်ယူကာ တွင်းပြင်ကို ထုတ်ပစ်နိုင်ပါသတဲ့။
ကျွန်တော်တို့ အသင်းတော်ကလည်း တကယ့် သေးသေးကလေးပါ။ ဒါပေမယ့် ကျောင်းသားကလေးငယ် ၅၀ ကျော်ကို နေ့စဉ် ကျွေးမွေးပြုစုရုံမျှမက လိုအပ်ချက်တွေကိုပါ ဖြည့်စွမ်းပေးရပါတယ်။
ခရစ်ယာန်အသင်းတော်တွေဟာ သူ့အရွယ်ထက်ကြီးတဲ့ အလုပ်တာဝန်တွေကို သယ်ပိုးနိုင်ပါတယ်။ ကားတိုင်ထမ်းဖို့ ပြောထားတာမဟုတ်လား? ယုံကြည်ခြင်းနဲ့ ထမ်းကြရမှာပေါ့။ ပရွက်ဆိတ်လို ခရစ်ယာန်မျိုး ဖြစ်ကြပါစို့လား?
`ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။´ - မဿဲ ၁၁း ၂၉။


A church like an ant!

BE AN ANT !


    I was told that “An ant can pick up a stone more than fifty times its weight, carry it through a long tunnel and drop it outside the nest.”
Our church is a tiny one but we bear a burden to provide 50+ children daily food, health-care, books, used clothes and other needs.
I think every Christian church can bear burden which is more than his size. We are called to take His yoke. Take the yoke and have faith to bear it. Yea! Be an ant Christian.
“Take my yoke upon, and learn of me; for I am meek and lowly in heart: and ye shall find rest unto your souls”. Matthew 11: 29.